ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့များသည် နောဒစ်နိုင်ငံများနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်လျက်ရှိပါသည်။ ယခုနှစ် အခမ်းအနား၏ ခေါင်းစဉ်မှာ ‘လူငယ်မဲဆန္ဒရှင်များအား ဆော်သြစည်းရုံးခြင်း’ ဖြစ်ပါသည်။
မဲပေးခြင်းနှင့် ရွေးကောက်ပွဲဖြစ်စဉ်သည် ကောင်းမွန်စွာ လှုပ်ရှားလည်ပတ်သော ဒီမိုကရေစီစနစ်တခု၏ ပင်မထောက်တိုင် ဖြစ်သည်။ မဲပေးသူဦးရေ များလေ ဒီမိုကရေစီစနစ် ပိုမိုကောင်းမွန်လာလေဖြစ်သည် ဆိုသော အယူအဆတရပ်ကို နိုင်ငံရေးသိပ္ပံ ပညာရှင်များအကြား တူညီစွာ သဘောတူထားကြပါသည်။ ထို့ကြောင့် မဲပေးနိုင်သူဦးရေ များနိုင်သမျှများပြီး ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အကျိုးရှိအောင်အသုံးချခြင်းသည် အလွန်အရေးပါသော အချက် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံအများအပြားတွင် မဲပေးသူအရေအတွက် နည်းပါးမှုမှာ စိန်ခေါ်မှုကြီးတရပ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။
မဲပေးသူ နည်းပါးခြင်းသည် လူ့ဘောင်အဖွဲ့အစည်းတခုလုံးနှင့် သက်ဆိုင်သော ပြဿနာ ဖြစ်ပါသည်။ မဲပေးသူ နည်းပါးခြင်းသည် ဒေသအပိုင်းအခြား အုပ်စုများအပေါ် မူတည်ပြီးလည်း သိသာသော ကွာဟမှု ရှိကြောင်း နိုင်ငံတကာမှ လေ့လာချက်များအရ သိရပါသည်။ မဲပေးသူနည်းပါးသည့် ထိုကဲ့သို့သော အုပ်စုများသည် နိုင်ငံအလိုက် ကွဲပြားမှု ရှိနိုင်သော်လည်း ပထမဆုံးအကြိမ် မဲပေးရမည့် လူငယ်များအား ဆော်သြစည်းရုံးရသည်မှာ ကမ္ဘာတဝန်း နိုင်ငံများ သိသိသာသာ ကြုံတွေ့နေရသည့် ခက်ခဲသော စိန်ခေါ်မှုတရပ် ဖြစ်သည်။
နောဒစ်နိုင်ငံများတွင် မဲပေးမှုအနည်းပါးဆုံး လူငယ်များမှာ အသက် ၂၀ ကျော်ကျော် အရွယ်များဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူငယ်ထုအကြား မဲပေးသူနည်းပါးခြင်းသည် စိန်ခေါ်မှုတရပ် ဖြစ်နေပါသည်။
ပထမဆုံးအကြိမ် ဆန္ဒမဲပေးရမည့် လူငယ်များ မဲမပေးသည့် အကြောင်းရင်း အများအပြားရှိပါသည်။ အဘယ်ကြောင့် မဲမထည့်သနည်းဟူသော မေးခွန်းအား နောဒစ်နိုင်ငံများရှိ လူငယ်များကို မေးကြည့်ရာ နိုင်ငံရေးပါတီများ အကြောင်းကို ဂဃနဏ မသိခြင်းနှင့် မဲတပြားက အပြောင်းအလဲ ဖော်ဆောင်နိုင်မည်ကို မယုံကြည်ခြင်းတို့ကြောင့်ဟု ဖြေဆိုကြပါသည်။ မဲပေးရန် အချိန်မရခြင်း (သို့မဟုတ်) ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ အိမ်မှအဝေးသို့ ရောက်ရှိနေခြင်းတို့ကြောင့် မဲမပေးခြင်းဖြစ်ကြောင်း ဖြေကြားသည့် လူငယ်များလည်း ရှိပါသည်။ လူငယ်အချို့ကမူ နိုင်ငံရေးကို စိတ်မဝင်စား၍ မဲမထည့်ခြင်းဟု ဆိုသည်။
၎င်းမေးခွန်းကိုပင် မြန်မာနိုင်ငံမှ လူငယ်များအား မေးကြည့်ရာ အချိန်မရခြင်း၊ စာ (သို့မဟုတ်) အလုပ်ကို ဦးစားပေးနေရခြင်းတို့အား မဲမထည့်ခြင်း၏ အကြောင်းရင်းများအဖြစ် ဖြေဆိုကြသည်။ များပြားလှစွာသော နိုင်ငံရေးပါတီများအကြောင်းကို လုံလောက်စွာ မသိရှိခြင်းနှင့် ထိုပါတီများအား အလွယ်တကူ နှိုင်းယှဉ်ဆုံးဖြတ်ရန် မလွယ်ကူခြင်းတို့ကြောင့် မဲမထည့်ခြင်းဖြစ်ကြောင်း ဖြေဆိုသူ လူငယ်များလည်း အများအပြားရှိပါသည်။
နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ပထမဆုံး မဲပေးရမည့် လူငယ်များအား အောင်မြင်စွာ ဆော်သြစည်းရုံးနိုင်ခြင်းသည် ရေရှည်အတွက် အကျိုးအမြတ်ကောင်းဖြစ်သည်။ လူငယ်အရွယ်၌ ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့သူတိုင်းသည် အသက်အရွယ်ကြီးရင့်သည်အထိ ဆက်လက်ပြီး ဆန္ဒမဲပေးနိုင်ခြေ ပိုများကြောင်း လေ့လာချက်များက ဖော်ပြကြပါသည်။ အခြားတစ်ဘက်တွင်လည်း ငယ်ရွယ်စဉ်တည်းက မဲပေးသည့် အလေ့အထနှင့် ယဉ်ပါးခြင်း မရှိခဲ့ပါက ကြီးလာလျှင် မဲပေးနိုင်ခြေ နည်းပါးနေပြန်ပါသည်။ ထိုကြောင့် ပထမဆုံးမဲပေးမည့် လူငယ်မဲဆန္ဒရှင်များ ၎င်းတို့၏အသံကို ဆန္ဒမဲပေးခြင်းဖြင့် ထုတ်ဖော်နိုင်အောင် စီစဉ်ပေးရေးသည် ဦးစားပေးလုပ်ဆောင်သင့်သည့် ကိစ္စရပ် ဖြစ်ပါသည်။
နောဒစ်နိုင်ငံများတွင် နိုင်ငံရေးပါတီများသည် လူငယ်မဲဆန္ဒရှင်ဦးရေ တိုးပွားလာလာစေရန်နှင့် နိုင်ငံရေးနယ်ပယ်တွင် လူငယ်များပါဝင်မှုကို အားပေးနိုင်ရန် “Youth Wings” လူငယ်အဖွဲ့ခွဲများ ပူးတွဲထူထောင်ထားကြပါသည်။ ၎င်းတို့သည် လူငယ်များအား ငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးအတွေ့အကြုံများ ရရှိစေနိုင်ပြီး နိုင်ငံရေးနယ်ပယ်တွင်း၌ လူငယ်များ၏အသံ အားကောင်းလာစေရန်အတွက်လည်း အရေးပါသော အဖွဲ့အစည်းများ ဖြစ်သည်။ ၎င်းတို့၏ အသင်းဝင်များအား အနာဂတ်တွင် နိုင်ငံရေးနယ်ပယ်၌ တတပ်တအား ပါဝင်လာနိုင်အောင် သင်ကြားပြင်ဆင်ထားပေးနိုင်သဖြင့် လူငယ်အဖွဲ့ခွဲများသည် လူသစ်စုဆောင်းရေး အရေးပါသော ပလက်ဖောင်းတခုအဖြစ် ရပ်တည်လျှက်ရှိသည်။
လူငယ်အဖွဲ့ခွဲများ၏ ကျေးဇူးကြောင့် နော်ဒစ်နိုင်ငံများရှိ လူငယ်အများအပြားသည် နိုင်ငံရေးစင်မြင့်ပေါ်သို့ စောစော ရောက်ရှိနေကြသလို အချို့ဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် နိုင်ငံရေးနယ်ပယ် သို့မဟုတ် တက်ကြွလှုပ်ရှားရေး နယ်ပယ်၌ အရေးပါအရာရောက်သူများ ဖြစ်နေကြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်လှုပ်ရှားသူ ဂရီတာသွန်းဘက်ဆိုလျှင် အသက် ၁၇ နှစ်သာရှိသေးသည့် ဆွီဒင်မိန်းကလေးတဦး ဖြစ်သည်။ ဥရောပပါလီမန်၏ အသက်အငယ်ဆုံး အမတ်သည် ၂၁ နှစ်သာရှိသေးသည့် ဒိန်းမတ်လူငယ် ဖြစ်သည်။ နော်ဝေနိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်သည် ၂၂ နှစ်ဖြစ်သည်။ ဖင်လန်နိုင်ငံ၏ ဝန်ကြီးချုပ်သည် အသက် ၃၄ နှစ်သာရှိသေးသဖြင့် ကမ္ဘာ့ အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။
လက်ရှိ ၂၀၂၀ သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည့်နှစ်တနှစ် ဖြစ်သကဲ့သို့ နိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အတွက်လည်း အချက်အချာကျသော ကာလတခုဖြစ်သည်။ လာမည့်ဆောင်းရာသီတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ် စတင် မဲပေးရမည့်သူ ၄.၈ သန်းနီးပါး ရှိပါလိမ့်မည်။ နှိုင်းယှဉ်ပြောရလျှင် ဒိန်းမတ်၊ ဖင်လန်နှင့် နော်ဝေနိုင်ငံတို့၏ လူဦးရေသည် ၅.၆ သန်း၊ ၅.၅ သန်းနှင့် ၅.၅ သန်း အသီးသီး ရှိကြသည်ကို သတိပြုသင့်ပါသည်။
ပထမဆုံးအကြိမ် စတင်မဲပေးရမည့် မြန်မာလူငယ်များအား မဲပေးပိုင်ခွင့်ကို အသုံးချအောင် ဆော်သြစည်းရုံးခြင်းသည် သူ့ချည်းသပ်သပ် အရေးကြီးသလို မြန်မာ့အနာဂတ်အတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါသည်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ထိုလူငယ်များ ပါဝင်ဆောင်ရွက်လာအောင် ပျိုးထောင်ပေးခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီအတွက် အုတ်မြစ်ချခြင်းလည်း ဖြစ်ပါသည်။
ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့များအနေဖြင့် ပထမဆုံးအကြိမ် မဲပေးရမည့်လူငယ်များအား ဆော်သြစည်းရုံးရေးသည် အရေးပါကြောင်း ခိုင်မာစွာ ယုံကြည်ထားပါသည်။ ထို့ကြောင့်ပင်လျှင် မိမိတို့သံအဖွဲ့များသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပမည့် နောဒစ်နိုင်ငံများနေ့ အခမ်းအနားအတွက် ‘လူငယ်မဲဆန္ဒရှင်များအား ဆော်သြစည်းရုံးခြင်း’ ကို ယခုနှစ်အတွက် ခေါင်းစဉ်အဖြစ် ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ ဤအခမ်းအနားအား ရန်ကုန်မြို့ရှိ နောဒစ်နိုင်ငံများ သံတမန်အဖွဲ့ လေးဖွဲ့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နော်ဒစ်နိုင်ငံများအကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မိမိတို့၏ ဆောင်ရွက်ချက်များအား ပိုမိုနားလည်လာအောင် ရှင်းလင်းတင်ပြရန် စီစဉ်ထားရှိပါသည်။
၂၀၂၀ နောဒစ်နိုင်ငံများနေ့၏ အစီအစဉ်တရပ်အဖြစ် မြန်မာနိုင်ငံတဝန်းမှ တက္ကသိုလ်ကျောင်းသားများအား လူငယ်မဲဆန္ဒရှင်များအား ဆော်သြစည်းရုံးရေး အပြန်အလှန်ဆွေးနွေးပွဲတခုသို့ ဖိတ်ခေါ်ထားပါသည်။ မိမိတို့၏ ရည်ရွယ်ချက်မှာ ကျောင်းသားဖြစ်သလို ပထမဆုံးအကြိမ် မဲပေးရမည့်သူများလည်း ဖြစ်သည့် လူငယ်များအား စုရုံးပြီး ရွေးကောက်ပွဲနှင့် နိုင်ငံရေးဖြစ်စဉ်တွင် လူငယ်များ၏ ပါဝင်မှုနှင့်ဆက်စပ်၍ အဓိကကျသည့် အချက်များကို သိရှိဖော်ထုတ်နိုင်စေရေး ဖြစ်ပါသည်။ မိမိတို့၏ လူငယ်သံတမန်များမှလည်း ပါတီ Youth Wings များအကြောင်းနှင့် ပထမအကြိမ် မဲပေးမည့် လူငယ်များအား ဆော်သြစည်းရုံးရေးနှင့် စပ်လျဉ်းသည့် နောဒစ်နိုင်ငံများ၏ အတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်ပါသည်။
လူငယ်ထု၏ စိတ်ဝင်စားမှုများသည် လူကြီးပိုင်းမဲဆန္ဒရှင်များနှင့် ကွဲပြားတတ်သဖြင့်လည်း သူတို့အား နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်စေခြင်းသည် အရေးပါသည်ဟု မိမိတို့ ယုံကြည်ထားပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်လျှက်ရှိရာ နိုင်ငံသူ နိုင်ငံသားများ၊ အထူးသဖြင့် ပထမဆုံး မဲပေးမည့်သူ လူငယ်များ အနေဖြင့် မြန်မာ့ဒီမိုကရေစီအား မိမိတို့၏ဆန္ဒမဲဖြင့် ခွန်အားဖြစ်စေကြောင်း ဆောင်ရွက်ကြပါရန် နော်ဒစ်နိုင်ငံများက လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။
(ဤဆောင်းပါးအား မြန်မာနိုင်ငံဆိုင်ရာ နောဒစ်သံတမန်အဖွဲ့ လေးဖွဲ့၏ အကြီးအကဲများက ရေးသားပါသည်။)
You may also like these stories:
အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်
အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ