အငြင်းပွားဖွယ်ရာ လမ်းတိုးချဲ့ရေး စီမံကိန်းတခုနှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်မြန်မာ့တပ်မတော် ကြားမှ လက်နက်ကိုင်ပဋိပက္ခက ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သိသိသာသာ မြင့်တက် လာခဲ့သည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သို့ KNLA တပ်မဟာ ၅ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် (မူထရောခရိုင်) မှတဆင့် ဆက်သွယ်ထားသော လမ်းက လမ်းဖောက်သည့်လုပ်ငန်းများ ပြန်လည်စတင်ခဲ့သော ၂၀၁၈ ခုနှစ် အစောပိုင်းမှ စတင်၍ တင်းမာမှုများအတွက် အချက်အချာတခု ဖြစ်ခဲ့သည်။ တပ်မတော်၏ တပ်ဖွဲ့ များ ထပ်မံ အင်အား ဖြည့်တင်းခြင်းကြောင့် အရပ်သား ၂၄၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဇန်နဝါရီလနှောင်းပိုင်းတွင် စီမံကိန်းအတွက် လုံခြုံရေးစစ်ဆင်ရေးများကို ဦးဆောင်နေသည့် တပ်မတော်မှ ဗိုလ်မှူးကြီးတဦး လမ်းမိုင်းကြောင့် သေဆုံးခဲ့ရပြီး KNLA နှင့်တပ်မတော်တပ်ဖွဲ့များအကြား လမ်းဖောက်လုပ်ရေး၏ အခြားနေရာများတွင် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ခန့်မှန်းချက်အရ လွန်ခဲ့သောရက်အနည်းငယ်အတွင်း တိုက်ပွဲများကြောင့် လူ ၂၁၃၇ ဦး (သို့မဟုတ်) အသက် ၅ နှစ်အောက်ကလေး ၄၁၇ ဦး အပါအဝင်မိသားစု ၂၅၃ စု နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လမ်းစီမံကိန်းကို အထောက်အကူပေးရန် တပ်များလှုပ်ရှားမှု အပြင် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက် အတွင်း တပ်မတော်တပ်ဖွဲ့များက အရပ်သားများလှုပ်ရှားမှုနှင့် အသက်မွေးဝမ်းကျောင်းကို အဟန့်အတားပြုရန် အရပ်သားများ အခြေချနေထိုင်သည့် နေရာများကို ရည်ရွယ်၍ လက်နက်ကြီး အသုံးပြုမှု ၁၂၆ ကြိမ် ရှိခဲ့သည် ဟု ဒေသခံအသိုင်းအဝိုင်း အဖွဲ့အစည်းများက ဆိုကြသည်။
ထိုဒေသရှိ ရွာသူရွာသားများအတွက်မှာမူ လမ်းစီမံကိန်းကြောင့် ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း တင်းမာမှုများ မြင့်တက်လာခြင်းသည် KNLA ၏ နိုင်ငံရေးအင်အားစုဖြစ်သော ရင်အမျိုးသားအစည်းအရုံး KNU က ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သော တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) အပေါ် အနည်းငယ်မျှသာ ရှိခဲ့သော ယုံကြည်မှုကို တိုက်စားနေခြင်း ဖြစ်သည်။
အခြေအနေက ၂၀၀၅ ခုနှစ် နှောင်းပိုင်းမှ ၂၀၀၈ ခုနှစ် အတွင်း ကရင်ပြည်နယ်မြောက်ပိုင်းမှ ထိုးစစ်များအတွင်း ပြင်းထန်သောတိုက်ပွဲများနှင့် အရပ်သားများ အစုအပြုလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှုများ ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုထိုးစစ်တွင် တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများမှ မြေလှန်သည့် ချဉ်းကပ်မှု လက္ခဏာများ အားလုံးပါဝင်နေသည်။ ကရင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ အကြီးအကျယ် ပုံဖော်ခဲ့သည့် အဆိုပါရက်စက်သည့် နှိမ်နင်းရေး နည်းစနစ် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့သည့်အချိန်တွင် ပိုမို အရှိန်မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရခိုင်စစ်တပ် (AA) အား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် နေ့စဉ်နီးပါး မြင်တွေ့ခဲ့ရပြီး တိုက်ပွဲများကြောင့် အရပ်သား ၁၀၀၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်ကြရသည်။
တပ်မတော်က ၂၀၀၅ ခုနှစ် နှောင်းပိုင်းတွင် ကရင်ပြည်နယ်၌ အလားတူ လမ်းတိုးချဲ့ရေး ဗျူဟာတခုကို ကြိုးစားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ တိုက်ရိုက်ရောက်သည့် လမ်းကြောင်းကို မြေညှိရန် တပ်ဖွဲ့အရေအတွက် အများအပြားကို ချထားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းသော မုတ်သုန်ရာသီတွင် ထူးထူးခြားခြား ဆက်လက် ဆောင်ရွက်ခဲ့သည့် ၂ နှစ် ကျော် ကာလအတွင်း တပ်မတော်က KNU / KNLA နယ်မြေအတွင်းတွင် ခိုင်မာသည့် အခြေစိုက်စခန်းများ ဆက်တိုက် တည်ဆောက်ရန် ကြိုးစားခဲ့သည်။ စစ်ဆင်ရေးများကြောင့် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၆၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများစုမှာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ အချို့တွင် ခိုလှုံရန် ကြိုးစားခဲ့ကြရသည်။
၂၀၀၅ – ၂၀၀၈ စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နယ်စပ်အခြေစိုက် မီဒီယာတခုက အသေးစိတ် မှတ်တမ်းတင်ထားသည်။ သို့သော်လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရယူနိုင်ခဲ့ခြင်း မရှိပါ။ ထိုသို့ ဖြစ်ရခြင်းကို ရှင်းပြနိုင်မည့် ဖြစ်နိုင်ချေ ၃ ခု ရှိပါသည်။
ပထမဆုံးမှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်သော ကရင်တော်လှန်ရေးနှင့် လူအများအပြားသေဆုံးခြင်းကို ရိုးအီနေသည့် ပျင်းစရာသတင်းများအဖြစ် မြင်ကြခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ယင်းသို့ပင် ကြိမ်ဖန်များစွာ ကြားနေရသည်။ အသားမာတက်နေသော ဥပေက္ခာလည်း ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် အနည်းငယ်သာ နားလည်ထားသည့် မဖြေရှင်းနိုင်သေးသော ပဋိပက္ခများကို အမြင်မသဲမကွဲ ဖြစ်စေခဲ့သည်။
ဒုတိယအချက်မှာ ၂၀၀၇ ခုနှစ်၏ အဓိက သတင်းများဖြစ်သည်။ ရန်ကုန်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သည့် ဆန္ဒပြမှုများက အကြမ်းဖက်ဖြိုခွဲခံရမှုနှင့် အဆုံးသတ်ခဲ့ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ရန် အာဏာရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) အပေါ် နိုင်ငံတကာဖိအားများ အရှိန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
တတိယအချက်မှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဖျက်အားပြင်းသည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး လူပေါင်း ၁၃၀ ၀၀၀ ကျော် သေဆုံးခဲ့ရကာ သဘာဝဘေးအန္တရာယ်အပေါ် ရက်စက်သော တုံ့ပြန်မှုကြောင့် တပ်မတော်အပေါ် ကျန်ရှိနေသေးသော ယုံကြည်စိတ်ချမှုကို ပျက်ပြားစေခဲ့ခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ကရင်ပြည်နယ် မြောက်ပိုင်းမှ ထိုးစစ်က ကြေကွဲစရာ ကောင်းလောက်အောင် မှေးမှိန်သွားခဲ့ရသော်လည်း တပ်မတော်က ထင်ရှားစွာ မပြောင်းမလဲဘဲ ရှိနေသေးခြင်းကို ပိုမိုကျယ်လောင်စွာ ပဲ့တင်ထပ်သင့်ပါသည်။ ထိုးစစ်အပြီး များမကြာမီတွင် စတင်ပြုလုပ်ခဲ့ပြီး ယခင်သမ္မတ ဦး သိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးများအပေါ် နိုင်ငံတကာ၏ အကောင်းမြင်သဘောထားများ အမြင့်ဆုံးတွင် ရှိနေခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အချိန်နှောင်းမှ ထုတ်ပြန်ခဲ့ရသည့် Harvard Law School Human Rights Clinic ၏ စုံစမ်းစစ်ဆေးမှုတခုတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) ကို အဓိကချိုးဖောက်မှုများ တွေ့ရှိခဲ့ရသည်။
ထိုအစီရင်ခံစာက မှတ်တမ်းပြုစုခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများထဲတွင် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ်ပြောင်းရွှေ့စေခြင်း၊ အရပ်သားများအား တိုက်ခိုက်ခြင်းနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်းနှင့် လုယက်ခြင်းများ ပါဝင်သည်။ အများအပြားကို တပ်မတော်၏ အမှတ် ၆၆ ခြေမြန်တပ်မက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ထိုအစီရင်ခံစာကို အနောက်တိုင်းမှ ပုခုံးတွန့်ရင်း လျစ်လျူရှုခဲ့ကြသည်။
၂၀၀၅-၂၀၀၈ ခုနှစ် ထိုးစစ်၏ ကာလတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က အလွန်ရှားပါးစွာ ထုတ်ပြန်ခဲ့သည့် ကျေညာချက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ (အကျဉ်းသားများ) နှင့် အရပ်သားများအားအပေါ် ထပ်တလဲလဲ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဆောင်မှုများက “နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက် အများအပြားကို ချိုးဖောက်” ခဲ့သည်ဟု ပြောကြားခဲ့ပြီး “လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြုအမူနှင့် လုပ်ရပ်များသည် ပြည်သူများကြားတွင် အမြဲတမ်း ကြောက်ရွံ့ နေရသည့် အခြေအနေကို ဖန်တီးပေးခဲ့ကာ ထောင်နှင့်ချီသော ပြည်သူများကို ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ အဆင့်သို့ ရောက်ရှိစေခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ပြေးစေခြင်းများ ဖြစ်စေခဲ့သည်” ဟု သုံးသပ်ခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း ရာနှင့်ချီသည့် ထောင်နှင့်လည်း ချီဖွယ်ရာ ရှိသော ထိခိုက်သေဆုံးမှုများ အလေ့အထတခု ဖြစ်သော ရာဇဝတ်သား ပေါ်တာများ (သေဒဏ်စီရင်ခြင်း သို့ မဟုတ် ထောင်ဒဏ်တသက် ကျခံရခြင်းများ မရှိသေးမီ ရှေ့တန်းစစ်ဆင်ရေးများတွင် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရန် အတင်းအကျပ် စေခိုင်းခံရသည့် ပုံမှန်ရာဇဝတ်မှု အကျဉ်းသားများ) စွဲစွဲမြဲမြဲ အသုံးပြုသည့် အလေ့အထကိုလည်း ICRC က အလေးထား ဖော်ပြခဲ့သည်။
ယခုအခါ လမ်းစီမံကိန်းကြောင့် တပ်မတော်နှင့် KNU ကြား အငြင်းပွားမှုများဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ စီမံကိန်းက အနှောင့်အယှက်ဖြစ်စေလိမ့်မည်မဟုတ်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ထိပ်တန်းအရာရှိများကို ပုံမှန်ကတိများ ပေးခဲ့သည်။ သို့သော်လည်း လက်တွေ့မြေပြင်မှ ပကတိတရားက ဆန့်ကျင်ဖက် ပင်ဖြစ်သည်။ တပ်မတော်နှင့်ပြည်ထောင်စုအစိုးရတို့ ၂ ခုလုံးက ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်မှုကို ဦးစားပေးကြပြီး လမ်းတည်ဆောက်ခြင်းကို တည်ငြိမ်အေးချမ်းမှု ယူဆောင် ရေးအတွက် ယာဉ်တခုအဖြစ် မြင်ကြသည်။
များစွာ မဝေးသည့် ကော့ကရိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့်အတိုင်းဆိုလျှင် “ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်ရဲ့ ဒဏ်တွေကို ကောင်းကောင်း ခံစားခဲ့ရတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကြောင့် တချို့ နေရာတွေမှာ အေးချမ်းသွားတဲ့အခါ အရင်တုန်းက ငြိမ်းချမ်းရေး မရှိခင်တုန်းက အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေး ရပြီးတဲ့ အတွေ့အကြုံ နှစ်မျိုးလုံးကို ကရင်ပြည်နယ်က ပြည်သူပြည်သားတွေ သိကြပါတယ်” ဟူ၍ပင်။
ဤအချက်သည် တပ်မတော်၊ အစိုးရနှင့် နိုင်ငံခြား အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက စုပေါင်းတင်ပြထားသည့် ရယ်စရာ အယူအဆဖြစ်သော “ကရင်ပြည်နယ်သည် ပဋိပက္ခလွန် ပတ်ဝန်းကျင် ဖြစ်သည် ” ဆိုသည်ကို သရုပ်ပြနေသည်။
ကမာ္ဘ့ဘဏ်က မြန်မာအစိုးရအား “Peaceful and Prosperous Communities” ဟု ခေါ်သည့် အမည်က ဝမ်းနည်းစရာ လွဲမှားနေသော စီမံကိန်းတခုအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ (ကျပ် ၂၈၈.၆ ဘီလီယံ) ချေးငွေ ထောက်ပံ့ပေးရန် စီစဉ် နေသည်။ စီစဉ်ထားသောစီမံကိန်းက “ပဋိပက္ခကို ပိုမိုဆိုးဝါးစေလိမ့်မည်” ဟု ကရင် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်နေကြသည်။ ကမာ္ဘ့ဘဏ်က လူ ၁၀၀၀ နှင့် တိုင်ပင်ဆွေးနွေးမှု အကြိမ် ၆၀ ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ၎င်း၏ ရက်ရောမှုက မည်မျှအန္တရာယ်ကြီးကြောင်း နားမလည်နိုင်သေးဘဲ ရှိနေခဲ့သည်။
အနောက်တိုင်းမှ ငြိမ်းချမ်းရေး ပွဲစားတန်းအတွက် “ကြားကာလအစီအစဉ်များ” ဆိုသည့်အပေါ် မေးခွန်းများ ရှိသည်။ နိုင်ငံရေး ပြောင်းလဲမှုအား စောင့်ဆိုင်းနေစဉ် ကျန်းမာရေး၊ ပညာရေး၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးများ ပါဝင်သော ထိုအစီအစဉ်က အလှုရှင်များထံမှ အကူအညီ ရယူခြင်း အပါအဝင် ကျယ်ပြန့်သော ကဏ္ဍများက NCA တွင် ပါဝင်သည်။
လက်ရှိလမ်းက ထိုးဖောက်သွားရန် ရည်ရွယ်ထားသည့် ဧရိယာသည် KNU ၏ “စင်ပြိုင်” အုပ်ချုပ်ရေး အခိုင်မာဆုံး နေရာထဲမှတခုဖြစ်ပြီး ကရင် လူမှုအသိုင်းအဝိုင်းနှင့် KNU က ဆယ်စုနှစ်များစွာ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ထိန်း သိမ်းစောင့်ရှောက်ရေးများနှင့် ပတ်သက်သော အစီအစဉ်များကို ကြိုတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ (မကြာသေးမီက မဟာဗန္ဓုလပန်းခြံရှိ ရန်ကုန်ဓာတ်ပုံပြပွဲတွင် ပြသခဲ့သည့်) သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စတင်ခြင်းက ဤအချက်ကို သက်သေပြနေသည်။ အကျိုးအမြတ် အလျှင်အမြန်ပေါ်ချင်သူ ငြိမ်းချမ်းရေးပွဲစားများက ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားသည့် တည်ငြိမ်အေးချမ်းရေးတွင် တပ်မတော်နှင့် ပူးပေါင်းရန် ခြိမ်းခြောက်နေပြီး ကရင်လူမှုအသိုင်းအဝိုင်းအတွက် အကျိုးကျေးဇူးများကို နောက်ပြန်လှည့်ပစ်လိုကြသည်။
နိုင်ငံခြားမှလာသည့် ငြိမ်းချမ်းရေးလုပ်ငန်း အတွင်းလူများက ကလန်ကဆန်လုပ်သော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ငြိမ်းချမ်းရေးရရှိရေး အဓိက ခက်ခဲစေသော အတားအဆီးအဖြစ် အပြစ်တင်ရခြင်းကို နှစ်သက်ကြသည်။ ဗိုလ်ချုပ်ဘောကျော်ဟဲ၏ ပိုက်နက်ဖြစ်သည့် KNU တပ်မဟာ ၅ နယ်မြေနှင့် ဘေးချင်းကပ် တပ်မဟာ ၃ နယ်မြေတို့သည် NCA အပေါ် သူတို့၏သံသယကြောင့် “အဖျက်အဆီး” များအဖြစ် မြင်ကြသည်။ တိုက်ပွဲများက NCA နိုင်ငံရေး၏ အပြောင်းအလဲမြန်သော သဘာဝကို ဖော်ပြနေသည်။ ပြီးခဲ့သည့် ၁ နှစ် ကျော်ခန့်တွင် KNU ကို ချင့်ချိန်တိုင်းတာတတ်သော ကစားသမားအဖြစ် မြင်ကြသည်။ ယခု အချိန်တွင်မူ သူတို့က သဘောထားတင်းမာသူများအဖြစ် လှောင်ပြောင်ခြင်း ခံနေရသည်။
မကြာသေးမီက သူတို့၏ ဌာနချုပ်ဖြစ်သော လွိုင်တိုင်းလန်း တွင်ပြုလုပ်သည့် အခန်းအနားတွင် သူ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကို NCA အုပ်စု၏ ပေါ်ထွက်လာသော ခေါင်းဆောင်အဖြစ် ဦးညွှတ်ရန် ငြိမ်းချမ်းရေးပွဲစားများ အားလုံးက တန်းစီနေကြသည်။
သို့သော်လည်း ဤအရာအားလုံးအတွက် စစ်မှန်သော အဖျက်အဆီးမှာ အနောက်တိုင်းမှ ရက်ရက်ရောရော ငွေကြေးထောက်ပံ့ပေးထားသည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ကော်မတီ (JMC) ၏ ဖြေရှင်းရန် ပျက်ကွက်မှု ဖြစ်သည်။ JMC ၏ ပျက်ကွက်မှုကို ဖာပွန်မှ လက်ရှိ ပဋိပက္ခထက် ပြတ်သားစွာ ပိုမို ဖော်ပြနိုင်သည့် ကိစ္စမရှိပါ။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏အစီရင်ခံစာ ထွက်ပေါ်လာသည့် အချိန်၌ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန် တပ်မတော်၏ ကတိကဝတ်များအပေါ် သတိရှိသော အကောင်းမြင်မှုကို လတ်တလော ရန်လိုမှုများအတွင်း ကရင်ပြည်နယ် မြောက်ပိုင်းထိုးစစ်များ၏ အကြမ်းဖက်မှုကို အမှတ်ရရေးက အပြစ်တင်ခြင်းတခုလည်း ဖြစ်ပါသည်။ လွတ်ကင်းသက်သာခွင့် နည်းဗျူဟာကို တပ်မတော်က ကောင်းကောင်းသိပါသည်။ ၎င်း၏ အဓိကအချက်များမှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာလတိုပြီး လိုရာရွေးချယ်ထားသည့် မှတ်ဉာဏ်နှင့် သူတို့၏ ဖွံဖြိုးတိုးတက်ရေး အတွက် လောဘတို့ ဖြစ်ကြသည်။
(David Scott Mathieson သည် ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကို ရေးသားနေသော လွတ်လပ်သည့် လေ့လာဆန်းစစ်သူတဦး ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ In ‘Pacified’ Eastern Myanmar, the Military Is Free to Pursue Its Agenda ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးကောင်းဖို့ NLD အမှန်တကယ် ကြိုးပမ်းမှာလား
တနှစ်ကျော်ဆိုင်းငံ့ထားသည့် JMC အစည်းအဝေးကို မတ်လတွင် ပြန်ကျင်းပမည်
ကရင်တွင် လမ်းဖောက်လုပ်ရေးကိစ္စ တပ်မတော်နှင့် KNU တို့ကြား သဘောတူညီမှု မရ