ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ် မြန်မာနိုင်ငံဖက်ခြမ်း ရှမ်းပြည်နယ် တောင်ပေါ်ဒေသ လွယ်တိုင်းလျံ သို့မဟုတ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) ဌာနချုုပ်ရှိ သူ၏ နေအိမ်တွင် စာရေးသူတို့နှင့်အတူထိုင်ရင်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် စိတ်လှုပ်ရှားတက်ကြွနေပုံရသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလတွင်းက နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနောက် သူသည် ရွှင်လန်းအားရ ယုံကြည်မှုအပြည့် ဖြစ်လာနေခဲ့သည်။ နေပြည်တော်တွင် သူသည် အစိုးရခေါင်းဆောင်များနှင့်သာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း ကျယ်ပြန့်သော ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးများမှ ထွက်ပေါ်လာသောရလဒ်ကို သူကျေနပ်ကြောင်းမှာ ထင်ရှားလှပြီး မြို့တော် နေပြည်တော်တွင် သူရရှိခဲ့သောကြိုဆိုမှုကို ကျေနပ်နေပုံရသည်။
“တပ်မတော်အကြီးအကဲနဲ့ တဦးချင်းတွေ့ဆုံရတာမျိုး အရင်က တခါမှမရှိခဲ့ဘူး။ ကျနော်တို့ရဲ့ ဆွေးနွေးပွဲအတွင်းမှာ နားလည်မှု လွှဲမှားတာတွေ၊ ကောက်ယူမှု လွဲမှားတာတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ နိုင်ငံကောင်းစားရေးအတွက် လိုအပ်တဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ကျနော်တို့အမြင်တွေဟာ တကယ်တော့ သိပ်ပြီးကွဲလွဲမှု မရှိကြဘူး။ တပ်မတော်အကြီးအကဲက နည်းလမ်းပြောင်းသွားတယ်။ ဒါပေမယ့် အမြင်နဲ့ဆန္ဒတွေ အလားတူဖြစ်နေလို့ ကျနော်တို့အကြားမှာ ကွဲလွဲမှုအသေးအမွှားတွေပဲ ရှိတယ်” ဟု ဒီဂရီမျက်မှန်ဝတ်ထားသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်က အားရပါးရ ပြုံးရွှင်စွာ ပြောသည်။
ထိုသို့သောစိတ်ခံစားမှုသည် လွန်ခဲ့သော အောက်တိုဘာလက အခြေအနေနှင့် ဆန့်ကျင်ဖက်ဖြစ်နေပြီး ထိုစဉ်က နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံအခမ်းအနားကို တက်ရောက်ရန် ဗိုလ်ချုပ်ကြီးရွက်စစ်စီစဉ်ထားသည့် ကုန်းလမ်းခရီးကို တပ်မတော်အရှေ့ပိုင်းတိုင်းက ခွင့်မပြုဘဲ လေကြောင်းမှလာရန် ပြောသောကြောင့် ထိုခရီးစဉ်ကို နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ရသည်။

ထိုအချိန်မှစတင်ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အားထုတ်သည့်အနေဖြင့် တပ်မတော်သည် ရှမ်းခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တော်တွင်တွေ့ဆုံရန် တပ်မတော်အဆင့်မြင့်အရာရှိအများအပြားကို စေလွှတ်ခဲ့ရသည်။
ရလဒ်မှာ ယခုအချိန်အထိ အပြုသဘောဆောင်နေသေးသည်။
လွန်စွာ အပြုသဘောဆောင်သည်ဟု အားလုံးကပြောသော ဇန်နဝါရီလအစောပိုင်းက ကျင်းပသည့် ၎င်းတို့၏ အစည်းအဝေးအတွင်း ဗိုလ်ချုပ်ကြီးရွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် စကားပြန်မှတဆင့် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရခေါင်းဆောင်များနှင့် သူ၏အစည်းအဝေးများသည်လည်း နှစ်ဖက်နားလည်မှုကို ပိုမိုတိုးတက်စေသည်ဟု ဗိုလ်ချုပ်ကြီးရွက်စစ်ပြောသည်။ မှတ်သားစရာကောင်းသည်မှာ ရှမ်းခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများအကြောင်း သိပ်မပြောဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူတို့၏ ဆွေးနွေးပွဲမှ အပြုသဘောဆောင်သော ရလဒ်ကို ပိုမိုပြောဆိုရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးရွက်စစ်သည် မြန်မာစကား အနည်းငယ်သာပြောတတ်သောကြောင့် စကားပြန် လိုအပ်သည်။ သို့သော် သူ့ကို ကာလကြာမြင့်စွာသိရှိနေသည့် လေ့လာသူများက ဗိုလ်ချုပ်ကြီးရွက်စစ်သည် ယခုတလော သူ အလေးထားလိုသောအချက်ကို ပြောဆိုလိုသောအခါ မြန်မာစကားများကို မကြာခဏ ရောနှောသုံးတတ်သည့် အလေ့အထ ဖြစ်လာကြောင်း ပြောကြသည်။ စာရေးသူတို့ တွေ့ဆုံမေးမြန်းစဉ်ကလည်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် ထိုသို့အကြိမ်ကြိမ်ပြောဆိုသည်မှာလည်း အမှန်ပင်ဖြစ်သည်။
သူတို့တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူသည် ဖက်ဒရယ်ပြည်ထောင်စုအယူအဆကို လက်ခံယုံကြည်ကြောင်းပြောပြီး ဆွဲဆောင်မှုထိုးစစ်ကို သံတမန်နည်းအရ ဆင်နွဲခဲ့ပုံရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း သို့သော် တဖြည်းဖြည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှမ်းခေါင်းဆောင်များကို ပြောပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ကို အံ့အားသင့်စေခဲ့သည်။ (တပ်မတော်က ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များသည် အာဏာရပါတီက အဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို ဆက်လက် ဆန့်ကျင်နေကြဆဲ ဖြစ်သည်။) ရှမ်းခေါင်းဆောင်များကို အံ့အားသင့်စေသော အခြားအချက်တခုမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်စေရန် ဗိုလ်ချုပ်ကြီးရွက်စစ်အနေဖြင့် အကူအညီပေးရန် မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စကားများကြောင့် အံ့သြကြောင်း ဗိုလ်ချုပ်ကြီးရွက်စစ်ပြောသည်။
“အရင်တုန်းက ဒီလိုမျိုး တခါမှ မဆွေးနွေးဖူးဘူး။ သူ့စကားကို နားထောင်ရင်း ကျနော်အံ့သြနေတယ်။ ဒါကြောင့် သူ့ရဲ့ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ကျနော် ပိုမိုနားလည်လာတယ်။ တပ်မတော်အကြီးအကဲက မိန့်ခွန်းတွေမှာ သူပြောရင်တမျိုး (ခပ်ပြတ်ပြတ်) ပြောပြီး ကျနော်တို့စကားဝိုင်းမှာ ပြောပုံကတမျိုး ဖြစ်နေတယ်။ ဒီတော့အခြေအနေကို ကျနော် နှစ်မျိုး မြင်လာတယ်။ ကျနော်တို့နဲ့ ဆွေးနွေးပွဲမှာပြောတဲ့ပုံစံနဲ့ မိန့်ခွန်းတွေမှာ ကျနော်မြင်တဲ့ပုံစံပေါ့။ သူ့ရဲ့လုပ်ဆောင်မှုတွေကို စောင့်ကြည့်ရမှာပဲ” ဟု မကြာသေးမီက လွယ်တိုင်းလျံ ဌာနချုပ်တွင် အအေးပိုသည့် နေ့တနေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် စာရေးသူတို့ကို ပြောသည်။
နေပြည်တော်ဆွေးနွေးပွဲမှ စတင်ပြီး မြန်မာခေါင်းဆောင်များသည် အပြုသဘောဆောင်သောလုပ်ရပ်များကို ဆက်လက်အရှိန်အဟုန်ထိန်းပြီး လုပ်ဆောင်နေသည်။
ဖေဖေါ်ဝါရီလအစောပိုင်းက ရှမ်းအမျိုးသားနေ့ကို လွယ်တိုင်းလျံတွင် RCSS က ကျင်းပသောအခါ မြန်မာအစိုးရနှင့် တပ်မတော်နှစ်ဖက်စလုံးက ဗိုလ်ချုပ်ကြီးရွက်စစ်၏ဖိတ်ကြားချက်ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို တက်ရောက်ရန် အဆင့်မြင့်ခေါင်းဆောင်များကို စေလွှတ်ခဲ့ကြသည်။
ပြည်ထောင်စု ရှေ့နေချုပ်ဦးထွန်းထွန်းဦးနှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းတို့သည် RCSS ဌာနချုပ်သို့ သွားရောက်ခဲ့သောအဖွဲ့ဝင် ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ကြသည်။
ထူးခြားသည့်အချက်မှာ နေပြည်တော်မှ အဆင့်အမြင့်ဆုံးအရာရှိများ RCSS ဌာနချုပ်တွင် ပထမဆုံးအကြိမ် ခြေချခဲ့ခြင်းဖြစ်သည်။ အပြုံးများနှင့် ခိုင်မာသော လက်ဆွဲနှုတ်ဆက်မှုများကို ဖလှယ်ကာ ဝီစကီခွက်များကို အကြိမ်ကြိမ်တိုက်ကြသည်။ အနည်းဆုံး ထိုညနေခင်းအတွက် ငြိမ်းချမ်းရေးကတိကို ဆုပ်ကိုင်ထားပြီး ထိုကာလအတွင်း ပစ်ခတ်တာတွေ မလုပ်ခြင်းအား သေချာစေခဲ့သည်။

ပင်မအခမ်းအနားမကျင်းပမီ ညစာစားပွဲအတွင်း ဗိုလ်ချုပ်ကြီးရွက်စစ်သည် တက်ရောက်လာသော အဖွဲ့အစည်းအားလုံး ပါဝင်သည့်အခြေအနေကို ဖန်တီးပေးသည်။
အိမ်ရှင်အနေဖြင့် သူသည် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအားလုံးကို စင်မြင့်သို့ဖိတ်ကြားပြီး သီချင်းများသီဆိုကခုန်စေခဲ့သည်။ အစိုးရကိုယ်စားလှယ်များနှင့် တပ်မတော်အရာရှိကြီးများ၊ အခြားအရာရှိများမှာ အနည်းငယ် ရှိုးတန်းရှန်းတန်း ဖြစ်နေကြသော်လည်း အနည်းဆုံးတော့ ပြုံးရွှင်နေကြသည်။
တင်းမာမှုကို လျှော့ချရန် အရေးပါသောအခွင့်အလမ်းဖြစ်ခဲ့သည် ဆိုပါစို့။
“အတူတူသောက်ရတာ တဖက်နဲ့တဖက် ပစ်ခတ်နေရတာထက်တော့ ပိုကောင်းတာပေါ့”ဟု ဝီစကီများ ထပ်မံရောက်ရှိလာသောအခါ ရှမ်းဗိုလ်မှူးကြီးတဦးကပြောပြီး ငြိမ်းချမ်းရေးမှာ အနည်းဆုံး ထိုကာလအတွင်း ပိုမိုနီးကပ်လာပုံရသည်။
“ဒါပေမယ့် ကျနော်တို့ မဆွေးနွေးတာကောင်းတယ်။ ဆွေးနွေးပွဲ စလိုက်တာနဲ့ စတင်အငြင်းပွားပြီး တိုက်ခိုက်မှုတွေ ဖြစ်လာတာပဲ” ဟု ရှေ့တန်းတိုက်ခိုက်ရေးတွင် ကျော်ကြားသော ရှမ်းတပ်မှူးတဦးကပြောသည်။ သူ၏သုံးသပ်ချက်သည် စာရေးသူအမြင်တွင် ဆီလျော်လုံလောက်ပါသည်။ ဝီစကီများကို ထပ်မံ မှာယူလိုက်ကြပြန်သည်။
ပြည်ပမှ ငြိမ်းချမ်းရေးအတိုင်ပင်ခံ နိုင်ငံခြားသားတဦးသည် စာရေးသူတို့အနီးမှ ဖြတ်လျှောက်သွားရင်း ပြုံးပြသွားသည်။ ရှမ်းတပ်မှူးက စာရေးသူကို အပေါ်ယံဆဲပြီး ပြောသည့်အချက်ကို သူမကြားနိုင်သော်လည်း ထိုသို့ စုစုဝေးဝေး တွေ့မြင်ရခြင်းသည်ပင် အတုအယောင်ပင် ဖြစ်နေဦးတော့ မျှော်လင့်ချက်တစုံတရာကို ပေးသည်။ မှားယွင်းသောမျှော်လင့်ချက်နှင့် ပြဇာတ်ဆန်ကောင်းဆန်နေနိုင်သော်လည်း မျှော်လင့်ချက်ပင် ဖြစ်သည်။
တိုင်းရင်းသားခေါင်းဆောင်အများအပြားက ယခင်သမ္မတ ဦးသိန်းစိန်လက်အောက်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြောင်းကို အမှတ်တရ ပြန်ပြောခဲ့ကြသည်။ ထိုဆွေးနွေးပွဲများတွင် ဝီစကီနှင့် အခြားအရက်များကို စိတ်ကြိုက်သောက်ကြပြီး နောက်ပြောင် ရယ်မောခဲ့ကြသည်။

နေပြည်တော်တွင်ဖြစ်စေ၊ ရန်ကုန်တွင်ဖြစ်စေ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဌာနချုပ်များတွင် ကျင်းပသော ထိုဆွေးနွေးပွဲများ သည် ဘက်အသီးသီးမှ တင်းမာမှုများကို လျှော့ချပေးသည်ဟု သူတို့က ပြောကြသည်။ (ထိုကဲ့သို့သော ဆွေးနွေးပွဲများ ကျင်းပတိုင်း ဈေးကြီးသောဝီစကီများသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး အလှူရှင်များကို ထိုကုန်ကျစရိတ်ကိုပေးရန် လက်မတွန့်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြသည်။)
ယခင်က သမ္မတရုံးဝန်ကြီးနှင့် ပိုမိုအရေးပါသောရာထူးဖြစ်သည့် မြန်မာငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌအဖြစ် တာဝန်ယူခဲ့သော ဦးအောင်မင်းကို သတိရကြောင်း သူတို့ပြောသည်။ အဓိကငြိမ်းချမ်းရေးညှိနှိုင်းသူအဖြစ် သတ်မှတ်ခံခဲ့ရသော ဦးအောင်မင်းသည် ညနက်အောင် အရက်သောက်တတ်သည့် တိုင်းရင်းသားခေါင်းဆောင် အများအပြားနှင့် အဆင်ပြေသူဖြစ်သည်။ ထိုခေါင်းဆောင်အများအပြားသည် “ကြွက်တွင်းများ”ဟု ဂုဏ်သတင်းကြီးပြီး အရက်ကို များများနှင့် မြန်မြန်သောက်နိုင်သူများ ဖြစ်သည်။
သို့သော် ထိုသို့သောယဉ်ကျေးမှုသည် လက်ရှိအစိုးရအောက်တွင် တိမ်ကောပျောက်ကွယ်သွားသည်။ မြေပြင်တွင် တိုက်ခိုက်မှုများ ပြင်းထန်လာသည်။ အသက်များဆုံးရှုံးကြပြီး ငြိမ်းချမ်းရေးသည် အလှမ်းကွာလာပုံရသည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျောက်သားသဖွယ် မာကြောသောမျက်နှာများ၊ ဆန့်ကျင်သောစကားများ၊ တင်းမာမှုများနှင့် စိတ်ဖိစီးမှုများဖြင့် သရုပ်ဖေါ်လာကြသည်။ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိကဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၏ အဓိကရာထူးတခုတွင် ခန့်အပ်ခဲ့သည်။
NRPC ၏ ဒုတိယဥက္ကဌဖြစ်သော ဒေါက်တာတင်မျိုးဝင်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခပြဿနာ၊ တိုင်းရင်းသားနိုင်ငံရေးတို့နှင့် အကျွမ်းတဝင်ရှိပုံမရပေ။ သူ့ကို ထိုရာထူးတွင် ခန့်အပ်ခဲ့သောကြောင့် တိုင်းရင်းသားခေါင်းဆောင် အများအပြား စိတ်ပျက်ကြခဲ့သည်။
ထို့ကြောင့် ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ပျော်ရွှင်မှုများနှင့် ဝီစကိကို ၎င်းတို့တမ်းတသည်ကို အံ့သြစရာမဟုတ်တော့ပေ။ လက်တွေ့တွင် ၎င်းတို့ပြောသည်ကို နားထောင်ရသည်မှာ ငြိမ်းချမ်းရေးနှင့် ဝီစကီကို ခွဲခြားထားရန် မဖြစ်နိုင်သည့်သဘော။

လွယ်တိုင်းလျံတွင် မိမိတို့ စုံဆည်းသည့်ညတွင် ထိုင်းနိုင်ငံမှ ဝီစကီနှင့် ဘီယာများကို အလုံအလောက်တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီးရွက်စစ် ကိုယ်တိုင်ထုတ်လုပ်သည့် ချက်အရက်အပါအဝင် အခြားချက်အရက်များကို ထည့်ပြောရန်ပင် မလိုတော့ဘဲ လူတိုင်းနီးပါးမူးကြသည်။
အချို့တိုင်းရင်းသားခေါင်းဆောင်များက ဖန်ခွက်မြှောက်လိုက်ပြီး မြန်မာ့တပ်မတော်၏ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးမူဝါဒအကြောင်း ဆက်လက် နားမထောင်ချင်တော့ကြောင်း ပြောကြသည်။ ထိုမူဝါဒများက တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး လက်နက်ဖြုတ်ချစေလိုသည်။
“အဲဒီအချက် ၆ ချက်အကြောင်း သူတို့ စပြောတာနဲ့ ကျနော်တို့လုပ်နေတာတွေ ဘယ်မှခရီးမရောက်ဘူးလို့ ခံစားရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်း အများစုက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးဆိုတာ ရှင်းနေတာပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တဦး ပြောသည်။
“သူတို့က DDR ပဲ ဆက်ပြောနေရင်တော့ ကျနော်တို့ ရှေ့ခရီးဆက်နိုင်မှာ မဟုတ်ဘူး” ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ ကိုယ်စားလှယ်တဦးက ပြောသည်။ DDR နှင့် SSR ဆိုသည်မှာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ဆိုလိုခြင်းဖြစ်သည်။
သူ အရက်ကို စုတ်သောက်လိုက်ပြီးနောက်”ကျနော်တို့ရဲ့ နိုင်ငံရေးနယ်ပယ် ပိုမိုကျယ်ပြန့်လာလေလေ၊ လက်နက်ကိုင်ပဋိပက္ခ နည်းလေလေပဲ” ဟု သူပြောသည်။ သို့သော် အခုဖြစ်နေတာက လုံးဝဆန့်ကျင်ဖက်ပဲဟုလည်း သူဆိုသည်။
“လက်နက်ကိုင်ပဋိပက္ခ နိဂုံးချုပ်စေချင်ရင် နိုင်ငံရေးနယ်ပယ်ကို ပိုမိုဖန်တီးချဲ့ထွင်ပေးရမယ်။ ဒီလိုမှမဟုတ်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု သူပြောသည်။
ညနက်လာပြီး စင်မြင့်ပေါ်သို့ လေအေးများ တိုက်ခိုက်နေချိန်တွင် ဝီစကီများ ဆက်လက်ရောက်ရှိနေဆဲဖြစ်သည်။
ကရင်နီတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဘီးထူးက တပ်မတော်ဗိုလ်ချုပ်တဦးကို (တပ်မတော်မှ တက်ရောက်သူအားလုံးသည် ဗိုလ်ချုပ်များသာ ဖြစ်သည်) ခပ်ပြတ်ပြတ်ပြောလိုက်သည်။ “အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျနော်တို့ကိုမပြောခင် NCA လက်မှတ်ရေးထိုးထားတဲ့သူတွေ ဘာဖြစ်နေလဲဆိုတာကို အရင်ကြည့်လိုက်ပါ” ဟု သူပြောသဖြင့် NCA သည် ဖရိုဖရဲဖြစ်နေသည့်သဘောမျိုး သူကပြောသည်။
သူပြောနေသည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းမှာ ခပ်အေးအေးပင်နေပြီး သူ၏မျက်နှာမှ အပြုံးမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။ (ထိုသို့တည်ငြိမ်သော စိတ်ထားကြောင့် သူ့ကို SSA-S ဌာနချုပ်သို့ စေလွှတ်ခြင်းဖြစ်နိုင်သည်။ ကရင်နီတပ်မှူးများသည် သံခင်းတမန်ခင်းမရှိသောကြောင့် ယခုကဲ့သို့သော အခမ်းအနားများတွင် ရယ်မောစရာများ မကြာခဏ ကြုံရတတ်သည်။) ယခင်က အခမ်းအနားတခုတွင် ကရင်နီတပ်မှူးတဦးက သူနှင့် သူ့ရဲဘော်များသည် ကယားပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်သည့် အဓိကဓါတ်အားလိုင်းတခုကို မည်သို့ဖေါက်ခွဲပစ်ခဲ့သည်နှင့်ပတ်သက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ မြန်မာဗိုလ်ချုပ်တဦးကို ပြောသည်။ ထိုသို့ စကားဝိုင်းတွင် ပြောဆိုခြင်းကြောင့် ရယ်မောစရာဖြစ်ရသကဲ့သို့ စိတ်ကသိကအောက်ဖြစ်စရာလည်း ဖြစ်ရသည်။ သို့သော် ထိုသို့သောပြောဆိုမှုများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ သဘောသဘာ၀ ဖြစ်ပြီး ကာလရှည်ကြာပြီဖြစ်သော မြန်မာပြည်တွင်းစစ်ကြောင့် လူများစွာ သေဆုံးဒဏ်ရာရရှိပြီးလည်း ဖြစ်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ထိန်းချုပ်ထားသည့် ကရင်နီတပ်မတော်သည် လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားခြင်း မရှိသကဲ့သို့ နှစ်ဖက်အတွေးအခေါ်အားဖြင့်လည်း အပြင်းအထန်ကွဲလွဲခြင်း မရှိသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ ကရင်နီခေါင်းဆောင်အများအပြားသည် ထိုင်းနိုင်ငံဖက်နယ်စပ် မဲဟောင်ဆောင်ပြည်နယ်တွင် နေထိုင်ကြသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး ပင်မနိုင်ငံရေး လက်တွေ့အရှိတရားနှင့် ကင်းကွာပုံရသည်။

KNPP မှ အရပ်သားခေါင်းဆောင်များသည် ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခြင်းမရှိဘဲ လွယ်တိုင်းလျံသည် အေးလွန်းသည်ဟူသည့် ခိုင်လုံမှုမရှိသောဆင်ခြေကို ပေးသည်။
အကြောင်းရင်းမှန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တွေ့ဆုံတိုင်း မြန်မာစစ်ဖက်ခေါင်းဆောင်များက ၎င်းတို့အပေါ် လေးစားမှုမရှိဟု ခံစားရသောကြောင့် ယခုအခမ်းအနားကို ရှောင်နေကြခြင်းပင်ဖြစ်တော့သည်။
“သူတို့က ကျနော်တို့အမည်တွေ၊ သတ်မှတ်ချက်တွေ၊ ရာထူးတွေကို မလေးမစားလုပ်တယ်။ အပြန်အလှန်လေးစားမှုဆိုတာ ရှိသင့်တယ်” ဟု KNPP ခေါင်းဆောင်ပိုင်းက ပြောဖူးသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်ပါဝင်သည့် မြန်မာဗိုလ်ချုပ်များသည် အထက်စီးဆန်ပြီး မလေးမစားလုပ်တတ်သည်ဟူသည့်အမြင်သည် တိုင်းရင်းသားခေါင်းဆောင်အများအပြားထံတွင် ရှိနေသည်။ ”ကျနော်က ဗိုလ်ချုပ်ဆိုရင် ကျနော့်ကို ရာထူးနဲ့အမည် စနစ်တကျတွဲခေါ် ပြောဆို ဆက်ဆံသင့်တယ်။ လေးစားမှုပြသပြီး ဆွေးနွေးရင်ပိုကောင်းတာပေါ့” ဟု ရှမ်းတပ်မှူးတဦးက ပြောသည်။
ညနက်လာသောအခါ တောင်ပေါ်တွင် အပူချိန်သည် အကြီးအကျယ် ကျဆင်းသွားသည်။ ထိုစုဝေးပွဲနှင့် ၇၃ ကြိမ်မြောက် ရှမ်းပြည်နယ်အမျိုးသားနေ့အခမ်းအနားကို စောင့်ကြပ်နေသည့် ရှမ်းစစ်သားများကြောင့် ပွဲတော်မှာ ဘေးအန္တရာယ်ကင်းရှင်းနေသော်လည်း ယခုကဲ့သို့ အေးချမ်းလွန်းသောညအပေါ် ရစ်ဝဲနေသည့် မယုံကြည်မှုများအား မခံစားမိဘဲနေရန် မဖြစ်နိုင်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဆွေးနွေးမှုများ အားလုံး၏ နောက်ကွယ်တွင် သတိထားနေကြပြီး ရယ်မောနေခြင်းသာ ဖြစ်သည်။
နောက်တနေ့သို့ ရောက်သောအခါ ယမန်နေ့ညက ညနက်အောင် သောက်ထားသောကြောင့် အရက်နာကျ သက်သာအောင်လုပ်ရင်း အားလုံးတို့သည် နံနက် ၆ နာရီတွင် စတင်သည့်အခမ်းအနားသို့ ပုံစံတကျ ဝတ်စားဆင်ယင် တက်ရောက်ကြသည်။
ဗိုလ်ချုပ်ကြီးရွက်စစ်၏ မိန့်ခွန်းသည် အထူးသတိထားပြီး နွေးထွေးကြောင်း ပြသည်။ လက်ရှိ သူတို့ချုပ်ကိုင်ထားသည့် အာဏာကို ဆုံးရှုံးမည်ကို စိုးရိမ်ပြီး ဆွေးနွေးပွဲများတွင် ပါဝင်နေသော်လည်း ယုံကြည်မှု မရှိသလောက် ဖြစ်နေကြောင်း ပြောသော်လည်း ယုံကြည်မှုတည်ဆောက်ရာတွင်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပါဝင်ရာတွင် စိတ်ရှည်ရန်သူက တိုက်တွန်းသည်။
သမ္မတဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံမှ ပေးပို့သောသဝဏ်လွှာများတွင်လည်း ထိုသို့သောသတင်းစကားများ ပါဝင်သည်။ ၎င်းတို့၏သဝဏ်လွှာများကို အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များက အခမ်းအနားတွင် ဖတ်ကြားကြသည်။ ရှမ်းရွာသားများ ထောင်နှင့်ချီပါဝင်သည့်ပရိသတ်များထံသို့ ဖက်ဒရယ်ပြည်ထောင်စုဟူသော စကားလုံးသည် အကြိမ်များစွာ ပါဝင်သော်လည်း အများအပြားမှာ မြန်မာစကားဖြင့် ပြောသောမိန့်ခွန်းများကို နားလည်ပုံမရပေ။ သို့သော် ၎င်းတို့သည် စင်မြင့်ပေါ်တွင် ရှမ်းခေါင်းဆောင်များနှင့် အခြားဂုဏ်သရေရှိဧည့်သည်များကို တွေ့ရသောကြောင့် စူးစမ်းလိုနေကြသည်။ ညနေခင်းတွင် နောက်ထပ် ရှမ်းရိုးရာအကများနှင့် မီးရှူးမီးပန်းများပစ်ဖေါက်သည်ကို သူတို့ ပိုမိုမျှော်လင့်နေကြောင်းကို သံသယဖြစ်ရန် မလိုပေ။
မိန့်ခွန်းများတွင် အချက် ၆ ချက်ပါသော ငြိမ်းချမ်းရေးမူဝါဒ သို့မဟုတ် လက်နက်ချပြီး တပ်ဖျက်ရန်ကို ဖေါ်ပြထားခြင်းမရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက်ကို ဘေးတွင်ချထားပြီး ငြိမ်းချမ်းရေးလုပ်ရန် တိုက်တွန်းသည်။
အခမ်းအနားတွင် အချို့တက်ရောက်သူများသည် သမ်းဝေနေကြပြီး အချို့မှာမူ ဓါတ်ပုံရိုက်ခြင်းဖြင့် အလုပ်ရှုပ်နေသလို အချိုက နေရောင်ရှိရာဖက်သို့ ရွှေ့ပြီး အချမ်းသက်သာအောင် လုပ်နေကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ယခုနှစ် စစ်ရေးချီတက်ရာတွင် ရှမ်းစစ်သားများသည် ၎င်းတို့၏လက်နက်များ၊ လက်နက်ကြီးများကိုမပြဘဲ ချီတက်မှုစည်းကမ်းနှင့် သိုင်းပညာကိုသာ သရုပ်ပြခြင်းဖြစ်သည်။ ထိုသို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခြင်းမှာ နေပြည်တော်မှ ဂုဏ်သရေရှိ ဧည့်သည်တော်များကို လေးစားကြောင်းပြသရန်ဖြစ်ကြောင်း လေ့လာသူများက ကောက်ချက်ချသည်။
လွယ်တိုင်းလျံသို့ တပ်မတော်မှအဆင့်မြင့်အရာရှိတယောက် စေလွှတ်ခြင်းသည် ထူးခြားပြီး ရှမ်းနိုင်ငံရေးတွင် စစ်မှန်သောစိတ်ဝင်စားမှုနှင့် တုံ့ဆိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဗိုလ်ချုပ်ကြီးရွက်စစ်ကို ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်စေလိုသည့်ဆန္ဒတို့ကို ပြသနေကြောင်း အချို့လေ့လာသူများပြောသည်။
လွန်ခဲ့သော ၈ နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထူးခြားသောအခန်းမှ ပါဝင်ခဲ့သော ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထံမှ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ရယူတော့မည်ဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
အဘယ့်ကြောင့်ဆိုသော် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းအကြား ဆက်ဆံရေးမှာ မကြာသေးမီက ထိခိုက်ပျက်စီးလွယ်လာပြီး ပြင်းထန်သောတိုက်ပွဲ အချိန်မရွေးဖြစ်နိုင်သည်။

ကရင်နှင့် မြန်မာတပ်များအကြား တင်းမာမှုများသည် လွန်ခဲ့သောနှစ်က စတင်မြင့်မားလာသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၏ တပ်မဟာ ၅ ထိန်းချုပ်သော ဒေသများတွင် မကြာသေးမီက ဖြစ်ပွားသောတိုက်ပွဲများသည် NCA ထိခိုက်ပျက်စီးလွယ်မှုကို ပြသနေသည်။
ထိုဒေသတွင် ပြင်းထန်သောတိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင့် မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်တဦးကလည်း စာရေးသူကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က ပြောကြားခဲ့သည်။
“ခင်ဗျားတို့ ကျနော်တို့နဲ့ တိုက်ချင်သလားလို့ ကျနော်တို့က သူတို့ (KNU) ကို မေးခဲ့တယ်။ တိုက်ချင်ရင်တော့ နေရာသတ်မှတ်လို့ ပြောထားတယ်” ဟု ထိုဗိုလ်ချုပ်က ပြောသည်။ တပ်မတော်သည် တိုက်ပွဲများကို တပ်မဟာ ၅ နယ်မြေအတွင်းတွင်မှာသာ ကန့်သတ်ဖြစ်ပွားစေချင်သည်။ ထိုဒေသကို ကရင်ထိပ်တန်းခေါင်းဆောင်များက ထိန်းချုပ်မှု အနည်းငယ်သာရှိသည်ဟု ယုံကြည်ရသည်။
ကရင်ခေါင်းဆောင်များသည် အုပ်စု ၂ စုကွဲနေသည်။ အသက် ၈၀ များနှောင်းပိုင်း ရောက်နေပြီဖြစ်သော စောမူထူးဆေးဖေါသည် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး KNU ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူနေသည်။ သူ၏အုပ်စုသည် အပစ်အခတ်ရပ်စဲရေးကို လိုလားပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရေးကောင်းမွန်နေသေးသည်။ အခြားအုပ်စုတခုမှာမူ တိုက်ပွဲပြန်စလိုသော အမာခံကရင်တပ်မှူးများနှင့် မဟာမိတ်ဖွဲ့ထားသည်။ ထိုပဋိပက္ခကို စောင့်ကြည့်နေသော မြန်မာစစ်ဖက်ခေါင်းဆောင်များသည် စောမူတူဆေးဖေါအုပ်စု အာဏာဆုံးရှုံးပြီး ဖယ်ရှားပစ်ခံရမည့် အလားအလာကြောင့် စိုးရိမ်မကင်း ဖြစ်နေကြသည်။
KNLA တပ်မဟာ ၅ နယ်မြေတွင် သြဇာကြီးမားသောခေါင်းဆောင်မှာ ဗိုလ်ချုပ် ဘောကျော်ဟဲ ဖြစ်ပြီး သူသည် သဘောထားတင်းမာသော တပ်မှူးကောင်းတယောက်ဖြစ်သည်ဟု ကျော်ကြားသည်။ တပ်မဟာ ၅ နယ်မြေအတွင်းတွင် တပ်မတော်က လမ်းတခုဖေါက်လုပ်သောအခါ ပြဿနာစတင်ပေါ်ပေါက်ပြီး ပြင်းထန်သောဆန့်ကျင်မှုကို ခံရသည်။ ထိုလမ်းသည် ငြိမ်းချမ်းရေးကို ဆောင်ယူလာမည်မဟုတ်ဘဲ ထိုနေရာတွင် စခန်းချထားသည့် မြန်မာ့တပ်မတော်အတွက် လက်နက်နှင့် ရိက္ခာယူဆောင်ပေးမည့် လမ်းဖြစ်သည်ဟု ဒေသခံများပြောသည်။ ထိုစီမံကိန်းကို ရပ်တန့်ရန် ၎င်းတို့က တောင်းဆိုကြပြီး တပ်မတော်က ငြင်းဆန်နေသည်။
နှစ်ဖက်အကြား တိုက်ပွဲငယ်များ ပုံမှန်ဖြစ်နေပြီး ဇန်နဝါရီလနှောင်းပိုင်းက KNU တပ်မဟာ ၅ ထိန်းချုပ်သော နယ်မြေအတွင်း တပ်မတော်အရာရှိတဦး မြေမြှုပ်မိုင်းထိပြီးနောက် အခြေအနေ သိသိသာသာဆိုးရွားလာသည်။
ထိုနေရာတွင် တပ်မတော်က မောင်းသူမဲ့လေယာဉ် အသုံးပြုနေခြင်းကို ကရင်ခေါင်းဆောင်များက ကန့်ကွက်ကြသည်။ တပ်ဖြန့်ချခြင်း၊ ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အင်အားဖြည့်တင်းခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ အခြားပုံစံအကြမ်းဖက်မှုများနှင့် အပစ်အခပ်ရပ်စဲနယ်မြေတွင် ရုပ်ဝတ္တုများထိခိုက်ခြင်းတို့ကို NCA စာချုပ်အရ တပ်များဖြန့်ထားခြင်း တားမြစ်ထားသည်။
သို့သော် တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများကပါ ထိုပြဋ္ဌာန်းချက်များကို လိုက်နာခြင်း မရှိကြပေ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ၂ ဖက်စလုံးတို့သည် နယ်မြေများတိုးချဲ့၊ တပ်များကို ဖြန့်ချပြီး တိုင်းရင်းသားကျေးရွာများတွင် လူသစ်စုဆောင်းကြသည်။
တပ်မဟာ ၅ မှ ကရင်ခေါင်းဆောင်များသည် နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများကို လက်နက်ရောင်းချပေးနေသည့် အင်အားကြီးမားလှသည့် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) နှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ထားသည်ဟု မြန်မာစစ်ခေါင်းဆောင်များက သံသယဝင်ကြသည်။
တပ်မဟာ ၅ မှနယ်မြေအတွင်း ရွှေတူးဖေါ်ခြင်း မိုင်းတွင်းလုပ်ငန်းများသည် အကျိုးအမြတ်များသော လုပ်ငန်းဖြစ်ပြီး လက်နက်ဝယ်ရန် ငွေအလျှံပါယ်ရှိနေသည်။ သဘောထားတင်းမာသော ကရင်တပ်မှူးများသည် ပဋိပက္ခ ပြန်လည်စတင်ရမည်ကို မတွန့်ဆုတ်ကြပေ။
တပ်မတော် ခေါင်းဆောင်များသည် ပဋိပက္ခပြန်လည်စတင်လာမည်ကို ခံစားမိသောကြောင့် KNU ၏အတွင်းပဋိပက္ခကို ဖြေရှင်းနေချိန်တွင် ကရင်နှင့်ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ရန် လိုအပ်သည်ဟု ယူဆကြသည်။ မြန်မာနိုင်ငံအနောက်ဖက်နယ်စပ် ရခိုုင်ပြည်နယ် ပဋိပက္ခဒေသတွင် ခြေမြန်တပ်မ အများအပြား ဖြန့်ချထားရသော်လည်း မြန်မာတပ်များသည် KNU တပ်မှူးများက တိုက်ခိုက်လိုပါက တိုက်ခိုက်နိုင်စွမ်းရှိကြသည်ဟု တပ်မတော်မှ ဗိုလ်ချုပ်တဦးက ဆိုသည်။ “တိုက်ခိုက်ဖို့အတွက် ကျနော်တို့ဘက်က စ မထွက်ရသေးဘူး။ ဒါပေမယ့် မိုင်းပေါက်ကွဲမှုမှာ အရာရှိတဦးကျပြီးနောက်မှာတော့ ကျနော်တို့စစ်သားတွေက သွားတိုက်ချင်လွန်းလို့ လက်ယားနေတာ” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ရှမ်းနှင့် ငြိမ်းချမ်းရေးယူခြင်းသည် ကြိုမြင်နိုင်သော အနာဂတ်ကာလအတွက် ကျိုးကြောင်းဆီလျော်သောကိစ္စ ဖြစ်နေသည်။
ဗဟိုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် တရုတ်အရာရှိများသည်လည်း မကြာသေးမီက ဗိုလ်ချုပ်ကြီးရွက်စစ်ကို အာရုံစိုက်လာကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဗိုလ်ချုပ်ကြီးရွက်စစ်ထံ မကြာခဏသွားကြသည်။ ၎င်းတို့သည် မြောက်ပိုင်းမဟာမိတ်ဖက်မှ ရပ်တည်ရုံသာမက SSA-South နှင့်လည်း ဆက်ဆံလိုကြောင်း ဗိုလ်ချုပ်ကြီးရွက်စစ် ယုံကြည်အောင် လုပ်ချင်နေခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများပြောသည်။

တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားပြီး လမ်းများ၊ တံတားများနှင့် တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် ရပ်ဝန်းနှင့် လမ်းအစီအစဉ်(BRI) စီမံကိန်းများသည် ထိုဒေသကို ဖြတ်သန်းရမည်ဖြစ်သည်။
စီမံကိန်းများကို ဆန့်ကျင်သော ဒေသခံအုပ်စုများနှင့် ညှိနှိုင်းတိုင်ပင်ရန် လိုအပ်ကြောင်း တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွက်စစ် ပြောသည်။
“ဥပမာအားဖြင့်ပြောရရင် ရခိုင်ပြည်နယ်က ဓါတ်ငွေ့ပိုက်လိုင်းက ရှမ်းပြည်နယ်ကိုဖြတ်သွားပြီး ရှမ်းပြည်နယ်အစိုးရက ၅ ရာခိုင်နှုန်း လျှော်ကြေးရတယ်လို့ ယူဆရတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို ကျနော်တို့ ဘာမှမသိရဘူး။ ဒီလျှော်ကြေးကို ဘယ်သူလက်ခံတာလဲ။ ဘယ်သူလက်မှတ်ရေးထိုးတာလဲ။ ဒေသခံတွေကို ဘယ်လောက်လျှော်ပေးပြီးပြီလဲ။ တခုမှ မသိရသေးဘူး” ဟု သူပြောသည်။
“ဒီပိုက်လိုင်းကြောင့် ကျနော်တို့ ပြည်သူတွေမှာ အရာများစွာဆုံးရှုံးရပေမယ့် သူတို့မှာ ဘာအခွင့်အရေးမှ မရဘူး။ ပိုက်လိုင်းတည်ဆောက်သူတွေကို ကျနော်တို့မေးတော့လည်း သူတို့ ဘာမှမသိဘူး” ဟုလည်း သူပြောသည်။
ဘေဂျင်းမှ အထူးသံတမန်တဦးဖြစ်သူ ဆွန်ကော့ရှန်သည်လည်း ဗိုလ်ချုပ်ကြီးရွက်စစ်ကို တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များနှင့် KNPP တို့ ထိုသဘောတူညီချက် လက်မှတ်ရေးထိုးအောင်ဖျောင်းဖျပေးရန် ထိုတရုတ်သံတမန်က ဗိုလ်ချုပ်ကြီးရွက်စစ်ကို ပြောသည်။ ထို့ကြောင့် တရုတ်နှင့် မြန်မာတို့သည် ထိခိုက်လွယ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး သူသည် အဓိကခေါင်းဆောင်ဖြစ်သည်ဟု မြင်ခြင်းဖြစ်နိုင်သည်။
သို့သော် လွယ်တိုင်းလျံတွင် ကျင်းပသည့်အခမ်းအနားတွင် အားရပါးရပြုံးရွှင်စွာ တက်ရောက်လာသော ရှမ်းတပ်မှူးများက ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်စတင်မည်ကို တိတ်တဆိတ် စိုးရိမ်နေကြသည်။ ထိုသို့စိုးရိမ်ခြင်းမှာ မြေပြင်ရှိတပ်များကို ထိန်းချုပ်ရာတွင် ၂ ဖက်လုံးအတွက် အခက်အခဲ ရှိသောကြောင့်ဖြစ်သည်။ ထိုအမြင်သည် ဗိုလ်ချုပ်ရွက်စစ်၏ စိတ်အားတက်ကြွနေသောအမြင်နှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။
“ကျနော်တို့ စိုးရိမ်တယ်” ဟု ရှမ်းတပ်မှူးတဦးက စာရေးသူကိုပြောသဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းများနှင့် အပြုံးများရှိသော်လည်း မြေပြင်အခြေအနေ အာမခံချက်မရှိသကဲ့သို့ ဖြစ်နေသည်။
လွယ်တိုင်းလျံတွင်တွေ့ခဲ့ရသော ရှမ်းတိုင်းရင်းသားများသည် အအေးဒဏ်ကို အံတုပြီး ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အများအပြားမှာ အခမ်းအနားတက်ရန် ရှမ်းပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ လာရောက်ကြခြင်းဖြစ်သည်။
အသက် ၆၀ နှစ်များ အစောပိုင်းအရွယ် အမျိုးသမီးတဦးက သူမ၏ရွာမှ တပ်သားစုဆောင်းခြင်းအကြောင်းပြောပြီး သူ၏သားသည် အလုပ်ရှာရန် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ထွက်ခွာသွားကြောင်းပြောသည်။ သို့သော် အဆင်ပြေကြောင်းလည်း သူပြောသည်။ “ကျမတို့ဆီကို ဘယ်သူပဲလာလာ ချက်ပြုတ်ကျွေးလိုက်တာပဲ” ဟု ပဋိပက္ခကြားက ဘဝကို ထင်ဟပ်စကား ဆိုသည်။
ရိုးရာရှမ်းဝတ်စုံ ဝတ်ဆင်ထားသည့် အသက်၃၀ နှစ်များနှောင်းပိုင်း ရွာသားတဦးဖြစ်သူ စိုင်းမောင်က လားရှိုုးအနီး သူနေထိုင်ရာဒေသမှ မလုံခြုံမှုနှင့် တိုက်ပွဲငယ်များအကြောင်းပြောသည်။
“စစ်သားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေအစုံရှိတယ်” ဟု ရယ်ရယ်မောမော ပြောသည်။ မည်သူက ဒုက္ခပေးမည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။ သူက ဦးခေါင်းကို ခါလိုက်ရင်း “ကျနော် မသိဘူး။ အဲဒီသတင်းကို ကျနော်ဖတ်တယ်။ သူတို့က ငြိမ်းချမ်းရေးရမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ကြောက်နေတယ်” ဟု သူပြောသည်။
မည်သူက အမြောက်ဖြင့် ပစ်နေသည်ကို သူတို့မသိကြ။ သူတို့သည် သူတို့ပေးရမည့်အခွန်များကို ပေးနေရပြီး ရွာသို့ မည်သူလာသည်ဖြစ်စေ ရိက္ခာပေးနေရသည်။ “ဒါပေမယ့် ငြိမ်းချမ်းရေးမရှိလို့ ကျနော်တို့ရိုးရာပွဲတွေ မလုပ်နိုင်တာ တနှစ်ကျော်နေပြီ။ ဒါပေမယ့် ဒီကိုလာရလို့ ပျော်ပါတယ်” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၏ At Shan Army HQ, Another Twist in The Tale of Myanmar’s Fragile Peace Process ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
လက်နက်ကိုင် အဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ် အရေး ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး
မိုင်းကိုင်တွင် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများ ဖြစ်ပွားနေ
ဖက်ဒရယ်မူ ဘုံသဘောထားရရှိရေး လက်နက်ကိုင် ၁၂ ဖွဲ့ဆွေးနွေး