အိန္ဒိယ – မြန်မာဆက်ဆံရေးက စည်ပင်တိုးတက်နေသည်။ နိုင်ငံနှင့် အစိုးရ အကြီးအကဲများမှသည် တပ်မတော် အကြီးအကဲများအထိ ၂ ဘက်လုံးမှ အမြင့်ဆုံး အာဏာပိုင်များ၊ ဝန်ကြီးဌာနများ၏ ခရီးစဉ်များအထိ ပါဝင်နေသည်။ လက်ရှိတွင် မြန်မာသမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသမ္မတ ရမ်နသ်ကိုဗင်၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ သူက ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီနှင့် အခြား အဆင့်မြင့်အရာရှိများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဆက်ဆံရေးများ နက်ရှိုင်းစေမည့် အရေးပါသော သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် တရုတ်နိုင်ငံအပေါ် မှီခိုအားထားရမှုကို လျှော့ချရန် ရည်ရွယ်၍ မြန်မာနိုင်ငံက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယနှင့် ဆက်ဆံမှု ခိုင်မာအားကောင်းစေရန် ကြိုးပမ်းခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားအဆင့်မြင့်အရာရှိများက ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အိန္ဒိယနိုင်ငံသို့အကြိမ်ကြိမ် သွားရောက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံက မြန်မာစစ်အရာရှိများကို လေ့ကျင့်သင်တန်းပေးရုံသာမက ခေတ်မီလက်နက်များလည်း တပ်မတော်ကို ရောင်းချပေးခဲ့သည်။ ဥပမာအားဖြင့် အိန္ဒိယက ၁၉၉၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယသည် အဆင့်မြှင့်ထားသည့် Shyena အပေါ့စား တော်ပီဒိုများကို မြန်မာတပ်မတော် ရေ ထံ ပို့ဆောင်ပေးခဲ့သည်။ မြန်မာနိုင်ငံက လက်နက်များနှင့် ရော့ကတ်လောင်ချာများ၊ မော်တာများ၊ ရေဒါများ၊ ညကြည့် ကိရိယာများကဲ့သို့သော ကာကွယ်ရေး ပစ္စည်းများ၊ တံတားများနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ဘူဒိုဇာများ၊ မြေသယ်ကားများနှင့် လမ်းကြိတ်စက်များ ကဲ့သို့သော လမ်းဖောက်လုပ်ရေး ကိရိယာများ လက်ခံရရှိခဲ့သည်ဟု သိရသည်။ ပစ္စည်းကိရိယာများ လွှဲပြောင်းပေးခြင်းများအပြင် အိန္ဒိယ – မြန်မာ ၂ နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့သည်။
ဒီမိုကရေစီကို မြေတောင်မြှောက်မြှင့်တင်ရေး၊ ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးခြင်းများအစား အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအပေါ် မြန်မာနိုင်ငံ၏ ပျိုးထောင်မှုက တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန်ရည်ရွယ်သည့် ပထဝီနိုင်ငံရေး ဟန်ချက်ညီမျှတစေမှု၏ အစိတ်အပိုင်းတခုဖြစ်နေသည်။
အလားတူပင် အိန္ဒိယနိုင်ငံအတွက်လည်း မြန်မာနိုင်ငံက အိန္ဒိယအစိုးရ၏ အဓိကနိုင်ငံခြားရေး မူဝါဒ ၂ ခုဖြစ်သည့် “ အရှေ့ တွင်လှုပ်ရှားရေး (Act East)” and “အိမ်နီးချင်းက ပထမ (Neighborhood First)” တို့၏ ဆုံချက်တွင် ရှိသော ဗျူဟာမြောက် ပထဝီနိုင်ငံရေးအနေအထားတွင် ရှိနေသည်။
အိန္ဒိယနိုင်ငံက ၎င်း၏ ပထဝီနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော မြန်မာနိုင်ငံမှ တဆင့် အရှေ့တောင်အာရှသို့ ဆက်သွယ်ရေးကို တွန်းအားပေးဆောင်ရွက်နေသည်။ အိန္ဒိယ၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သော တရုတ်က ၎င်း၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ၏ တစိတ်တပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို တွန်းအားပေးနယ်သည်။ ထိုထဲတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရခိုင်ပြည်နယ် ကျောက်ဖြူကို ဆက်သွယ်မည့် ရထားလမ်းလည်း ပါဝင်နေသည်။ ထို့ကြောင့်အိန္ဒိယ အနေဖြင့် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမ ပြီးစီးရေး အလျင်အမြန် လုပ်ဆောင်နေသည်။
ဘင်္ဂလားပင်လယ်အော်မှ တဆင့် အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်ရန် တရုတ်နိုင်ငံက ကြိုးစားနေစဉ် အိန္ဒိယကလည်း အရှေ့ပိုင်းဆိပ်ကမ်း ကူလ်ကတ္တားနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ချင်းပြည်နယ်ရှိ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တို့ကို ဆက်သွယ်ပေးမည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းမှတဆင့် ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိရေးကို ကြိုးပမ်းနေသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် C ၅လုံး ဆက်သွယ်ရေး (connectivity)၊ ကူးသန်းရောင်းဝယ်ရေး (commerce) ၊ စွမ်းရည်မြှင့်တင်ရေး (capacity-building )၊ ယဉ်ကျေးမှု (culture)နှင့် အသိုင်းအဝိုင်း (community) တို့မှ တဆင့် ထိတွေ့ ဆက်ဆံရန် ကတိပြုထားပြီး ဖြစ်သည်။ ထိုကဲ့သို့သော မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်ဆံမှုက ချီးကျူးထိုက်ပါသည်။ ဆက်သွယ်မှုမဏ္ဍိုင်၏ အစိတ်အပိုင်းတရပ်အနေဖြင့် တမူး-မိုးရေး (စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကြား) နှင့် ရိခေါဒါရ်- ဇိုခေါဒါ (ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကြား) တို့တွင် ကုန်းလမ်းမှ နယ်စပ်ဖြတ်ကျော်ရေး စခန်းများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ၂ နိုင်ငံကြားမှ (ယခုအချိန်အထိဆိုလျှင် မြန်မာနိုင်ငံ၏ ဟန်ချက်ညီမျှရေး အားထုတ်မှုနှင့် အိန္ဒိယနိုင်ငံ၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များက လှုံ့ဆော်သော) ဆက်ဆံရေးက ထိုကဲ့သို့ ကျဉ်းမြောင်းသော အကျိုးစီးပွားထက် ကျော်လွန်သင့်ပါသည်။
အမှန်တကယ်တွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား ၎င်း၏ မွေးကင်းစ ဒီမိုကရေစီစနစ်ကို ပြုစုစောင့်ရှောက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ယူဆောင်ပေးရန် ပြည်တွင်းစစ်ကို အဆုံးသတ်ရေးတို့တွင် ကူညီပေးသင့်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေး၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု တို့ကို ထိန်းသိမ်းရန် အဓိကအချက်အချာဖြစ်သည့် ဒေသတွင်း အင်အားကြီးနိုင်ငံ အိန္ဒိယအနေဖြင့် အစိုးရချင်းနှင့် စစ်တပ်ချင်း ထိတွေ့ဆက်ဆံမှု သက်သက်အပြင် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံမှုကို ပိုမိုတိုးမြှင့်သင့်ပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အောက်ဖော်ပြပါ ကဏ္ဍများတွင်ပါ ဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို ခိုင်မာစေသင့်ပါသည်။
ပထမဆုံးမှာ အိန္ဒိယနိုင်ငံက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှ အသစ်တည်ထောင်ထားသော နိုင်ငံရေးပါတီများ (အာဏာရ၊ အတိုက်အခံနှင့် တိုင်းရင်းသားများ) နှင့် ထိတွေ့ဆက်ဆံသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းက တိုင်းပြည်အတွင်းတွင် ဒီမိုကရေစီကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေပါလိမ့်မည်။ ကွန်မြူနစ်အစိုးရ ဖြစ်သည့် တရုတ်ပင်လျှင် သူတို့၏ ခေါင်းဆောင်များကို ဘေဂျင်းသို့ ဖိတ်ကြားခြင်းဖြင့် အချို့သော မြန်မာနိုင်ငံရေးပါတီများနှင့် ဆက်ဆံမှု ပြုလုပ်သည်။
ဒုတိယအချက်အနေဖြင့် အိန္ဒိယနိုင်ငံက ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် အရေးပါသောအခန်းကဏဏ္ဍမှ ပါဝင်နေသည့် မြန်မာနိုင်ငံ၏ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) များနှင့် ထိတွေ့ဆက်ဆံသင့်ပါသည်။ မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ထိတွေ့ဆက်ဆံရေးနှင့်ပတ်သက်လာလျှင် အိန္ဒိယနိုင်ငံက အတော်လေးပင် ကင်းကွာနေသည့် အသွင်ရှိပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် CSO များ၏ အခန်းကဏ္ဍကို အားနည်း မသွားစေသင့်ပါ။ ထို့ကြောင့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ CSO များနှင့် ထိတွေ့ဆက်ဆံရန် လမ်းခင်းသင့်သည်။ ဥပမာအားဖြင့် ဘဏ္ဍာရေး အထောက်အပံ့ ပေးခြင်းမျိုး ဖြစ်သည်။
တတိယ အချက်အနေဖြင့် အိန္ဒိယနိုင်ငံက နိုင်ငံရေး ဗွက်အိုင်တခု ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်တွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များအတွက်သာ အိန္ဒိယနိုင်ငံက အကန့်အသတ်ဖြင့် စိုးရိမ်ခြင်း မဖြစ်သင့်ပါ။ အကယ်၍ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်မှုကို ဆက်လက်ရှောင်ရှားနေခဲ့မည် ဆိုပါက တရုတ်နိုင်ငံက ထိုလုပ်ငန်းစဉ်တွင် ဆက်လက်၍ ဝင်ရောက်စွက်ဖက်မှု ပြုလုပ်လိမ့်မည် ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ ဦးတည်သွားမည် ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေခြင်း သို့မဟုတ် ငွေကြေးအထောက်အပံ့ ပေးခြင်းအားဖြင့်ပါ ဝင်သင့်ပါသည်။
နောက်ဆုံးနှင့် အရေးအကြီးဆုံးမှာ အိန္ဒိယနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီဖွံ့ဖြိုးရေး တံခါးများကို ဖွင့်ရန် သော့ချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ၎င်း၏ ထောက်ပံ့မှုကို အားကောင်းအောင် ပြုလုပ်သင့်ပါသည်။ အနာဂတ်တွင် ခေါင်းဆောင်များနှင့် အပြောင်းအလဲကို ဖော်ဆောင်ပေးမည့်သူများ၊ တိုင်းပြည်၏ ဒီမိုကရေစီကို မောင်းနှင်မည့်သူ မြန်မာလူငယ်ခေါင်းဆောင်များအတွက် ပညာသင်ဆုများ ပိုမို ပေးအပ်သင့်သည်။
ပေါက်ဖွားစ ဒီမိုကရေစီစနစ်တခု အနေဖြင့် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံရန် လိုအပ်ပါသည်။ အိန္ဒိယကဲ့သို့ နိုင်ငံက ဒီမိုကရေစီစနစ် ထူထောင်ပြီး ဖြစ်သောနိုင်ငံဟု ယူဆ၍ ရနိုင်ပြီး ဒီမိုကရေစီ အယူအဆက မြန်မာနိုင်ငံတွင် အသစ်အဆန်း ဖြစ်နေဆဲဖြစ်သည်။
ထိုသို့ အရေးပါသော အဖွဲ့အစည်းများနှင့် စနစ်များ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ပထဝီနိုင်ငံရေး ဆိုင်ရာ အကျိုးစီးပွားများ နောက်သို့လိုက်ခြင်းထက် အိန္ဒိယထံမှ သင်ခန်းစာများကို လက်တွေ့ကျင့်သုံးခြင်းက ပိုမိုလိုအပ်ပါလိမ့်မည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ထိတွေ့ဆက်ဆံမှု၏ ရည်ရွယ်ချက်မှာ နောက်ထပ် ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားများ တိုးမြှင့်ရေးအတွက်သာ ကန့်သတ်မထားသင့်ပါ။ ဒီမိုကရေစီကို မြေတောင်မြှောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည် ထောင်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးများလည်း ပါဝင်နေသင့်ပါသည်။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူတဦး ဖြစ်ပြီး [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Indo-Myanmar Ties Should Go Beyond Geopolitical Interests ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
သမ္မတဦးဝင်းမြင့် အိန္ဒိယ ခရီးစဉ်က တရုတ်ကို တန်ပြန်ခြင်းလား
အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ
မြန်မာသမ္မတရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်ဖက် ဘာတွေ သဘောတူညီခဲ့သလဲ
ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား