ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပြီး မှီခိုသူ မိသားစုဝင် အရေအတွက်က နောက်ထပ် ၁ သန်း ခန့်ရှိနိုင်ပါသည်။ ၎င်းတို့အနက်မှ ၂ သန်းခန့်က ထိုင်းအာဏာပိုင်များထံတွင် တရားဝင်မှတ်ပုံတင်ထားကြသည်။ အများစုမှာ မွန်၊ ကရင်၊ ကရင်နီနှင့် ရှမ်း ကဲ့သို့သော တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့သော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများမှ အချိုးအစား မမျှတစွာ ထိခိုက်ခံစားခဲ့ရသူများ ဖြစ်သည်။ များသောအားဖြင့် သူတို့က အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အရဲစွန့် ထွက်ပြေးကြသည်။ အဘယ်ကြောင့်ဆိုသော် အိမ်တွင်ရှိနေလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အခြေခံလုံခြုံရေးအတွက် ခြိမ်းခြောက်ခံနေရသောကြောင့်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ပရောက်မြန်မာနိုင်ငံသား ၂၀၀၀၀ ခန့် သာ မဲပေးခဲ့ကြပြီး ၁၉၀၀၀ က စင်ကာပူတွင် နေထိုင်သူများဖြစ်သည်။ ဘန်ကောက်နှင့် မြန်မာကောင်စစ်ဝန်ရုံးရှိသော ချင်းမိုင်တွင် လူ ၆၀၀ သာ မဲပေးခဲ့ကြသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် နိုင်ငံသား အခွင့်အရေးများ ထိထိရောက်ရောက် ဆုံးရှုံးနေကြရသည်။ ဆယ်စုနှစ် များစွာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးပြီးဆုံးခဲ့သည့်နောက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနိုင်ရခဲ့သည့် အတွက် ဝမ်းသာရခြင်းများကြားတွင် ထိုအချက်ကို အနည်းငယ်မျှကသာ သတိပြုမိခဲ့ပါသည်။
တန်းတူညီမျှမှုနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို လူနည်းစုအသိုင်းအဝိုင်းများမှ ယုံကြည်လက်ခံနိုင်မှု သေချာစေရန် လာမည့်ရွေးကောက်ပွဲများက လွတ်လပ်၍ မျှတမှုရှိရန် အရေးကြီးပါသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများ မဲပေးရန် နည်းလမ်းများ ဖော်ဆောင်ပေးသင့်ပါသည်။ ရွေးကောက်ပွဲများသည် တရားမျှတပြီး အားလုံးပါဝင်မှုအဖြစ် မြင်တွေ့နိုင်ရန် ထိုကဲ့သို့ ကနဦး ခြေလှမ်းက ကျယ်ပြန့်သင့်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို သူတို့၏ လုပ်ငန်းခွင်တွင် သို့မဟုတ် နီးစပ်သည့် နေရာတွင် မဲပေးခွင့်ပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အနီးပတ်ဝန်းကျင်တွင် မဲပေးရမည့် နေရာမရှိခဲ့ပါက ဥပမာ ပြရလျှင် ဘန်ကောက်သို့ သွားရောက်ရေးက သူတို့အတွက် ကုန်ကျစရိတ်များပြား သလို ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေကြောင်းအရ အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်ပါသည်။
အကယ်၍ ထိုသို့သော အစီအစဉ်များကို အကောင်အထည်မဖော်ပါက သန်းနှင့်ချီသော ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးရမည် ဖြစ်သလို ရွေးကောက်ပွဲ ရလဒ်အပေါ်တွင်လည်း သိသာသော သက်ရောက်မှုများ ရှိလာပါလိမ့်မည်။ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား အများအပြားသည် အာဏာရ NLD ပါတီအပြင် အခြားပါတီများကို မဲပေးနိုင်ကြသည့် တိုင်းရင်းသား လူနည်းစုများ ဖြစ်ကြခြင်းက အထူးပင်ပြဿနာ ရှိနေသည်။
မြန်မာပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း အကယ်၍ သူတို့၏ နေရာအသစ်တွင် သုံးလ သို့မဟုတ် ၎င်းထက်ကျော်၍ နေထိုင်ခဲ့ပါက မကြာသေးမီက မဲပေးခွင့်ပြုခဲ့သည့် စည်းမျဉ်းများကြောင့် ပြဿနာ ပိုဆိုးလာခဲ့သည်။ တိုင်းရင်းသား လူမျိုးစု/လူနည်းစု နိုင်ငံရေးပါတီများက ဗမာလူမျိုး ရွှေ့ပြောင်းလုပ်သား အမြောက်အများက သူတို့ အစဉ်အဆက် နေထိုင်ခဲ့ခြင်းမရှိသော တိုင်းပြည် အစိတ်အပိုင်းများသို့ ပြောင်းရွှေ့နေထိုင်လာကြခြင်းနှင့်အတူ အရေအတွက်များပြားစွာ ရောက်ရှိလာသော လူသစ်များက ဒေသခံပြည်သူများကို လွှမ်းမိုးသွားနိုင်ပြီး မူရင်း နေထိုင်သူအများစုက သူတို့၏ မိခင်မြေတွင် ရပ်တည်ရန် မဖြစ်နိုင်သည့်အတွက် တိုင်းပြည်ပြင်ပ၌ ရောက်နေကြသည့် အချိန်တွင် ရွေးကောက်ပွဲရလဒ်များ ပြောင်းလဲ သွားမည်ကို စိုးရိမ်နေကြသည်။ ၎င်းမှာ အာဏာပိုင်များ၏ ရည်ရွယ်ချက် မဟုတ်နိုင်သော်လည်း မဲဆန္ဒပေး အစီအစဉ်များတွင် ထိုကဲ့သို့သော ထင်ယောင် ထင်မှားမှုများက အသိုင်းအဝိုင်းများကြားတွင် ပဋိပက္ခသို့ ဦးတည်စေနိုင်ပါသည်။ ထိုရွှေ့ပြောင်းအလုပ်သမားများလည်း သူတို့၏ မူလမဲဆန္ဒနယ်များတွင် မဲပေးနိုင်ရေး သေချာစေရန် ဆောင်ရွက်ပေးပါက များစွာ ပိုကောင်းလိမ့်မည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အားနည်းချက်များနှင့် ပြဿနာများ ရှိနေသည့်တိုင် တရားဝင် နိုင်ငံရေးစနစ်အတွင်းမှနေ၍ သူတို့၏ အသိုင်းအဝိုင်းများကို ကိုယ်စားပြုရန်ကြိုးစားခြင်းအတွက် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများကို ချီးကျူးသင့်ပါသည်။ မကြာသေးမီက မွန်၊ ကရင်၊ ကရင်နီ၊ ကချင်နှင့်ချင်းပါတီများ၏ ပေါင်းစည်းမှုများက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရေး အခွင့်အလမ်းကောင်းတခု ဖြစ်သင့်ပါသည်။ ရွေးကောက်ပွဲတွင် NLD က လူများစု နေရာအနည်းငယ် လျော့ကျပြီး အနိုင်ရသွားဖွယ်ရာ ရှိသော်လည်း တိုင်းရင်းသားပါတီများက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် အာဏာဟန်ချက်ကို ထိန်းထားနိုင်လိမ့်မည် ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများအပြား (သို့မဟုတ် မဲဆန္ဒနယ်များ၏ အချို့သောအစိတ်အပိုင်းများ) တွင် မဲပေးခြင်းကို ကန့်သတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့် UEC က လုံခြုံရေးကင်းမဲ့သည့် အခြေအနေဟု ယူဆသောကြောင့်ဖြစ်သည်။ အဆိုပါ မေးခွန်းထုတ်ဖွယ်ရာ ဧရိယာများသည် တိုင်းရင်းသား လူနည်းစုများသာ အများစုနေထိုင်ရာ နေရာများဖြစ်ကြသည့်အတွက် ထိုသို့သောကန့်သတ်ချက်များက တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ အောင်မြင်မှုအလားအလာကို ပိုမိုအားနည်းစေခဲ့သည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်မူ မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းမှု အပေါ်တွင် အာရုံစူးစိုက်မှု နည်းပါးလိမ့်မည်ဖြစ်ပြီး တိုင်းပြည်အတွင်းမှ ဒီမိုကရေစီ၏ အရည်အသွေးအပေါ်တွင် ပိုမိုအာရုံစိုက်ကြပါလိမ့်မည်။
ယခုနှစ် ရွေးကောက်ပွဲများသည် အထူး စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး အရေးလည်း ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားလူမျိုးစု အများအပြားက NLD ကို နောက်ဆုံးအကြိမ် မဲပေးခဲ့ကြခြင်းသည် ပါတီကို ချစ်ခင်မှုကြောင့် မဟုတ်ဘဲ စစ်ဘက်မှ ချုပ်ကိုင်ထားသော အာဏာကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းအဖြစ် ယူဆခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့၏ ပထမဦးစားပေးကို မဲပေးခွင့်ရမည်ဆိုလျှင် ထိုမဲဆန္ဒရှင်များ၏ ကြီးမားသော အစိတ်အပိုင်းက ၂၀၂၀ ခုနှစ် တွင် သူတို့၏ မဲများကို ပြောင်းလဲလိုက်နိုင်ပါသည်။ တိုင်းရင်းသားပါတီများကို ထောက်ခံရန် ဖြစ်သည်။ အထူးသဖြင့် ယခင်က ကွဲပြားနေခဲ့သော နိုင်ငံရေးပါတီများ စုစည်းနိုင်ခဲ့သည့် အသိုင်းအဝိုင်းများတွင် ထိုသို့ ပို၍ ဖြစ်နိုင်ဖွယ်ရှိပါသည်။
သို့သော်လည်း ပြည်ပရောက် အလုပ်သမားများ မဲပေးခွင့်ရရန် ပြုပြင်ပြောင်းလဲမှုများ မရှိသော ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် တရားဝင်မှု ကင်းမဲ့နေပါလိမ့်မည်။ အကယ်၍ မမျှတသော ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများက အချို့သော တိုင်းရင်းသား လူနည်းစု နိုင်ငံသားများနှင့် ကင်းကွာနေခဲ့လျှင် သူတို့က ရွေးကောက်ပွဲ ဒီမိုကရေစီကို ငြင်းပယ်ကောင်း ငြင်းပယ်နိုင်ပါသည်။ UEC အနေဖြင့် ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပဖွယ်ရှိသော ရွေးကောက်ပွဲမတိုင်မီ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးနိုင်ရန် နိုင်ငံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထိုကိစ္စအတွက် ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်းက မြန်မာနိုင်ငံသားများစွာအတွက် ရွေးကောက်ပွဲအပေါ် ယုံကြည်အားထားမှုကို ထိခိုက်ပျက်စီးစေပါလိမ့်မည်။
(Ashley South သည် လွတ်လပ်သော စာရေးဆရာ၊ သုတေသီနှင့် အတိုင်ပင်ခံတဦး ဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်မှ သုတေသနဆိုင်ရာ ပညာရှင်လည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ၎င်းရေးသားသော Ethnic Voters Face Disenfranchisement in Myanmar’s 2020 Electionကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်
ပထမဆုံးအကြိမ် မဲပေးရမည့် လူငယ်များအား ဆော်သြစည်းရုံးပြီး မြန်မာ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း
ရွေးကောက်ပွဲရက် ဘာကြောင့် မကြေညာနိုင်သေးတာလဲ