နိုင်ငံတနိုင်ငံ တိုးတက်ပြောင်းလဲဖို့ ဆိုရင် နိုင်ငံသူနိုင်ငံသားတွေ၊ အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ စိတ်ဓာတ်တွေ ပြုပြင် ပြောင်းလဲမှသာ အမှန်တကယ် ပြောင်းလဲမှုဆီ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ ဌာနဆိုင်ရာ၊ အစိုးရနဲ့ ပြည်သူတွေမှာပါ တာဝန်ရှိပါတယ်။ ပြည်သူတွေ အနေနဲ့ မကောင်းတဲ့ အပြုအမူတွေ၊ စည်းကမ်းမဲ့မှုတွေကို ကိုယ့်အသိစိတ်ဓာတ်နဲ့ ပြုပြင်ရမှာ ဖြစ်သလို အစိုးရဘက်ကလည်း ပြည်သူတွေ စည်းကမ်းလိုက်နာလာအောင်၊ စိတ်ဓာတ်ပြောင်းလဲလာအောင် ပညာပေးမှုတွေ ပြုလုပ်ရမှာပါ။
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ဒီနေ့ထက်ထိ အမှိုက်ကိစ္စက ခေါင်းခဲရတဲ့ ပြဿနာတခု ဖြစ်နေဆဲပါ။ ရန်ကုန်လို စီးပွားရေး မြို့တော်မှာ တနေ့ကို အမှိုက်တန်ချိန် ၂၀၀၀ နီးပါးအထိ ထွက်ရှိပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် ရေနုတ်မြောင်းတွေ ပိတ်ဆို့ကာ ရေစီးရေလာ မကောင်းမွန်ဘဲ မိုးရာသီမှာ ရေကြီးရေလျှံမှုတွေပါ ဖြစ်စေပါတယ်။ ရေနုတ်မြောင်းထဲက အမှိုက်တွေကို ပရဟိတ အဖွဲ့တွေက ဆယ်ယူပေးနေတာ ရှိပေမယ့် ဆယ်ပေးပြီး နောက်တရက်မှာပဲ စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကြောင့် ရေနုတ်မြောင်းဟာ အမှိုက်တွေနဲ့ ပြန်လည် ပြည့်လျှံမြဲ ဖြစ်နေတာက တော်တော်လေး စိတ်ပျက်စရာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဌာနပိုင် ဝန်ထမ်းအိမ်ရာ အနီး၊ သိမ်ဖြူဈေးရှေ့ ရေမြောင်းထဲမှာ အမှိုက်တွေ များပြားနေတာကြောင့် Clean Yangon အဖွဲ့က ဦးဆောင်ပြီး အမှိုက်တွေ ဆယ်ယူ ရှင်းလင်း ပေးခဲ့ပါတယ်။ ဒီလိုရှင်းလင်းဖို့ အချိန်တွေ ပေးခဲ့ရသလို လူအင်အား ၄၀၀ နဲ့ ရှင်းလင်းခဲ့ရတာပါ။ ဒါပေမယ့် နောက်တရက်မှာပဲ အဲဒီရေမြောင်းထဲကို ပြန်စွန့်ပစ်ထားတဲ့ အမျိုးအစား စုံလင်တဲ့ အမှိုက်တွေရှိခဲ့တာကြောင့် အများပြည်သူကြား ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ တခါသုံး ဖော့ဘူးတွေ၊ မီးဖိုချောင် အမှိုက်တွေ၊ အိုးခြမ်းကွဲတွေတွေ့ရပြီး အမှိုက်ဆယ်ယူရသူတွေဟာ နံစော်နေတဲ့ ကြားက ဆယ်ယူရတာပါ။
အဲဒီ ရေနုတ်မြောင်းကို ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့ကလည်း တခါ ရှင်းလင်းခဲ့ပြီးပါပြီ။ ရေနုတ်မြောင်းထဲကို အသိစိတ်နည်းပါးစွာ အမှိုက်မျိုးစုံ စွန့်ပစ်မှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတာ အသေအချာပါပဲ။ ခြင်ပေါက်ပွားမှုတွေ များလာခဲ့ရင် ခြင်ကိုက်ခံရမှုကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်လာနိုင်ပါတယ်။ မြို့တော်ရန်ကုန်ရဲ့ နေရာအတော်များများက ရေနုတ်မြောင်းတွေကို ကြည့်လိုက်ရင်လည်း အမှိုက်တွေက မမြင်ချင်မှ အဆုံး ပြည့်နေတာပါပဲ။ ရေမြောင်းဟာ ရေစီးဆင်းဖို့ အတွက်ပဲ ဖြစ်သင့်ပြီး အမှိုက်ကို အမှိုက်ပုံးတွေထဲမှာပဲ စနစ်တကျ စွန့်ပစ်ရမှာပါ။ စည်းကမ်းမဲ့သူတွေ ပစ်ထားတဲ့ အမှိုက်တွေ ပြည့်နေတဲ့ ရေနုတ်မြောင်းတွေကို မကြာခဏ ရှင်းလင်းပေးဖို့ ဆိုတာ မလွယ်ကူပါဘူး။
ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ရေနုတ်မြောင်းထဲ အမှိုက်စွန့်ပစ်ရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာ့မီးရထား ရန်ကုန်တိုင်း မန်နေဂျာက ပြောကြားခဲ့ပါတယ်။
Downtown ကျတဲ့ မြို့နယ်တွေမှာလည်း လမ်းဘေးဈေးသည် တချို့ဟာ သူတို့ ဈေးရောင်းရာက ထွက်ရှိလာတဲ့ အမှိုက်တွေကို ရေနုတ်မြောင်းတွေထဲ အလွယ်ပစ်ချတာတွေ ရှိလို့ စည်ပင်ဥပဒေနဲ့ အရေးယူဖို့ လိုအပ်နေပါပြီ။
မီးလောင်မှုတွေ ဖြစ်ပေါ်တဲ့ အခါ အချိန်မီ မီးငြှိမ်းသတ်နိုင်ဖို့ မီးသတ်ကားတွေ သွားလာမှုကို ပိတ်ဆို့နှောင့်ယှက်စေတဲ့ သူတွေကို တွေ့နေရတာ စိတ်ပျက်စရာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက လမ်းမတော်မြို့နယ်က သံဈေး မီးလောင်မှုမှာ မီးသတ်ကား အများအပြားသုံးပြီး ငြိမ်းသတ်ခဲ့ရသလို လူနေတိုက်ခန်းတွေမှာ ပိတ်မိနေသူ ၈၀ ကျော်ကို မီးသတ်တပ်ဖွဲ့က စွန့်စွန့်စားစား ကယ်ထုတ်ခဲ့ရပါတယ်။
မီးသတ်သမားတွေဟာ သူတို့ရဲ့ တာဝန်ဖြစ်တဲ့ အများပြည်သူ အတွက် ထမ်းဆောင်နေကြတာ ဖြစ်လို့ မီးသတ်ကား လာတဲ့ အချိန်မှာ နေရာ ဖယ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သံဈေးမီးလောင်မှုမှာ တချို့သော ဈေးသည်တွေရဲ့ အပြုအမူဟာ မေးခွန်းထုတ်စရာပါ။ လမ်းထဲဝင်လာတဲ့ မီးသတ်ကားတွေကို လမ်းဖယ်မပေးရုံသာမက ဈေးဆက်ရောင်းနေတဲ့ ဓာတ်ပုံတွေကြောင့် တွေ့မြင်ရသူတွေကို ဒေါသဖြစ်စေပါတယ်။ အများပြည်သူပိုင် သို့မဟုတ် စည်ပင်ပိုင် မြေနေရာပေါ်မှာ သူတို့ ကိုယ်ပိုင်နေရာအလား ပတ်ဝန်းကျင်မှာ ဘာပဲ ဖြစ်နေနေ ဂရုမစိုက်တဲ့ အသွင် ဆောင်နေပါတယ်။
အမှန်တကယ်ဆိုရင် မီးသတ်ကားတွေ လာတဲ့ လမ်းကြောင်းတလျှောက်မှာ မောင်းနှင်ရ မြန်ဆန်အောင် အားလုံး ဝိုင်းဝန်းကူညီကြဖို့ တာဝန်ရှိပါတယ်။ မီးသတ်ကား အချိန်မီ ရောက်ရှိ ငြှိမ်းသတ်နိုင်မှသာ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု နည်းမှာ ဖြစ်ပါတယ်။ လူအများစု မီးဘေးကျရောက်နေချိန်မှာ ကိုယ့်ကိစ္စကိုယ်ပဲ ကြည့်တတ်တဲ့ တကိုယ်ကောင်း စိတ်ယုတ် စိတ်ညံ့မျိုးတွေကို ပြင်ဆင်သင့်ပါပြီ။
နောက်ပြီး နိုင်ငံကြီးသား မပီသတဲ့ ရှက်စရာ အပြုအမူကတော့ လမ်းပေါ် ကွမ်းသွေးထွေးတဲ့ ကိစ္စပါ။ အများပြည်သူ သွားလာရေးအတွက် အသုံးပြုရတဲ့ YBS ကားတွေထဲမှာ “ကွမ်းမစားရ” လို့ တားမြစ်ထားပြီးသားပါ။ ဒါပေမယ့် အဲကွန်းဖွင့်ထားတဲ့ YBS ပေါ်မှာ ကွမ်းစားနေသူတွေ အများကြီးတွေ့ခဲ့ရသလို ကွမ်းနံ့ကြောင့် ခေါင်းကိုက်ရတဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်က YBS 89 ပေါ်မှာ အမျိုးသား တယောက်က ကားပြတင်းပေါက်ဖွင့်ပြီး ကွမ်းတံတွေးတွေ လမ်းပေါ် ၄ ကြိမ်အထိ ထွေးချတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။
ဒီထက် ဆိုးတာက အဆင့်မြင့် ကားအကောင်းစား စီးပြီး အဆင့်နိမ့် အညံ့စား စိတ်ဓာတ်နဲ့ ကွမ်းစားကြတာတွေပါ။ ကားတံခါးကို ဆတ်ကနဲ ဖွင့်ပြီး ကွမ်းတံတွေးကို ဗျစ်ကနဲ ထွေးချတာတွေ၊ တခါတလေ မီးပွိုင့်တွေမှာ ရပ်စောင့်ရင်း ကွမ်းထွေးထားတဲ့ ကြွပ်ကြွပ်အိတ်တွေ မသိမသာ ပစ်ချတာတွေ၊ မသိမသာနဲ့ ကွမ်းထွေးထားတဲ့ ပုလင်းတွေ ပစ်ချတာတွေ၊ နောက်က မောင်းနှင်လာတဲ့ ကားက ကွမ်းထွေးအိတ်တွေ၊ ပုလင်းတွေကို ကြိတ်မိပြီး လမ်းပေါ် ကွမ်းသွေးတွေ ပျံ့ကျဲသွားတာတွေ အကြိမ်ပေါင်းများစွာ တွေ့ဖူးပါတယ်။
လမ်းတွေပေါ် ကြည့်လိုက်ရင် ထွေးချထားတဲ့ ကွမ်းသွေးတွေကြောင့် ညစ်ပတ်နေရတာဟာ တော်တော်လေး အကြည့်ရ ဆိုးပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ခင်းထားတဲ့လမ်း သန့်ရှင်းသပ်ရပ်နေဖို့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ တွေ့မြင်သွားရင်လည်း ကိုယ့်နိုင်ငံသား မြို့ကြီးသားများရဲ့ အပြုအမူတွေကို အံ့သြ ရွံရှာသွားနိုင်ပါတယ်။
လမ်းပေါ်ကို သွားရင်း လာရင်း အမှိုက်ပစ်ချတတ်သူတွေလည်း ရှိနေပြီး အဲဒီလို စည်းကမ်းမဲ့ အမှိုက်ပစ်တာဟာ နှစ် ၅၀၊ နှစ် ၆၀ ကျော် ဖျက်ဆီးခံထားရလို့ ပြင်ဖို့ မလွယ်ကူဘူး ဆိုတဲ့ ဆင်ခြေတွေလည်း ကြားရပါတယ်။ အဲဒီလို လူတွေ စင်ကာပူကို သွားကြည့်ပါ။ ဘာတွေ ဖြစ်မလဲ။ ဒဏ်ငွေရိုက်လို့ စည်းကမ်းမမဲ့ရဲတော့ဘဲ စည်းကမ်းပြည့်ဝသွားမှာပါ။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က စတင် အသက်ဝင်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၂၂ (ည) မှာ ဖော်ပြထားတာက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ရင်၊ နောက်ဖေးလမ်းကြားထဲကို အမှိုက်စွန့်ပစ်ရင် ဒဏ်ငွေ ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၃၂၂ (ယ) မှာလည်း “အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေး ထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေး တိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်း” ပြုလုပ်ရင် ဒဏ်ငွေ ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပညာပေးပါလျက်နဲ့ ဆက်လက်စည်းကမ်းမဲ့နေရင် ဒဏ်ရိုက်အရေးယူဖို့ စည်ပင်မှာ တာဝန်ရှိပါတယ်။
ပြည်သူတွေဘက်က စိတ်ဓာတ်နဲ့ အမူအကျင့်တွေ ပြုပြင်ဖို့ ဝန်မလေးသင့်ဘဲ ကိုယ်နေထိုင်တဲ့ လမ်း၊ ရပ်ကွက်၊ မြို့နယ် သန့်ရှင်းသာယာလှပဖို့ ကိုယ်စီမှာ တာဝန်ရှိတယ်လို့လည်း ခံယူရမှာပါ။ အစိုးရနဲ့ တာဝန်ရှိသူများ အနေနဲ့လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူတိုင်း လိုက်နာကျင့်သုံးစေဖို့ အသိပညာပေးမှုနဲ့ အတူ ထပ်ဆင့်ပြီး အရေးယူမှုတွေပါ မဖြစ်မနေ ပြုလုပ်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦး ဖြစ်သည်။)
You may also like these stories:
လူတွေက ရေနုတ်မြောင်းဆိုရင် အမှိုက်ပစ်ဖို့နေရာလို့ ထင်နေကြတယ်
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး