သူ့အတွေး သူ့အမြင်

ကျား-မတန်းတူညီမျှရေးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ရရှိအောင် ပိုမို ဆောင်ကြဉ်းပေးနိုင်

Want create site? Find Free WordPress Themes and plugins.

မတ်လ ၈ ရက် တနင်္ဂနွေနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီအချိန်အခါက တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတို့အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းကို ဂုဏ်ပြုရမယ့် နေ့တနေ့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာသာမဟုတ်ပဲ ကမ္ဘာတတဝန်းမှာ ကျား-မ တန်းတူညီမျှရေး ရရှိဖို့ကြိုးပမ်းတဲ့ခရီး ဘယ်လောက်တာဝေးဝေးလျှောက်လှမ်းဖို့လိုအပ်နေသေးသလဲ ဆိုတာ မိမိတို့ကိုယ်တိုင် ထပ်လောင်းသတိရရှိစေတဲ့ နေ့တရက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာကို ယူကေနဲ့ နော်ဝေသံရုံးတို့က မီးမောင်းထိုး ပြောကြားလိုပါတယ်။ ကမ္ဘာတဝန်းမှာ ငြိမ်းချမ်းရေးရရှိဖို့ အမျိုးသမီးတွေက အပြောင်းအလဲတွေကို ဘယ်လိုဆောင်ရွက်နေကြသလဲဆိုတာ မိမိတို့ မျက်မြင်ကိုယ်တွေ့ပါပဲ။ လစ်ဗျားနိုင်ငံဖြစ်စေ၊ ကိုလံဘီယာနိုင်ငံဖြစ်စေ ဒါမှမဟုတ် နိုင်ဂျီးရီးယားနိုင်ငံမှာပဲဖြစ်စေ ပဋိပက္ခရဲ့ဆိုးကျိုးတွေကို လျှော့ချဖို့ မြေပြင်အခြေအနေမှာ အမျိုးသမီးတွေက ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ပဋိပက္ခရဲ့နောက်ဆက်တွဲအခြေအနေတွေမှာ အမျိုးသမီးတွေက ပထမဆုံး စတင်ဖြေရှင်း ဆောင်ရွက်သူတွေအဖြစ်နဲ့ ရပ်ရွာအသီးသီးအတွင်းမှာ ဆောင်ရွက်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုအတွက် အမျိုးသမီးတွေ ဘယ်လိုပြန်လည်အကျိုးဆောင်သလဲဆိုတာတွေကိုလည်း မိမိတို့ တွေ့မြင်ပြီးပါပြီ။

မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့အစည်းတွေက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်တာတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေက လွတ်မြောက်လာသူတွေကို အကူအညီပေးတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းတွေမှာ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေကြပါတယ်။

မိမိတို့အနေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းကတဆင့် ကျား-မတန်းတူညီမျှရေးကဏ္ဍကို အလေးထားဆောင်ရွက်နေမှုတွေကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။

ဒါပေမယ့် ပဋိပက္ခအလွန်ကာလတွေမှာ ပြန်လည်တည်ထောင်ရေး၊ ညှိနှိုင်းဖြေရှင်းရေးနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေရဲ့ တရားဝင်လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ချန်လှပ်ခံထားရမှုတွေ ရှိနေပါသေးတယ်။

ယူကေနဲ့ နော်ဝေတို့က မြန်မာနိုင်ငံမှာ အမျိုးသမီးများ အားလုံးအကျုံးဝင်ပါဝင်မှုနဲ့ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုတွေကို အားပေးမြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီကြိုးပမ်းမှုတွေက မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ အောင်မြင်စေဖို့ အကောင်အထည်ဖော်မှုရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

“ပေါင်းစည်းလုပ်ငန်းအဖွဲ့ – Paung Sie Facility” ကတဆင့် ယူကေက ဒေသခံအမျိုးသမီးအဖွဲ့အစည်းများကို ပံ့ပိုးတာ၊ “UN Women” ကတဆင့် နော်ဝေက ပြည်နယ်အဆင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး စီမံချက်များကို ပံ့ပိုးတာနဲ့ “ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ – Joint Peace Fund” ကတဆင့် ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူညီမျှရေးမဟာမိတ် (Alliance for Gender Inclusion in the Peace Process – AGIPP) ကို ယူကေနဲ့ နော်ဝေတို့က ပူးတွဲပံ့ပိုးမှုတွေဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ ကျား-မတန်းတူညီမျှရေးအတွက် အမျိုးသမီးများကို စွမ်းရည်မြှင့်တင်ခြင်းနဲ့ ချိတ်ဆက်ညှိနှိုင်းမှုများပြောင်းလဲဆောင်ရွက်နိုင်ဖို့ အလေးအနက်ထားဆောင်ရွက်တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ဒီလိုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တာ မှန်ကန်တယ်လို့ ဖော်ပြတဲ့အတွက် မိမိတို့နှစ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပဋိပက္ခများ ဖြေရှင်းရေးနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပဋိပက္ခမတိုင်မီ၊ ပဋိပက္ခအလွန်နဲ့ ပဋိပက္ခပြီးတဲ့နောက်ပိုင်း ဆောင်ရွက်တဲ့ရလဒ်တွေကို တိုးတက်စေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အမျိုးသမီးအဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးခြင်းအားဖြင့် သဘောတူညီမှုရဲ့ ၆၄ ရာခိုင်နှုန်းခန့်အထိ အောင်မြင်တာကို လေ့လာသိရှိထားပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ လေ့လာသူများအပါအဝင် စုစုပေါင်းတက်ရောက်သူတွေရဲ့ ၂၂ ရာခိုင်နှုန်းသာ အမျိုးသမီးတွေဖြစ်ပြီး ကိုယ်စားလှယ်များထဲမှာ အမျိုးသမီး ၁၇ ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေက ညီလာခံများနဲ့ နှိုင်းယှဉ်ရင် တိုးတက်လာတာ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံက ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိစေဖို့ တိုက်တွန်းတဲ့ အခြေခံမူတစ်ခုကို သဘောတူညီနိုင်ခဲ့ပါတယ်။ ခုအချိန်ကတော့ အားလုံးအကျုံးဝင်ပါဝင်မှုကို အမှန်တကယ် ဆောင်ရွက်ပြီး တန်းတူညီမျှရေးကို အကောင်အထည်ဖောင်ဆောင်ရမယ့် အချိန်ကောင်းဖြစ်ပါတယ်။

လာမယ့် ငြိမ်းချမ်းရေးညီလာခံရဲ့သဘောတူညီချက်တွေမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အသံ၊ လိုအပ်ချက်နဲ့ အတွေးအမြင်တွေ ပိုမိုထည့်သွင်းပါဝင်လာနိုင်ပြီး အမျိုးသမီးပါဝင်မှုဟာလည်း ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ မိမိတို့အနေနဲ့ မျှော်လင့်ပါတယ်။

ဒီနေ့မှာ မြန်မာနိုင်ငံရဲ့ရပ်ရွာအသိုက်အဝန်းအသီးသီးမှာ နည်းလမ်းအမျိုးမျိုး၊ အဖုံဖုံနဲ့ အမျိုးသမီးများ ကြိုးစားပါဝင်ဆောင်ရွက် ပြီးမြောက်ခဲ့တဲ့အလုပ်တွေအားလုံးအတွက် မိမိတို့က ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

အမျိုးသမီးများရဲ့စွမ်းရည်ကို အသိအမှတ်ပြုပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသားများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီနေ့ကတော့ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေ အကောင်အထည်ဖော်ဖို့ မိမိတို့ တိုက်တွန်းလိုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် အမျိုးသမီးအခွင့်အရေးနဲ့ ကျား-မတန်းတူညီမျှမှု မရှိပဲ ငြိမ်းချမ်းရေးဖြစ်စေ၊ တရားမျှတမှုဖြစ်စေ မရရှိနိုင်ဖူးလို့ မိမိတို့ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

( Dan Chugg သည် ဗြိတိသျှသံအမတ် ဖြစ်ပြီး Tone Tinnes  သည် နော်ဝေသံအမတ်ဖြစ်သည်။)

You may also like these stories:

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

မြန်မာအမျိုးသမီးအရေးဆောင်ရွက်သူကို ကုလသမဂ္ဂ ဂုဏ်ပြု

အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

Did you find apk for android? You can find new Free Android Games and apps.
Loading