လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ အေအေပီပီ AAPP လို့ ခေါ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ကို နယ်စပ်ဒေသရောက် နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ ထူထောင်ခဲ့ပြီးတဲ့နောက် စတင်ကြုံတွေ့ရတာက သံသယမျက်လုံးများ၊ အသိပညာ၊ အတတ်ပညာ ချို့တဲ့ခြင်းများ၊ ငွေကြေးအခက်အခဲများနဲ့ လုံခြုံမူ မရှိခြင်းများပါ။
အဖေက တပ်ထွက်ဖြစ်လို့ နယ်စပ်ကို ထွက်ပြေးလာပြီး မဲဆောက်ဈေးထဲမှာ တညကို ဘတ် ၂၀ ပေးပြီးအိပ်ခဲ့ရတဲ့ အိမ်က မြန်မာပြည်ဘက် ထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိလို့ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတခုက သံသယနဲ့ စောင့်ကြည့်တာလည်း ခံခဲ့ရတဲ့အခြေအနေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ကံကောင်းလို့ မသေခဲ့တာပါ။ ဒါကလည်း နယ်စပ်မှာရှိတဲ့ရဲဘော်များရဲ့ အာမခံပေးတာကြောင့်နဲ့ ၂၀၀၀ ပြည့်နှစ် အခြေအနေတွေကြောင့်ပါ။ သို့သော်လည်း နယ်စပ်မှာအခြေစိုက်တဲ့ အခြားသောဒီမိုကရေစီအင်အားစုများကတော့ ကျနော် စရောက် ကတည်းက အကူအညီပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မှာနေတယ်ဆိုပေမယ့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိဘဲ ခိုးဝင်နေထိုင်သူများ အဖြစ် သတ်မှတ်ခံထားရသူများသာဖြစ်တဲ့အတွက် ကျနော်တို့ဟာ မဲဆောက်မှာ ထိုင်းအာဏာပိုင်များရဲ့ အကြိမ်ပေါင်း များစွာ ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရသူများပါ။ ဒီလိုမျိုး ဖမ်းဆီးခံလိုက်၊ ပြန်လွတ်လာလိုက်နဲ့ အေအေပီပီမှာ တာဝန် ထမ်းဆောင်ခဲ့ကြရတာပါပဲ။
ဒီလိုအခြေအနေတွေထဲကမှ ကြိုးစားရင်း တဖြည်းဖြည်းချင်း နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ယုံကြည်မူကို ရခဲ့တာပါ။ အေအေပီပီက မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံတကာအကြား ပေါင်းကူးပေးတဲ့ တံတားတစင်း ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလိုကြိုးစားတယ် ဆိုတဲ့ အခါမှာ Documentation ပေါ့။ မှတ်တမ်းတင်တာက တော်တော်လေး အရေးကြီးပါတယ်။ ကျနော်တို့ ပထမဆုံးစလုပ်တာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို ပြုစုတယ်။ အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ စာရင်းကိုပြုစုတယ်။ ပြီးတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ထောင်အသီးသီးရဲ့ အခြေအနေတွေကိုစုံစမ်းတယ်၊ လေ့လာတယ်။
အဲဒီကနေပြီးတော့ အစီရင်ခံစာတွေထုတ်တယ်။ အဲဒီအစီရင်ခံစာတွေကို နိုင်ငံတကာသံတမန်တွေ၊ နောက် ကုလသမဂ္ဂ၊ နောက် INGO တွေ၊ အဲဒီလို အဖွဲ့စည်းတွေကို ဖြန့်ဝေတယ်၊ နောက် မီဒီယာပေါ့၊ မီဒီယာကလည်း အဲဒီ အချိန်တုန်းက ကျနော်တို့ကို တော်တော်လေးစိတ်ဝင်စားကြပါတယ်။ ကျနော်တို့အနေနဲ့ အထူးသဖြင့် ပြည်တွင်းမီဒီယာထက် စာရင် နယ်စပ်အခြေစိုက်နဲ့ နိုင်ငံတကာမီဒီယာတွေကို အလေးထားပြီးတော့ တင်ပြတာမျိုးတွေ ရှိပါတယ်။ အဲဒီလိုပုံစံမျိုးနဲ့ လူတွေ သိလာတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အစည်းအဝေးအသီးသီးမှာ အစိုးရတွေရဲ့ တောင်းဆိုချက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဖြစ်လာပါတယ်။ ဒါက သူတို့အစည်းအဝေးရဲ့ ပထမဦးစားပေး Agenda ဖြစ်လာတယ်။ နောက်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တို့၊ အမေရိကန်အစိုးရတို့၊ ဥရောပသမဂ္ဂ အစိုးရတွေရဲ့ သူတို့တောင်းဆိုချက် တွေမှာ ဘာတွေပါလဲဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုတွေမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက် လွတ်သလဲဆိုတဲ့အပေါ်မှာ တိုင်းတာလာတဲ့အဆင့်အထိ ရောက်ခဲ့တယ်။
အာဆီယံနိုင်ငံတွေမှာ နိုင်ငံအလိုက် အလှည့်ကျဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့နှစ်တွေ ရှိပါတယ်။ အဲဒီလိုနှစ်တွေမှာဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ မလွတ်တဲ့အတွက်၊ နောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ မတိုးတက်တဲ့အတွက်၊ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ မလုပ်ဖို့ဆိုတာမျိုးကို အာဆီယံနိုင်ငံတွေက ဖိအားပေးလာတာမျိုးတွေ၊ နောက်ပြီးတဲ့ အခါကျတော့ မြန်မာအစိုးရကို ဥက္ကဋ္ဌအဖြစ်ကနေ ကျော်ခဲ့တဲ့ဟာမျိုးတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဒီပဲယင်းဖြစ်စဉ်ပြီးသွားတဲ့အချိန်မှာ အမေရိကန်နဲ့ အီးယူ (EU) အစိုးရများကနေ မြန်မာနိုင်ငံပေါ်မှာ ပိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေလုပ်လာခဲ့တဲ့ အထိရောက်အောင်လည်း အေအေပီပီက အခြားသောအဖွဲ့များနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အေအေပီပီ ၂၀၀၀ ပြည့်နှစ်ကနေ စတည်ထောင်ပြီးတော့ ၂၀၁၀ အထိ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ပထမ ၁၀ နှစ်တပိုင်းမှာ AAPP အနေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လုပ်တယ်၊ Campaign တွေလုပ်တယ်၊ Advocacy တွေ Lobby တွေလုပ်ခဲ့ကြတယ်၊ ကျနော်တို့ Campaign လုပ်တဲ့အခါမှာတော့ ၂၀၀၉ ခုနှစ်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး Campaign လုပ်တာ ရှိပါတယ်။ အဲဒီ Campaign ကတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာမျိုးတွေရှိတယ်။ နိုင်ငံတကာက အစိုးရအဖွဲ့တွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင်ပါဝင်ပြီး လက်မှတ်ထိုးခဲ့တာတွေ ရှိတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့က ဒီ ၈၈၈၈ ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မှတ်ပေါင်း ၈ သိန်း ၈ သောင်း ၈ ထောင် ၈ ရာ ၈ ဆယ့် ၈ ခုကောက်မယ်ဆိုပြီးတော့ လုပ်ကြပါတယ်။ ဒါပေမယ့် ၈သိန်း ၈ သောင်း ၈ ထောင် ၈ ရာ ၈ ဆယ့် ၈ တော့မရခဲ့ပါဘူး။ အဲဒီအချိန် အီရတ် အရေးက ကမ္ဘာအဝှမ်းက လူတွေကို ဖမ်းစားနေတာကြောင့်ပါ။ ကျနော်တို့ လက်မှတ်ပေါင်း ၇ သိန်းနီးပါးတော့ ရခဲ့တယ်။ အဲဒီလက်မှတ်တွေကို ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ထံကို ကျနော် တို့ပေးအပ်နိုင်ခဲ့တယ်။ ဒါက ကုလသမဂ္ဂကနေပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေကလုပ်တဲ့ Campaign တွေကို ကုလသမဂ္ဂရဲ့ သမိုင်းမှာလည်း ပထမဆုံးအသိအမှတ်ပြုတာပေါ့။ ပြီးတော့ အဲဒီရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆိုတာကို နိုင်ငံတကာ အစိုးရတွေက တကယ်ကို သဘောတူညီချက် ရှိရှိနဲ့ သူတို့ကိုယ်တိုင်က ပူးပေါင်းလုပ်ဆောင် လာတယ်။ ဒါက အောင်မြင်မှုတခုလို့ ကျနော် တို့ ပြောလို့ရပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေ ဖြစ်လာခဲ့တယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့ရဲ့ မျှော်မှန်းချက် (Vision) တွေ၊ ဦးတည်ချက် (Mission) တွေကိုပြောင်းလဲခဲ့ပါတယ်။ ၂၀၁၀ မတိုင်ခင်အထိကတော့ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ ပြီးတော့ မလွတ်မြောက်ခင်စပ်ကြားမှာ တက်နိုင်သမျှ ကူညီရေး၊ နောက်ပြီးတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နိုင်ငံရေးဖြစ်စဉ် ထဲမှာပါဝင်ရေး၊ နောက်ပြီးတဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝကို ပြန်လည်ထူထောင်ရေးပေါ့၊ အစရှိသဖြင့် ဒါမျိုးတွေကို ဦးစားပေးပြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၀ နောက်ပိုင်း ပြောင်းလဲလာတဲ့နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့က ကျနော်တို့ရဲ့ မျှော်မှန်းချက် (Vision) ကို ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့ Vision ကတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့နိုင်ငံသားတိုင်း နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေး ပြည့်ပြည့်ဝဝရရှိရေးနဲ့ နိုင်ငံရေး အကျဉ်းသားမရှိတဲ့ လူ့ဘောင်တခုကို တည်ထောင်နိုင်ရေးဆိုတာမျိုးကို ကျနော်တို့ ပြောင်းလဲခဲ့တယ်။
အဲဒီလို ပြောင်းလဲခဲ့ပြီးတဲ့အခါကျတော့ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိဖို့ဆိုပြီးတော့ ကျနော်တို့က လူ့အခွင့်အရေး သင်တန်းတွေပေးတယ်။ အထက်တန်းကျောင်းတွေမှာ၊ တက္ကသိုလ်တွေမှာ၊ ကျေးလက်ဒေသ တွေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပြန့်ပွားမှုတွေ ကျနော်တို့ လုပ်ဆောင်လာခဲ့တာ ရှိတယ်။ အဲဒါအပြင် ကျနော်တို့က ဒီမိုကရေစီအရေးကို အနှောင့်အယှက်ဖြစ်နေတဲ့ ဥပဒေတွေပြုပြင်ပြောင်းလဲရေး ဆိုတာကို ကျနော်တို့ လုပ်ဆောင်လာတယ်။ အဲဒီလို လုပ်ဆောင်လာတဲ့အထဲမှာတော့ ဒီ Peaceful Assembly Law ပေါ့၊ ငြိမ်းစုစီ ဥပဒေပြုပြင်ပြောင်းလဲရေးတို့၊ ၆၆ (ဃ) ပြုပြင်ပြောင်းလဲရေး၊ အဲဒီလိုပဲ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေဆိုပြီးတော့ ကျနော်တို့ ဒီမိုကရေစီအရေးကို နှောင့်ယှက်ဖျက်ဆီးနေတဲ့ ဥပဒေတွေပယ်ဖျက်ရေးတွေကိုပါ တိုးချဲ့လုပ်ကိုင်လာပါတယ်။
အဲဒီအပြင် ကျနော်တို့ အရင်လုပ်နေကျ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ ကူညီရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အသက်မွေး ဝမ်းကြောင်းပညာရပ်တွေကို သင်ကြားနိုင်ဖို့အတွက် အထောက်အကူပေးတာတွေ၊ နောက်ပြီးတဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုကလေးတွေကို ပညာသင်ကြားရေးအတွက် တတ်နိုင်သမျှ ကူညီတာတွေ၊ ဒါတွေကို ဆက်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ နောက် ကျနော်တို့လုပ်ဆောင်နေတဲ့အထဲမှာ၊ ခြုံပြောရမယ် ဆိုရင် Transitional Justice ပေါ့၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာကိစ္စရပ်တွေလည်း အများကြီးပါဝင်နေပါတယ်။
ဒီအသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ကိစ္စရပ်ကိုပြောမယ်ဆိုရင် တံခါးကြီး လေးပေါက်ကိုဖြတ်သန်းရပါတယ်။ တံခါးကြီးလေးပေါက်ကိုဖြတ်သန်းရတဲ့အထဲမှာ အရေးကြီးဆုံးက Truth ပေါ့။ အဲဒီ Truth ရဖို့အတွက်ဆိုရင် Documentation ရှိရမယ်၊ မှတ်တမ်းမှတ်ရာတွေ ရှိရမယ်၊ အဲဒီအတွက် နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ တဦးချင်းစီရဲ့မှတ်တမ်းမှတ်ရာတွေကို ကျနော်တို့ပြုစုတယ်။
ကျနော်တို့ ခန့်မှန်းထားချက်အရ နိုင်ငံရေးအကျဉ်းသားဟောင်းပေါင်း အနိမ့်ဆုံး ၁ သောင်း ပတ်ဝန်းကျင်လောက် ရှိပါတယ်။ အဲဒီအထဲမှာ အခုက ကျနော်တို့ပြုစုပြီးသလောက်ဆိုရင် ၃၅၀၀ လောက်ကို နိုင်ငံရေးအကျဉ်းသားဟောင်း တဦးချင်းရဲ့ဖြတ်သန်းမှုတွေ၊ သူတို့ရဲ့ ထောင်တွင်းဖြတ်သန်းမှုတွေ၊ သူတို့ရဲ့ စစ်ကြေားရေးမှာ ညှဉ်းပမ်းနှိပ်စက် ခံခဲ့ရတဲ့ဖြတ်သန်းမှုတွေ၊ သူတို့ရဲ့လက်ရှိ ဘဝအခြေအနေတွေ၊ ဒါတွေကို အသေးစိတ်မှတ်တမ်း တင်ထားတာတွေ ရှိပါတယ်။ ဒါကလည်း တချိန်ချိန်မှာ အမှန်တရား ဖော်ထုတ်ရေးလိုကိစ္စမျိုးမှာ အသုံးဝင်နိုင်ပါတယ်။ အဲဒီလိုပဲ ကျနော်တို့ Justice ကိစ္စကို ပြောမယ်ဆိုလို့ရှိရင် တကယ်တရားဥပဒေစိုးမိုးရေး အတွက်ကို အဓိကထားပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
နောက်တော့ အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့လိုအပ်တဲ့ အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့လူတွေကို တစုံတရာပြန်ပြီး အသိအမှတ်ပြုဖို့လိုတယ်၊ ပြန်ပြီးတော့ ကုစားပေးဖို့လိုတယ် ဆိုတာမျိုးကိုလည်း လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့အခါမှာ အေအေပီပီ တဖွဲ့တည်း လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့နဲ့ ရင်ဘက်ခြင်းတူတဲ့ တခြားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။
ဒီလိုမျိုး အသွင်းကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုကိစ္စရပ်တွေကိုလည်း စနစ်တကျနဲ့ဆောင်ရွက်နေတယ်၊ ဒါတွေက တချိန်ချိန်မှာ အစိုးရကိုယ်တိုင်က လုပ်ကိုလုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ဒီကြားထဲမှာတော့ အခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောင်တချိန်မှာ ပြန်မဖြစ်ဖို့ ဆိုရင် Institutions (အဖွဲ့အစည်း) တွေကို ပြုပြင်ပြောင်းလဲဖို့ (Reform) လုပ်ဖို့လိုပါတယ်၊ အဲဒီအတွက် ကျနော်တို့က အကျဉ်းထောင်ကိုပြုပြင်ပြောင်းလဲရေး၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ အရင်တုန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) လို့ခေါ်တဲ့ ထွေအုပ်ပေါ့၊ ဒီထွေအုပ်ကို အစိုးရ လက်အောက်ရောက်ရှိရေးဆိုတာကို ကျနော်တို့နိုင်ငံခြားရေးရာပေါ်လစီအနေနဲ့ ထားပြီးတော့ လုပ်တယ်။ အခုတော့ ထွေအုပ်က အစိုးရလက်အောက်ကိုရောက်သွားပြီ။ လတ်တလော ကျနော်တို့ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီထဲမှာဆိုရင်တော့ ရဲတပ်ဖွဲ့ကို လွတ်လပ်တဲ့ ရဲတပ်ဖွဲ့ဖြစ်ရေးဆိုတာမျိုးကို ဦးတည်ထားပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် နိုင်ငံတကာအစိုးရတွေနဲ့လိုသလို ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ မြန်မာပြည်ထဲမှာလာပြီးတော့လုပ်ဖို့ ဒီလိုကိစ္စမျိုး တွေလည်း ဆောင်ရွက်နေတာတွေရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားပြဿနာကို စဉ်းစားကြမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဥပမာ ပြည်တွင်းစစ်က နိုင်ငံရေး အကျဉ်းသားတွေကို မွေးထုတ်ပေးနေတယ်၊ ပြည်တွင်းစစ်ကြောင့် မတရားသဖြင့် အဖမ်းခံနေရတဲ့သူတွေ ရှိတယ်၊ အဲဒီလိုပဲ မတရားညှဉ်းပမ်းနှိပ်စက်ခံရတဲ့သူတွေရှိတယ်၊ ဥပဒေမဲ့ အသတ်ဖြတ်ခံရတဲ့ ကိစ္စမျိုးတွေ ရှိတယ်။ ဒီဟာတွေက နိုင်ငံရေးအကျဉ်းသားတိုးပွားစေတဲ့ အကြောင်းအရင်းတွေဖြစ်တယ်။
လယ်သမားတွေတော်တော်များများက သူတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတယ်၊ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် သူတို့တွေတိုက်ပွဲဝင်ကြရတယ်။ တိုက်ပွဲဝင်ကြရင်းနဲ့ ဖမ်းဆီးခံရတယ်။ ဒါကလည်း နိုင်ငံရေးအကျဉ်းသား အရေအတွက်တိုးလာစေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာရေးသားခွင့် အစရှိသဖြင့် ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေ၊ လူ့အခွင့်အရေးရဲ့အခြေခံအချက်တွေကို အစိုးရတွေက ချိုးဖောက်နေတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကိုရပ်တန့်ဖို့လိုပါတယ်။ အဲဒီလိုမျိုးရပ်တန့်နိုင်မှ နိုင်ငံရေးအကျဉ်းသား ကိစ္စက မှေးမှိန်သွားမှာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို ခြုံပြီးတော့ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ တန်းတူညီမျှရေး ပြဿနာပေါင်းစည်းနေတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားပြဿနာကို စနစ်တကျနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်၊ ကိုင်တွယ်ဖြေရှင်းတဲ့ အခါမှာ ကျယ်ပြန့်တဲ့ချဉ်းကပ်မှုတွေလုပ်ရမယ်။ တခုပြီးမှ တခုလုပ်တာမျိုးမဟုတ်ဘဲနဲ့ ဘက်ပေါင်းစုံကနေပြီးတော့ ပြိုင်တူလုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ – ပြည်တွင်းစစ် ရပ်စဲဖို့လိုတယ်၊ လယ်ယာမြေ ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့လိုအပ်တယ်၊ လွတ်လပ်စွာရေးသားခွင့်တွေ၊ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်တွေကို အလေးထားဖို့လိုတယ်၊ ဥပဒေတွေနဲ့ ကာကွယ်ပေးဖို့လိုတယ်။ ဒီလိုကိစ္စရပ်မျိုး တွေကို ကျနော်တို့ မည်သည့်အစိုးရကမဆို၊ မည်သူမဆို အစိုးရဖြစ်လာရင်လည်း ဒါတွေကိုလုပ်ဆောင်ဖို့ လိုအပ်တယ်။ဒါမှာသာလျှင် ကျနော်တို့နိုင်ငံက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးတွေကို အပြည့်အဝကျင့်သုံးနိုင်တဲ့ နိုင်ငံတခု ဖြစ်လာပြီးတော့ တည်ငြိမ်အေးချမ်းတဲ့နိုင်ငံ တခုဖြစ်လာမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ကျနော်တို့ နိုင်ငံက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမယ်။ စီးပွားရေးပိတ်ဆို့မှုတွေ အများကြီး ဖြစ်လာနိုင်ချေတွေ ရှိနေတယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ လူ့အခွင့်အရေးအခြေအနေတွေ အမြန်ဆုံးတိုးတက်ဖို့တော့ လိုအပ်ပါတယ်။
တကယ်တော့ ကျနော်တို့ အေအေပီပီကိုစပြီးတော့ ဖွဲ့စည်းကတည်းကနေပြီးတော့ ကျနော်တို့ရဲ့ မျှော်မှန်းချက်က အေအေပီပီကိုဖျက်သိမ်းဖို့ပါပဲ။ အေအေပီပီကို ဖျက်သိမ်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားမရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် ကျနော်တို့ ကြိုးစားရမှာပါ။ အဲဒီအခြေအနေကို အမြန်ဆုံးရောက်လာလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားရမှာတွေ ရှိပါတယ်။ အဲဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားမရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ဆိုရင် လူ့အခွင့်အရေးကိုတန်ဖိုးထားတဲ့ အစိုးရတွေ တက်လာဖို့လိုပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ လူတွေတော်တော်များများကလည်း လူ့အခွင့်အရေးကိုလေးစားတဲ့ လိုက်နာတဲ့ ပြည်သူတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဆိုတော့ ဒီလိုအခြေအနေဖြစ်အောင်တော့ ကျနော်တို့က ဆက်လက်ပြီးတော့ ကြိုးစားသွားရမှာပါ။ အဲဒီလိုပဲ ကျနော်တို့ အေအေပီပီက ခေါင်းစဉ်အရ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးခေါင်းစဉ် ဖြစ်နေပေမယ့် ကျနော်တို့ လုပ်နေတဲ့အလုပ်က နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေးအပြည့်အဝ ရရှိရေးကို ဦးတည်ထားပါတယ်။ အဲဒီဦးတည်ချက် ရောက်အောင် ဆက်ပြီးတော့ ချီတက်ကြရမှာပါ။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)
You may also like these stories:
ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားပြန်လျှောက်ချင်လျှင်
ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဥပဒေပြုပြီး ဖိတ်ခေါ်ပါ
လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ