လူတိုင်းမှာတော့ ပါးစပ်ပါတယ်
ရန်ကုန်ကနေ နေပြည်တော်ကို ညနေခင်းမှာ ပျံသန်းလာသော ဘိုးရင်း ၇၃၇ လေယာဉ်သည် မကြာခင်မှာ ဆင်းသက် တော့မည်။ ပျံသန်းချိန်က မိနစ် ၃၀ ခန့်ပဲကြာသည်။ ကောင်းကင်ယံကနေကြည့်လျှင် နေပြည်တော်ကို မီးရောင်ထဲမှာ လှမ်းမြင်နေရပြီဖြစ်သည်။
ဘေးမှာပါလာသော မိတ်ဆွေက မြန်မာ့စီးပွားရေးကို လေ့လာဆည်းပူးနေသူတဦး၊ နိုင်ငံခြားမှာလည်း အနေကြာခဲ့သူ၊ ရှင်ကြီးဝမ်းထဲလည်းဝင် ရှင်ငယ်ဝမ်းထဲလည်း ဝင်ခဲ့ဖူးသူ။
သူက လမ်းမှာပြောလာတာက မြန်မာနိုင်ငံရဲ့ စီးပွားရေးသည် ထိုင်စားတဲ့ စီးပွားရေး ဖြစ်နေတဲ့အကြောင်း။ မျှော်စားတဲ့ စီးပွားရေး ဖြစ်နေကြောင်း။ လေယဉ်မယ်လေးများ ချလာပေးသော လက်ဖက်ရည်ကို သောက်လိုက်ပြီး အိတ်ထဲကမုန့်ကို သူက ပလုပ်ပလောင်း စားလိုက်သည်။
သူက စကားကိုဆက်သည်။ “အပြင်ကနေ ပြန်ပို့နေတဲ့ ငွေတွေနဲ့ မိသားစု တွေက ရှင်သန်နေကြတာများတယ်” ထိုင်စားနေကြတာ မျှော်စားနေကြတာဟု သူကပြောလိုရင်း ဖြစ်သည်။
ကျနော်သိသော မိတ်ဆွေများထဲတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်းမှာသွားပြီး အလုပ်လုပ်ကိုင်နေကြသော သူ များရှိသည်။ သူတို့ရဲ့ မိသားစုဝင်တွေက လစဉ်ပို့ပေးသောငွေကို သုံးစွဲပြီး နေထိုင်ကြသည်။ လုံလောက်သည်ဟု ဆိုကြ သည်။
“ထိုင်းမှာ မြန်မာ ၄သန်းရှိတယ်ဆိုပါစို့၊ သူတို့က တလကို ဘတ်နှစ်ထောင်ပဲ ပြန်ပို့ဦး၊ ဘယ်လောက်ဖြစ် နေပြီလဲ” ၊ ထိုစဉ် လေယာဉ်ကပ္ဗတိန်က ဆင်းသက်တော့မည့်အကြောင်း အသိပေးလိုက်လေသည်။
အပြင်က ပြန်ပို့သောငွေကို Remittance ဟု ခေါ်သည်။ မြန်မာပြည် အပြင်ကို ထွက်ပြီး ဝမ်းစာရှာ အလုပ်လုပ်ကြ သော မြန်မာတွေ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း သန်းနဲ့ချီပြီး ရှိခဲ့ပြီဖြစ်သည်။ ဘယ်လောက်ထွက်ပြီး အလုပ်လုပ် နေကြသည်။
ဘယ်နိုင်ငံတွေမှာ ဘယ်လိုအလုပ်တွေကို လုပ်နေကြသလဲ။ ဘယ်လိုအကျိုးကျေးဇူး ခံစားခွင့်တွေရှိသလဲ။ အိမ်ရှင် နိုင်ငံတွေကရော ဘယ်လိုသဘောထား ဆက်ဆံနေသလဲ။
အစိုးရအချင်းချင်းကရော ဒီအလုပ်သမားတွေ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဘယ်လိုပေါ်လစီတွေနဲ့ ဆက်ဆံကြည့် ရှု့နေသလဲ။ တနှစ်ကို ဘယ်လောက်ပြန်ပို့နေသလဲ၊ ပို့တဲ့ငွေပမာဏက ဘယ်လောက်ရှိသလဲ။
ဒီလိုစာရင်းဇယားတွေ Data တွေ ကျနော်တို့ဆီမှာ မရှိပါ။ “တနှစ်ကို ပြည်ပကနေ ပြည်တွင်းကို ပြန်ပို့တဲ့ငွေဟာ ဒေါ်လာ ၃ ဘီလီယံ ဝန်းကျင်လောက်ရှိမယ်”၊ ထိုစဉ် လေယာဉ်ဘီးက ပြေးလမ်းကို ပွတ် တိုက်သွား၏။
မီးရောင် ပျပျထဲမှာ နေပြည်တော်သည် ကျနော်တို့ကို ကြိုလင့်နေသည်။
“ဒီအစိုးရလက်ထက်မှာ အပြင်ကိုထွက်ပြီး အလုပ်လုပ်တဲ့သူက ပိုများလာတယ်” သူကပြောသည်။ “ဘယ်မှာလဲ စာရင်း ဇယားအတိအကျ” ကျနော်ကမေးသည်။ အပြင်ကနေ ပြန်ပို့တဲ့ငွေနှင့် ခြံလေးဝယ်၊ မြေလေးဝယ်ထားသည် ဆိုသော နယ်ကတွေ့ခဲ့ဖူးသူများ၏ မျက်နှာများကို ပြေးမြင်မိသည်။
ဒူဘိုင်းမှာ ဟိုတယ်မန်နေဂျာလုပ်နေသူ ဒါမှမဟုတ် စားပွဲထိုးနေသူသည် သူ့အိမ်ကို တလလျှင် ကျပ်ငွေသုံးလေးသိန်း တော့ ပြန်ပို့နိုင်သည်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ Remittance နှင့် တိုင်းပြည်စီးပွားရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ လေ့လာစရာဆို ပါတော့။
စင်ကာပူက ကရင်သူနာပြုဆရာမလေးကလည်း တနှစ်ကိုတခါ မြန်မာပြည်ကို ပြန်လာကြောင်း ပြောဖူးသည်။ “ပြန်လာတော့ ဘာတွေမှန်းမသိဘူး၊ ကျမတော့ ဟိုမှာပဲနေပြီး အိမ်ကိုထောက်ပံ့နေတာပဲ ကောင်းပါတယ်”ဟု ညည်းဖူးသည်။
သူမကတော့ မိသားစုကို တလကို စင်ကာပူဒေါ်လာနှစ်ရာ ပုံမှန်ပို့နိုင်သည်။ လေယာဉ်ကရပ်သွားပြီ။ ကျနော်တို့ ခါးပတ်ဖြုတ်လို့ရတော့ ခရီးဆောင်အိတ်တွေကို ယူကြသည်။ လေယာဉ်ပေါ်မှာ ခရီးသည်တွေ အပြည့်။ သံတမန်တွေ၊ INGO ခေါ် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ Consultant ၊ ငြိမ်းချမ်းရေး အကျိုးဆောင်ဆိုသူတွေ၊ ဘာသာပြန်တွေ၊ အကူဝန်ထမ်းတွေ၊ ဧည့်ကြိုတွေနဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်သည်။
မိတ်ဆွေက “ဒီလေယာဉ်ပေါ်မှာ ၉၀% ဟာ သူတို့ပိုက်ဆံနဲ့ လေယာဉ်ပျံစီးတာတော့ မဟုတ်ဘူး”။ သူဒီလိုပြောတော့ ကျနော်တိုဟာ ဘယ်အခြေအနေကို ဦးတည်နေပြီလဲဆိုတာ သိနိုင်ပါသည်။ INGO စီးပွားရေး၊ Project စီးပွားရေး၊ ငြိမ်းချမ်းရေး စီးပွားရေးဖြစ်နေပြီလား အတွေးခေါင်မိသည်။
ကျနော်အိတ်ကို ဆွဲချလိုက်သည်။ မိတ်ဆွေတွေကို နှုတ်ဆက်သည်။ နေပြည်တော်မှာ အစည်းအဝေးတွေတက်ဖို့ လေယာဉ်စီးလာသူများသည် စည်းကမ်းသေသပ်စွာဖြင့် လေယာဉ်ပေါ်မှထွက်ပြီး လေဆိပ်ထဲကိုဝင်ကြသည်။ တွေးစရာတွေနဲ့ လမ်းလျှောက်လာသူက ကျနော်။
မြန်မာပြည်ကို လာလည်သော အိမ်နီးချင်းနိုင်ငံက မိတ်ဆွေအမျိုးသမီးလေးကတော့ အင်းလေး၊ တောင်ကြီး၊ ပုဂံကို သွားလည်ပြီး အရမ်းလှတယ်ဟု ပြောသည်။ သူက ဒီလိုပြောတော့ ကျနော်ပျော်သွားသည်။ ပြီးတော့ သူက လက်ဟန်ခြေဟန်နှင့် မြန်မာတွေ ဆိုင်ကယ်ပေါ်က ကွမ်းတပျစ်ပျစ် ထွေးတဲ့အကြောင်းပြောတော့ ကျနော် ရှက်ရယ် ရယ်မိသည်။
ကွမ်းသတ်လို့ သေမယ့်နိုင်ငံ၊ ကွမ်းယာတွေ ကျဆုံးပါစေဟု ကဗျာရေးရမလိုဖြစ်နေပြီ။ ကွမ်းယာက နယ်ချဲ့တာ စင်ကာပူ၊ ထိုင်း၊ ဒူဘိုင်း၊ အမေရိကားအထိ ဈေးကွက်က ပျံ့သွားသည်။ လကမ္ဘာကိုသွားတဲ့ အမ်းစထရောင်းတောင် လပေါ် ရောက်တော့ အမေရိကန်အလံကိုထောင်ပြီး ပထမဆုံးခြေချတဲ့ အမေရိကန်နိုင်ငံသားလို့ ကြွားမယ်ရှိသေး မှောင်ထဲက လက်ထွက်လာပြီး “အကိုကြီး ကွမ်းယာယူဦးမလား”လို့ မေးတယ်တဲ့ ရယ်စရာတွေ သတိရမိသည်။
မြန်မာလာရင် ကွမ်းယာပါရမယ် ဖြစ်သွားပြီ။ ကွမ်းယာ ဝယ်စားတာလား ကင်ဆာ ဝယ်စားနေတာလားဟု တခါက ကျနော် ကွမ်းကြိုက်သော မိတ်ဆွေကိုမေးဖူးသည်။
မြန်မာ့ကွမ်းတံတွေး ကမ္ဘာကိုလွှမ်းရမည်ဟု နောက်ပြောင်ကြသည်။ “ကွမ်းယာဆိုင်တွေကို အခွန်များများ ကောက်ရ မယ်”လို့ တယောက်က ကြိမ်းဝါးသည်။ “ရွေးကောက်ပွဲနီးနေပြီ ဒါမျိုးတွေလုပ်လို့မရဘူးလေ”။ နောက်မိတ်ဆွေတဦးက ကွမ်းတံတွေးရဲပေနေသောပါးစပ်နှင့် ဗလုံးပထွေးပြောသည်။
“သူတို့လဲ သူတို့ပါးစပ်နဲ့စားတာပဲ”
“ဆင်းရဲတဲ့သူတွေပဲ ကွမ်းစားတာဗျ”
ကျနော်က သူ့ကိုကြည့်လိုက်ပြီး “ဒါကြောင့်လည်း ဆင်းရဲကျတာပဲလေ” ဟု မှတ်ချက်ချရင်း စကားဝိုင်းကို အဆုံးသတ် သည်။
ဟိုတယ်မှာတော့ ကွမ်းအကြောင်း Agenda ပျောက်သွားပြီ။ အဂတိတိုက်ဖျက်ရေးအကြောင်း လာရောက်ဆွေးနွေးသူ များရှိသည်။ စားခြင်း မစားခြင်းအကြောင်းများ၊ ဟိုခေတ်နှင့် ဒီခေတ် စားပုံသောက်ပုံ ကွဲပြားပုံများနှင့် အဂတိတိုက် ဖျက်ရေး စီမံကိန်းများနှင့် အလွဲအချော်များအကြောင်း ဖြစ်ပါသည်။
“ဟိုလူတွေ စားတုန်းက အားလုံးဝိုင်းစားကြတာ”၊ တယောက်က မြန်မာဘီယာကို သောက်လိုက်ရင်း ဝင်ပြောသည်။ “အခုကျတော့ တယောက်ထဲ ကျိတ်စားတာလေ”၊ သူကဆက်ပြောသည်။ အမှုမှန်မပေါ်ဘဲ ဖျာအောက်ထဲ ထည့်သိမ်း ထားသော အမှုများ၊ နှာစေးထားသော အမှုများကို ပြောကြသည်။ သတင်းတွေမှာ မဖတ်ရသော သတင်းများပင် ဖြစ်သည်။
အမှန်အကန်သတင်းများဖြစ်ပါသည်။ ဒါပေမယ့် သတင်းစာတွေမှာမပါ။ သတင်းမှန် ပြန်ကြားရေးဆိုသော အဖွဲ့ဝင် များပင် ဟင်ကနဲ ဟာကနဲ ဖြစ်သွားရမယ့် သတင်းများဖြစ်သည်။ မတို့ရဲ့ မထိရဲ အကဲဆတ်သောသတင်းများ။
ရွှေတောင်ကြားမှာ ကုမ္ဗဏီအသစ်ဖွင့်လိုက်သော လူကြီးဟောင်းတဦး၏ သတင်း၊ စင်းလုံးငှား Charter Flight နဲ့ Shopping ထွက်သွားသော မိသားစုသတင်း၊ မိမိနာမည်နဲ့ မယူဘဲ မိတ်ဆွေများ၏ နာမည်သုံးပြီး ယူသည့်သတင်း … စသည်စသည်တို့အပြင် နိုင်ငံပိုင်မြေတွေကို မိမိမြေလုပ်ကာ အရောင်းအဝယ် လုပ်သောသတင်း စသည်တို့လည်း ပါဝင်သည်။
“သတင်း အပြည့်အစုံကိုတော့ ဒီမိုကရေစီ အစစ်အမှန်မရသေးလို့ မလွှင့်နိုင်သေးတာ ခွင့်လွှတ်ကြပါ” နောက်တတ် သော သူငယ်ချင်းက အားလူးကြော်ကိုဝါးရင်း ဝင်နောက်သည်။ အားလုံးက ရယ်လိုက်သည်။ ပေါ့ပါးသွားသည်။
“အခုဟာက Small Fish လေးတွေပဲ အထိနေတာ”၊ “ဘာလဲဗျ Small Fish ဆိုတာ” ဝင်မေးကြည့်မိသည်။
“အကောင်သေးသေးလေးတွေကို ဆိုလိုတာပါဗျာ”၊ “သြော် Big Fish တွေကတော့ ပျော်ပျော်ပါးပါး ရေကူးနေတုန်း ပဲလို့ ပြောတာပေါ့နော်”၊ နောက်တတ်သူက ဝင်နောက်ပြန်သည်။ “တံစိုးလက်ဆောင်ဆိုတာ ငွေတခုထဲတင် မဟုတ်ဘူး၊ အဖိုးတန်ပစ္စည်း အကုန်ပါတယ်လေ”
ရွှေတောင်ကြားက လူကြီးဟောင်းက ပြုတ်သွားသော်လည်း သူ့ဆီမှာတော့ ဒေါ်လာသုံး လေးသန်းတော့ ကျန်ခဲ့ သည် ဟု ထင်ကြေးပေးကြသည်။ “နည်းတာပေါ့ဗျာ”ဟု ကျနော်က ဝင်ပြောသည်။ “အရင်ခေတ်ကဆိုရင် ၁၀သန်း ၁၅ သန်း ပေါ့”။
မိတ်ဆွေက သူ့အင်္ကျီလက်မောင်းကိုပင့်ရင်း “အဲဒီလူနဲ့ မိသားစုမှာ အရင်က ဘဏ်ထဲမှာ ကျပ်ငွေ ၁၀ သိန်းတောင် ရှိချင်မှ ရှိမှာလေဗျာ … အခုတော့ သူမနေဖူးတဲ့ ရွှေတောင်ကြားမှာ ကုမ္ဗဏီနဲ့ ဘဏ်ထဲမှာ ဒေါ်လာသုံးလေးငါးသန်း ဆိုတော့ အိုကေမှာစိုပြေတာပေါ့ဗျာ”။
ထဲထဲဝင်ဝင်သိသော မိတ်ဆွေလေးက ပယင်းရောင်ထနေသော ဝီစကီခွက်ကိုကိုင်လိုက်ရင်း “အရင်လူကြီးရဲ့ နောက် မှာ လည်းသူတို့ပဲ၊ အခုတက်တဲ့ လူကြီးရဲ့ နောက်မှာလည်း သူတို့ပဲ၊ သူတို့ကတော့ ဘာမှမဖြစ်ဘူးနော်”။ သူတို့ဆိုတာ ဘယ်သူ့ကိုဆိုလိုသနည်း။ ကျနော်က မေးလိုက်သည်။ “လူကြီးတွေရဲ့အကြိုက်တွေကို အမြဲလိုက်ကြည့်နေတဲ့ အချို့ အချို့သော စီးပွားရေးသမားတွေပေါ့ဗျာ”၊ Tycoons ဆိုတဲ့သူတွေပေါ့။
ဘယ်သွားချင်လဲပြော …
ဘယ်မှာဆေးကုချင်လဲပြော …
ဘာစားချင်လဲပြော …
ပြော … ပြော … ပြော … လိုတာအကုန်ရစေရမယ်။
အားလုံးဝိုင်းရယ်ကြသည်။ ကျနော်တို့၏ လေးနက်စွာဆွေးနွေးဖို့ ရည်ရွယ်ထားသော အဂတိတိုက်ဖျက်ရေး စကား ဝိုင်းသည် ပျက်စီးတော့မည် ဖြစ်သည်။ ဘားကောင်တာက အသက် ၁၈ နှစ်ဝန်းကျင် ကလေးမလေးသည် ငိုက်မြည်း နေသည်။
သူမ၏အိမ်က အဖေနှင့်အမေအကြောင်းကို တွေးနေသလား၊ ဒါမှမဟုတ် ဟိုးအဝေးမှာ အလုပ်သွားလုပ်သော သူ့ အကိုကြီး ပို့လာမည့်ငွေကို စောင့်မျှော်ရင်း ငိုက်မြည်းနေသလားမသိ။ ငွေပို့လိုက်ရင်တော့။
“လူတိုင်းတော့ ပါးစပ်ပါတာပဲ” ကျနော်နှင့်ရင်းနှီးသော အန်ကယ်ကြီးတဦးက ပြောဖူးသည်။ “အနည်းဆုံးတနေ့ကို နှစ်နပ်တော့စားတယ် မစားတဲ့သူရှိရင်ပြော အန်ကယ်ကိုယ်တိုင် ကျွေးပြမယ်” သူကပြောသည်။
စားပြီးဆိုရင်လည်း နှစ်နပ်ထက်တော့ ပိုမစားနိုင်ဘူးလေ။ အင်း သူပြောတာလဲ ဟုတ်သလိုလိုပဲ။ အားလုံးတော့ ပါးစပ်ပါတာပဲ။ ဒီလိုနှင့် ကျနော်ခေတ္တရောက်နေသော နေပြည်တော်သည် ပျင်းစရာတော့ မရှိခဲ့ပါ။
ဆက်စပ်ဖတ်ရှု့ရန်