၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်က နိုင်ငံတကာ တရားရုံး (ICJ) က နေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချတယ်။ ICJ က မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် ကြားဖြတ်အစီအမံ ၄ ချက်က
၁။ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ်(၂)တွင် ဖော်ပြထားသည့် ကျူးလွန်မှုများ (သတ်ဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ သားသမီးမွေးခြင်းဆိုင်ရာ တားမြစ်ခြင်း) ဖြစ်မလာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်
၂။ မြန်မာစစ်တပ် အပါအဝင် ပြည်သူ့စစ်နှင့် တခြားလက်နက်ကိုင်တပ်ဖွဲ့များက ဂျီနိုဆိုက်လုပ်ရပ်မျိုး မလုပ်မိစေရန်၊ သွေးထိုးလှုံ့ဆော်မှုများ မလုပ်မိရန်၊ အလိုတူအလိုပါ မလုပ်မိရန် ထိရောက်သည့် အစီအမံများ ဆောင်ရွက်ရန်
၃။ ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေ အထောက်အထားများကို မဖျက်ဆီးရန်၊ ထိန်းသိမ်းပေးရန်
၄။ မြန်မာ၏ စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ယနေ့ ဆုံးဖြတ်ချက်ချသည့်နေ့မှ ၄ လအတွင်း အစီရင်ခံစာ တင်ရန်တို့ပါ။
ဒါကြောင့် ဂမ်ဘီယာ လျှောက်တဲ့ ၆ ချက်မှာ အခြား ၂ ချက်ဖြစ်တဲ့ မြန်မာနဲ့ ဂမ်ဘီယာတို့ဟာ အခြေအနေကို ပိုဆိုးစေမယ့် ကိစ္စတွေ မလုပ်ကြဖို့နဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့အစည်းအားလုံး (Fact finding bodies) နဲ့ အခြားကုလ အဖွဲ့အစည်းတွေ အားလုံးရဲ့ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့တို့က လွဲ ကျန်တာတွေ ချပေးခဲ့တယ်။
နောက်ကြောင်းပြန်လှန်ရရင် မြန်မာနိုင်ငံရော၊ ဂမ်ဘီယာနိုင်ငံပါ နိုင်ငံတကာ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ သဘောတူညီချက်ကို အသိအမှတ်ပြု အဖွဲ့ဝင်ဖြစ်ကြတယ်၊ ဒီအခြေအနေမှာ နယ်နိမိတ်ချင်း ဝေးကွာခြားနေသော်လည်း နိုင်ငံတခုက အခု နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာက နိုင်ငံတကာ တရားရုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ စွပ်စွဲ တင်ပြလာခဲ့တယ်။ ကြားနာမှုတွေလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ လုပ်ခဲ့ပြီး မြန်မာနိုင်ငံက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်လျှောက်လဲ ထုချေခဲ့တယ်။ ဂျီနိုဆိုဒ် (လူမျိုးသုဉ်း) သတ်ဖြတ်မှု တကယ်ဟုတ်-မဟုတ် စစ်ဆေးဆုံးဖြတ်ဖို့က အဆင့်တွေရှိသေး၊ ကြာနိုင်ပါသေးတယ်။ အခု လောလောဆယ် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ကြားကာလ ကာကွယ်တားဆီးစောင့်ရှောက်ရေး အစီအစဉ်များ ဆောင်ရွက်သင့်- မသင့်ကိုပဲ လောလောဆယ် ဆုံးဖြတ်ပေးခဲ့တာပါ။ မြန်မာနိုင်ငံ ဥပဒေစကားနဲ့ဆိုရရင် အမှု ဖြစ်နေသူ ၂ ဦးအကြား တားဆီးမိန့်ပေါ့။
အခု ဆုံးဖြတ်ချက်က ကြားကာလ တားဆီးမိန့် အစီအစဉ်များကို ဖော်ပြပါတယ်။ (Indication of provisional mesaures)။ အချို့ဆွေးနွေးကြသူများကတော့ သိပ်ပူပန်စရာ မလိုပါဘူး။ မင်းလည်း မင်းနေရာနေ၊ သူလည်း သူ့နေရာ နေ ဆိုတဲ့ သဘောမျိုး၊ အရင်ကလည်း လုပ်ဆောင်နေတဲ့ အချက်တွေကိုပဲ ပြောတာပါလို့ ဆိုကြပါတယ်။
ဆုံးဖြတ်ချက် ဘယ်လိုပဲ ချမှတ်သည်ဖြစ်စေ နောက်မှာ အဆင့်တွေ ရှိနေပါသေးတယ်။ တခုကတော့ နိုင်ငံတကာ တရားရုံး (ICJ) က တကယ်ဆုံးဖြတ်ခွင့် ရှိ မရှိ (Jurisdiction challenge) မေးခွန်း ပြန်ထုတ်တာပါ။ (မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း တွေ့ရပါတယ်။) ဒီနေရာမှာ မြန်မာ- ဂမ်ဘီယာတို့က counter memorials လို့ ခေါ်တဲ့ ဥပဒေကြောင်းအရ ငြင်းချက်ထုတ်တာ၊ ပြန်လှန်ချေပတာတွေ ရှိပါလိမ့်မယ်။ အချိန်တခု သွားရပါလိမ့်ဦးမယ်။ နောက်မှသာ ဂျီနိုဆိုဒ် ဖြစ် မဖြစ် ဆုံးဖြတ်ချက် ချမှတ်ပါတယ်။ အချိန် နှစ် အချို့ ကြာမယ်လို့ ခန့်မှန်းထားနိုင်ပါတယ်။
ပထမ ဆွေးနွေးချင်တဲ့ အချက်က ဂမ်ဘီယာနိုင်ငံ (နောက်ကွယ်က အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အသင်းကြီး) ရဲ့ ကြိုးပမ်းချက်က နိုင်ငံရေးအရ ကြိုးပမ်းမှုတခုလို့ ယူဆနိုင်ပါတယ်။ အလားတူ ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ အစုအပြုံလိုက် ထွက်ပြေးရမှုက ၁၉၇၈ နဲ့ ၁၉၉၁-၉၂ မှာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ရုံးရောက် ဂတ်ရောက် အခြေအနေအထိ မကြီးထွားခဲ့ပါဘူး။ ဝေဖန်ပြစ်တင်တာ၊ နောက်ဆုံး ပြန်လည်လက်ခံရေး စခန်းတွေနဲ့ အဆုံးသတ်ရတာ မျိုး ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ယခုတကြိမ် ၂၀၁၉ အဖြစ်ကတော့ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံခေါင်းဆောင်တွေကိုယ် တိုင် တက်ရောက်ထုချေ ဖြေရှင်းရတဲ့ အနေအထားအထိ ကြီးကျယ်လာခဲ့ပါတယ်။
ကျနော်တို့ အတိုက်အခံဘဝ ပြည်ပမှာ ဆောင်ရွက်ခဲ့ကြတဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြောရရင်လည်း ကြီးမားပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ချေမှုန်းခံရတဲ့အခါ ကျနော်တို့ ပြည်ပရောက် ဆက်လှုပ်ရှားခဲ့ကြပါတယ်။ အဲသည်အချိန်က အာဏာရ ယူထားတဲ့ စစ်အစိုးရကို ဖယ်ကျဉ်ပိတ်ဆို့ဖို့၊ နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ (ကံမကောင်း အကြောင်း မလှတာကတော့ ၁၉၈၈ အရေးတော်ပုံမှာ၊ ယခင် နိုင်ငံကို တံခါးပိတ်ထားတဲ့ မဆလအစိုးရကို တံခါးဖွင့်ပေးဖို့၊ ဖြေလျော့ ဖို့၊ ဒီမိုကရေစီပေးဖို့ တောင်းဆိုကြတာပါပဲ။ ဒါပေမယ့် အာဏာသိမ်း စစ်အစိုးရဖြစ်လာတဲ့အခါ ကျနော်တို့ကပဲ တိုင်းပြည်ကို ပြန် အထီးကျန်ထားဖို့ တောင်းဆိုရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်။ စဉ်းစားချက်ကတော့ နိုင်ငံတကာ ဖိအားတွေ ရှိလာရင် စစ်အစိုးရက နားထောင်လိုက်လျော ရလိမ့်မယ်ဆိုတဲ့ စဉ်းစားချက်ပါ)။
အစွန်ဆုံး အခြေအနေမှာ မြန်မာနိုင်ငံ ပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) မှာ ဆွေးနွေးဖို့၊ ကုလသမဂ္ဂ ထိုင်ခုံနေရာ ကနေ မြန်မာစစ်အစိုးရကို ဖယ်ရှားဖို့ (Unseat campaign) တွေပါ ကြိုးပမ်းခဲ့ကြတယ်။ နယ်စပ်မှာ ရှိတဲ့ တပ်ပေါင်းစု (NCUB) နဲ့ ပြည်ပရောက် ညွန့်ပေါင်းအစိုးရ (NCGUB) နဲ့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံတကာ မိတ်ဆွေ အဖွဲ့အစည်းတွေက ကြိုးပမ်းခဲ့ကြတယ်။ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် အခု ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကျတော့ ကုလ လုံခြုံရေးကောင်စီရောက်၊ နိုင်ငံတကာ စုံစမ်းလေ့လာရေး ကော်မရှင်တွေ ဖွဲ့ခဲ့ရတဲ့အပြင်၊ နိုင်ငံတကာ တရားရုံးမှာပါ ရင်ဆိုင်ရတဲ့ အဖြစ်ကို ရောက်လာခဲ့တယ်။ ဆိုလိုချင်တာကတော့ ပေါ့သေးသေး တွက်ဆလို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။
၁၉၈၈ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပေမယ့် နိုင်ငံတကာ ဖိအားပေးမှုတွေက ချက်ချင်း ဖြစ်မလာခဲ့ပါဘူး။ ၁၉၉၁ ခုနှစ်ကျမှ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် UNGA Resolution 46/132 နဲ့ မြန်မာနိုင်ငံ အရေးကို စာသားထဲ ပါလာအောင် လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်ခွင့်ရှိအောင် တိုက်တွန်းကြောင်း အဆိုနဲ့ စရတယ်။ နောက်တော့ နှစ်တိုင်း ကုလ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေမှာ ပါလာတယ်။ လူ့အခွင့်အရေး လေးစား လိုက်နာရေး၊ ဒုက္ခသည်အရေး၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေရေး စသည်ဖြင့် အကြောင်းအရာတွေ တိုးလာခဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဂျီနိုဆိုဒ်၊ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု စတဲ့ စကားလုံးတွေ ပါအောင် ကြိုးပမ်းခဲ့ကြတယ်။ မဖြစ်ခဲ့ပါဘူး။ နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက် ကျမှ ကလေးစစ်သား ကိစ္စတွေ ပါဝင်လာခဲ့တယ်။ ဒါပေမယ့် အခု ရိုဟင်ဂျာ ပြဿနာက အရင်အဆင့်တွေ အားလုံးကို ဖြတ်ကျော်နေခဲ့ပြီ။
အလားတူပါပဲ။ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာလည်း ၁၉၈၈ ပြီးပြီးချင်း ချက်ချင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်လောက်ကျမှ သမ္မတ ကလင်တန်အမိန့်နဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ပိတ်ပင်သည်ဆိုပြီး စလာခဲ့တာပါ။ နောက်ပိုင်းတော့ ပိုပြင်းထန်တဲ့ ဥပဒေတွေကို ကွန်ဂရက် လွှတ်တော်က ချမှတ် တာတွေ ရှိလာပါတယ်။
ICJ ဆုံးဖြတ်ချက် မည်သို့ရှိသည်ဖြစ်စေ ဘယ်လိုတုံ့ပြန်ကြမှာလဲ။ ဘယ်လို အစာချေ ကျေလည်အောင် (digest) လုပ်ကြ မှာလဲဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။
သတင်း ပြန်ကြားရေး မဟာဗျူဟာကို အစိုးရဘက်က သေချာစဉ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံ့ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းထုချေမှု မတိုင်ခင်နဲ့ အပြီးကာလမှာ ရုတ်ချည်း အနိုင်ရတော့ မယောင် ရေးသားပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ အဲဒါအပြင် လူထုကို စိတ်အားတက်ကြွအောင်၊ နှိုးဆော်မှု၊ ကမ်ပိန်း သဖွယ် စည်းရုံးမှုတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိုစတာ ဆိုင်းပုတ်ကြီးတွေကိုလည်း မြင်နေရပါတယ်။
အခု ICJ တရားရုံးက ကြားဖြတ်အစီအစဉ်များ ဆောင်ရွက်ဖို့ ချမှတ်ခဲ့တာဟာ ဘယ်လိုသဘောဆောင်ကြောင်း မြန်မာအစိုးရအနေနဲ့ ရှုံးနိမ့်သွားတာ မဟုတ်ကြောင်း သေချာ ရှင်းပြရပါလိမ့်မယ်။ အဲဒါအပြင် ပြင်ပကမ္ဘာမှာ ထိခိုက်မယ့် နိုင်ငံရဲ့ ဥပဓိရုပ်ပြဿနာကို ဘယ်လိုကိုင်တွယ်မှာလဲ ဆိုတာကိုလည်း စဉ်းစားကြရ ပါလိမ့်မယ်။
ကျနော်တို့ ဆက်လက် ရင်ဆိုင် ရမယ့် နိုင်ငံတကာ ဖိအားတွေ ရှိနေပါသေးတယ်။ ကုလသမဂ္ဂ အပါအဝင်၊ ကုလ အချက်အလက် ရှာဖွေရေး ကော်မရှင် (IFFM)၊ ဒေသတွင်း နိုင်ငံများ စသည်ဖြင့် ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်ပါဦးမယ်။ ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ဒုက္ခသည် ၇ သိန်းကျော်က ချက်ချင်း ပြန်ရောက်လာမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ပြန်လာစရာ မလိုတော့ဘဲ ဟိုမှာပဲ ဆက်လက် အခြေချနေဖို့လည်း မဟုတ်ပါဘူး။ လုပ်ကိုင်စရာ အလုပ်တွေ အများကြီး လိုအပ်ပါလိမ့်ဦးမယ်။
နောက်တခုကတော့ ဖြစ်ပေါ်လာတဲ့နိုင်ငံရေး အခြေအနေ အသစ်အပေါ် ကျေလည်မှု (digestion) ပြဿနာပါ။ ကျနော်တို့ နိုင်ငံမှာ ယခုတိုင် စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး ပြဿနာက အရေးတကြီး ထည့်သွင်းစဉ်းစားရမယ့် ပြဿနာ တခု ဖြစ်နေပါသေးတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) ပြဿနာတွေအပေါ် လုံလောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှု ပြဿနာတွေ လိုအပ်နေပါတယ်။ ဒီအခါမှာ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုမှုတွေ ရှိလာနိုင်ပါတယ်။ လူ့အခွင့်အရေး မျက်နှာစာဘက်က ကြည့်သူတွေ ရှိသလို၊ ပြည်တွင်းရှိ သဘောထား ပြင်းထန်သူများရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။ ပြန်လည်နေရာချထားရေး ပြဿနာကစလို့၊ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ အဆုံး၊ လူ့အသိုက်အဝန်းတွေ အကြား ပြန်လည်သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးက စလို့၊ နိုင်ငံရှိ တန်ဖိုးထားမှု၊ ကြန်အင် လက္ခဏာဆိုင်ရာ ကိစ္စတွေ၊ ရေရှည်ဖန်တီးလိုတဲ့ ကျနော်တို့ရဲ့ အနာဂတ် အိပ်မက်တွေအထိ တိုင်းပြည်ကို အပြုသဘော ဦးတည်ပြောင်းလဲမယ့် ခရီးတွေကို ဖြတ်သန်းဖို့ လိုပါလိမ့်ဦးမယ်။
နောက်ထပ် အရေးကြီးတဲ့ ပြဿနာကတော့ တိုင်းပြည်ရဲ့ (Image) ဥပဓိရုပ် ပြဿနာ ပြဿနာပါ။ မြန်မာနိုင်ငံကို ဂျီနိုဆိုဒ် (လူမျိုးသုဉ်း သတ်ဖြတ်မှု) တံဆိပ် ခေါင်းစဉ်နဲ့ တွဲကပ်လိုက်ပါပြီ။ ကျနော်တို့ဟာ ဒီလို လူရိုင်းတွေ မဟုတ်ကြောင်း နိုင်ငံ တကာကို ပြသကြရပါလိမ့်မယ်။ ဒီလို အခြေအနေကြားထဲတောင်မှ အချို့နိုင်ငံများ၊ အချို့သော အုပ်စုများရဲ့ နိုင်ငံရေး ကဲတဲ့ ဆုံးဖြတ် အရေးယူမှုများလည်း ရှိနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ဥရောပ သမဂ္ဂက အထူးကုန်သွယ်ခွင့် (GSP) ကိစ္စနဲ့ အရေးယူဖို့ ဆိုတဲ့ အသံတွေ အစောပိုင်းက ထွက်ခဲ့ဖူးပါတယ်။ အခြားနိုင်ငံရေး ဆုံးဖြတ်ချက်များလည်း ဖြစ်လာနိုင်ပါသေးတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း စတာတွေက နိုင်ငံတခုရဲ့ ပုံရိပ် ဥပဓိရုပ် ပြဿနာနဲ့လည်း ဆက်စပ် နေပါသေးတယ်။
ဂမ်ဘီယာ နောက်ကွယ်မှာ အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အသင်းကြီး (OIC) က ရပ်တည်ထားကြောင်း ပြောဆိုဖော်ပြနေပါတယ်။ ဒီအဖွဲ့ကြီးမှာ နိုင်ငံပေါင်း ၅၃ နိုင်ငံ ပါဝင်ပါတယ်။ အခု ICJ တရားစွဲဆိုမှု က ဂမ်ဘီယာနိုင်ငံနဲ့သာ သက်ဆိုင်ပေမယ့်၊ တရားရုံး ဆုံးဖြတ်ချက် မည်သို့ချမှတ်သည် ဖြစ်စေ၊ ကိစ္စက ပြီးစီးသွားမှာ မဟုတ်ပါဘူး။ တဖက်က စဉ်းစားရင် နိုင်ငံ အများပါတဲ့ အဖွဲ့အစည်းကြီးတခုနဲ့ ပြဿနာ ရှိနေတာက မကောင်းလှပါဘူး။ OIC ကို ဘယ်လိုသင့်မြတ်အောင် လုပ်မလဲ ဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့် ပြဿနာတခု ဖြစ်ပါတယ်။
ကမ္ဘာ ပေါ်မှာ မွတ်စလင် ၁.၈ ဘီလီယံ လောက် ရှိပါတယ်။ မွတ်စလင်တွေက သူတို့ကိုယ်သူတို့ ikhwah (အစ္စလမ် ယုံကြည် ကိုးကွယ်မှု နဲ့ ကျင့်ထုံးများနဲ့ ညီအစ်ကိုတော်များသဖွယ် (Brotherhood) စိတ်ဓာတ် နဲ့ စည်းနှောင်ထားကြတဲ့ ummah (ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း) လို့ ခံယူကြပါတယ်။ ဒီအခါ အချို့ကိစ္စတွေမှာ သူတို့က မွတ်စလင်တွေအပေါ် ဘာသာရေး အရ ဖိနှိပ်ခံရမှု (religious victimization of Muslims) အဖြစ်၊ ဖယ်ကျဉ်ချိုးနှိမ်မှု (exclusive subjugation) လို့ မြင်လို့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အစ္စလမ် အားလုံးအရေး (pan-islamism) အဖြစ် ရှုမြင်ကြပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း မွတ်စလင်ပုန်ကန် ထကြွမှုကြုံတော့ ထိုင်းက ဖြေရှင်းနည်းက ကျနော်တို့အတွက် သင်ခန်းစာ ယူနိုင်မယ် ထင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပြဿနာတွေတက်တော့ ထိုင်းက OIC မှာ လေ့လာသူ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းပြီး အိမ်နီးချင်း မွတ်စလင်နိုင်ငံများကလည်း ထောက်ခံပေးကြပါတယ်။ ထိုင်းနိုင်ငံမှာလည်း မွတ်စလင်နိုင်ငံတွေရဲ့ သံရုံး ၁၇ ခုဖွင့်ထားပါတယ်။ ဒီအခါမှာ ထိုင်းနိုင်ငံက OIC အတွင်း နိုင်ငံတွေမှာ သူ့ရပ်တည်ချက်ကို ရှင်းပြနိုင်ပါတယ်။ OIC ထဲလည်း သဘောထား တင်းမာသူ၊ ပျော့ပြောင်းသူ ရှိနိုင်တဲ့အခါ သူက စည်းရုံးခွင့် ရလာပါတယ်။ မွတ်စလင်နိုင်ငံအများနဲ့ ထိုင်းနိုင်ငံက ကုန်သွယ်မှုလည်း ထဲထဲဝင်ဝင် ရှိပါတယ်။ ဒီအခါ တစုံတရာ ပြဿနာ ဖြေရှင်းလို့ ရနိုင်ဖွယ် ရှိလာပါတယ်။ OIC နိုင်ငံ တွေက တို့လို နိုင်ငံငယ်တွေကို တဖက်သတ် အနိုင်ကျင့်တယ် ဆိုတဲ့ စဉ်းစားချက်လောက်နဲ့ ပြဿနာ ပြေလည်ဖွယ် မရှိပါဘူး။
ကုလ လုံခြုံရေးကောင်စီ (UNSC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကလည်း အရေးကြီးတဲ့ ကိစ္စပါ။ ကျန်တဲ့ကိစ္စကတော့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေရဲ့ ကမ်ပိန်းများ (International campaigns) တွေပါပဲ။ တချိန်က ကျနော်တို့ ပြည်ပရှိစဉ်ကလည်း ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ ပက်ပစီ ဘွိုင်းကောက် လုပ်ရေးကနေ၊ ရေနံ ကုမ္ပဏီကြီးတဲ့ ပြန်ထွက်သွားရတဲ့ အထိ စွမ်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ကုန်တွေ မဝယ်ယူဖို့ selective purchasing campaigns တွေ ရှိခဲ့ကြဖူးပါတယ်။ အခုလည်း ဒီလို အခြေအနေတွေ ပြန်တွေ့လာရပါတယ်။
မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွယ်သော စီးပွားရေး လုပ်ငန်းများအပေါ် သပိတ်မှောက်ရေး ဆိုပြီး Burma Campaign UK က စတင်လာခဲ့ပါတယ်။ အလားတူ FFM အစီရင်ခံစာတခုမှာလည်း မြန်မာစစ်တပ်နဲ့ ဆက်စပ် ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းများဆိုပြီး စာရင်းရှည်ကြီး တခုတွေ့ခဲ့ဖူးပါတယ်။ သိပ်မကြာသေးခင်က မြဝတီဘဏ်နှင့် ဆက်စပ်သော လုပ်ငန်းများမှ Western Union နှုတ်ထွက်ဆိုတဲ့ သတင်း၊ ဦးပိုင်- MEC စီးပွားရေး လုပ်ငန်းများအပေါ် သပိတ်မှောက်ရန် နှိုးဆော်ချက်တွေ၊ ခရိုနီများ ပိုင်ဆိုင်သော လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု များအပေါ် သပိတ်မှောက်ရေးဆိုတဲ့ တိုက်တွန်းချက်တွေ တွေ့လာရပါတယ်။ ဒီလို ကမ်ပိန်းတွေကိုလည်း ရင်ဆိုင်ထားဖို့ ပြင်ထားရပါလိမ့်မယ်။ နိုင်ငံတကာ ကမ်ပိန်းများနှင့် အောက်ခြေထု လှုပ်ရှားမှုများ (Grassroots campaigns) ရဲ့ စွမ်းအားကို လျော့ပေါ့ မတွက်ထားသင့်ပါဘူး။
နောက်ဆုံးမှ ဖော်ပြပေမယ့် အရေးမကြီးလို့ မဟုတ်ပါ။ တပြိုင်နက်တည်းမှာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ (Reforms) အရှိန်တိုး ဆောင်ရွက်ဖို့ လိုပါတယ်။ တရုတ်နိုင်ငံမှာ တိန့်အင်မန် ရင်ပြင် သပိတ်ပွဲတွေ ချေမှုန်းမှု အပြီးမှာ တရုတ်နိုင်ငံက တံခါးပိတ်ဖို့ မရွေးချယ်ခဲ့ပါဘူး။ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းကို တိုးလုပ်ဖို့သာ ဆုံးဖြတ်ခဲ့တာပါ။ ဖိအား များလေ၊ စိန်ခေါ်မှု များလေ ပို၍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမယ်လို့သာ ဖြစ်စေချင်ပါတယ်။
သေချာတာကတော့ အခု ပြဿနာ ဖိအားတွေက ခဏတာကိစ္စမဟုတ်ပါဘူး။ ရှည်ကြာပါမယ်။ ကြံ့ကြံ့ခံနိုင်စွမ်းလည်း လိုအပ်ပါတယ်။ ပြည်တွင်း ညီညွတ်ရေး လိုအပ်သလို၊ မဟာမိတ် ရှာဖွေမှု တံခါးကလည်း ပို၍ ကျယ်ပြန့်ဖို့ လိုအပ်ပါ တယ်။ တံခါးတွေ ပြန်ပိတ်၍မရနိုင်သလို၊ ကုလားအုပ် သဲထဲခေါင်းထိုး ဖြေရှင်းနည်းနဲ့လည်း မဖြစ်နိုင်ပါ။ ဟိုကွေ့ ဟိုတက်နှင့်လှော်၊ သည်ကွေ့ သည်တက်နှင့်လှော် (Expediency) မူဝါဒနှင့်လည်း မဖြစ်နိုင်ပါ။
(အောင်သူငြိမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့မှ ပြင်ပဆက်သွယ် ဆက်ဆံရေး ဒါရိုက်တာ ဖြစ်သည်။)
You May also like these stories:
ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်
ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ
မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ