ပြည်သူများအပေါ် ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်က နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ နေအိမ်တွင်းသို့ ဥပဒေမဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်းနှင့် ဖုန်းဆက်သွယ်မှုများအား ကြားဖြတ်နားထောင်/မှတ်တမ်းတင်ခြင်းများ မပြုလုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေကို ၂၀၁၇ ခုနှစ် မတ်လတွင် ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မြေပြင်အခြေအနေတွင် အဆိုပါ ရည်ရွယ်ချက်အတိုင်း ဥပဒေက အကာအကွယ်မပေးနိုင်ဘဲ ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်ရန် အတွက်သာ အသုံးပြုခံနေခဲ့ရသည်။
အသံအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ မီဒီယာစောင့်ကြည့် လေ့လာမှုအချက်အလက် မှတ်တမ်းများအရ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုမှု ၄၆ မှု ရှိလာပြီး တရားစွဲဆိုခံရသူ ၁၁၃ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု ၁၅ မှု၊ နိုင်ငံရေးပါတီ များက တရားစွဲဆိုမှု ၉ မှု၊ တပ်မတော်က တရားစွဲဆိုထားမှု ၅ မှု၊ စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများကို တရားစွဲဆိုထားမှု ၃ မှု တို့ အသီးသီးရှိကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဝေဖန်ရေးသားသည်ဟုဆိုကာ ကြားလူများက တရားစွဲဆိုထားမှုများအပြင် အရပ်သားပြည်သူ အချင်းချင်း တရားစွဲဆိုမှုများလည်းပါဝင်သည်။
တရားစွဲဆိုခံရသူများတွင် အရပ်သားပြည်သူ ၇၅ ဦး၊ တက်ကြွ လှုပ်ရှားသူ ၁၂ ဦး၊ သတင်းမီဒီယာသမား ၄ ဦး၊ နိုင်ငံရေးပါတီဝင် ၁၅ ဦးနှင့် အခြား ၇ ဦးတို့ပါဝင်ပြီး ၃၃ ဦးသည် လူမှုကွန်ရက်တွင် ထုတ်ဖော်ရေးသားသည့်အတွက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ထိုကဲ့သို့ မူလရည်ရွယ်ချက်များနှင့် သွေဖည်သွားခဲ့သည့် နိုင်လွတ်လုံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ ပြင်ဆင်သည့်ဥပဒေကြမ်းကို တင်သွင်းခဲ့ပါသည်။ အဆိုပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် အဓိကကျသော ပြင်ဆင်ချက် သုံးခုကိုတွေ့ရှိရပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာန (Focal Ministry) ကို ပြည်ထဲရေးဝန်ကြီးဌာနဟု မထားတော့ဘဲ ပြည်ထောင်စုအစိုးရက တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးဌာနဟု ပြင်ဆင်ခြင်း၊ တရားစွဲဆိုရာတွင် အဆိုပါဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရန်လိုအပ်ခြင်းနှင့် အာမခံပေးနိုင်သော ဥပဒေအဖြစ် ပြင်ဆင်ခြင်းတို့ ဖြစ်ပါသည်။
အဆိုပါပြင်ဆင်ချက်အရဆိုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်လွတ်လုံဥပဒေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတခုကို ပထမဦးစွာ ရွေးချယ်တာဝန်ပေးအပ်ရန် လိုအပ်လာပါမည်။ တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ကြီးဌာနက ရဲတပ်ဖွဲ့ကနေ တဆင့် တက်လာသမျှ အမှုအားလုံးကို စိစစ်ပြီး တရားစွဲဆိုရန် ခွင့်ပြုသင့်/ မသင့် ဆုံးဖြတ်ပေးရတော့မည် ဖြစ်သည့်အတွက် အမှုများမှာ ပိုမိုကြန့်ကြာလာနိုင်ဖွယ်ရာ ရှိသည်။
အာမခံပေးနိုင်ရန် ပြင်ဆင်ချက်ကိုတော့ ကြိုဆိုရမည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် လက်ရှိပြင်ဆင်ချက်သည် ၂၀၁၇ ခုနှစ်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်နှင့် ဆင်တူနေပါသည်။ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ခဲ့စဉ်က လူပြောများသည့် ပုဒ်မ ၆၆ (ဃ) ကို မပယ်ဖျက်နိုင်ခဲ့သဖြင့် ဥပဒေပြင်ဆင်ပြီးနောက်ပိုင်း တရားစွဲခံရသည့် အမှုပေါင်း ၁၀၀ ကျော် အထိ ရှိသွားခဲ့သည်။ ယခုလည်း ပြည်သူလူထုကို ဒုက္ခအပေးဆုံးဖြစ်သည့် နိုင်လွတ်လုံဥပဒေပါ ပုဒ်မ ၈ (စ) ကို မပယ်ဖျက်နိုင်ခဲ့ပါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ကန့်သတ်သည့် တရားစွဲဆိုမှုများ ဆက်ရှိနေပါ လိမ့်မည်။
ဒီမိုကရေစီစနစ် တည်ဆောက်နေပါသည်ဆိုသော အစိုးရလက်ထက်တွင် ဝေဖန်မှုများအတွက် တရားစွဲဆို ခံနေရခြင်းသည် အရုပ်ဆိုး အကျည်းတန်လှပေသည်။ လက်ရှိပြင်ဆင်ချက်အရ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲခံရပြီ ဆိုလျှင် အဖမ်းမခံရ၊ အချုပ်ထဲမဝင်ရသော်လည်း တပတ်တကြိမ် တရားရုံးသွားရန် ပေးရသည့်အချိန်များနှင့် ကုန်ကျစရိတ်များသည် ပြည်သူများအတွက် မသက်သာလှပေ။
ဥပမာအားဖြင့် Myanmar Now သတင်းဌာနမှ ကိုဆွေဝင်း တရားစွဲဆိုခံခဲ့ရသော အမှုဖြစ်စဉ်ကို လေ့လာကြည့်နိုင်ပါသည်။ ၎င်းသည် ဝါတော်ရ ရဟန်းတပါး၏ စကားကို ကိုးကားကာ လူသိများသော အမျိုးသားရေးအစွန်းရောက် ဆရာတော်ဦးဝီရသူ၏ လုပ်ရပ်များမှာ ဗုဒ္ဓတရားတော်လာ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း ရေးသားထားသည့် သတင်းတပုဒ်ကို Facebook တွင် ပြန်လည်မျှဝေပြီး မှတ်ချက်ရေးသားခဲ့သည့်အတွက် ဦးဝီရသူ၏ တပည့်ဖြစ်သူ ကိုကျော်မျိုးဆွေက ၂၀၁၇ ခုနှစ် မတ်လတွင် မန္တလေးတရားရုံး၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။
ရန်ကုန်မြို့တွင် နေထိုင်သော ကိုဆွေဝင်းမှာ အာမခံရသော်လည်း မန္တလေးမြို့သို့ အပတ်စဉ်ရုံးချိန်း သွားတက်ခဲ့ရပြီး တရားခွင်စစ်ဆေးမှုမှာ (၂) နှစ်ကျော် ကြာမြင့်ခဲ့သည်။ ကိုဆွေဝင်းကဲ့သို့ အာမခံရပြီး နှစ်ရှည်လများ တရား ရင်ဆိုင်နေရသည့် ပြည်သူများ ဒုနဲ့ဒေး ရှိနေပါသေးသည်။ ဆိုလိုသည်မှာ မတရားသည့်ပုဒ်မတခုကို အာမခံ ပေးနိုင်ရန် ပြင်ဆင်ပေးလိုက်ရုံဖြင့် ပြဿနာများက မပြေလည်သွားနိုင်ပေ။ ပြဿနာ၏ မူလရင်းမြစ်ဖြစ်သည့် ပုဒ်မ ၈ (စ) ကို ပယ်ဖျက်နိုင်မှ နိုင်လွတ်လုံဥပဒေကို အသုံးပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေမှုများ အဆုံးသတ်နိုင်ပေလိမ့်မည်။
နိုင်လွတ်လုံဥပဒေတွင် နောက်ထပ်အငြင်းပွားစရာတခုမှာ ကြားလူက တရားစွဲဆိုနိုင်ခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သူများကို ကာယကံရှင်၏ သဘောထား/ခွင့်ပြုချက်မပါဘဲ ကြားလူများက တရားဝင်စွဲနေသည့် အမှုများရှိနေပါသည်။ ဒီမိုကရေစီစနစ်တွင် မဝေဖန်ကောင်းသည့် နိုင်ငံခေါင်းဆောင်ဟူ၍ မရှိပေ။ ထို့ကြောင့် ဝေဖန်မှုများကို ဥပဒေဖြင့် အရေးယူ တားမြစ်ခြင်းနှင့် အရေးယူနိုင်ရန် ဥပဒေများရေးဆွဲပြဌာန်းထားခြင်းများ မပြုလုပ်ရန် အရေးကြီးလှပေသည်။
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ခဲ့စဉ်က “သက်ဆိုင်ရာနစ်နာသူက ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူက ဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရ”ဆိုသည့်အချက်ကို ထည့်သွင်းခဲ့သည့်အတွက် နိုင်ငံတော်အကြီးအကဲ များနှင့် သက်ဆိုင်သောအမှုများ မရှိသလောက် လျော့နည်းသွားခဲ့ပါသည်။ လက်ရှိ နိုင်လွတ်လုံဥပဒေ ပြင်ဆင်ချက်တွင်လည်း အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
တချို့က ပုဒ်မ ၈ (စ) ကို ပယ်ဖျက်လိုက်ပါက သာမန်ပြည်သူအချင်းချင်း ဖြစ်ပွားသည့် အသရေဖျက်မှုများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နိုင်မည်နည်းဟု စိုးရိမ်စိတ်ဖြင့် မေးခွန်းထုတ်ကြသည်။ ရာဇသတ်ကြီးဥပဒေ အခန်း ၂၁ အသရေဖျက်မှု ပုဒ်မ ၄၉၉ မှ ၅၀၂ အထိသည် အွန်လိုင်းပေါ်က အသရေဖျက်မှုများကိုပါ အရေးယူနိုင်ပြီး ငွေဒဏ်အပြင် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် အသရေဖျက်မှုကို ရာဇဝတ်မှုမှ တရားမမှုသို့ ပြောင်းလဲခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း ထိုသို့ပြောင်းလဲနိုင်ရန် ကြိုးစားလုပ်ဆောင်ရပေမည်။
မြန်မာနိုင်ငံတွင် အသရေဖျက်မှု ဥပဒေပုဒ်မ ၆ ခုအထိ ရှိနေပြီး အားလုံးမှာ ရာဇဝတ်မှုများသာဖြစ်ကြောင်း Free Expression Myanmar ၏ သုတေသန စာတမ်းတစောင်က ဆိုထားသည်။ အဆိုပါအသရေဖျက်မှု ပုဒ်မများ ထဲတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ သတင်းမီဒီယာဥပဒေ ၂၅ (ခ)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈ (စ) နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၆၊ ၅၉ တို့ပါဝင်သည်။
ထိုအထဲမှ ပုဒ်မ ၅၀၀ ကိုသာ ခေတ်နှင့်လျော်ညီရန် ပြင်ဆင်သင့်ပြီး ကျန်ဥပဒေပုဒ်မ ငါးခုစလုံးကို ဖျက်သိမ်းသင့်သည်။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဒီမိုကရေစီစနစ်ကို အမှန်တကယ်ရှေးရှု ဦးတည်လိုပါက အသရေဖျက်မှု ဥပဒေ (၆) မျိုးစလုံးကို ခြုံငုံသုံးသပ်စဉ်းစားကာ မဟာဗျူဟာကျကျ ပြင်ဆင်နိုင်ရန် ကြိုးစားသင့်ပါသည်။ ထို့ပြင်အဆိုပါဥပဒေ ပြင်ဆင်ပြဌာန်းသည့် လုပ်ငန်းစဉ်များတွင်လည်း ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ပါဝင်စေခြင်း/ တွေ့ဆုံဆွေးနွေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်လှပေသည်။
(မောင်ဆောင်းခသည် “အသံ”အဖွဲ့ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်
ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်