မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သစ် ဘာလဲ ဘယ်လဲ

သွေး (စစ်ကိုင်း)
၂၀၁၆ ခုနှစ် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို ဆန္ဒပြကြစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လူသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေထဲမှာ လူ့အခွင့်အရေးက ထိပ်ဆုံးက ပါဝင်နေပါတယ်။ လူကိုလူချင်း တန်ဖိုးထားနိုင်မှ၊ လူကိုလူချင်း နှိပ်စက်ညှဉ်းပန်းခြင်း မပြုမှ၊ ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်နိုင်မှသာ လူ့အခွင့်အရေး အခြေအနေက တိုးတက်ကောင်းမွန်လာမှာပါ။ ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်နေဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကာလတွေကို ပြန်ကြည့်ရင် သမ္မဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာပါ လူ့အခွင့်အရေး အခြေအနေတွေဟာ ကျေနပ်စရာ ကောင်းလောက်အောင် တိုးတက်လာခြင်း မရှိသေးတာပါပဲ။

သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှု၊ ကချင်ဆရာမလေး နှစ်ယောက် သတ်ဖြတ်ခံရမှု၊ လက်ပံတောင်းဒေသက လယ်သူမကြီး ဒေါ်ခင်ဝင်း သတ်ဖြတ်ခံရမှုတွေမှာ ကျူးလွန်သူတွေကို အရေးယူနိုင်တဲ့ အဆင့်ထိ မရောက်ခဲ့တာ တွေ့ရပါတယ်။

ပြည်သူက ရွေးချယ်ခဲ့တဲ့ NLD အစိုးရလက်ထက် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်တဲ့ မိန်းကလေး ၂ ယောက်ကို နှိပ်စက်ညှဉ်းပမ်းမှုမှာ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကိုင်တွယ်မှုဟာ အများပြည်သူအကြား ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်တန်းတဲ့ ကိစ္စတွေထဲမှာ တရားရေး၊ ရဲတပ်ဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး စတဲ့ အဖွဲ့အစည်းတွေ အဓိက ပါဝင်သလို မြေယာ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့တိုင်တန်းချက်တွေ အများဆုံး ပါဝင်နေပါတယ်။

ဥပမာအားဖြင့် ၂၀၁၈ ခုနှစ် အတွင်းမှာပဲ မြေယာအငြင်းပွားမှုနဲ့ စပ်ဆိုင်တဲ့ တိုင်ကြားစာ ၂၅၀ ကျော် ရှိနေတာ တွေ့ရပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ လူ့အခွင့်အရေး ကော်မရှင်က အကြောင်းကြားခဲ့တာ၊ တိုင်တန်းသူတွေဆီ ပြန်လည်အကြောင်းကြားတာ တချို့ ရှိခဲ့ပေမယ့် မဖြေရှင်းနိုင်သေးတဲ့ ကိစ္စရပ် အများအပြားလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၇၄ ယောက်အထိ ရှိသလို၊ အကျဉ်းထောင်တွေထဲက အခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။ အကျဉ်းထောင်တွေထဲမှာ တခြား အကျဉ်းသားတွေဟာလည်း ကျပ်ကျပ်တည်းတည်း နေထိုင်ရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ မရတာတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

အကျဉ်းထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့အပြီး လူ့အခွင့်အရေး ကော်မရှင်ဘက်က အကျဉ်းထောင်တွေဆီ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပေမယ့် ထောင်တွင်း အခြေအနေတွေမှာ သိသာတဲ့ တိုးတက်မှုတွေ မရှိသေးဘူးလို့ ဆိုရမှာပါ။

တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်မှာပဲ ၂၀၁၉ ခုနှစ် တနှစ်လုံး လူ့အခွင့်အရေးချိုးဖောက်ခံရသူ ၂၀၀ ကျော် ရှိနေကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ရဲ့ ပြောကြားချက်ကို ဧရာဝတီ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လက စက်တင်ဘာလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပါတယ်။ အထင်ရှားဆုံး ဥပမာကို ပြောရရင် ကွတ်ခိုင်မြို့နယ်က အရပ်သားတွေ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရမှုပဲ ဖြစ်ပါတယ်။

ပြီးတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရပါတယ်။

အရပ်သား သေဆုံး ဒဏ်ရာစေတဲ့ ဒီလက်နက်ကြီး ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ် ဆိုတာ တာဝန်ယူ တာဝန်ခံ ထုတ်ဖော်ပြောကြားတာမျိုး မရှိသလို ဒေသခံတွေကို လက်နက်ကိုင် အဖွဲ့တွေက မတရားဖမ်းဆီးတာ၊ ဓားစာခံအဖြစ် အသုံးချတာ၊ လူနေအိမ်မှာ ရှိတဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြေမြှုပ်မိုင်း အသုံးပြုမှုကလည်း ဆက်လက်မြင့်တက်လာနေဆဲ ဖြစ်ပြီး ထိခိုက်သေဆုံးသူ အများအပြားလည်း ရှိနေပါတယ်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (ယူနီဆက်) ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ၂၀၁၉ ခုနှစ် တနှစ်တည်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် ၁၆ ယောက်သေဆုံးပြီး ၃၆ ယောက် ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးရင်း စစ်ကြောရေး စခန်းမှာ သေဆုံးရသူတွေ ရှိသလို၊ AA ဘက်ကလည်း မသင်္ကာသူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် လူ့အခွင့်အရေး ကော်မရှင်ဘက်က သေချာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု မရှိခဲ့ပါဘူး။

၂၀၁၉ ခုနှစ် ဇွန်လက လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အထိ ဖြစ်ခဲ့ရတဲ့ မောင်ကျော်ဇင်ဝင်း ကိစ္စ အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် LGBT အသိုင်းအဝန်းက ပုဂ္ဂိုလ် ၂ ယောက်က လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ မောင်ကျော်ဇင်ဝင်းဟာ နိုင်ထက်စီးနင်း ပြုကျင့်ခံရတာကြောင့် မဟုတ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်ဘက်က သြဂုတ်လထဲမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အတွက် အများပြည်သူအကြား အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ပြည်သူများအကြား ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ နောက်ထပ် အဖြစ်အပျက် တခုကတော့ ကျားဖောင် လုပ်ငန်းခွင်မှာ နှိပ်စက်ညှဉ်းပမ်းမှု၊ လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ကိစ္စပါ။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဒေါ်ညိမ်းကမ်းခြေက ကျားဖောင် လုပ်ငန်းခွင်တွေမှာ ငါးဖမ်းရာသီ အတွင်း အလုပ် လုပ်ကိုင်နေရတဲ့ ရေလုပ်သားတွေရဲ့ အခြေအနေဟာ ဆိုးရွားနေပြီး လူကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကျားဖောင်လုပ်ငန်းခွင်က ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြောဆိုမှုတွေကလည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။ စက်လှေ အခက်အခဲကြောင့် ပင်လယ်ပြင်ထဲအထိ သွားဖို့ မလွယ်ဘူးလို့ ပြောဆိုတာ၊ ရေလုပ်သားတွေ ရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးယုလွင်အောင်က RFA စကားဝိုင်းမှာ “ပိုက်ဆံတော့ လိုချင်ပြီး အလုပ် မလုပ်ချင်တော့လည်း ရိုက်မိနှက်မိတာတွေ ရှိမှာပေါ့” လို့ ပြောဆိုတာတွေကြောင့်ပါ။ ဒီလို တဖက်သတ် ထင်မြင်ချက်မျိုးပေးတာဟာ တာဝန်ရှိသူတဦးရဲ့ တာဝန်မဲ့တဲ့ ပြောဆိုမှုလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အားမရစရာတွေ အများကြီးရှိနေလို့ ပိုမိုအားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။ အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ လူ့အခွင့်အရေး ကော်မရှင်မှာ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်သင့်သလဲ၊ ဘယ်လို ဖွဲ့စည်းသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် အသီးသီးကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက “မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေ” ကို ပြင်ဆင်ပေးဖို့ အတွက် ဥပဒေဆိုင်ရာ အကြံပြုချက်၊ တိုက်တွန်းချက်နဲ့ ပတ်သက်တဲ့ စာတမ်းတစောင်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) က ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က နိုင်ငံတော် သမ္မတကနေပြီး လူ့အခွင့်အရေး ကော်မရှင်အသစ်ကို ဖွဲ့စည်းလိုက်ရာမှာ အငြိမ်းစားဝန်ထမ်းဟောင်း အများစုပဲ ပါဝင်ပြီး လူ့အခွင့်အရေး နယ်ပယ်က ကျွမ်းကျင်သူတွေ မပါဝင်တာကြောင့် စောင့်ကြည့်လေ့လာသူများ အံ့သြစိတ်ပျက်ကြရပါတယ်။ လူ့အခွင့်အရေး နယ်ပယ်က ကျွမ်းကျင်သူတွေ မပါဝင်တဲ့ အပြင်၊ ကော်မရှင်သစ် ဖွဲ့စည်းရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။ ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေဘက်က အကြံပြုတင်ပြထားတဲ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပြင်ဆင်ရေးကိုလည်း ယနေ့အထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ စီမံကိန်းတွေ ဥပမာ- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံလူထု အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမျိုးမှာ ဆိုရင် ယခင်တာဝန်ယူခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်က ကွင်းဆင်းစစ်ဆေးတာမျိုး မရှိသလောက်ပါပဲ။

ပြည်သူတွေ ယုံကြည်ရတဲ့၊ ပြည်သူတွေ အားကိုးရတဲ့ အားကောင်းမောင်းသန် ကော်မရှင်တရပ် ဖြစ်ဖို့ လိုပါတယ်။ လက်ရှိ ကော်မရှင်အနေနဲ့ လုပ်ဆောင်စရာ ရှိတာတွေကို မှန်မှန်ကန်ကန် ရပ်တည်ပြီး မလုပ်ဆောင်နိုင်ရင် အမည်ခံ ဟန်ပြသက်သက်သာ ဖြစ်နေပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားလာတဲ့ အခါ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးပေးဖို့၊ ချိုးဖောက်သူတွေဟာ ငွေကြေးရှိသူ၊ ရာထူးရှိသူ၊ အခွင့်အာဏာရှိသူတွေ ဖြစ်နေရင်လည်း သူတို့ကို အကာအကွယ်ပေး လုပ်ဆောင်တာမျိုး မရှိဖို့၊ မြေပြင်အခြေအနေကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

အရင်ပုံစံ အတိုင်း ငွေကြေးနဲ့ အခွင့်အာဏာရှိသူတွေကို အကာအကွယ်ပေး ရပ်တည်လုပ်ဆောင်မယ် ဆိုရင်တော့ “တခါလာ မဲပြာပုဆိုး” ဆိုသလို မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်ပေးနိုင်မယ့် လူ့အခွင့်အရေးကော်မရှင် တရပ်ဖြစ်မလာနိုင်ပါ။

အသစ်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြည်သူက ယုံကြည်အားထားရတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဖြစ်လာဖို့ ပြည်သူတရပ်လုံးနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက လိုလားမျှော်လင့်လျှက် ရှိပါကြောင်း ရေးသားလိုက်ရပါတယ်။ ။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦးဖြစ်သည်။)

You may also like these stories:

အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြော

ရှမ်းမြောက်တွင် ၁ နှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၂၅၀ ခန့်ရှိဟု ထုတ်ပြန်

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

Did you find apk for android? You can find new Free Android Games and apps.
Loading