မတူကွဲပြားတဲ့ အုပ်စုတွေအကြား အကြောက်တရားအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံတွေ တူညီနိုင်ကြမှာ မဟုတ်ပါဘူး။
နယ်စပ်အစွန်အဖျားမှာနေထိုင်ကြတဲ့ ပြည်တွင်းစစ်ဒဏ်သင့်ပြည်သူတွေရဲ့ အကြောက်တရားက နီးရာဓားကို ကြောက်တာမျိုး ဖြစ်နိုင်သလို၊ စစ်အုပ်ချုပ်ရေးနဲ့ ကြုံခဲ့ရတဲ့ မြို့ပေါ်ကလူထုရဲ့ အကြောက်တရားကတော့ စစ်အုပ်ချုပ်ရေး တကျော့ပြန် လာမှာကို ကြောက်တာမျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
အဲဒီလိုပဲ အာဏာသိမ်း တပ်မတော်ခေါင်းဆောင်တွေမှာရော အကြောက်တရားမရှိ နိုင်ဘူးလား။ သူတို့ရဲ့ အကြောက်တရားကရော ဘာများဖြစ်နိုင်ပါမည်လဲ။
တရားရုံးချုပ်ရှေ့နေ ဦးကိုနီက အကြောက်တရားနဲ့ အခြေခံဥပဒေ ဆက်စပ်နေတဲ့ယူဆချက် အပေါ် အခြေခံပြီး မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
“၂၀၀၈ အခြေခံဥပဒေကို ဤျမျှပြင်ဆင်ရန် ခက်ခဲအောင် ရေးသားထားခြင်းသည် မည်သူတို့က မည်သူတို့ကို ကြောက်ရွံ့နေသည့် အတွက်နည်း” လို့ သူရေးသားခဲ့တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” စာအုပ်မှာ မေးထားခဲ့ပါတယ်။
သူ့ယူဆချက်ကို ဦးကိုနီက အခုလို ရှင်းပြထားပါတယ်။
“အုပ်ချုပ်သူ အာဏာပိုင်တို့က ဦးစီးဦးဆောင်ပြု၍ မိမိတို့လိုလားသည့်အတိုင်း အုပ်ချုပ်သူတို့ အကျိုးအတွက် ရေးဆွဲပြဋ္ဌာန်းထားသည့် အခြေခံဥပဒေကို အုပ်ချုပ်ခံ ပြည်သူတို့ အလွယ်တကူ မပြင်ဆင်နိုင်အောင် ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းထားကြမည် ဖြစ်သည်။ ဆိုလိုရင်းမှာ အုပ်ချုပ်သူတို့၏အာဏာကို ယုတ်လျော့အောင် ပြည်သူတို့က ထိပါးလာမည်ကို စိုးရိမ်ကြောက်ရွံ့၍ဖြစ်သည်ဟု ဆိုလိုပါသည်”
လက်ရှိအခြေခံဥပဒေဟာ တပ်မတော်နဲ့ တပ်မတော်ရဲ့ နိုင်ငံတော်တည်ဆောက်ရေး အယူအဆနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အစိုးရတရပ် အတွက်သာ ရည်ရွယ်ရေးဆွဲ ထားတဲ့ အခြေခံဥပဒေ တရပ်ဖြစ်တဲ့အတွက် ရွေးကောက်ခံ အရပ်သားအစိုးရတရပ်နဲ့ အံဝင်ခွင်ကျဖြစ်မနေတာဟာလည်း အဆန်းတကြယ် မဟုတ်လှပါဘူး။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက “တပ်မတော်ရဲ့ နိုင်ငံတော်တည်ဆောက်ရေး အယူအဆနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အရပ်သားအစိုးရတရပ်” ကို ဖော်ဆောင်နိုင်မယ့် အခြေခံဥပဒေအသစ် ရေးဆွဲဖို့ “နဝတအစိုးရကသာလျှင် ဦးဆောင်ရမယ်။ နဝတအစိုးရကသာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ပဲ့ကိုင်ရမယ်” လို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေခံဥပဒေကြောင့်ပဲ နိုင်ငံသားအချင်းချင်းကြားမှာ တပ်မတော်သားနဲ့ အရပ်သား ဆိုပြီး “ငါတိုု့” “သူတို့” အုပ်စုခွဲခြားမှုတွေ ပိုပြီးပြင်းထန်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် အခြေခံဥပဒေမှာ ပါတဲ့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုတဲ့ အခြေခံမူကြောင့် အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအာဏာကို ခွဲဝေပေးထားရပြီး အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စမှာ ရွေးကောက်ခံကိုယ်စားလှယ်အားလုံးက သဘောတူသည့်တိုင် တပ်မတော်သား ကိုယ်စားလှယ်တယောက်ယောက်ရဲ့ သဘောတူညီမှုမပါဘဲ၊ ပြင်ဆင်နိုင်ခြင်း မရှိအောင် ကန့်သတ်ထားတာကို တွေ့ရပါတယ်။
ဒီကနေ့လွှတ်တော်မှာ မြင်တွေ့နေရတဲ့ အခင်းအကျင်းကတော့ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားပြု အမတ်တွေနဲ့ တပ်မတော်က ရွေးချယ်စေလွှတ်ထားတဲ့ တပ်မတော်ကိုယ်စားပြု အမတ်တွေအကြား အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအတွက် အားပြိုင်လွန်ဆွဲမှုဖြစ်ပါတယ်။
အခြေခံဥပဒေ ပုဒ်မ (၄) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံက အမှန်တကယ် ဆင်းသက်လာတယ်ဆိုရင် အခုလို ကိုယ်စားပြုမှု နှစ်ခု ကွဲနေခြင်းဟာ ရှေ့နောက်မညီညွတ်ပဲ ဦးကိုနီထောက်ပြခဲ့တဲ့ “ယုတ္တိဗေဒဆိုင်ရာစံနှုန်း” များနဲ့ ကွဲလွဲနေတာကို တွေ့နိုင်ပါတယ်။
ယုတ္တိဗေဒစံနှုန်းအရ အချုပ်အခြာအာဏာဆိုတာ ပြည်သူတွေဆီက ဆင်းသက်လာတာ ဖြစ်ရင် တပ်မတော်သားတွေ ဆိုတာကလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် အခုလိုမျိုး ကိုယ်စားပြုမှုတွေ ကွဲပြားမနေသင့်ပါဘူး။
မိမိတို့ရရှိထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို ထိပါးယုတ်လျော့မှာ ကြောက်တဲ့ အာဏာသိမ်း တပ်မတော်ခေါင်းဆောင်တစုရဲ့ အကြောက်တရားတွေနဲ့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်ကို အခွင့်ထူးခံ အဖွဲ့အစည်းတခုလို ဖန်တီးပြီး နိုင်ငံသူ နိုင်ငံသားတွေနဲ့ သွေးကွဲအောင် လုပ်ထားတာကို တွေ့ရပါတယ်။ တကယ့်တကယ် အခွင့်ထူး ခံစားနေရသူတွေက တပ်မတော်သားတွေမဟုတ်ဘဲ၊ စစ်အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေသာ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း တဦးလည်းဖြစ်တဲ့ ဦးရွှေမန်းကတော့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်အစိုးရလက်ထက်တုန်းက တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ ရေးဆွဲထားခဲ့တဲ့ ဥပဒေဖြစ်တယ်လို့ ဒီဗီဘီ ဒီဘိတ်အကယ်ဒမီက ပြုလုပ်ခဲ့တဲ့ စကားဝိုင်း တခုမှာ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမှ အသွင်ကူးပြောင်းရေးကာလဖြစ်မြောက်အောင် လုပ်ခဲ့တာကို မေ့ထားလို့မရကြောင်းနဲ့ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာလွှဲပြောင်းရေးအတွက် စိုးရိမ်သောကတွေ အကြောင်း ဦးရွှေမန်းက ပြောပြခဲ့ဖူးပါတယ်။ “သူတို့ရဲ့ စိုးရိမ်မှုတွေ၊ သောကတွေက ဘာလဲဆိုတော့ ငါတို့အရင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် အရေးယူမယ်ဆိုရင် လွတ်မြောက်အောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ (ပုဒ်မ ၄၄၅) ကို ထည့်ခဲ့တာဖြစ်တယ်”
ခြေ/ဥ ပြင်ဆင်ရေး လွယ်သလား ခက်သလား
ခြေ/ဥ ပြင်ဆင်ရေး လွယ်သလား ခက်သလားဆိုတာကတော့ ပြင်ဖို့ခက်အောင် လုပ်ထားသူတွေဘက်က ပြင်ချင်တဲ့ဆန္ဒရှိရင် အင်မတန်လွယ်ကူတယ် လို့ပဲ ဆိုရမှာပါ။ အခြေခံဥပဒေပြင်ဆင်ခွင့်ရရေးမှာ အဓိက အကျဆုံးအချက်က ပြင်ဖို့ခက်အောင် လုပ်ထားသူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ အရင်ဆုံးလုပ်ဖို့ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ သူတို့က မီးစိမ်းပြလိုက်တာနဲ့ ပိတ်ထားတဲ့တံခါးတွေ အလိုလိုပွင့်လာတတ်တဲ့ သာဓကတချို့လည်း ရှေ့မှာရှိခဲ့ဖူးပါတယ်။
ဥပမာဆိုရရင် ၂၀၁၁ ခုနှစ် သြဂုတ်လမှာ သမ္မတ (ဟောင်း) ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂ လမပြည့်ခင်မှာပဲ NLD ပါတီ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်နိုင်အောင်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်ပေးခဲ့ပါတယ် (NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က နအဖအစိုးရ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေမှာ ပါဝင်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့အချက်နဲ့ ပါတီဝင်တွေထဲမှာ အကျဉ်းကျခံနေရသူတွေ မပါဝင်ရ ဆိုတဲ့ အချက်တွေကို လက်မခံတာကြောင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်)။
ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်စေချင်လွန်းလို့ ဆိုတာထက် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုအပေါ် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုနဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို မဖြစ်မနေလိုအပ်နေတဲ့ ယူနီဖောင်းချွတ် သမ္မတသစ် ဦးသိန်းစိန်ရဲ့ မဟာဗျူဟာမြောက် အရွေ့တခုပဲဖြစ်ပါတယ်။ အဲဒီအရွေ့နောက်မှာ အနောက်ကမ္ဘာရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းတာတွေ၊ သမ္မတအိုဘားမား ပထမဆုံး သမိုင်းဝင်ခရီးစဉ် လာရောက်တာတွေ၊ နိုင်ငံတကာကြွေးမြီပေးလျှော်တာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေဟာ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်လို့ ရခဲ့တဲ့ ရလဒ်တွေလို့ ဦးသိန်းစိန်အစိုးရက အသိအမှတ်ပြု ချင်ခဲ့ပုံ မရပါဘူး။
ဒီကနေ့ လွှတ်တော်အခင်းအကျင်းဟာ ခြေ/ဥ ပြင်လိုသူနဲ့ မပြင်လိုသူ အုပ်စုနှစ်စုအကြား ယှဉ်ပြိုင်နေတဲ့ ဘောလုံးပွဲတပွဲလိုပါပဲ။ ပြည်သူတွေနဲ့ ပြည်တွင်းပြည်ပက စောင့်ကြည့် လေ့လာသူတွေက ပွဲကြည့်ပရိသတ်တွေပဲ ဖြစ်ပါတယ်။
အများစုကတော့ ခြေ/ဥပြင်ဆင်ရေးဟာ ဖြစ်နိုင်ခြေမရှိပါဘူးလို့ စစ်မရောက်ခင် မြားကုန်တဲ့ သဘောမျိုး ယူဆကြတာကို တွေ့ရပါတယ်။ တချို့ကတော့ တပ်မတော်နဲ့ ကြိုတင်ညှိနှိုင်းမှုတွေ မလုပ်ဘဲ အတင်းအကျပ် ပြင်ဆင်ဖို့ကြိုးစားတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ တပ်မတော်ကို စည်းရုံးသိမ်းသွင်းရာမရောက်တဲ့ အချည်းနှီးလုပ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NLD အစိုးရမှာ ခြေ/ဥပြင်ဆင်ရေးအတွက် ဝှက်ဖဲတချို့ ရှိကောင်းရှိနိုင်တယ်လို့ မျှော်လင့်ကြတဲ့သူတွေ ရှိသလို၊ NLD အစိုးရဟာ ရွေးကောက်ပွဲကတိကဝတ် တည်ကြောင်း ပြချင်လို့ ရွေးကောက်ပွဲနီးကာမှ ကသုတ်ကရက် ထလုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ကြသူတွေလည်း အများကြီးပါပဲ။
မည်သို့ပင် ဝေဖန်ကြသည်ဖြစ်စေ လွှတ်တော်ထဲက အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အခြေအတင်ဆွေးနွေးမှုတွေကို အချိန်နဲ့တပြေးညီကြည့်ရှု သုံးသပ် အကဲဖြတ်နိုင်တဲ့အတွက် ဆွေးနွေးနေသူများရဲ့ လျှောက်လဲချက် ချေပချက်တွေကတဆင့် အခြေခံဥပဒေရဲ့ အားနည်းချက် အားသာချက် အတော်များများကို လူထုက ပိုပြီး သဘောပေါက် နားလည်လာကြပြီဖြစ်ပါတယ်။
အသိသာ အထင်ရှားဆုံးအချက်က ၂၀၀၈ အခြေခံဥပဒေကို “မူလအတိုင်း ထားရှိဖို့” တစိုက်မတ်မတ်ပြောဆိုနေတဲ့ သူတွေဟာ ဘယ်သူတွေလဲ။ ဘာ့ကြောင့်ဆုပ်ကိုင် ထားချင်ကြတာလဲ။ ပြင်ဆင်လိုသူတွေဟာ ဘယ်သူတွေလဲ။ ဘာကြောင့်ပြင်ဆင်ချင် ကြတာလဲ ဆိုတဲ့ အကြောင်းတရားတွေကို အရင်ကထက်ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်သွားကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိအနေအထားမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ် ရလဒ်ကောင်းတခုပါပဲ။
အကြောက်တရားမှိုင်း
အခုလို ဝေဝေဝါးဝါး နိုင်ငံရေးမိုးလေဝသထဲမှာ မမြင်ရတဲ့အန္တရာယ်တွေကို ကြောက်ရွံ့ တတ်တဲ့ လူသားတွေရဲ့ သဘောသဘာဝကို နားလည်တဲ့ နိုင်ငံရေးသမား တချို့ကတော့ လူထုကို အကြောက်တရားမှိုင်းတိုက်ပြီး ခြိမ်းခြောက်ဖို့ ကြိုးစားတတ်ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဘက်ပေါင်းစုံက ခြိမ်းခြောက်တဲ့ အသံတွေကလည်း တဖြည်းဖြည်း ဆူညံလာပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်က “ကျနော်တို့နိုင်ငံဟာ တိုင်းတပါးသားတွေရဲ့ဝါးမြိုမှုကို ခံရဖို့အတွက် သားရဲတွင်းရဲ့နှုတ်ခမ်းဝကို မသိမသာနဲ့ ရောက်ရှိနေကြပြီဖြစ်ပါတယ်” လို့ မကြာသေးခင်ကပြုလုပ်တဲ့ အခမ်းအနားတခုမှာပြောတဲ့ မိန့်ခွန်းမှာ သတိပေးသွားခဲ့ပါတယ်။
ဒီအသုံးအနှုန်းဟာ ချောက်ထဲကျလုဆဲဆဲ နိုင်ငံတော်ကို ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ တခေတ်တခါက အသုံးအနှုန်းကို သံယောင်လိုက်ဖို့ ကြိုးစားနေသလိုပါပဲ။
၆၂ ကလို၊ ၈၈ ကလို အာဏာသိမ်းမှုတွေ ထပ်ဖြစ်လာဦးမလားလို့ စိုးရိမ်ပူပန်နေသူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီကာလတွေနဲ့ အခုနဲ့ မတူတာတခုက ICJ အရေးကိစ္စ ကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်များအပေါ် နိုင်ငံတကာက ဘယ်တုန်းကနဲ့မှ မတူတဲ့ အာရုံစိုက်မှု ရရှိနေတဲ့အချိန် ဖြစ်နေတာပါပဲ။
ခြေ/ဥပြင်ရေးကိစ္စကို ပြည်တွင်းမှာသာမက ပြည်ပက နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) လို အဖွဲ့မျိုးကပါ ဖိအားပေး တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ FFM က အကြံပြု ထားတဲ့အထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဖို့၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲဖို့အတွက် ရွေးကောက်ခံမဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်ကိုယ်စားပြု အမတ်တွေကို လွှတ်တော်ထဲမှာ ဆက်လက်မထားရှိဖို့နဲ့ တပ်မတော်က တာဝန်ယူထားတဲ့ ဝန်ကြီးဋ္ဌာနတွေကိုလည်း အရပ်သားအစိုးရ လက်အောက်ကို လွှဲပြောင်းပေးဖို့ အစရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက NLD အစိုးရလက်ထဲကို မဲဆန္ဒရှင်ပြည်သူတွေက ထည့်ပေးလိုက်တဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာကို လွှတ်တော်ထဲမှာ အပြည့်အ၀ အသုံးပြုနိုင်ဖို့ ကျန်ရှိတဲ့အချိန် တဖြည်းဖြည်း နည်းပါးလာပါပြီ။
မည်သို့ပင်ဝေဖန်ကြသည်ဖြစ်စေ လက်ကျန်အချိန်အကန့်အသတ်တခုထဲမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အကောင်အထည်မဖော်နိုင်ခဲ့ရင်၊ နောက်လာမယ့် ပါလီမန်သက်တမ်း တခုမှာ NLD အမတ်အရေအတွက်စုစုပေါင်းဟာ ရွေးကောက်ခံ အမတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးလောက် ထပ်ရှိလာနိုင်ပါဦးမလား ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ နောက်ထပ်တကြိမ် သောင်ပြိုကမ်းပြို နိုင်ဖို့ဆိုတာကလည်း ကြိုတင်ခန့်မှန်းရခက်ပါတယ်။ လက်ရှိအချိန်ဟာ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကို ရေကုန်ရေခမ်းကြိုးပမ်းဖို့ အခွင့်အရေး အရှိဆုံး အချိန်ပါပဲ။
ရပ်ရွာထဲ ဝင်ရောက်နေတဲ့ မကောင်းဆိုးဝါးတွေကို နေဝင်ရီတရောမှာ သံပုန်းတီး တောခြောက်ပြီး မောင်းထုတ်လေ့ရှိတဲ့ တောခြောက်ပွဲ အလေ့အထတွေကို ငယ်ငယ်က ကြုံဖူးကြပါလိမ့်မယ်။ အမှန်တကယ်က မကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့ အလေ့အထ ဆိုတာထက် မိမိတို့ စိတ်ထဲက အကြောက်တရားတွေကို မောင်းထုတ်တဲ့ အလေ့အထကိုသာ ဆိုလိုရင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။
အကယ်၍ တပ်မတော်သားများအပါအဝင် နိုင်ငံသူ နိုင်ငံသားတိုင်းဟာ မိမိတို့စိတ်ထဲက အကြောက်တရားတွေကို မောင်းထုတ်ပြီး မှန်မှန်ကန်ကန် ရပ်တည်ဆုံးဖြတ်နိုင်ကြမယ်ဆိုရင် လွှတ်တော်ထဲက အခြေခံဥပဒေ ပြင်ဆင်ရေး ခရီးကြမ်းကို အတိုင်းအတာ တခုအထိ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ကြလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ် Peace Building program မှ PhD Candidate တဦးဖြစ်သည်)။
You may also like these stories:
အရေးပေါ်ကာလ သမ္မတနှင့် တပ်ချုပ် ဘယ်သူဦးဆောင်မလဲ မဲစခွဲမည်
လွှတ်တော်တွင်း ခြေဥပြင်ဆင်မှုအပေါ် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၏ အမြင်များ
ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲမှု စက်ခလုတ် မသုံးဘဲ လျှို့ဝှက်ဆန္ဒမဲ စနစ် သုံးမည်