COVID – 19 ဟာ မြန်မာပြည်အတွက်သာမက တကမ္ဘာလုံးအတွက်ပါ တမူထူခြားတဲ့ စိန်ခေါ်မှုများကို သယ်ဆောင်လာပါတယ်။ တဖြည်းဖြည်းနဲ့ ဒီဗိုင်းရပ်စ်အကြောင်း သိလာပေမယ့် အလုံးစုံ နားလည်နိုင်တာတော့ မဟုတ်သေးပါဘူး။ ကူးစက်တဲ့ပုံစံ၊ ရောဂါလက္ခဏာ အသေးစိတ်၊ ကုသမှု၊ ကာကွယ်မှု နည်းလမ်းတွေကို ပိုမိုသိရှိပြီး အန္တရာယ်လျော့ပါးနိုင်အောင် ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူ အသီးသီးက လုပ်ဆောင်နေတာကို နေ့စဉ်နဲ့အမျှ မြင်ရကြားရပါတယ်။
မြန်မာနိုင်ငံမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဌာနအသီးသီးက လုပ်သင့်လုပ်ထိုက်တာတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီအထဲမှာ ပြည်သူကို အသိပညာပေးတာ၊ ရောဂါကူးစက်မှု အန္တရာယ်လျော့ပါးအောင် လိုက်နာဆောင်ရွက်သင့်တာတွေကို လမ်းညွှန်တာတွေအပြင် လူနာစောင့်ကြည့် စမ်းသပ်တာတွေကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း သိသာပါတယ်။ ပြီးတော့ မြန်မာ့ကျန်းမာရေး တုန့်ပြန်မှု သမိုင်းမှာ ပထမဆုံးလို့တောင် ဆိုချင်ဆိုနိုင်မယ့် အချိန်နဲ့ တပြေးညီ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ချက်တွေကလည်း အသိအမှတ် ပြုစရာ ကောင်းလှပါတယ်။
ဒီလို မြင်သာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ ရှိပေမယ့်လို့ ပြည်သူတွေရဲ့ အခြေအနေဟာ အားရစရာ သိပ်တော့ မကောင်းသေးဘူးလို့ မြင်မိပါတယ်။ အုပ်စုနှစ်စု ခွဲပြီး မြင်ကြည့်မိပါတယ်။ အုပ်စုတစုက အကြောက်လွန်နေတဲ့ အုပ်စုပါ။ နောက်တခုကတော့ ပေယျာလကန် လုပ်လွန်းတဲ့ အုပ်စုပါ။ သုတေသန လုပ်ထားတာ မဟုတ်တဲ့အတွက် အတိအကျ ပြောရခက်ပေမယ့် လူမှုကွန်ရက်တွေမှာတော့ အထင်းသား မြင်တွေ့ရပါတယ်။ ဒီအုပ်စုနှစ်စုထဲမှာ မပါဝင်ဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေကြတဲ့ တာဝန်သိ ပြည်သူတွေလည်း အများကြီး ရှိနေတာကို သတိထားမိပါတယ်။ အကြောက်လွန်ခြင်း၊ သတိလစ်ဟင်းခြင်း နှစ်ခုစလုံးဟာ အခုလို ရောဂါကပ်ဘေးကြီးကို တုန့်ပြန်ရာမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် အားပေးတိုက်တွန်းတဲ့ အနေနဲ့ ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။
တာဝန်သိသူများ
အကောင်းမြင်သမားလို့ ဆိုချင်ဆို အခုလို ဖြစ်လာရင် တာဝန်သိ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ မရှားတတ်ပါဘူး။ လူမှုကွန်ရက်မှာ တာဝန်သိ လှုံ့ဆော်တာမျိုးရှိသလို၊ တနိုင်တပိုင် ဆေးပစ္စည်းအလှူခံတာမျိုး၊ လူငယ်ဆရာဝန်တွေ အချင်းချင်း ချိတ်ဆက်ပြီး လိုအပ်တဲ့အခါ ကူညီဆောင်ရွက်နိုင်ဖို့ စေတနာ့ဝန်းထမ်းအဖွဲ့တွေ ဖွဲ့စည်းဖို့ ကြိုးစားနေကြတာမျိုးတွေ တွေ့ရပါတယ်။
ဒါ့အပြင် လူသိများသူ တချို့ရဲ့ ကျန်းမာရေး ပညာပေး၊ လက်ဆေးနည်း၊ ရောဂါကာကွယ်နည်း လှုံ့ဆော်တာလည်း တွေ့နိုင်ပါတယ်။ ဒါတွေဟာ အစိုးရတခုတည်းက ဦးဆောင်တာမျိုးမဟုတ်ဘဲ၊ တာဝန်သိ လုပ်နေကြသူတွေပါ။ ထို့အတူ အမှောင်ဘက်ခြမ်းအနေနဲ့ သတင်းတုတွေနဲ့ လူထုကို စိုးရိမ်ပူပန်အောင် လုပ်တာလည်း ထုံးစံအတိုင်း တွေ့ရပါတယ်။ ဒီလို သတင်းတုတွေ တုန့်ပြန်ရာမှာ အစိုးရရဲ့ အရေးယူမှု လိုကောင်းလိုမှာ ဖြစ်ပေမယ့် ပြည်သူလူထုရဲ့ အသိဉာဏ်ရေချိန် အထိုက်အသင့် ရှိနေရင်တော့ ပိုပြီး လွယ်ကူစွာ ဖြေရှင်းနိုင်မယ်လို့ ယူဆမိပါတယ်။
အဆိုးမြင်များ ကမ္ဘာပတ်
ပြည်သူရော အစိုးရပါ ကိုယ်စွမ်းနိုင်သမျှ ကြိုးစားနေကြချိန်မှာ တချို့သော ပြည်ပအမြင်တွေကတော့ သိပ်ပြီး အပြုသဘော မဆောင်တာလည်း တွေ့ရပါတယ်။ ရောဂါစစ်ဆေးခံရတဲ့ နိုင်ငံခြားသားတယောက်က သူ့ရဲ့ တွစ်တာအကောင့်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကျေနပ်ကြောင်း ရေးထားတာကို ဟာသလုပ်ကြတယ်။ ဂါးဒီယန်း၊ နယူးယောက်တိုင်း စတဲ့ သတင်းစာတွေကတော့ မသေချာ မရေရာတဲ့ သတင်းအရင်းအမြစ်၊ သို့မဟုတ် မိမိလိုချင်တဲ့အပိုင်းကို ကောက်နုတ်ပြီး မြန်မာနိုင်ငံဟာ COVID-19 နဲ့ ပတ်သက်လာရင် အမှန်တရားကို လိမ်လည်နေသယောင် ရေးထားကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဦဇော်ဌေးပြောထားတဲ့ စကားထဲက တချို့ကို ကောက်နုတ်၊ ပြီးရင် ဆရာဝန် တယောက်၊ နှစ်ယောက်ရဲ့ အမြင်ကို ဖော်ပြပြီး အစိုးရတရပ်အနေနဲ့ ပြည်သူကို လိမ်လည်နေသယောင် ရေးထားကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူလို့ အမည်တပ်ထားသူ တချို့ကလည်း သတင်းတွေကို ပြန်လည်ဝေမျှ၊ သတင်းတွေက သူတို့ကို ကိုးကားနဲ့ မီးလောင်ရာကို ကောင်းကောင်းကြီး လေပင့်ကြပါတယ်။
အဆိုးဆုံးက လူမှုကွန်ရက်မှာ ဘာသာရေး ယုံကြည်မှုနဲ့ ပြုမှုပြောဆိုကြတာတွေကို ပြည်သူအားလုံး လုပ်သယောင် ကောက်ချက်ဆွဲ ရေးပြတာပါ။ နဂိုကတည်းက ဘာသာတခုအပေါ် အမုန်းစိတ်နဲ့ မြင်ချိန်မှာ ဘာသာတခုကို သေးသိမ်အောင် လုပ်တဲ့သဘောလည်း တွေ့ရပါတယ်။ တကယ်တော့ အရှေ့တိုင်းမှာ အခုလို စိတ်ဖိစီးမှုများတဲ့ ကာလမှာ မိမိယုံကြည်ရာ ဘာသာတရားထံက စိတ်သက်သာမှု ရယူကြတာဟာ ယဉ်ကျေးမှုလို ဖြစ်နေပါပြီ။ ဒီအတွက် အပြစ်ဆိုစရာလို့လည်း မမြင်ပါ။
ထို့အတူ ပြည်တွင်းရောက် နိုင်ငံခြားသား အများစုရဲ့ အမြင်မှာလည်း ထိုနည်းနှင်နှင် သိပ်မကွာလှပါဘူး။ သူတို့အတွက် အနည်းဆုံး ဘန်ကောက်လောက် သွားခိုလုံရမှ စိတ်ချတယ်လို့ တွေးထားတတ်ကြပါတယ်။ ဒီသဘောကို တွန်းအားပေးတာက သံရုံးတချို့ရဲ့ အပြုအမှုပါ။ ယူကေသံရုံးရဲ့ ထုတ်ပြန်ကြေညာချက်ဟာဆိုရင် တက်ကြွတဲ့ အွန်လိုင်းပေါ်က နိုင်ငံသားတွေရဲ့ အာရုံစိုက်မှုကို ရပြီး မကျေနပ်သံတွေနဲ့ မှတ်ချက်ပြု သရော်ကြပါတယ်။
ပုံမှန်အားဖြင့် မိမိနိုင်ငံသားတွေကို သတိပေးနှိုးဆော်တာဟာ ဘာမှ မမှားပေမယ့် မြန်မာနိုင်ငံအပေါ် မကောင်းမြင်နှိမ့်ချတဲ့ အသုံးအနှုန်းများ ပါနေတယ်လို့ မှတ်ချက်ပြုသူများက ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ အီးယူနဲ့ အမေရိကန်သံရုံးကတော့ ပါးနပ်စွာနဲ့ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး ကြေညာချက်တွေ ထုတ်တာကို တွေ့ရပါတယ်။
ပြည်တွင်းအမြင်
အထက်က အမြင်မျိုးကို သံယောင်လိုက်တဲ့သူတွေလည်း ရှိမှာပါပဲ။ သူတို့မှာ ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်ခွင့် ရှိပေမယ့် မြန်မာနိုင်ငံအပေါ် လေးစားသမှု ရှိသင့်တာတော့ အမှန်ပါ။ သို့ပေမယ့်လည်း သူတို့ဘာပြောပြော ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ဖို့ကတော့ ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် မယုံကြည်ကြတာကို ကြည့်ရင် အပိုင်းနှစ်ပိုင်း ခွဲမြင်နိုင်ပါတယ်။ ပထမတချက်ကတော့ အစိုးရရဲ့ လုပ်ကိုင် ပြုမှုပုံကို မယုံကြည်ဘဲ၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘူးလို့ မြင်တာပါ။
ဒုတိယတမျိုးကတော့ အစိုးရကအကောင်းဆုံး လုပ်နေပေမယ့် မြန်မာပြည်ရဲ့ အရှိတရားက တကယ့်တကယ် ရောဂါကူးစက်မှုတွေ အများကြီး ရှိလာရင် ကိုင်တွယ်နိုင်တဲ့ အင်အားမရှိဘူးလို့ မြင်ကြတာပါ။ အစိုးရရဲ့ လုပ်ဆောင်ချက်ကိုတော့ မိမိဘာသာ ဆက်လက်စောင့်ကြည့်ပြီး စိတ်ထားကောင်းနဲ့ ဝေဖန်အကြံပြုတာမျိုး လုပ်ကြပါ။ ဒါပေမယ့် ဒုတိယ တချက်ကတော့ မြန်မာနိုင်ငံသားတွေအတွက် အထူးနားလည်ဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။ ဘာကြောင့် အရေးကြီးလဲဆိုရင် အရှိတရားကို လက်ခံပြီး ရင်ဆိုင်ကြဖို့ အတွက် ဖြစ်ပါတယ်။
ဆင်းရဲခြင်းကိုယ်၌က ရောဂါ
မြန်မာပြည်ဟာ ဆင်းရဲတဲ့တိုင်းပြည် ဖြစ်တယ်ဆိုတာ ထူးပြီးကြွားစရာ မလိုပါ။ ဆင်းရဲခြင်း ကိုယ်၌က ရောဂါတမျိုး ဖြစ်ပါတယ်။ လတ်တလော လေ့လာမှုတချို့မှာ COVID-19 ဟာ ရောဂါအခံ ရှိသူတွေ၊ အသက်ကြီးသူတွေမှာ သေဆုံးမှု ပိုများတယ်လို့ ဆိုကြပါတယ်၊ သေချာခိုင်မာအောင်တော့ ဆက်လက်လေ့လာရန် လိုအပ်သေးပါတယ်။
လူတဦးချင်းရဲ့ ဆင်းရဲမှုနဲ့ COVID-19 ရဲ့ ဆက်စပ်မှုကိုရော ထည့်သွင်း စဉ်းစားသင့်ပါသလား။ အခုအချိန်မှာ တိတိကျကျ စဉ်းစားလို့ မရနိုင်သေးပေမယ့် တိုင်းပြည်တပြည်ရဲ့ ဆင်းရဲချမ်းသာမှုကတော့ အခရာ ကျတာကို မြင်သာနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေဟာ ငွေကြေးကုန်ကျမှု များစွာ ရှိလို့ ဖြစ်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေက ငွေအား၊ လူအားတွေ ပုံအောပြီး လုပ်ဆောင်နိုင်ချိန်မှာ ဆင်းရဲတဲ့မြန်မာအတွက်က အကန့်အသတ်အများကြီး ရှိပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေတောင် အမှန်တကယ် ဖြစ်လာရင် သက်ရောက်မှု ကြီးမားတဲ့အတွက် မြန်မာလို နိုင်ငံအတွက်ဆို ပိုဆိုးနိုင်တယ်လို တွက်ဆကြတာ ဖြစ်ပါတယ်။ တွက်ဆကြတာဖြစ်တဲ့အတွက် တပ်အပ်တော့ မသေချာသေးပါဘူး။ ဒါပေမယ့် ကြိုတင်ပြင်ဆင်တာ မမှားဘူးမို့လား။ ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာမှာ အစိုးရတခုတည်းကို ဆိုလိုတာမဟုတ်ဘဲ၊ ပြည်သူတရပ်လုံး အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် သူ့ရဲ့ မိန့်ခွန်းမှာ COVID-19 အတွက် ရန်ပုံငွေတရပ် ထူထောင်ထားကြောင်းနဲ့ လှူဒါန်းကြဖို့ နှိုးဆော်ထားပါတယ်။
အစိုးရကိုလည်း သတင်းဆက်သွယ် ပြန်ကြားရေးတွေ၊ ရောဂါရှာဖွေ စစ်ဆေးရေးတွေကို ပိုပြီး ကောင်းသထက် ကောင်းအောင် လုပ်ဖို့ တိုက်တွန်းရမှာ ဖြစ်သလို၊ ပြည်သူတွေဘက်ကလည်း အလေးအနက်ထား လိုက်နာကြဖို့ကို တွန်းအားပေးရမှာ ဖြစ်ပါတယ်။ ဒီသဘောကိုပဲ နိုင်ငံတော် အတိုင်ပင်ခံရဲ့ မိန့်ခွန်းမှာ ပြည်သူ့အင်အားဆိုပြီး ပြောသွားပါတယ်။ တကယ်တော့ အစိုးရနဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်ခြင်းလည်း ဖြစ်ရပါမယ်။
COVID-19 ရဲ့ နောက်ဆက်တွဲက ကျန်းမာရေးရဲ့ ပြင်ပအထိ သက်ရောက်နိုင်မှုပါ။ အခုလတ်တလောမှာတင် မြင်သာတာက အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းခြင်းပါ။ တခြားသော နောက်ဆက်တွဲတွေလည်း လာနိုင်ပါသေးတယ်။ ကိစ္စရပ်တခုချင်းအလိုက် စနစ်တကျ သုံးသပ်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်တယ် ဆိုတာလည်း ကြောက်ဖို့ မဟုတ်ပါဘူး။ အဆိုးဆုံးတွေကိုသာ တွေးပြီး ကြောက်နေရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာမှ လုပ်လို့မရတာတော့လည်း မဟုတ်ပါဘူး။ အနိမ့်ဆုံး ကိုယ်တိုင် လိုက်ပါ လုပ်နိုင်တာတွေ ရှိပါသေးတယ်။
အဲဒါတွေကတော့ လူတဦးချင်းဆီတိုင်း လိုက်နာရမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေပါ။ ဒီလို ကြိုတင်ကာကွယ် စနစ်တကျ လုပ်ဆောင်ခြင်းဟာ ထိရောက်မှု ရှိတာကိုလည်း တချို့သော နိုင်ငံတွေရဲ့ နမူနာကနေ အတိအလင်း တွေ့နိုင်နေပါပြီ။
ဖေးမကူညီကြ
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာတာအပြင် လူတဦးချင်း ကိုယ်တိုင်လုပ်နိုင်တာတွေ ရှိပါသေးတယ်။ အဲဒါကတော့ မိမိနိုင်ငံသားအချင်းချင်း ကြည့်ရှုစောင့်ရှောက် ကြရမယ့် (Duty of care) တာဝန်ပါ။ အခုလို ရောဂါတွေ ကပ်ဘေးအသွင်ဖြစ်လာရင် အစိုးရက ဟိုဟာမလုပ်ဘူးလား၊ ဒီဟာမလုပ်ဘူးလား၊ အစိုးရကလည်း ပြည်သူဒီဟာမလုပ်ဘူးလားဆိုပြီး အပြန်အလှန် ထောင်လိုက် စဉ်းစား ပြောဆိုတတ်ကြပါတယ်။ တချိန်တည်းမှာပဲ ပြည်သူအချင်းချင်း အပြန်အလှန် ရေပြင်ညီ လုပ်ဆောင်ရမယ့် တာဝန်တွေ ရှိတာကိုလည်း မမေ့ရမှာဖြစ်ပါတယ်။ လူဆိုတာ ကိုယ့်ဒုက္ခသာ အကြီးဆုံး ပြဿနာအဖြစ် မြင်တတ်ကြတာ မဆန်းပေမယ့် ကိုယ့်ထက် အခြေအနေဆိုးနေတဲ့ လူတွေ မြန်မာပြည်မှာ အများကြီး ရှိနေသေးတယ်ဆိုတာကို သတိပေးနှိုးဆော်ချင်ပါတယ်။
ဒီအထဲမှာ ထိပ်ဆုံးကအဖြစ် မျှော်ကြည့်ရမှာကတော့ ဒုက္ခသည်တွေပါ။ မြန်မာပြည်မှာ စစ်ပွဲတွေ မရပ်နိုင်သေး တာကြောင့်၊ ပဋိပက္ခတွေ မဖြေရှင်းနိုင်သေးတာကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒုက္ခသည်ပေါင်း သိန်းသောင်းချီပြီး ရှိပါတယ်။ သူတို့ဟာ ကိုယ့်အိုးကိုယ်အိမ်ကို စွန့်ခွာပြီး ကျပ်တည်းသိပ်သည်းတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဖြတ်သန်းနေကြရတာပါ။ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းဒေသတွေမှာ အများစုဖြစ်ပါတယ်။ သူတို့စခန်းထဲကို နောက်ထပ် ရောဂါကပ်ဘေးရောက်လာရင် ဆိုတာမျိုးကို မြို့ပြီးပြကြီးမှာ နေတဲ့လူတွေက တွေးတောပေးဖို့ လိုပါလိမ့်မယ်။
နောက်တခုကတော့ ဆင်းရဲသား တနေ့လုပ်မှ တနေ့စားတွေပါ။ သန်းချီတဲ့ ဒီလိုလူတွေဟာ လောလောဆယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှာထက် ထမင်းငတ်မှာကို စိုးရိမ်နေကြရသူတွေပါ။ ဒီအတွက် အစိုးရအနေနဲ့ အရေးတယူ စဉ်းစားရမယ့် ကိစ္စတွေ ရှိလာမှာ ဖြစ်သလို နိုင်ငံသားတဦးချင်း အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က စဉ်းစားကူကြရမှာ ဖြစ်ပါတယ်။
မလိုအပ်ဘဲ ကိုယ့်ရဲ့ အကြောက်တရားနဲ့ တုန့်ပြန်မှု (သို့မဟုတ်) တာဝန်မဲ့ လျစ်လျူရှုမှုတွေက တခြားသူတွေအပေါ် သက်ရောက်မှုရှိရင် အဆင့်ဆင့် ဒုက္ခရောက်ကြရတဲ့အခါ သူတို့က ပိုပြီး ထိခိုက်ခံစားရနိုင်ပါတယ်။
အထက်က ပေးခဲ့တဲ့ တာဝန်သိ နိုင်ငံသားတချို့ရဲ့ နမူနာကို ယူပြီး မိမိတို့ ဘာလုပ်ပေးနိုင်မလဲ စဉ်းစားစေချင်ပါတယ်။ အနိမ့်ဆုံးနဲ့ အလွယ်ကူဆုံးအနေနဲ့ကတော့ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခြင်းမျိုးပါ။ ငွေအားလူအား လုပ်နိုင်တာတွေ အများကြီးပါ။
နောက်ဆုံး ခြုံငုံပြီး ပြောရရင် နှစ်ချက်ပဲ တိုက်တွန်းချင်ပါတယ်။ တစ် – အကြောက်မလွန်ဘဲ စိတ်တည်တည်ငြိမ်ထားကြဖို့၊ နှစ် – အစိုးရရဲ့ ညွှန်ကြားချက်တွေကို ပေါ့ပေါ့လျော့လျော့ မထားဘဲ အတိအကျ လိုက်နာကြဖို့သာ ဖြစ်ပါတယ်။ ဒီအတွက် “စိတ်ဓာတ်ကို အမြင့်ဆုံးထား၊ လုပ်သင့်လုပ်ထိုက်တာကို အသေးအမွှားကစလို့ ဂရုတစိုက်လုပ်” လို့သာ နှိုးဆော် လိုက်ရပါတယ်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
You may also like these stories:
ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူအများစု ဘယ်လောက် လက်လှမ်းမီပြီလဲ