လွန်ခဲ့သောနှစ် နိုဝင်လာလက ဘူဆန်တွင် ကျင်းပသည့် မဲခေါင်-ကိုရီးယား သမ္မတနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်များသည် သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရေးနှင့် သဘာ၀ဘေးအန္တရာယ် ခံနိုင်ရည်ရှိရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
ရာသီဥတုပြောင်းလဲမှု ကဲ့သို့ပင် ကူးစက်ရောဂါ တိုက်ဖျက်ရေးသည် မိမိတို့၏ ပူးပေါင်းဆောင်ရွက်တုန့်ပြန်ရန် လိုသော အစီအစဉ်အဖြစ် ယခင်ထက် ပိုမိုလိုအပ်လာသည်။ လက်ရှိဖြစ်ပွားနေသော Covid-19 ကမ္ဘာတဝှမ်း ကူးစက်ရောဂါသည် ထင်ရှားသော ဥပမာဖြစ်လာသည်။
မာ့တွိမ်း Mark Twain ပြောသကဲ့သို့ သမိုင်းသည် တပတ်မလည်တတ်သော်လည်း မကြာခဏဆိုသလို ကာရန်ညီတတ်သည်။ ကူးစက်ရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်းသည် သာမန်ဖြစ်ရပ်သစ်များ ဖြစ်လာသည်။ တားဆီးကာကွယ်ခြင်း၊ လျှော့ချခြင်းနှင့် လိုက်လျှောညီထွေ နေထိုင်ခြင်းတို့သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် လမ်းညွှန်မူများဖြစ်သကဲ့သို့ ခြေရာခံခြင်း၊ စမ်းသပ်ခြင်းနှင့် ကုသခြင်းသည် ကူးစက်ရောဂါ တားဆီးရေးအတွက် ပရိတ်တော်ဖြစ်သည်။ မှော်ပညာဖြင့် အဖြေရှာမရနိုင်။ တိကျသော စစ်ဆေးမှုဖြင့် လူနာကို စောစီးစွာ ရှာဖွေရေးနှင့် သီးခြားခွဲထားခြင်းသည် ထိုဗိုင်းရပ်စ် ထပ်မံပျံ့နှံ့မှုကို တားဆီးရေးနှင့် သေဆုံးမှုနှုန်း လျှော့ချရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
မိမိတို့သည် အကျပ်အတည်းမှ မလွတ်မြောက်သေးသော်လည်း လေ့လာပြီးသော သင်ခန်းစာများကို အပြင်းအထန် ဆန်းစစ်သင့်သည်။ ဤနေရာတွင် ကိုရီးယားနိုင်ငံက ချမှတ်ခဲ့သော အစီအမံများသည် လေ့လာသင့်သော အရာများဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟန်နွမ် ဂျီဘရေးရီဆပ်က ၂၀၀၉ ခုနှစ် H1N1 ဖြစ်ပွားမှုအပြီး ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်ကြောင်း ကြေညာလိုက်သောအခါ ကိုရီးယားသမ္မတနိုင်ငံတွင် အတည်ပြုနိုင်သော ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့ကျခြင်းသည် အပြင်းအထန် ရောဂါရှာဖွေ စမ်းသပ်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်လူနာနှင့် ထိတွေ့ဆက်ဆံဖူးသူနှင့် အခြားအန္တရာယ် ကျရောက်ခံရနိုင်သူများကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုကြောင့် ဖြစ်ကြောင်း သူက ပြောသည်။
စမ်းသပ်စစ်ဆေးခြင်းနှင့် ပတ်သက်လျှင် တောင်ကိုရီးယားနိုင်ငံသည် စံနမူနာဖြစ်သည်ဟု နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူနှင့် မီဒီယာအချို့က မြင်ကြသည်။ မတ်လ ၁၁ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ တက်ဒရို့စ်က တောင်ကိုရီးယားနိုင်ငံ၏ ရောဂါဖြစ်ပွားမှုများအားလုံးနှင့် ထိတွေ့ဆက်ဆံခဲ့သောသူများကို ဖော်ထုတ်နိုင်ခြင်းအတွက် ချီးကျူးပြောကြားသည်။ လူပေါင်း ၁၈၀၀၀ နီးပါးကို တောင်ကိုရီးယားနိုင်ငံတွင် ရောဂါကူးစက်ခံရခြင်း ရှိမရှိ နေ့စဉ် စစ်ဆေးနေပြီး လက်ရှိအချိန်အထိ ကမ္ဘာ့မည်သည့်နိုင်ငံထက်မဆို လူဦးရေ အချိုးအစားအရ ပိုမိုများပြားသည်။
မတ်လ ၁၅ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံတွင် ရောဂါရှာဖွေစမ်းသပ်မှု ၂၆၈၂၁၂ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားရှိ လူ ၁၉၃ ဦးလျှင် တဦးခန့်ကို စမ်းသပ်စစ်ဆေးပြီးဖြစ်နေပြီး ရောဂါကူးစက်ခံရသော အခြားနိုင်ငံများထက် ယှဉ်လျှင် လွန်စွာမြင့်မားသော အချိုးအစားဖြစ်နေသည်။ ထိုကဲ့သို့ ထူးခြားသော ရောဂါရှာဖွေ စမ်းသပ်မှု စွမ်းရည်ကို တည်ဆောက်ခြင်းသည် H1N1 နှင့် MERS ကဲ့သို့သော ယခင်ရောဂါဖြစ်ပွားမှုများအပြီး ရရှိသော အရေးအပါဆုံး သင်ခန်းစာများအနက် တခုဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ စမ်းသပ်စစ်ဆေးမှု စွမ်းရည်ကို ပိုမိုကောင်းမွန်စေသောအချက်မှာ တီထွင်ဆန်းသစ် ထိရောက်သော စမ်းသပ်စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ စစ်ဆေးမှုများ ပိုမိုလိုအပ်လာခြင်းကို ဖြည့်ဆည်းရန်အတွက် ဆေးပညာအသိုင်းအဝိုင်းသည် ကားပေါ်မှသူများကို အောက်မဆင်းစေဘဲ စစ်ဆေးရမည့် နမူနာရယူသည့် စခန်းအများအပြားကို ထူထောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ယာဉ်မောင်းနှင်သူများသည် ယာဉ်အပြင်သို့ မထွက်ဘဲ၊ မှတ်ပုံတင်ပြီး စစ်ဆေးမှုအတွက် လိုအပ်သော နမူနာရယူသည့် လုပ်ငန်းကို ၁၀ မိနစ်အတွင်း ဆောင်ရွက်လာနိုင်ကြသည်။ ထိုသို့လုပ်ဆောင်သောကြောင့် ဆေးရုံပြင်ပမှ အလားအလာရှိသော လူနာများကို ထိန်းသိမ်းထားနိုင်ပြီး ဆေးရုံများနှင့် ရောဂါ ကူးစက်နိုင်ခြေအပေါ် ဖိအားလျှော့ကျစေပြီး မျက်နှာပြင်များတွင် ပိုးသတ်ခြင်းနှင့် ဆေးရုံတွင်း စစ်ဆေးရမည့် နမူနာယူရန်လိုသည့် အခြားတားဆီးကာကွယ်ရေး အစီအမံများ လိုအပ်ချက်ကို ပျောက်ကွယ်စေပြီး အချိန်ကုန်သက်သာစေသည်။
ယာဉ်မောင်းနှင်လာသူများသည် ကားပြင်သို့ထွက်ရန် မလိုပေ။ စစ်ဆေးရမည့် နမူနာများကို ဆေးဝန်ထမ်းများ စောင့်ဆိုင်းနေသည့် အနီးရှိ ဓာတ်ခွဲခန်းများသို့ အလျင်အမြန်ပေးပို့သည်။ ကိုရီးယား သမ္မတနိုင်ငံ၏ ထိုသို့လုပ်ကိုင်ခြင်းကို အမေရိကန်အပါအဝင် အခြားနိုင်ငံများ စံအဖြစ်လေ့လာနေသည်။
ထိုသို့ အပြင်းအထန် လိုက်လံခြေရာခံ စမ်းသပ်သောနည်းလမ်းနှင့်အတူ တောင်ကိုရီးယား အစိုးရသည် ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို အချိန်နှင့် တပြေးညီ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သည်။ တနည်းအားဖြင့်ကြည့်ပါက တောင်ကိုရီးယားတွင် အတည်ပြုနိုင်သည့် ရောဂါဖြစ်ပွားမှုများပြားခြင်းသည် “ထိုနိုင်ငံ အောင်မြင်မှုများ၏ သားကောင်ဖြစ်သည်”ဟု အချို့ကျွမ်းကျင်သူများပြောသည်။ လက်တွေ့တွင် ထိုနည်းလမ်းသည် အသက်များကို ကယ်တင်နိုင်သည်ဟု ယူဆရသည်။ မတ်လ ၁၆ ရက်နေ့အထိ တောင်ကိုရီးယားတွင် ထို ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းမှာ ၀.၉ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်။
တောင်ကိုရီးယားနိုင်ငံ၏ တားဆီးကာကွယ်မှုနည်းလမ်းများကို အကြီးအကျယ် ချီးကျူးကြသည့် အခြားအကြောင်းရင်းတခုလည်းရှိသေးသည်။ တောင်ကိုရီးယားသည် ယခုအချိန်အထိ မည်သည့်ပိတ်ဆို့ခြင်း၊ လမ်းပိတ်ခြင်းနှင့် သွားလာမှုကန့်သတ်ခြင်းကိုမျှ ချမှတ်ခြင်းမရှိသေးပေ။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပြီးတွင် အထူးဝင်ရောက်ခွင့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သည်။ ပြည်တွင်းသို့ ဝင်ရောက်မည့်သူများအနေဖြင့် အထူးပြုလုပ်ထားသည့် မိမိကိုယ်မိမိ ရောဂါရှာဖွေသည့် အပလီကေးရှင်းများကို ၎င်းတို့၏ စမတ်ဖုန်းများတွင် တပ်ဆင်ရန် မေတ္တာရပ်ခံသည်။ ခရီးသွားသူများသည် မိမိတို့၏ နေ့စဉ် ကျန်းမာရေးအဆင့်ကို ထိုအပလီကေးရှင်တွင် ၁၄ ရက်ကြာ ဖော်ပြရပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့်ကို အစိုးရ အာဏာပိုင်များက စောင့်ကြည့်နေသည်။ အသုံးပြုသူများက ထိုသတင်းနည်းပညာ အခြေခံသော တီထွင်ဆန်းသစ်သည့် ခြေရာခံစောင့်ကြည့်ခြင်းကို လွန်စွာ တန်ဖိုးထားကြသည်။ နိုင်ငံမှ ပြန်လည် ထွက်ခွာသောအခါတွင်လည်း တောင်ကိုရီးယားသည် ဗိုင်းရပ်စ် ပြင်ပသို့ ကူးစက်ခြင်းကို စီမံသည့် ကောင်းမွန်သော စနစ်ကို ဆောင်ရွက်ထားသည်။
ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနှင့် ထိတွေ့ဆက်ဆံဖူးသူများ ပြည်ပခရီးသွားခြင်းကို တားမြစ်ထားပြီး လေဆိပ်များတွင်ထိရောက်သော အဆင့် ၃ ဆင့်ဖြစ်သည့် ခန္ဓာကိုယ် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်သည်။
အစိုးရက ဗိုင်းရပ်စ်ပိုးကို အစွမ်းကုန် တုန့်ပြန်ဆောင်ရွက်နေချိန်တွင် လူမှုအခြေပြု အဖွဲ့အစည်းများက စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်လာသည်။ အဓိကကျသော အခမ်းအနားများကို ဖျက်သိမ်းကြသည်။ ဘုရားကျောင်းတွင် ဝတ်ပြုခြင်းကို အွန်လိုင်းတွင်ပြုလုပ်သည်။ ကုမ္ပဏီများက ဝန်ထမ်းများကို အိမ်မှသာ အလုပ်လုပ်စေသည်။ ခွဲခြားနေထိုင်ခြင်း Social distancing ကို စနစ်တကျပြုလုပ်သည်။
ဗိုင်းရပ်စ်ပြဿနာကို ကိုင်တွယ်ရာတွင် လုံးဝခရီးသွားလာမှု ပိတ်ပင်ခြင်းသည် ထိရောက်မှု အကန့်အသတ်ဖြင့်သာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျွမ်းကျင်သူများပြောသကဲ့သို့ပင် ထိုသို့ပိတ်ပင်ခြင်းသည် တုန်လှုပ်ခြောက်ခြားမှုနှင့် ပြင်းထန်ပြီး မရည်ရွယ်သော အခြားဆိုးကျိုးများကိုဖြစ်စေသည်။
ယခုနှစ်တွင် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် ၄၅ နှစ်ပြည့်မြောက်သည်။ မိမိတို့ မိတ်ဆွေနှစ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သည် မှန်မှန်ကျယ်ပြန့်လာနေသည်။ မြန်မာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ပိုမိုတောက်ပသော အနာဂတ်ကို ဖော်ဆောင်နေသောကြောင့် ကူးစက်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာတွင် နှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို စိတ်တွင်အစဉ် မှတ်သားထားရမည်ကို ပြောရန်မလိုတော့ပေ။
(လီဆန်းဟွာသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ၎င်းရေးသားသော Pandemic Makes Case for Partnership Between ROK and Myanmar, Other Mekong Nations ကို ဘာသာပြန်ဆို ဖော်ပြသည်။)
You may also like these stories:
နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်
ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူရန် ဝင်ထွက်ပိတ်ရုံ မလုံလောက်ဟု WHO ပြော