တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်သည့် အချိန်တွင် မကြာခဏသုံးဆွဲလေ့ရှိသည့် ညီရင်းအကိုဟု အဓိပ္ပါယ်ရသော “ဆွေမျိုးပေါက်ဖော်” ဟူသော အသုံးအနှုန်းသည် အိမ်နီးချင်း ၂ နိုင်ငံအကြားဆက်ဆံရေးအတွက် မှန်ကုန်သည့်အသုံးအနှုန်း ဟုတ်၊ မဟုတ် ပြန်လည်မေးခွန်းထုတ်ရန် သင့်တော်သောအချိန်ဖြစ်သည်။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတမြန်မာနိုင်ငံသို့မလာခင် တရက်အလိုတွင် မြန်မာ့အလင်းနှင့် The New Light of Myanmar အစိုးရသတင်းစာများတွင် “နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် တရုတ်သမ္မတရှီသည် ဆောင်းပါးတစောင်ရေးသားသည်။
“မြန်မာစကား၌ ဆွေမျိုးပေါက်ဖေါ်ဆိုသည်မှာ တအူထုံ့ဆင်း ညီအကိုဟု အဓိပ္ပါယ်ရပါသည်” ဟု တရုတ်သမ္မတက ရေးသားခဲ့သည်။ “နှစ်နိုင်ငံပြည်သူများသည် ရှေးပဝေသဏီမှစ၍ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသမိုင်းကာလရှည်ကြာစွာ တည်ရှိနေပါသည်” ဟုလည်း သူဆက်လက်ရေးသားသည်။
တကယ့်လက်တွေ့ဘဝတွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ သို့သော်လည်း တိုင်းပြည်သံခင်းတမန်ခင်း ထုံးစံ မြန်မာနှင့် တရုတ် ခေါင်းဆာင်များသည် ထိုအသုံးအနှုန်းကို သုံးလေ့ရှိသည့်အတိုင်း သုံးသည့်သဘောပင်ဖြစ်သည်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ရည်ညွှန်းသည့်အခါတိုင်း သံတမန်ရေး အသုံးအနှုန်းတခုထက် မပိုပါ။
အမှန်တွင် မြန်မာနှင့် တရုတ်ပြည်သူများသည် ထိုကဲ့သို့ဆက်ဆံရေး မရှိသည်ကို သိသကဲ့သို့ အစိုးရများကြားတွင်လည်း ရှင်းရှင်လင်းလင်း သိကြသည်။ မည်သူမျှ တအူထုံ့ဆင်းများအဖြစ် မခံစားကြရပေ။ တရုတ်နှင့်မြန်မာသည် ပထဝီအနေအထားအရ နီးကပ်နေသော်လည်း ကိစ္စရပ်အထွေထွေတွင် အရမ်းဝေးကွာခဲ့သည်။
ဆွေမျိုးပေါက်ဖော်ဟူသော စကားလုံးသည် ရင်းနှီးနီးစပ်သောဆက်ဆံရေးမျိုးကို ရည်ညွန်းသော်လည်း နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်ကြား ဆက်ဆံရေးတွင် နွေးထွေးနီးစပ်ခြင်းမရှိပါ။ ၁၉၅၀ ခုနှစ်များက စတင် ဖန်တီး အသုံးပြုခဲ့သော ထိုစကားလုံးသည် အဓိပ္ပါယ်မဲ့သည်ဟု ပြော၍ရပြီး နိုင်ငံတော်ခရီးစဉ်နှင့် တရားဝင်သဝဏ်လွှာများတွင်သာ အသုံးပြုလေ့ရှိသည့် အနှစ်သာရ ကင်းမဲ့သည့် ဝေါဟာရတလုံးသာဖြစ်သည်။
၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာအစိုးရအဆက်ဆက်၏ ခေါင်းဆောင်များဖြစ်သည့် ဝန်ကြီးချုပ်ဦးနုမှ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအထိ၊ ထိုနောက် သူ့ကိုဆက်ခံသည့် စစ်အစိုးရများမှ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိ ထိုအချုက်ကို ကောင်းကောင်းသိကြသည်။
လွတ်လပ်ရေးရချိန်မှစ၍ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံကို မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်မစွပ်ဖက်စေရန်နှင့် အစိုးရအဆက်ဆက်ပေါ်တွင် သြဇာမလွှမ်းမိုးနိုင်စေသည့် နိုင်ငံခြားရေးမူဝါဒမျိုးကို အမြဲကျင့်သုံးခဲ့သည်။ နှစ်ပေါင်းများစွာ တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်တလျှောက်နှင့်ပြည်တွင်းအခြေစိုက်သော မြန်မာကွန်မြူနစ်များ၊ ကွန်မြူနစ်လိုလားသူအုပ်စုများ၊ လက်ဝဲနိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်တပ်ဖွဲ့များကိုပါ နည်းမျိုးစုံဖြင့် ထောက်ပံ့ခဲ့သည်။
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ မိုင်းလား၏ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အပါအဝင် တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားက ရှီ၏ ခရီးစဉ်ကို ထောက်ခံသည့်ကြေညာချက်များ ထုတ်ပြန်သည်ကိုတွေ့သဖြင့် ပြည်ပနိုင်ငံအချို့အတွက် အထူးအဆန်းဖြစ်ကြမည့်ပုံ ရှိသည်။
ရှီ၏ ခရီးစဉ်မတိုင်မီတပတ်အလို တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန် ဆွန်ကော့ရှန်သည် နယ်စပ်တလျှောက်ရှိ ထိုအုပ်စုများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များအပေါ် သြဇာသက်ရောက်မှုသည် နိုင်ငံရေးဝှက်ဖဲတခုပင်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဦးနေဝင်းခေတ်ကလည်း ထိုဝှက်ဖဲကို ကစားလေ့ရှိသည်။ တရုတ်နိုင်ငံ၏ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့သော မူဝါဒသည် ဦးနေဝင်းနှင့် သူ၏အစိုးရကို မကျေမနပ်ဖြစ်စေသည်။
တချိန်တည်းတွင် မြန်မာအစိုးရ အဆက်ဆက်သည် တရုတ်နိုင်ငံနှင့် ကြားနေရေး သို့မဟုတ် ရန်ဘက်အသွင်မဆောင်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ အချို့သော မြန်မာအစိုးရများသည် တရုတ်အစိုးရနှင့် လွန်စွာရင်းနှီးကြသော်လည်း မြန်မာနိုင်ငံသည်အများအားဖြင့် တရုတ်သြဇာလွှမ်းမိုးမှု မခံရရန် နေလေ့ရှိသည်။ ဦးနေဝင်းအနေဖြင့်လည်း တရုတ်အစိုးရနှင့် ပုံမှန် ဆက်ဆံရေးထိန်းသိမ်းရန် အမြဲကြိုးစားခဲ့သည်။
ပြီးခဲ့သည့်မြန်မာစစ်အစိုးရက ယခင်အစိုးရများထက် တရုတ်နိုင်ငံကို ပိုမိုလိုအပ်ခဲ့သည်။ ထိုသို့လိုအပ်ရခြင်းမှာ တရုတ်အစိုးရသည် ၎င်းတို့၏ ဆွေမျိုးပေါက်ဖော်ဟု ခံစားရခြင်းကြောင့် မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံ၏အကူအညီကို အသည်းအသန်လိုအပ်သောကြောင့်သာဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် ၎င်းတို့ကို အနောက်နိုင်ငံများဦးဆောင်သည့် နိုင်ငံတကာအသိုင်းအဝန်းက နိုင်ငံရေးအရသာမက စီးပွားရေးအရပါ ပိတ်ဆို့ပြစ်ဒဏ်ချခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာပြည်သူများကို အထင်ကြီးအောင် မလုပ်ဆောင်နိုင်သလို မြန်မာပြည်သူများ၏ လိုလားနှစ်သက်အောင်လည်း မလုပ်ဆောင်နိုင်ခဲ့ပေ။ ၎င်းတို့၏ ကျင့်ဝတ်ပျက်ပြားသော ပုံရိပ်ဆိုးများကိုလည်း မဖယ်ရှားနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လောဘတကြီး အမြတ်ထုတ်သော စီးပွားရေးလုပ်ငန်းများ၊ ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုအပြီး ပြည်သူတရပ်လုံးကို ဖိနှိပ်သောစစ်အစိုးရကို ထောက်ပံ့ခဲ့ခြင်းနှင့် မြန်မာနိုင်ငံတဝန်းတွင်စီးပွားရေး အဟောင်းများအပြင် နောက်ထပ်အသစ်များကိုပါရယူရန် ကြံစည်နေသည့်လုပ်ရပ်များကြောင့်ဖြစ်သည်။
သို့သော် ထိုဆက်ဆံရေးသဘောသဘာဝရှိနေသော်လည်း လက်တွေ့အားဖြင့် နှစ်နိုင်ငံတို့သည် တနိုင်ငံက အခြားတနိုင်ငံကိုလိုအပ်နေသည်။
မြန်မာသမ္မတ၏ ဖိတ်ကြားချက်အရလာသော ရှီ၏ သမ္မတအဖြစ် ပထမဆုံးခရီးစဉ်သည် တခြားခေါင်းဆောင်များ၏ခရီးစဉ်ထက် ပိုအရေးကြီးသည့်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။ အခြားမည်သည့်နိုင်ငံခေါင်းဆောင်များထက်မဆို အရေးကြီးသည်။သူသည် နေပြည်တော်သို့နှစ်ရက်ကြာခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံသည်။

ထိုခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာပြည်သူများ၏ ယေဘူယျခံစားချက်ကို ဧရာဝတီသတင်းဌာန၏ဝက်ဆိုဒ်တွင် ဖော်ပြခဲ့သည့် မောင်မောင်ဖောင်တိန်၏ကာတွန်းတွင် တွေ့နိုင်ပါသည်။ ထိုကာတွန်းတွင် တရုတ်သမ္မတရှီသည် ဈေးဝယ်လက်တွန်းလှည်းဖြင့် သူ၏ လေယာဉ်ပေါ်မှဆင်းလာသည့် ကာတွန်းဖြစ်သည်။ ထိုအမြင်မှာ မြန်မာပြည်သူအများစုက တရုတ်နိုင်ငံကိုမြင်သောအမြင်ဖြစ်သည်။ တရုတ်နိုင်ငံသည် အမြဲတမ်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် သူတို့၏အကျိုးစီးပွားအတွက်သာ ကြည့်သည်ဟု မြင်ကြခြင်းဖြစ်သည်။
သူ၏ဆောင်းပါးအရ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှီ၏ဈေးဝယ်စာရင်းထိပ်ဆုံးတွင် (၁) ကျောက်ဖြူအထူးစီးပွားရေးဇုန် (၂) တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် (၃) ရန်ကုန်မြို့သစ်စီမံကိန်း တို့ရှိနေသည်။
တရုတ်သမ္မတသည် သူ၏ဆောင်းပါးထဲတွင် အခြားစီမံကိန်းများအပြင် ထိုစီမံကိန်း ၃ ခုကို ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ၏ မဏ္ဍိုင်သုံးခုဟု အလေးထားရေးသားခဲ့သည်၊
စိတ်ဝင်စားစရာကောင်းသည်မှာ သူ၏ဆောင်းပါးထဲတွင် မြစ်ဆုံဆည်အကြောင်း တလုံတပါဒမျှ ထည့်သွင်းရေးသားခဲ့ခြင်း မရှိခြင်းဖြစ်သည်။ လိမ္မာပါးနပ်သည်ဟုပင် ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြစ်ဆုံဆည်တည်ဆောက်ခြင်းသည် မြောက်ပိုင်းကချင်ပြည်နယ်မှ တောင်ဖက်စွန်းအထိ တနိုင်ငံလုံးမှ မြန်မာပြည်သူအားလုံးအတွက် လက်မခံနိုင်သည့်စီမံကိန်းဖြစ်သည်။
ရှီမြန်မာနိုင်ငံသို့မရောက်မီ နှစ်ရက်က ထိုဆိုင်းငံ့ထားသော စီမံကိန်း ကို အပြီးတိုင်ဖျက်သိမ်းရန် လူမှုအခြေပြုအဖွဲ့အစည်း ၄၀ နီးပါးက တရုတ်သမ္မတကို တောင်းဆိုကြသည်။ ထိုစီမံကိန်းသည် မြန်မာပြည်သူများ၏ ကြွယ်ဝချမ်းသာရေးကိုခြိမ်းခြောက်နေကြောင်းနှင့် ထိုစီမံကိန်းကို ဆက်ုလုပ်လျှင် နှစ်နိုင်ငံဆက်ဆံရေးပျက်စီးမည်ဖြစ်ကြောင်း ၎င်းတို့က ထိုတောင်းဆိုချက်တွင် ဖေါ်ပြထားသည်။
ရှီနှင့် မြန်မာခေါင်းဆောင်များသည် ထိုမြစ်ဆုံပြဿနာ ဘယ်လောက်ကြီးသည်ကို ကောင်းစွာသိကြသည်။ အကောင်းဆုံးရွေးချယ်စရာမှာ ထိုစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးဖြစ်သည်။ ထိုကြောင့်လည်း သူ၏ ဆောင်းပါးတွင် အခြားစီမံကိန်း ၃ ခုကိုသာဖေါ်ပြခြင်းဖြစ်သည်။ ထိုစီမံကိန်း ၃ ခုသည်လည်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးလှသော မြန်မာနိုင်ငံမှ BRI စီမံကိန်းများနှင့်ပတ်သက်လျှင် အရေးပါပုံရသည်။
မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လိုအပ်ရသည့် အခြားအကြောင်းတခုမှာ တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဒရာအထိ လက်လှမ်းမီစေမည့် မြန်မာနိုင်ငံ၏ ပထဝီအရ သေနင်္ဂဗျူဟာကျသော တည်နေရာကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ရေကြောင်းလမ်းများ ရရှိစေသော မြန်မာနိုင်ငံအနောက်ဖက် ကမ်းချေမှ စီမံကိန်းများနှင့် တရုတ်နိုင်ငံကူမင်းသို့ နိုင်ငံကိုဖြတ်သန်းသွားသည့် ပိုက်လိုင်း၏ စမှတ်ဖြင့် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကို မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ တင်သွင်းနိုင်သည်။

သံတမန်ရေးအရဆိုရပါက မြန်မာခေါင်းဆောင်နှင့် တရုတ်ခေါင်းဆောင်များအကြား သဘောတရားရေးရာအရ မတူညီကွဲပြားနေခြင်းသည် သံရေးတမန်ရေးအတွက်ပြဿနာဟု မဆိုနိုင်ပါ။
သူ၏ဆောင်းပါးတွင် ရှီက “မြန်မာနိုင်ငံက နိုင်ငံရေးဆွေးနွေးခြင်းမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုကို တရုတ်နိုင်ငံမှ ထောက်ခံအားပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ဒေသ၏တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းရပါမည်” ဟု ရေးခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရသည်လည်း တရုတ်နိုင်ငံကို လိုအပ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးတို့နှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် တရုတ်နိုင်ငံကို အပြည့်အ၀ ယုံကြည်မှုမရှိနိုင်ပေ။ အစိုးရ၏တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ထိုအဖွဲ့များလက်မှတ်မထိုးရန် တရုတ်နိုင်ငံက ပြောဆိုမှုများရှိသည်ဟု ယုံကြည်သူများရှိသည်။ NCA သည် မြန်မာအစိုးရက နှစ်ပေါင်းများစွာ တွန်းအားပေးနေသော ကိစ္စဖြစ်သည်။
“မြန်မာနိုင်ငံက နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့်ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံအားပေးပါသည်” ဟု ရှီက ရေးသားခဲ့သည်။ ထိုသို့နိုင်ငံရေးအရထောက်ပံ့မှုကို NLD အစိုးရအနေဖြင့်လိုအပ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အနောက်နိုင်ငံများမှ ဖိအားများနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မြန်မာနိုင်ငံသည် သူ့ဘက်မှရပ်တည်ပေးရန် တရုတ်နိုင်ငံကို လိုလေ့ရှိသည်။
ထိုကိစ္စတွင် တရုတ်သည် မြန်မာခေါင်းဆောင်များအတွက် “ဆွေမျိုးပေါက်ဖော်”ပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် ယခင်စစ်အစိုးရများနှင့် လက်ရှိရွေးကောက်ခံထားရသော NLDအစိုးရ၏ ချဉ်းကပ်သည့် နည်းလမ်းများနှင့်ရည်ရွယ်ချက်များ ကွဲပြားနိုင်ပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုမူ ထိခိုက်ခံလိမ့်မည် မဟုတ်ပါ။ ဥပမာဆိုရပါက မြစ်ဆုံဆည်စီမံကိန်းကဲ့သို့သော ယခင်စစ်အစိုးရခေတ် ပွင့်လင်းမြင်သာမှုမရှိသည့် စီးပွားရေး လိုက်လျောမှုမျိုးကို တရုတ်အနေဖြင့်မျှော်လင့်၍ ရလိမ့်မည် မဟုတ်ပေ။
လတ်တလောကာလတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး အထူးသတိထားနေသည်ဟု လေ့လာသူအများအပြားက မြင်ကြသည်။ ထိုစီမံကိန်းအများစုသည် ယခင်အစိုးရခေတ်က တရုတ်နိုင်ငံအတွက် ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေးလိုက်လျောမှုများဖြစ်နေသည်။ လက်ရှိအစိုးရသည် ထိုစီမံကိန်းများကို အတည်ပြုရာတွင် နှေးကွေးတုံ့ဆိုင်းနေပြီး ရှီ၏ အစိုးရသည် စိတ်မရှည်နိုင်ဖြစ်နေသည်ဟု သုံးသပ်မှုများရှိသည်။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာပြည်သူများသည် ပိုမိုများပြားသော တရုတ်ခရီးသွားများ၊ တရုတ် စီးပွားရေးကုမ္ပဏီများ၊ တရုတ်ထုတ်ကုန်များနှင့် တရုတ်သံတမန်များကို မြန်မာနိုင်ငံတဝှမ်းတွင် ပိုပိုပြီးမြင်တွေ့ရမည်ဖြစ်သည်။
မည်သည့်မြန်မာအစိုးရမဆို ၎င်း၏အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နှင့် အနောက်နိုင်ငံများအကြား နိုင်ငံရေးနှင့် စီးပွားရေးအရ ဆက်လက်ရှင်သန်နိုင်အောင် လက်တွေ့ကျကျဆောင်ရွက်လိမ့်မည်။ သို့သော် ထိုသို့ဆိုခြင်းကြောင့် မြန်မာနိုင်ငံသည် တရုတ်လက်ဝေခံမဟုတ်သလို အနောက်နိုင်ငံများ၏သြဇာခံလည်း ဖြစ်လိုမည်မဟုတ်ပေ။
သို့သော် နိုင်ငံရေးအရနှင့်မူဝါဒအရ လက်ရှိအစိုးရသည် တရုတ်နှင့်မနီးစပ်လိုပဲ ဒီမိုကရေစီအပါအဝင်အနောက်တိုင်းတန်ဖိုးများကို မျှဝေရယူလိုကြသည်။ မြန်မာပြည်သူများသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ၏ မတည်ငြိမ်သေးသည့် အသွင်ကူးပြောင်းရေးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ယခင်အတိုင်း လက်တွေ့ကျကျ ဆက်လက်ကျင့်သုံးသွားလိမ့်မည်။ ထိုမူဝါဒသည် မြန်မာနှင့် အခြားအရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများအချို့နှင့် ကွဲပြားသော အချက်ဖြစ်သည်။
“ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးသည် နိုင်ငံရေးဝေါဟာရတခုသာဖြစ်သော်လည်း တရုတ်နှင့်မြန်မာနိုင်ငံတို့သည် တနိုင်ငံနှင့်တနိုင်ငံလိုအပ်နေသည်တော့ အမှန်ပင်ဖြစ်သည်။
( Kyaw Zwa Moe ၏ Beyond the Cliché of ‘Pauk-Phaw’, China and Myanmar Need Each Other ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တခေတ်ဆန်းပြီ
မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား
အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူများနှင့် အရှုံးသမားများ