မြင်းခြံသံမဏိစက်ရုံနှင့် တရုတ်ချေးငွေများ

ခိုင်ဝင်း
၂၀၁၂ ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ပြည်ထောင်စု စက်မှုဝန်ကြီးဋ္ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သော အမှတ် ၁ သံမဏိစက်ရုံ / မြင်းခြံ
Want create site? Find Free WordPress Themes and plugins.

မကြာခင်က တရုတ်ချေးငွေဖြင့် သက်ဆိုင်သည့် သတင်းတစ်ပုဒ် လူမှုကွန်ယက်များပေါ် ပျံ့နှံ့နေပါသည်။ ထိုသတင်းမှာ တပ်မတော်အစိုးရလက်ထက် ၂၀၀၄-၅ခုနှစ်က တရုတ်အစိုးရပိုင် China Development Bank (CDB)မှ   ချေးငွေ ယူရို ၁.၁ဘီလီယံဖြင့် တည်ဆောက်ပြီး စတင်လည်ပတ်ခဲ့သည့်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation-MEC) တပ်မတော်ပိုင် ကုမ္ပဏီ၏ မြင်းခြံ သံမဏိစက်ရုံ အကြောင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်၏ ပြောကြားချက်အရ  ပြန်ဆပ်ရမည့် အတိုးအပါအဝင် ချေးငွေပမာဏသည် ယူရို ၁.၆ဘီလီယံရှိနေပြီး၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလထိ  ပေးအပ်ခဲ့သည့် တိုးရင်းပေါင်းသည် ယူရို ၁၃၆.၇ သန်းရှိပြီးဖြစ်ကြောင်းသိရသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ပြည်ထောင်စု စက်မှုဝန်ကြီးဋ္ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုလည်း သိရသည်။

ထိုချေးငွေကိစ္စသည် တရုတ်ချေးငွေများ၏ သဘောသဘာဝကိုလည်း ထင်ဟပ်ပြသနေသဖြင့် နောင်လာမည့်  ဘီအာအိုင် BRI စီမံကိန်းများ အကောင်အထည်ဖေါ်ရာတွင်လည်း တရုတ်ကုမ္ပဏီများဖြင့် ဖက်စပ်အကျိုးတူ ပူးပေါင်း  ဆောင်ရွက်မည့် နိုင်ငံတော်ပိုင်ကုမ္ပဏီများ၊ တိုင်းဒေသကြီးပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရတို့အနေ ဖြင့် အထူးသတိထားရန်လိုအပ်သည်ကို သက်သေပြနေသည်။

တရုတ်ချေးငွေများ၏ သဘောသဘာ၀

ယခုချေးငွေကိစ္စသည် ယခင် တပ်မတော်အစိုးရလက်ထက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သဖြင့် တရုတ်အစိုးရနှင့် နိုင်ငံတော်ပိုင်ဘဏ်များ၏ မူဝါဒကို သိမြင်နိုင်သည်။

တရုတ်နိုင်ငံတော်ပိုင် ဘဏ်များသည် ချေးငွေများထုတ်ပေး ရာတွင် အိမ်ရှင်နိုင်ငံ၏ အုပ်ချုပ်စီမံမှုအခြေအနေ (governance)၊ ခြစားမှုအတိုင်းအတာ (corruption)၊ နိုင်ငံ  ရေးအရ ဆုံးရှုံးနိုင်မှု (political risk) အစရှိသည့် ကောင်းမွန်သည့် အုပ်ချုပ်စီမံမှုဆိုင်ရာ ညွှန်ကိန်းများအရ ဆင်ခြင်စဉ်းစားခြင်းထက် နိုင်ငံရေးအရ၊ သံတမန်ရေးအရ ရင်းနှီးမှု၊ ချေးငွေထုတ်ပေးမည့်သူမရှိသည့်နိုင်ငံ (သို့) ချေးငွေထုတ်ပေးရန် မသင့်တော်သည့် စီမံကိန်းများကိုလည်း ပိုမိုစွန့်စား၍ ချေးငွေထုတ်ပေးလေ့ရှိကြောင်း   တွေ့ရသည်။

သီရိလင်္ကာနိုင်ငံ၌လည်း တရုတ်ချေးငွေများ ထုတ်မချေးခင်ကတည်းက ထိုနိုင်ငံ၏ ချေးငွေအဆင့်သည် စိုးရိမ်ရေမှတ်ရောက်နေပြီဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည်လည်း ထိုနည်း၎င်းဖြစ်သည်။

မြင်းခြံသံမဏိစက်ရုံ စီမံကိန်းတွင်လည်း မအောင်မြင်နိုင်သည့် စီမံကိန်းကို သိသိခြင်းဖြင့် ငွေထုတ်ချေးခြင်းမျိုး ဖြစ်သည်။ ထို့ပြင် တရုတ်ကုမ္ပဏီများ၏ စက်ပစ္စည်းများရောင်းချရန်၊ တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ  တင်ဒါမခေါ်ဘဲ တည်ဆောက်ရေးကွန်ထရက်များ ရရှိရန်လည်း ချေးငွေများထုတ်ပေးလေ့ရှိသည်။

နောက်ထပ် စိုးရိမ်စရာကောင်းသည့်အချက်မှာ တရုတ်နိုင်ငံသည် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံမဟုတ်သည့်အတွက် တရုတ်ချေးငွေများသည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်သည်။ ထိုအခါ ချေးငွေယူသည့် အိမ်ရှင်နိုင်ငံမှ ပြည်သူများနှင့် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် တရုတ်ချေးငွေဆိုင်ရာ စာချုပ်များပါ အချက်အလက်များကို မသိရှိနိုင်သလို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများ၏ ချေးငွေစုစုပေါင်း အခြေ အနေကိုသိရှိရန် ခက်ခဲကြသည်။

နောက်ဆက်တွဲအနေဖြင့် တရုတ်ချေးငွေ  အချို့သည် ၂ နိုင်ငံအစိုးရများအကြား သဘောတူညီချက်ဖြင့် ချေးယူသည်ဟုဆိုနိုင်သော်လည်း (ဥပမာ တပ်မတော်အစိုးရလက်ထက် တပ်မတော်ပိုင် MEC ကိုချေးငှားခြင်း) အတိုးနှုန်းသက်သာသည့် ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီ ချေးငွေ (concessional loans)မဟုတ်ဘဲ အတိုးနှုန်းမြင့်မားသည့် စီးပွားရေးဆိုင်ရာချေးငွေ (commercial loans) များ  ဖြစ်နေကြသည်။

ကမာ္ဘ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များကမူ နိုင်ငံတနိုင် ချေးယူထားသည့် ချေးငွေ ပမာဏ အတိုင်းအတာတခု (ဥပမာ ချေးငွေ-ဂျီဒီပီ အချိုး ၅၀ ရာခိုင်နှုန်းကျော်လျှင်)ရောက်ရှိပါက ထပ်မံ ထုတ်ချေးသည့် ချေးငွေများအပေါ် အတိုးနှုန်းကို အထူးသက်သာစွာထားပေးခြင်းနှင့် အလယ်အလတ် အဆင့် ချေးငွေအန္တရာယ်ကျရောက်နိုင်သည့် နိုင်ငံများဆိုလျှင် ချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို  ဖွံ့ဖြိုးမှုအကူအညီ (grant)အဖြစ် ပေးအပ်ကြသည်။ အလွန်အမင်း ချေးငွေအချိုးအစား မြင့်မားနေသည့် နိုင်ငံဆိုလျှင်  ချေးငွေ မပေးအပ်တော့ဘဲ ဖွံ့ဖြိုးမှုအကူအညီသာပေးအပ်ခြင်း ဖြင့် ထိုနိုင်ငံ၏ ချေးငွေပြသနာ ပိုမိုမဆိုးဝါးလာစေရန်  ဆောင်ရွက်ကြသည်။

တရုတ်ဘဏ်များမှာတော့ ပုံမှန် အတိုင်းဆက်လက် အတိုးနှုန်းယူလျက်ရှိသည်ကို တွေ့ရှိရသည်။ ထိုအတွက်ကြောင့် အထူးသက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေပေးအပ်ခြင်းမဟုတ် (less concessional)ဟု ဆိုနိုင်သည်။

တရုတ်ဘဏ်များမှ မြင်းခြံသံမဏိစက်ရုံအတွက် ချေးငွေအလွယ်တကူ ထုတ်ပေးခြင်း၏ အကြောင်းရင်းတရပ်မှာ ထိုစဉ် မြန်မာအစိုးရ၏ အာမခံချက်ကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ စီမံကိန်းများအားလုံးကို လေ့လာသုံးသပ်ရာတွင် ပြည်ထောင်စုအစိုးရအနေဖြင့် ယင်းတို့ရယူသည့် ချေး ငွေများဖြင့်ပတ်သက်ပြီး မည်သို့သော အာမခံချက်မျိုးများ ပေးထားသည်ဆိုသည်ကိုဖြစ်သည်။

ယခုကိစ္စမှာ တရုတ်ဘဏ်အနေဖြင့် စိုးရိမ်ပူပန်စရာ မလို။ မြန်မာအစိုးရအနေဖြင့် စီမံကိန်း မအောင်မြင်လည်း ချေးငွေပြန်လည် ပေးဆပ်မည်ကို အာမခံချက်ပေးထားသောကြောင့်ဖြစ်သည်။

ကူမင်း-ဗီယက်ကျင်း ရထားလမ်း သင်ခဏ်းစာ

မြင်းခြံသံမဏိစက်ရုံ ချေးငွေသည် ယခင်တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်စီမံကိန်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု မရှိသည့်အချိန်၌ ဖြစ်ပွားခဲ့သည့်ကိစ္စဖြစ်သဖြင့် ယခုအချိန်တွင် ထိုကဲ့သို့သော ချေးငွေအန္တရာယ်မရှိတော့ဟု ယူဆ၍မရ။

အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရလက်ထက် အကောင်အထည်ဖေါ်ဆောင်ရန် စီစဉ်ထားသည့် ဘီအာအိုင် BRI စီမံကိန်းများသည် တရုတ်နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကြီးများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စုဝန်ကြီးဋ္ဌာနပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ဖက်စပ် ပူးပေါင်း အကောင်အထည်ဖေါ်ဆောင်မည်ဖြစ်သောကြောင့်ဖြစ်သည်။

ထိုအတွက်ကြောင့် လာအိုနိုင်ငံတွင် အကောင်အထည်ဖေါ်မည့် ကူမင်း-ဗီယက်ကျင်း အမြန်ရထားလမ်း စီမံကိန်းသည် တရုတ်နိုင်ငံတော်ပိုင် China Railway Groupနှင့် လာအိုအစိုးရတို့ ပူးပေါင်း၍ စီမံကိန်းကုမ္ပဏီ Lao-China  Railway Company ကိုဖက်စပ်ကုမ္ပဏီအဖြင့် ထူထောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်မည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့တွင်လည်း ဖက်စပ်ကုမ္ပဏီများ ထူထောင် လုပ်ကိုင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုရာတွင် အခြားဂျပန်နိုင်ငံနှင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများဖြင့်လည်း ဖက်စပ်လုပ်ကိုင်ကြသည်ကို တွေ့ရှိရသည်။ ထိုဖက်စပ်လုပ်ငန်းများ၏ သမိုင်း ကြောင်းသည် သိပ်မကောင်းလှ (အကုန်မဆိုလို၊ သတ္တု၊ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများကို အဓိကဆိုလို သည်)။

အဘယ်ကြောင့် ပီပီပီပုံစံဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းသည် စိုးရိမ်စရာရှိသနည်းဟု မေးန်ိုင်သည်။

အဘယ်ကြောင့်ဆိုလျှင် ကူမင်း-ဗီယက်ကျင်း အမြန်ရထားလမ်းစီမံကိန်းတွင် တရုတ်ဘက်မှ ၇၀ ရာခိုင်နှုန်း၊ လာအိုအစိုးရဘက်မှ ၃၀ ရာခိုင်နှုန်းထည့်ဝင်ပြီး အကောင်အထည်ဖေါ်ဆောင်မည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၅.၉ဘီလီယံရှိမည်။

ထိုအခါ လာအိုနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ထည့်ဝင်ရမည်။ ဖက်စပ်ကုမ္ပဏီတွင် ထည့်ဝင်ရမည့်ငွေကို တရုတ်ဘဏ်များမှ လာအိုအစိုးရကို ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။ သို့သော် လာအိုအစိုးရမှ မြေယာလျော်ကြေးပေးရန် ကုန်ကျမည့် အမေရိကန်ဒေါ်လာ ၃၀၀ သန်းကိုလည်း ကျခံရမည်။ အခြားအခွန်ကင်းလွတ်ခွင့်များ၊ အကောက်ခွန်ကင်းလွတ်ခွင့်များကိုလည်း လာအိုအစိုးရမှ ပေးအပ်ရမည်။

ထိုစီမံကိန်းမစတင်ခင်၌ပင် လာအိုနိုင်ငံ၏ ချေးငွေပမာဏသည် အတော်မြင့်မား နေပြီ (အစိုးရချေးငွေ-ဂျီဒီပီ အချိုးအစား ၅၀ ရာခိုင်နှုန်းကျော်)ဖြစ်သဖြင့် ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတကာငွေကြေး  ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က လာအိုအစိုးရအား ချေးငွေအန္တရာယ်ရှိနေကြောင်း သတိပေးနေပြီဖြစ်သည်။

ရထားလမ်းစီမံကိန်းကုန်ကျစရိတ်သည် လာအိုနိုင်ငံ ဂျီဒီပီ၏ ထက်ဝက်နီးပါးရှိနေသဖြင့် ထိုစီမံကိန်းအတွက် လာအိုအစိုးရ တရုတ်ဘဏ်များမှ ချေးငွေယူပါက လာအိုနိုင်ငံ၏ အစိုးရချေးငွေ အခြေအနေသည် ပိုမိုဆိုးဝါးသွားနိုင်သည်။

လာအိုနိုင်ငံသည် ဝင်ငွေနည်းသည့် နိုင်ငံအဆင့်မှာသာရှိနေပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း တဟုန်ထိုး တိုးတက်ခဲ့သည်။ လျှပ်စစ်ရရှိမှုသည်လည်း နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းရှိသည်။ သို့သော် ရထားလမ်းချိတ်ဆက်မှု အလွန်အားနည်းသည်။ ယခုတည်ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်းကို ကမာ္ဘ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ အနေဖြင့် အကူအညီပေးလိုသော်လည်း အဓိကပြသနာသည် ကုန်ကျစရိတ် အလွန်များပြားခြင်းဖြစ်သည်။

အပိုင်းလိုက် အကောင်အထည်ဖေါ်လျှင်လည်း စီးပွားရေးအရ တွက်ချေမကိုက်နိုင်။ စီးပွားရေးအရကလည်း အခြားနိုင်ငံများဖြင့် ချိတ်ဆက်မှသာဖြစ်သည်။ ယခုရထားလမ်းစီမံကိန်းသည်ဒေသတွင်း ၆ နိုင်ငံ (လာအို၊   ထိုင်း၊မြန်မာ၊ ဗီယက်နမ်၊ မလေး၊ စင်ကာပူ)ကိုချိတ်ဆက်မည်ဖြစ်ပြီး လာအိုနိုင်ငံထက် ကူမင်း-စင်ကာပူ   ရထားလမ်းစင်္ကြန်ပေါ်ရှိ ရန်ကုန်၊ ဘန်ကောက်၊ ကွမ်လာလမ်ပူ၊ စင်ကာပူတို့က အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ် သည်။

လာအိုနိုင်ငံအတွက် အကျိုးမရှိတော့မဟုတ်။ အကျိုးရှိနိုင်သော်လည်း ငွေအရင်းအနှီး ကုန်ကျစရိတ်ကို  ချေးငွေဖြင့် ကျခံရမည်ဆိုလျှင် သူ့အတွက် အကျိုးထက် ချေးငွေအန္တရာယ် ပိုမိုဆိုးဝါးသွားနိုင်ခြင်းဖြစ်သည်။

တရုတ်-မွန်ဂိုလီယား-ရုရှား BRI စင်္ကြန်ကို ချိတ်ဆက်မည့် ရထားလမ်းစီမံကိန်းသည်လည်း လာအိုရထား လမ်းစီမံကိန်းကဲ့သို့ပင်ဖြစ်သည်။ တွက်ချက်မှုများအရ မွန်ဂိုလီယားနိုင်ငံထက် တရုတ်နှင့်ရုရှားနိုင်ငံတို့က အဓိ ကအကျိုးခံစားရမည်ဖြစ်သည်။ ထိုအတွက်ကြောင့် ဖေါက်လုပ်မည်ဆိုလျှင် ရထားလမ်းကုန်ကျစရိတ်ကို ထို ၂ နိုင်ငံက ကျခံသင့်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့သည် ဖက်စပ်ကုမ္ပဏီများ တည်ထောင်လုပ်ကိုင်မည်ဖြစ်သောကြောင့် မြန်မာအစိုးရဘက်မှ အဆိုပါဖက်စပ်ကုမ္ပဏီများ စီမံကိန်းအကောင်အထည်ဖေါ်ရန် တရုတ်ဘဏ်များမှ ချေးယူမည့် ချေးငွေများအတွက် ဖက်စပ်စီမံကိန်းများမှ မျှော်လင့်ထားသလို အကျိုးအမြတ် မရရှိ၍ ချေးငွေများပြန်လည်မဆပ်နိုင်ပါက အစိုးရအနေဖြင့် ထည့်ဝင်ထားသည့် အချိုးအစားအတိုင်း ပြန်လည် ပေးဆပ်ပါမည်ဟု အာမခံချက်မျိုး မပေးရန် အထူးအရေးကြီးသည်။

စီမံကိန်းတခုစီအတွက် အခွန်ကင်းလွတ်ခွင့်၊ အကောက်ခွန်ကင်းလွတ်ခွင့်အပါအဝင် မည်သို့သော အထူးအခွင့်အရေးများပေးအပ်ရန် ချုပ်ဆို မည့်စာချုပ်များတွင် တောင်းဆိုထားသည်ကို စနစ်တကျ စိစစ်ရန်လိုအပ်သည်။

ပွင့်လင်းမြင်သာမှုသာ အရာရာ

BRI စီမံကိန်းများအားလုံးအတွက် အထူးအရေးကြီးသည်မှာ ပွင့်လင်းမြင်သာမှုဖြစ်သည်။ တရုတ်အစိုးရအ နေဖြင့်လည်း ဒုတိယအကြိမ် BRI ညီလာခံတွင် စီမံကိန်းများကြောင့် အိမ်ရှင်နိုင်ငံများ ချေးငွေ ထောင်ချောက်တွင်း ကျဆင်းမှုမရှိစေရန်နှင့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားသည်။

ထိုအခါ တရုတ်အစိုးရအနေဖြင့် အပြောဖြင့်သာ မဟုတ်ဘဲ လက်တွေ့ ပွင့်လင်းမြင်သာမှုကိုပြသ၍ မြန်မာနိုင်ငံအပါအဝင် အခြားဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖေါ်ဆောင်မည့် BRI စီမံကိန်းများနှင့်ပတ်သက်သည့် ချေးငွေဆိုင်ရာနှင့် အခြားစာချုပ်ပါ စီမံကိန်းအချက်အလက်များကို အများသိရှိအောင်ပြုလုပ်သင့်သည်။

ဦးစွာပထမ ကမာ္ဘ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို ချပြ၍ပူးပေါင်းဆောင်ရွက်သင့်သည်။ ယင်းနိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်များ၏ စံချိန်စံနှုန်းများကို လိုက်နာသင့်သည်။

အထူးရှောင်ရှားသင့်သည့်အချက်မှာတော့ အိမ်ရှင်နိုင်ငံမှ ပြည်သူများ အမှန်တကယ် လိုလားသည့် စီမံကိန်းမဟုတ်ဘဲ နိုင်ငံရေးခေါင်းဆောင် တဦးတယောက် အာဏာရှိစဉ် မိမိနိုင်ငံရေး အကျိုးအ မြတ်အတွက် လုပ်ဆောင်လိုသည့် စီမံကိန်းများကို အကောင်အထည် မဖေါ်ဆောင်မိစေရန်ဖြစ်သည်။ ထိုအတွက်  ကြောင့်လည်း စီမံကိန်းများဖြင့်ပတ်သက်ပြီး အပေါ်ယံသက်သက်သာမဟုတ်ဘဲ အများပြည်သူဖြင့် ဆွေးနွေး တိုင်ပင်ခြင်း၊ အချက်အလက်များကို ချပြခြင်းကိုလုပ်ဆောင်သင့်သည်။

လက်ရှိမြင်းခြံသံမဏိစက်ရုံ ချေးငွေကိစ္စကိုလည်း ၂ ဘက်အစိုးရညှိနှိုင်း၍ အခြားအလှူရှင်နိုင်ငံများ (ပါရီကလပ်အဖွဲ့ဝင်နိုင်ငံများ) ကဲ့သို့ ထိုချေးငွေကို ဖြေလျှော့ပေးခြင်း၊ လက်ရှိအတိုးနှုန်းထက် အထူးသက်သာသည့် အတိုးနှုန်း (concessional rate)ဖြင့် ပြန်လည်စာချုပ်ချုပ်ဆိုတောင်းခံခြင်း သို့တည်းမဟုတ် ပေးဆပ်ရန်မလို ဟုလျှော်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏  သဘောထားကြီးမှု၊ စေတနာထားမှုကို လက်ခံယုံကြည်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ် ဆောင်မည့် BRI စီမံကိန်းများအပေါ် ပိုမိုယုံကြည်မှုရှိလာမည်။

(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)

You may also like these stories:

မြင်းခြံ သံမဏိစက်ရုံ ရပ်ထားပါက သမိုင်းမှတ်တမ်း အဖြစ် ကျန်ရစ်မည်ဟု စက်မှုဝန်ကြီးပြော

နိုင်ငံတော်၏ ပိုင်ဆိုင်မှုများအား စီမံခန့်ခွဲခြင်း

စက်မှုတော်လှန်ရေး ၄.၀ ဆိုင်ရာမူဝါဒ မြန်မာမှာ ရှိပြီလား

Did you find apk for android? You can find new Free Android Games and apps.
Loading