နေပြည်တော်မှတ်စု (အပိုင်း - ၁၁)

ကြည်မောင်နိုင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ / Reuters
Want create site? Find Free WordPress Themes and plugins.

ကြောက်စရာဝူဟန်နှင့် နတ်ဖြစ်သွားသူများ

ကိုရိုနာ ဗိုင်းရပ်စ်ပိုးအကြောင်း သတင်းတွေဖတ်ရင်း လည်ချောင်းက နာလာသလိုလို ကိုယ်က ပူချင်သလိုလို နှာစေးချောင်းဆိုး ဖြစ်ချင်သလိုလို … ဖြစ်လိုက်လို့ကတော့ကွာ။

ဝူဟန်ဟု အလွယ်တကူခေါ်သော COVID-19 ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတခုတည်း မဟုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အီရန်၊ အီတလီနှင့် အမေရိကားအထိ ပြန့်နှံ့နေပြီဖြစ်သည်။ သေသူတွေလည်း ၃၀၀၀ ကျော်သွားပြီဖြစ်သည်။ WHO ကတော့ ကူးစက်သူပေါင်း ၉၀,၀၀၀ ကျော်သွားပြီတဲ့။

မြန်မာမှာတော့ သေသူမရှိသေး။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါလူနာရှိကြောင်း အကြောင်းမကြားလျှင် ထောင်ဒဏ်အထိ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားပြီ ဖြစ်သည်။

ဖေဖေါ်ဝါရီလအတွင်းက တွေ့ရသည့် တရုတ်- မြန်မာနယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်တွင် ဆိုက်ရောက်လာသည့် ဖရဲကားများ(ဇော်ဇော်၊ ဧရာဝတီ)

“တို့ဆီမှာတော့ ဖြစ်လိုက်ရင်တော့ အားလုံးသေကုန်မှာပဲ” မိတ်ဆွေတစ်ဦးက ပြောလိုက်သည်။ လက်ဆေးဖို့ မမေ့ဖို့၊ လူအုပ်ထဲမသွားဖို့၊ ပတ်ဝန်းကျင်မှာ သန့်သန့်ရှင်းရှင်း နေထိုင်ဖို့ စတာတွေကို ပြောကြသည်။ ဒါပေမယ့် မြန်မာမှာ ဘာလို့ ဝူဟန်ဗိုင်းရပ်စ် ဝင်မလာသေးတာလဲ။ “ဒီမှာက ပူတာကိုး” တယောက်က ပြောသည်။ “ဒီပိုးက အပူဒဏ်ကို မခံနိုင်ဘူးလေ” ဝူဟန်သည် အဆုပ်ရောင်ရောဂါပိုး ဖြစ်ပါသည်။

နောက်တယောက်ကတော့ “ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ်က သူများထက်ပိုကောင်းလို့ ဖြစ်ရမယ်” ဟု ဝင်ပြောသည်။ ဟုတ်ပါ့မလား၊ မြန်မာနိုင်ငံမှာ ကုလို့ရတဲ့ရောဂါနဲ့ သေသွားကြတဲ့သူတွေမနည်း။

ဒါပေမယ့် ဟုတ်သလိုလိုတော့ရှိသည်။ ပြန်တွေးကြည့်တဲ့အခါကျတော့ မြန်မာမှာက လူတိုင်းလိုလို သွေးလွန်တုပ်ကွေး ဖြစ်ဖူးကြသည်။ ရောဂါစုံနှင့်နေ၊ ရောဂါစုံနှင့် သေကြသူများ။ မြန်မာတွေသည် ရွံထဲသဲထဲ၊ ဖုန်တောထဲ၊ အမှိုက်ပုံထဲ ဖြစ်သလိုနေထိုင် ကြီးထွားခဲ့ကြတာဆိုတော့ ကိုယ်ခံအားက သူများထက်ကောင်းသည်ဆိုသည်မှာ ဖြစ်နိုင်ပါသည်။ “ကျမတို့က အပူအစပ်အငံ စားတာကိုး” တယောက်က ဝင်ပြောသည်။ သူပြောတာ ဟုတ်ပါ့မလား။

နောက်သူငယ်ချင်းတဦးကတော့ “မြန်မာပြည်သူပြည်သားတွေဟာ ဘုရားတရားနဲ့ နေတာဖြစ်တဲ့အတွက် ဝူဟန်ဘေး ကနေ ကင်းလွတ်နေတာ” ဖြစ်ကြောင်း သူ၏အဆိုကို တင်လာပါသည်။

ပြန်လည်မချေပလိုသော်လည်း ငြိမ်ပြီးနားထောင်လိုက်ပါသည်။ မကြာသေးခင်က ဆရာတော်ကြီးတပါး၏ ကပ်ရောဂါ ကာကွယ်ရေး အန္တရာယ်ကင်း အက္ခရာတံဆိပ်ကို အိမ်နှင့်ရုံးများတွင် ကပ်ထားရန်၊ ကိုယ်နှင့်မကွာ ဆောင်ထားကြရန် နှင့် ရတနာသုံးပါးအရိပ် စိတ်ပါဝါနဲ့ ဝူဟန်ဗိုင်းရပ်စ်ကိုခုခံကာကွယ်သင့်ကြောင်း ရေးသားထားတာကို Social Media မှာ တွေ့ရသည်။ မှတ်ချက်မပေးလိုပါ။

ဝူဟန်ဗိုင်းရပ်စ် သို့မဟုတ် COVID – 19 ကို ဘယ်လိုကာကွယ် တားဆီးရမယ်ဆိုတာကို အစိုးရတွေ၊ ကျန်းမာရေး ဝန်ကြီးတွေ၊ ကျန်းမာရေးပညာရှင်တွေက ဖြန့်ဖြူးပေးသော အချက်အလက်များက အရေးကြီးပါသည်။ မြန်မာမှာတော့ အားနည်းနေသည်။

အဓိကကတော့ ပထမ လက်ဆေးဖို့၊ ဒုတိယ လက်ဆေးဖို့၊ တတိယ လက်ကိုသေသေချာချာဆေးဖို့ပဲ ဖြစ်သည်။ ကိုယ်ခံအားကောင်းဖို့။ အသက်ကို ဉာဏ်စောင့်သည် မဟုတ်ပါလား။

နိုင်ငံတကာ စတော့ဈေးကွက်သည် ဝူဟန်ကြောင့် ပြုတ်ကျသွားသည်။ Nike က US ဒေါ်လာ ၁၉ ဘီလီယံ အရှုံးပေါ် သွားကြောင်း သတင်းကိုဖတ်ရသည်။

ရွှေပြည်သာစက်မှုဇုန် ရှိ Myanmar Royal Apollo တွင် အလုပ်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား ထွက်ပြေးသဖြင့် လုပ်ခ လစာမရသည့် အလုပ်သမများ(ထက်ခေါင်လင်း၊ ဧရာဝတီ)

တရုတ်၏စီးပွားရေးကို အကြီးအကျယ် ထိနေသည့်သတင်း။ မြန်မာမှာတော့ ဖရဲသီးဈေးကွက် ပျက်သွားသည့်သတင်း၊ တရုတ်မှ ကုန်ကြမ်းမလာလို့ အထည်ချုပ်လုပ်ငန်း ထိခိုက်သည့် သတင်း၊ မြန်မာအစိုးရနှင့် တပ်မတော်က တရုတ်ကို အကူအညီပေးသည့် သတင်းများအပြင် အမေရိကန်သမ္မတ ထရမ့်က ပြည်သူပြည်သားတွေကို Panic အထိတ်တလန့် မဖြစ်ဖို့ ပန်ကြားလိုက်သည့်သတင်းနှင့် မဲဆွယ်စည်းရုံးနေသည့် ဒီမိုကရက်ခေါင်းဆောင်တွေက ဒေါ်နယ်ထရမ့်ဟာ ရောဂါကြိုတင်ကာကွယ်ရေးကို စောစော စီးစီးကတည်းက မလုပ်ခဲ့ကြောင်း အပြစ်တင်လိုက်သည့် သတင်းများကို ဖတ်ရသည်။

တရုတ်သမ္မတတောင် သူ့ခုံက ခပ်လှုပ်လှုပ်ဆိုပဲ။ COVID- 19 သည် နိုင်ငံရေးကစားကွက်ထဲကို ရောက်လာသည်ကို သတိထားလိုက်မိသည်။

ပုတ်ရဟန်းမင်းကြီး အအေးမိသည့်သတင်းသည် နိုင်ငံတကာစာမျက်နှာပေါ် ရောက်လာတော့သည်။ အီရန်က ဒု ကျန်းမာရေးဝန်ကြီးကတော့ COVID -19 တကယ်ရသွားပုံရသည်။ ဝူဟန်မှာ တရုတ်ဆရာဝန်သည် ရောဂါကို ကာကွ ရင်း၊ ပြည်သူတွေကို အသိပေးရင်း၊ လူနာတွေကို ကုသရင်း သူရဲကောင်းပီသစွာ ကျဆုံးခဲ့သည်ဟု သတင်း တွေက ရေးကြသည်။

မြောက်ကိုရီးယားကတော့ ရှင်းသည်။ ဝူဟန်ဗိုင်းရပ်စ်ပိုး သံသယရှိသူကို အဆုံးစီရင်လိုက်သည်ဟု သတင်းများမှာ ဖတ်ရပြီး နောက်သုံးလေးရက် အကြာမှာတော့ တာလတ်ပစ်ဒုံးပျံတွေကို စမ်းသပ်ပစ်ခတ်ကြကြောင်း သတင်းဖတ်ရ တော့ သူကတော့ ခပ်မိုက်မိုက်ပဲဟု တွေးမိသည်။

တရုတ်ပြည်မှာတော့ Corona Virus သို့မဟုတ် ဝူဟန်၏ လူနာတွေကို Software အသုံးပြုပြီး သူတို့ရဲ့ Personal Data တွေကို ရဲစခန်းပို့ အကြောင်းကြား အသိပေးတာတွေ လုပ်မှာကိုဖတ်ရသည်။ ကမ္ဘာကြီးသည် ဝူဟန်ရဲ့လှိုင်းလုံးကြီး နှင့်အတူ မျောပါရင်း အစိုးရတွေက တုံ့ပြန်ပုံ၊ ထိန်းချုပ်ဖို့ကြိုးစားပုံ သို့မဟုတ် လုံးဝကို ဥပေက္ခာပြုထားပုံတွေကို မြင်ရ သည်။

ဝူဟန်သည် အာဏာရှင်နိုင်ငံများနှင့် ဒီမိုကရေစီပြည့်ဝသော နိုင်ငံတို့အကြား ကွာဟမှုကို မီးမောင်းထိုးပြလိုက်သည်။

မြန်မာလွှတ်တော်မှာ မျက်နှာဖုံးတပ်ကြသည်။ အမေရိကန်မှာတော့ မျက်နှာဖုံးက အဓိကမဟုတ်ကြောင်း ပညာရှင်တွေ က အသိပေးသည်။ ကျန်းမာရေးဝန်ထမ်းတွေ ကုသခံနေရသူတွေအတွက် သုံးဖို့လိုကြောင်း သတိပေးသည်။ ဝူဟန် ကြောက်တာလား … နိုင်ငံရေးလား။ ကာတွန်းတွေကတော့ သရော်ကြသည်။

နေပြည်တော်မှာ ဝူဟန်မရှိပါ။ ဝူဟန်ကိုလည်း သိပုံမရပါ။ တပ်မတော်ကတော့ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားကို ရွှေ့ဆိုင်းမတဲ့။ ဒါပေမယ့် ဘုန်းကြီးကျောင်းသွားတာတွေ၊ လူထုတွေ့ဆုံပွဲလုပ်တာတွေ၊ ထီးတင်တာတွေ ဆက်လုပ်မြဲ၊ ရွာအလှူတွေက ခြိမ့်ခြိမ့်သဲ။

“ကျနော်တို့က ချွတ်ခြုံကျနေပါပြီဗျာ” မိတ်ဆွေ အရာရှိတဦးက ဆိုသည်။ “ကျမတို့ရဲ့ ဘဝက ဖွံ့ဖြိုးတိုးတက်မှု၊ မမှန်ကန်တဲ့ဘဝတွေကနေ စခဲ့တာပါ” မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်ခဲ့သော လူမျိုး နိုင်ငံမဟုတ်ဟု နိုင်ငံရေးသမား လေးတဦးက ဆိုလိုရင်း။

လွန်ခဲ့သော လေးလခန့်က နေပြည်တော် ဟိုတယ်တွေမှာ လူတွေပြည့်နေလို့ လက်သီးလက်မောင်း တန်းနေခဲ့သော ဟိုတယ်မန်နေဂျာလေးသည် မျက်စိမျက်နှာ ပျက်နေလေပြီ။ နိုင်ငံရဲ့စီးပွားရေးသည် ပျက်နေပြီ။ အစစအရာရာ ယိုယွင်း ယိုင်နဲ့ချိနဲ့နေသော နိုင်ငံတော်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် မျက်နှာဖုံးများ တပ်ကာ ရန်ကုန်မြို့တွင်း သွားလာနေသူများ

ညည်းတွားသံများကြားမှ ပြည့်တန်ဆာမလေးသည် လာနေကျ ဧည့်သည်များကို မျှော်၏။ KTV ထဲမှာ “ကိုယ်စောင့် နတ်” သီချင်းကို ဆိုမည့်သူများမရှိ။ နဂါးနီသီချင်းကို အားရပါးရဆိုသူများ ဖုတ်ဖက်ခါပြီး ပြေးလေပြီ။

လေယာဉ်ပေါ်ကဆင်းလာသော ခေတ်ပျက်သူဌေးတအုပ်သည် စီးပွားရေးမကောင်းသည့် အကြောင်းကို ပြောလာ ကြသည်။ ကြပ်တည်းလာသည့် အခြေအနေ၊ ဝန်ထမ်းတွေရဲ့ အနေအထား။

ထိုအချိန်မှာပဲ မြန်မာပြည်သည် Climate Change ၏ သားကောင်ဖြစ်နေသည့်အကြောင်း ကြိုတင်ပြင်ဆင်ရမည့် အကြောင်းကို ပညာရှင်လေးက အာပေါက်အောင် ပြောနေသည်။ ဘယ်သူမှနားမထောင်။ ဒါပေမယ့် ဘယ်သူသေသေ ငတေမာ ပြီးရောခေတ်။

သစ်ပင်တွေခုတ်ခဲ့သော သူဌေးကြီးသည် ဆွေမျိုးများ၏ မင်္ဂလာဆောင်ကို ဟိုတယ်ကြီးတခုမှာ ကြီးကျယ်ခမ်းနာစွာ ကျင်းပခဲ့၏။ အနီတွေမပါတော့ … အစိမ်းရောင် ပန်းပွင့်များနှင့်သာ။ “အကူးအပြောင်းက မြန်လိုက်တာနော်” ငါးကင်လေးကိုဖဲ့လိုက်ရင်း မိတ်ဆွေကပြော၏။

“ကျနော်တို့က သယံဇာတနဲ့ မြေအောက်ပစ္စည်း၊ မြေပေါ်ပစ္စည်းလောက်ပဲ တူးစား ရောင်းစားတတ်တာ၊ ကျန်တာတော့ ဘာမှမတတ်ဘူး” သူဌေးကြီးက အရက်မူးတော့ ကျွဲခိုးပေါ်လေ၏။ ၁၉ ရာစုက အတွေးအခေါ်များ ဖြစ်ပါသည်။

“ဒီလူတွေ ဘာမှပြန်လုပ်ပေးတာ မရှိဘူး” ဒရိုင်ဘာလေးက ဆို၏။ ရတုန်းကတော့ သူတို့ပဲ အကုန်ယူကြတာ။ မြန်မာ နိုင်ငံမှာ လူသားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေး၊ ပညာရေးအဆင့်အတန်း မြင့်မားရေးကို ဘယ်သူမှ သေသေချာချာ မပြောခဲ့။ ရင်းနှီးမြုပ်နှံခြင်းလဲ မရှိခဲ့ပါ။ အခုလည်း မြေကွက်ရိုက်ပြီး ရောင်းစားတတ်တဲ့ အတွေးအခေါ်ပဲရှိတဲ့ မြေဖုတ် ဘီလူးတွေပေါတဲ့ နိုင်ငံဖြစ်နေပါပြီ။ ဒရိုင်ဘာလေးက နိုင်ငံရေးအသိတရားတွေ ဟောပြောနေ၏။

“သူတို့ချမ်းသာသွားလို့ တိုင်းပြည်အတွက် လုပ်ပေးခဲ့တဲ့ ထုတ်ပေးခဲ့တဲ့ Products ဆိုတာ ဘာမှမရှိဘူး” ကျနော်က ကားကိုကရုတစိုက် မောင်းပေးဖို့၊ ဒေါသမကြီးဖို့ သတိပေးရ၏။ လမ်းကတော့ ရှင်းနေပါသည်။ ဟုတ်ပါသည်။ ငြိမ်ပြီးထောက်ခံလိုက်သည်။

“သူတို့က သူတို့ကိုယ်သူတို့ အတိတ်ကံကြောင့် ကုသိုလ်ကံကြောင့် ချမ်းသာနေတာလို့ ထင်နေတာ” ပြောလည်း မရတော့။ ဒီလူတွေက “လူတွေ မဟုတ်တော့ဘူး၊ နတ်တွေဖြစ်ကုန်ပြီ” ဘရိတ်လေးဘာလေး အုပ်ပါဦး။ သတိပေးရ၏။ ဒီနေ့မှ ဒရိုင်ဘာလေး ဒေါသကုမ္မာရ ဖြစ်နေသည်။

ဝူဟန်မလာသေးတာလဲ အတိတ်ကံကြောင့်ပဲလား၊ ယတြာကြောင့်လား၊ အငံစားတာများလို့လား၊ အပူကြောင့်လား၊ ပဌန်းရွတ်တာများလို့လား၊ လား … လား … မသိ။ လာရင်တော့ သေလိုက်ကျမယ့်အမျိုး။

ဆက်စပ်ဖတ်ရှုရန်

နေပြည်တော်မှတ်စု (အပိုင်း – ၁၀)

Did you find apk for android? You can find new Free Android Games and apps.
Loading