မြန်မာနိုင်ငံတွင် မတ်လ တတိယအပတ်မှစ၍ ပြန်တော်ပြန်ခရီးသည်များ စောင့်ကြည့်ရေးနှင့် ရန်ကုန်လေဆိပ် ဝင်ပေါက်ထိန်းသိမ်းရေးဆိုင်ရာ စီမံချက်များ ချမှတ်ဆောင်ရွက်ပြီးသည့်နောက်ပိုင်း Covid-19 လူနာရှင် ၅ ဦး ခန့်ကို အင်္ဂလန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျမှ ပြန်လာကြသူများအကြားတွင် ရှာဖွေတွေ့ရှိ ထိန်းချုပ်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် ယခုအခါ Covid-19 ကပ်ရောဂါဆိုး တတိယလှိုင်းလုံးကြီးတွင် ပါဝင်သော ကူးစက်နည်းများဖြစ်သည့် ပြည်တော်ပြန်များမှ ကူးစက်ခြင်း၊ ရပ်ရွာလူထုအတွင်း ကူးစက် ပျံ့နှံ့ခြင်းနှင့် မျိုးရိုးဗီဇပြောင်းသွားသော ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်မှ ကူးစက်ခြင်းတို့ကို အခြားနိုင်ငံများနည်းတူ စတင်ကြုံတွေ့နိုင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း မတ်လ အတွင်း မြဝတီ- မဲဆောက်တံတားမှ တဆင့် ပြန်လည်ဝင် ရောက်လာသူ ၂၃၀၀၀ ကျော်ရှိပြီ ဖြစ်ရာ မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေပြီဖြစ်၍ ပြန်လည်ဝင်ရောက်လာသူများတွင် COVID-19 ရောဂါကူးစက်ခံရသူများ ပါဝင်လာနိုင်ချေ များပြားပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန်များနေကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လေကြောင်းခရီးဖြင့် ပြန်လာကြသော ပြန်တော်ပြန်များ၏ ရောဂါပိုးကူးစက်နိုင်မှုကို ထိန်းချုပ်နိုင်ခဲ့ပေးသည်။ သို့ရာတွင် ပိုမိုအန္တရာယ်ရှိသည့် တတိယလှိုင်းလုံးမှာမူ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ ပြန်လာကြမည့် အခြေခံလူတန်းစား ရွေ့ပြောင်း အလုပ်သမားများ၏ အရေးကိစ္စပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လှိုင်းလုံးကြီးသဖွယ် ပြန်လည်ဝင်ရောက်လာသည့်အပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲရန် အဆင်သင့်မဖြစ်ပါ။ နယ်စပ်ဒေသတလျှောက်ရှိ ဝင်ပေါက်များစွာတို့နှင့် ထိစပ်နေသော ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံများမှာ ယခင်ကတည်းက အားနည်းခဲ့ကြသည်။ ယင်းအချက်သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေး အစီအမံတွင် အားနည်းသော လစ်ဟာမှုတရပ် ဖြစ်လာသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၇ စစ်တမ်းများအရ အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ သုံးပုံ တပုံ ခန့်မှာ မြန်မာနိုင်ငံမှဖြစ်သည်။ အာဆီယံအတွင်း လူဦးရေအများဆုံး မြန်မာနိုင်ငံလူဦးရေ၏ ငါးဆများသော အင်ဒိုနီးရှားသည်ပင် မြန်မာ၏ ထက်ဝက်မျှသာ ရွှေ့ပြောင်းလုပ်ကိုင်ကြသည်။
မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခန့်မှန်းချက် အရ မြန်မာနိုင်ငံသား ၃ ဒသမ ၈ သန်းကျော်သည် နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လျှက်ရှိပြီး ယင်းအနက် ၉၀ ရာခိုင်နှုန်းကျော်ခန့်မှာ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြပါသည်။ ထိုင်းအာဏာပိုင်များ၏ သတင်းအရ မြန်မာနိုင်ငံသား ၂ သန်းခန့်သာ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိပြီး နောက်ထပ် ၁ ဒသမ ၃ သန်းခန့်သည် စာရင်းမပေါက်သည့် တရားမဝင် ရွှေ့ပြောင်း လုပ်ကိုင်သူများဖြစ်ကြသည်။
ပုံ (၁) အာဆီယံဒေသတွင်း ရွှေ့ပြောင်းလုပ်ကိုင်သူများ (ဇာတိနိုင်ငံများ နှင့် လက်ခံနိုင်ငံများ)
ရွှေ့ပြောင်းလုပ်ကိုင်မှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသော်လည်း မြန်မာအလုပ်သမား ၃ သိန်းခန့်သာ MOU စာချုပ် စနစ်အရ အလုပ်လုပ်ကိုင်နိုင်သေးသည်။ အများစုမှာ အလုပ်စာချုပ် စနစ်တကျချုပ်ဆိုထားခြင်းမရှိဘဲ ကျပန်းအလုပ်များကိုသာ ကြုံရာဝင်ရောက်လုပ်ကိုင်ရသည့် အခြေအနေတွင် ရှိနေသည်။ ယခုအချိန်ခါတွင် ယင်းတို့အားလုံးမှာ စီးပွားရေးနှင့် ကျန်းမာရေး အခြေခံအဆောက်အဦများ အားကောင်းသော ထိုင်းနိုင်ငံ အတွင်းတွင် နေထိုင်နေလင့်ကစား ကျန်းမာရေးနှင့် လူမှုစီးပွားဆိုးကျိုးများကို ခါးစည်းခံရမည့် အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရသည်။
အမှန်စင်စစ် မြန်မာနိုင်ငံသည် ရွေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံဖြစ်သည်။ Covid-19 ကပ်ရောဂါဖြစ်ပွားလာသည့်အခါ ယင်း၏ နောက်ဆက်တွဲ စီးပွားရေးနှင့် ကျန်းမာရေးသက်ရောက်မှုများပေါ် ခုခံကာကွယ်ပေးနိုင်သော လူမှုအကာအကွယ်များအလုပ်သမားများတွင် မရှိချေ။ ထိုင်းနိုင်ငံ၏ သုတေသနစစ်တမ်း တခုအရ မြန်မာအလုပ်သမားများ အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသော အလုပ်အကိုင်များမှာ 3D အလုပ်များ ဟု ခေါ်တွင်သော အန္တရာယ်များ၍ လူအများမလုပ်ချင်သည့် အလုပ်ကြမ်းများ ဖြစ်နေသည်။ ယင်းသို့တိုင် ထိုအလုပ် မားမှာ မြန်မာနိုင်ငံတွင်ရသည့် လစာထက် ၃ ဆ ပိုများသောကြောင့်ယခုတိုင် အလုပ်သမားများ ရွှေ့ပြောင်း လုပ်ကိုင်နေကြဆဲဖြစ်သည်။
ပြီးခဲ့သည့်အပတ်က ထိုင်းကျန်းမာရေး အာဏာပိုင်များက ကူးစက်ရောဂါ ထိန်းချုပ်ရေး ဥပဒေပုဒ်မ (၃၅)နှင့်အညီ မြို့တော်ခြေချုပ်ကန့်သတ်မှုများ လုပ်ဆောင်လာသောအခါ ကြုံရာကျပန်း လုပ်ကိုင်နေကြသော ထိုအလုပ်သမားထုသည် အလုပ်မရှိ ဝင်ငွေမဲ့ ဖြစ်ယုံသာမက ပုန်းခိုနေရသောကာလတွင် အငတ်ဘေးနှင့်ပါကြုံတွေ့နေရမည့် အန္တရာယ်နှင့်ပါ ရင်ဆိုင်လာရသည်။ ထို့နောက် ကောလဟာလများ ပြင်းထန်လာသည့်အခါတွင် အလုပ်သမား ၂ သိန်းခန့်သည် ထိုင်းမြို့များမှ ထိုင်း-မြန်မာနယ်စပ်သို့ ရုံးပိတ်ရက်အတွင်း အလုအယက်ပြန်ကြရာမှ နယ်စပ်ဂိတ်များတွင် ဖိတ်လျှံကျသည့်အထိ မနိုင်မနင်းဖြစ်ခဲ့ရပါသည်။
ဇယား (၁) မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်ကိုင်သူများ သွားရောက်သည့် နိုင်ငံများ
အထက်ပါ အရေးပေါ်အခြေအနေကို ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရများက အချိန်မီ စီမံခန့်ခွဲနိုင်ခဲ့သော်လည်း ရှေ့တန်းရောက်တာဝန်ရှိသူများ ကိုယ်တိုင်ပင် ကျန်းမာရေး အကာအကွယ် ဝတ်စုံများ၊ ထိန်းချုပ်ရေးကိရိယာများ ပြည့်စုံစွာ အသုံးချ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ တနင်္လာနေ့တွင် ထိုင်းအစိုးရမှ ခြေချုပ်လုပ်ငန်းစဉ်များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် စနစ်တကျစ ည်းကြပ် လုပ်ဆောင်လာသည့်အခါတွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုများ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ပါသည်။ သို့ရာတွင် အန္တရာယ်လှိုင်းများကား မရပ်တန့်သေးချေ။
စင်စစ် မြဝတီနယ်စပ်ဂိတ်သို့ တိုးဝင်ရောက်ရှိလာကြသူများမှာ တရားဝင်ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသော်လည်း ထောင်ပေါင်းများစွာသော တရားမဝင်အလုပ်သမားများမှာမူ တောလမ်းမှ ဖြတ်ကျော်ဝင်ရောက်လာဦးမည်ဖြစ်သည်။ ထို့အပြင်ထိုင်းနိုင်ငံ၏ ခြေချုပ်အမိန့်မှာ သင်္ကြန်အကြိုနေ့အထိ (ဧပြီလ ၁၂ ရက်နေ့အထိ) သာဖြစ်ပြီး လာမည့်အခါတွင်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် ရုံးများ ပိတ် မပိတ်၊ ခြေချုပ် အမိန့် ရှိ မရှိ ထပ်မံမသိရသေးချေ။ ဤသို့သော မရေရာ မသေချာသည့် အချိန်ကာလတွင် ရွှေ့ပြောင်းအလုပ်သမား များစွာတို့သည် မိမိနေရပ် မိသားစုများထံ ပြန်လာရေးကိုသာ ကြိုးပမ်းကြလိမ့်မည်ဟု ယူဆရပါသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဝင်ပေါက်များ၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ အဆောက်အဦများနှင့် စုဖွဲ့မှု အလုံအလောက်မရှိသည့် အားနည်းချက်ကို အချိန်မီပြင်ဆင်ရုံသာမက ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုရေးတာဝန်အသစ်များကိုလည်း သေချာစွာ နားလည်သဘောပေါက်ရန် လူထုပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။ ဥပမာအားဖြင့် Covid-19 ရောဂါပိုးတွေ့ရှိသူ လူနာ ၁ သည် ယင်း၏ ရိုးရာဓလေ့အတိုင်း ရွာမှလူကြီးသူမများအား လိုက်လံနှုတ်ဆက် အရိုအသေပြု၍ ဆွေမျိုးများနှင့် တွေ့ဆုံခဲ့ပါသည်။
ယခုအခါ Covid-19 ကပ်ရောဂါကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် လက်တကမ်းလူမှုရေးအလေ့အကျင့်များ social distancing ကို တန်ဖိုးထား ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် လမ်းညွှန်မိန့်ကြားထားသော်လည်း မြန်မာလူမျိုးတို့၏ ဆွေမျိုး မိတ်ဆွေ အားလုံးကို နှုတ်ဆက်ဂါရဝပြုလိုမှုက အကျင့်ပါနေဦးမည်ဖြစ်သည်။ ထိုအခါ အလုပ်သမားများအတွက် သီးခြား ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် အရေးကြီးလှပါသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအရေးသည် နယ်စပ်ဒေသများအတွက်သာမက တနိုင်ငံလုံး အတွက် အရေးပါလှသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းကဲ့သို့သော တိုင်းဒေသကြီးများတွင် ရွှေ့ပြောင်းအလုပ်သမား သွားရောက် လုပ်ကိုင်မှုမှာ အမြင့်မားဆုံးဖြစ်နေ၍ ယင်းတို့အပေါ် စီမံခန့်ခွဲမှုတာဝန်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အရေးပါနေဦးမည်ဖြစ်သည်။
ဤအခြေအနေမျိုးတွင် Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် ရပ်ရွာအခြေပြုကာကွယ်ရေးလုပ်ငန်းများအား ပါဝင်ထည့်သွင်းပြင်ဆင်ရန် အရေးပါလှပေသည်။ ယင်းလုပ်ငန်းစဉ်များသည် Covid-19 တတိယလှိုင်း၏ အဓိက အားနည်းချက်များဖြစ်သော ပြည်တော်ပြန်များမှ ကူးစက်ခြင်းနှင့် ရပ်ရွာလူထုအတွင်း ကူးစက်ခြင်း အခြေအနေများကို ခုခံကာကွယ်နိုင်ရန်ဖြစ်သည်။
ထိုသို့ပြင်ဆင်ရာတွင် နောက်ဆက်တွဲ ပြဿနာများဖြစ်သော ငွေရေးကြေးရေး၊ လူမှုရေး၊ အစိုးရဝန်ဆောင်မှုများ ပြတ်တောက်ကုန်မည့် အခြေအနေအတိုင်းအဆကို လည်း တဖက်တွင် ကြိုတင်တွက်ဆပြီး အကျိုးအပြစ်နှင့် အန္တရာယ်သုံးသပ်ချက်ကိုပါ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ပြီးမှ တနိုင်ငံလုံး အတိုင်းအတာဖြင့် စံ များသတ်မှတ်ကာ စနစ်တကျဆောင်ရွက်သင့်ပါသည်။ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း မဖြစ်သင့်ပါ။ ယခုအခါ အချို့ဒေသများတွင် ပြည်တော်ပြန်များကို လူမှုရေးအရ ဖယ်ကျဉ်ထားရုံသာမက အန္တရာယ်ပြုလိုသော လှုံ့ဆော်မှုများကို တွေ့ရှိလာရပြီး လူမှုရေးပဋိပက္ခများမဖြစ်ပွားခင် အချိန်မီတားဆီးနိုင်ရန် ပြင်ဆင်သင့်ပါသည်။
ပုံ (၂) မွန်ပြည်နယ် ကျေးလက်ဒေသအတွင်း ဝင်ငွေနည်း မိသားစုများမှသည် ဝင်ငွေများမိသားစုများ အကြား လွှဲပို့ငွေ အရေးပါမှု
ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်လာခြင်း၏ ကြီးမားသော စီးပွားရေး အကျိုးဆက်မှာ ယင်းတို့ ပြန်ပို့နေသော လွှဲပို့ငွေများ remittances ခြောက်ခမ်းသွားနိုင်ခြင်း ဖြစ်သည်။ မကြာသေးခင်က ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားများထံမှ လွှဲပို့ငွေ စုစုပေါင်း ဒေါ်လာ ၃ ဘီလီယံမှ ၁၀ ဘီလီယံအထိ ရှိနိုင်မည် ဟု ခန့်မှန်းထားပါသည်။ အခြားစစ်တမ်းတခု၏ လေ့လာချက်အရ ယင်းလွှဲပို့ငွေစုစုပေါင်း၏ လေးပုံ သုံးပုံမှာ ကျေးလက်နေအိမ်ထောင်စုများထံသို့ စီးဝင်သွားကြောင်းသိရပါသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က မွန်ပြည်နယ်အတွင်း အိမ်ထောင်စုပေါင်း ၃၀၀၀ နီးပါးကို စစ်တမ်းတခု ကောက်ယူခဲ့ရာတွင် ကျေးလက်အိမ်ထောင်စုတိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားတဦး အနည်းဆုံးရှိနေပြီး ယင်းတို့၏ လွှဲပို့ငွေသည် ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ ဝင်ထွက်နေကြောင်း သိရှိရပါသည်။ ထူးခြားသည်မှာ အိမ်ထောင်စုအသီးသီးတွင် ဝင်ငွေအနည်းဆုံးမိသားစုများမှ အများဆုံးမိသားစုအထိ မိသားစုဝင်တိုင်းက လွှဲပို့ငွေအပေါ် မှီခိုနေရခြင်းဖြစ်ပြီး ဝင်ငွေများသော အိမ်ထောင်စုများက ပိုမိုမှီခိုနေရသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။
မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် ပတ်သက်၍ ဝိဝါဒကွဲလွဲသောအချက်မှာ ပြည်တွင်းလုပ်ငန်းရှင်များက စီးပွားရေးကျနေသည် ဟု ငြီးတွားနေခဲ့ပြီး အခြေခံ ရပ်ရွာများတွင် စည်ကားလွန်းလှသည် ဟူသော အမြင် ကွဲပြားမှု ဖြစ်သည်။ စီးပွားရေးသမားများ ပြောနေသော လွန်ခဲ့သော ၄ နှစ်အတွင်း နိမ့်ကျလာသော မြန်မာ့စီးပွားရေးမှာ လက်တွေ့ ပြဿနာဖြစ်ပြီး ယင်း၏ လက္ခဏာများ ကို ဖုံးကွယ် ထောက်ကူပေးနေသည်မှာ ဤအလုပ်သမားများ၏ လွှဲပို့ငွေပင်ဖြစ်ပါသည်။
ကျေးလက်ရှိ အသေးစားစီးပွားရေးလုပ်ငန်းများ၊ အိမ်ထောင်စုသုံးစွဲငွေများ၊ ငွေလွှဲနှုန်း အတက်အကျများ၊ ကုန်သွယ်မှုလိုငွေပြမှုများနှင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း တို့ကို ကြားခံထိန်းညှိ ပေးနေသည်မှာ ပြည်တွင်းသို့ ဖြေးဖြေးမှန်မှန် စီးဝင်လျက်ရှိသော လွှဲပို့ငွေများပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအသီးသီးသည် လွှဲပို့ငွေအပေါ် တနည်းတဖုံ မှီခိုနေရသည်ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်လာမှုသည် မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှု ကြီးမားနိုင်ပါသည်။ ထို့ပြင် လတ်တလော ဖြစ်ပေါ်လျက်ရှိသော ငွေလွှဲနှုန်းအတက်အကျသာမက မက်ခရို စီးပွားရေးတည်ငြိမ်မှု ဝန်းကျင်ကိုပါ ပျက်ပြား စေနိုင်သည်အထိ ရိုက်ခတ်မှု ကြီးမည်ဖြစ်သည်။
ဤသို့လျှင် Covide-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ထူးခြားသော အခြေအနေနှင့် လိုအပ်ချက်များကို ထည့်သွင်းပြင်ဆင်မှသာလျှင် လူသားချင်း စာနာ ထောက်ထားရေး ရည်ရွယ်ချက်သာမက ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဦးတည်ချက်ကိုပါ ပြည့်မီစွာ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။
ယခင်က နိုင်ငံ့ဝင်ငွေကို သွေးချွေးဖြင့် ရှာကြံပေးခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ စီးပွားရေးအကျပ်အတည်းကိုလည်း သေချာစွာ ဖြေရှင်းပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် ယင်းရွှေ့ပြောင်းအလုပ်သမားများသည် နာမကျန်းဖြစ်နေသော မြန်မာ့စီးပွားရေး အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေကြသော အညတြသူရဲကောင်းများ ဖြစ်ကြသောကြောင့် ပြည်တော်ပြန်များအရေးကို လက်မနှေးဘဲ အချိန်မီ စီမံခန့်ခွဲနိုင်ရန် အကြံပြုအပ်ပေသည်။
( ဒေါက်တာဇော်ဦးသည် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ CESD ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ
ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ