နေပြည်တော်မှတ်စု (အပိုင်း - ၁၂)

ကြည်မောင်နိုင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ / Reuters
Want create site? Find Free WordPress Themes and plugins.

ဆရာတော် အရှင်ဆေကိန္ဒ နဲ့ စိုင်းစိုင်းခမ်းလှိုင် ရှိရင်ပြီးရော

ကိုဗစ် မြန်မာပြည်ကို ရောက်ပါပြီ။ နေပြည်တော်ကိုလည်း ဝင်ပါပြီ။ သူက လေယာဉ်ပျံစီးပြီး ဝင်ခဲ့တယ်လို့ ယုံကြည်ရပါ တယ်။

ရန်ကုန်လည်း ထိုနည်းအတိုင်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သတင်းရင်းမြစ်တွေ အဆိုအရ ဆွစ်နိုင်ငံသူ ပြန်အလာမှာ သူ့ဆီမှာ ကိုဗစ် ကူးစက်ပိုး ပါလာတယ်။ ဒါဆိုရင် လမ်းတလျှောက် ဘယ်နှစ်ယောက် ကူးခဲ့သလဲ။

ကားဆရာလေးရော၊ ထမင်းချက်လေးရော၊ ဟိုတယ်ဘားက ကောင်လေး ကောင်မလေးတွေရော … ရော … ရော။ လူကြီးတွေရော …လူငယ်တွေရော…။

ကိုဗစ် (COVID-19) အတွက် ပြင်ဆင်ကြတာကို အားရသလားဆိုတော့ အားမရပါ။ ဒါပေမယ့် ဒေါက်တာ ခင်ခင်ကြီး ပြောတာကိုတော့ သတိထားမိပါတယ်။

သူက ဖေဖော်ဝါရီလတည်းက အချက်ပေး ခေါင်းလောင်းထိုးနေပြီ။ အတော်များများက မလှုပ်။ လူစုလူဝေး မလုပ်ဖို့ ပြောတယ်။ သူပြောတာကို နားမထောင်ကြ။ ကျနော် ဒေါက်တာ ဒေါ်ခင်ခင်ကြီးလို လူမျိုးတွေ ဒါဇင်နဲ့ချီပြီး ရှိစေချင် တယ်။ အဝေးကနေ အလေးတွေ ပြုမိပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးနေစဉ် (ဧရာဝတီ)

အလှူအတန်းတွေ၊ ကထိန်ပွဲတွေ၊ ကျောင်းပိတ် သင်္ကြန်တွေ၊ နယ်လှည့် တရားဟောပွဲတွေ၊ မျက်စိ နောက်လောက် အောင်ကို ဖေဖော်ဝါရီလ မတ်လမှာ တွေ့ရတယ်။ အဲဒီအချိန် အိမ်နီးချင်း နိုင်ငံတွေမှာ ကိုဗစ်ကြောင့် (မိတ်ဆွေတဦး ကတော့ နာမ်နှိမ်ပြီး ငဗစ်ဟု ခေါ်သည်။

သူ့မိတ်ဆွေကြီး ဗစ်တာ ခင်ညိုကို ချစ်လို့လည်း ပါပါလိမ့်မယ်။ ဗစ်တာ ခင်ညိုကို ကိုဗစ်ကြီးလို့ ခေါ်တာကိုး။ ဆေးရုံ တက်ကုန် ကြပြီ။ သေကုန်ကြပြီ။ Quarantine လုပ်ကုန်ကြပြီ။ Lockdown လုပ်ကုန်ကြပြီ။ Physical Distance လုပ် ကုန်ကြပြီ။ ကျန်းမာရေးပညာပေး အကြီးအကျယ် လုပ်ကုန်ကြပြီ။ ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်တွေ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ကုန်ပြီ။

ထိုင်ဝမ်မှာ။ စင်ကာပူမှာ။ ထိုင်းမှာ။ တောင်ကိုရီးယားမှာ။ ဂျပန်မှာ။ တရုတ်မှာ … မြန်မာကတော့ လူစုလူဝေးတွေနဲ့ ခြိမ့်ခြိမ့်သဲ။

လွှတ်တော်ကြီးမှာလည်း အလွန်အရေးကြီးတဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးနေရတဲ့ အတွက် ပြည်သူ့ ကိုယ်စား လှယ် တွေလည်း Life and Death ဆိုတဲ့ တိုင်းပြည်အတွက် သေရေးရှင်ရေး ကိစ္စကို မဆွေးနွေးနိုင်ကြ … သြော်။

“ကျနော်တော့ ကြောက်တယ်ဆရာ … အိမ်မှာပဲ နေနေတယ်။ ကားမဆွဲတော့ဘူး”လို့ ပြောတဲ့ ကားဆရာလေးက လယ်ဝေးက သူ့ရဲ့အိမ်မှာပြန်နေတယ်။ အလုပ်တော့ မရှိတော့။

မနေ့က Text Message တခု ဝင်လာတယ်။ ဟိုတယ် ဝန်ထမ်းလေးဆီက “ဦးကြည်မောင်ရေ … သမီးကိုတော့ အလုပ်ကတော့ နောက်လကစပြီး ဟိုတယ်နေပြီး ဆင်းရမယ် … မဆင်းချင်လဲ ရတယ်တဲ့၊ အလုပ်မရှိတော့မှာ ကြောက်လို့ ဆင်းလိုက်တယ် … လစာကလဲ တဝက်ဖြတ်တယ်။ လစာမဲ့လဆို ပိုတောင်ဆိုးမယ်၊ အရမ်းကို ဆိုးနေတယ်” တဲ့။

Myanmar Knitting အထည်ချုပ် စက်ရုံမှ အလုပ်သမားများ / ဧရာဝတီ

အလုပ်တွေ ပြုတ်ကုန်ကြပြီ။ ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီ။ ဘယ်သူက ကူမှာလဲ။ နိုင်ငံတွေမှာ Stimulus Package တွေ လုပ်နေကြပြီ။ ကူးစက်နိုင်တဲ့ နေရာတွေ၊ မြို့ကြီးတွေကိုတော့ ခေတ္တ Lockdown လုပ်ပြီး ရောဂါပိုးကို ကာကွယ် တားဆီးဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

အဲဒီလိုအချိန်မှာ ကျနော်ဖတ်ရတဲ့ သတင်းတွေကတော့ ရခိုင်မှာ ကိုရိုနာကြောင့် မဟုတ်ဘဲ စစ်ပွဲတွေကြောင့် သေတဲ့ သတင်း၊ ထိုင်းကပြန်လာတဲ့ ကလေးလူငယ်တွေကို ရွာပြင်မှာထားမယ် ဆိုတဲ့ သတင်း၊ သစ်ပင်ပေါ်တက်ပြီး တဲထိုးပြီး နေရတဲ့ သတင်း၊ ဆန်တွေ ရိက္ခာတွေ လုတဲ့သတင်း၊ ကိုယ့်အချင်းချင်း သွေးဆာသတ်ဖြတ်နေတဲ့ သတင်းတွေအပြင် စက်ရုံ အလုပ်ရုံတွေပိတ်ပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းတွေ ဖြစ်ပါတယ်။

“မင်းတို့ကလည်း ရေးရင် Negative တွေချည်းပဲ”လို့ မိတ်ဆွေ သတင်းစာဆရာလေးကို ချဲလင့်လုပ်ရတယ်။

ကုမ္ဗဏီဝန်ထမ်းတွေ ဖြုတ်ရလို့ မိတ်ဆွေ CEO လေးက စိတ်ညစ်နေတယ်။ အလုပ်ဖြုတ်ချင်နေတဲ့ နောက်အလုပ်ရုံ ပိုင်ရှင်ကတော့ ကိုဗစ်ကြောင့် အတော်များများကို အလုပ်ဖြုတ်လိုက်ရတယ်။ လခတွေ မတရားယူထားပြီး အလုပ် မလုပ်တဲ့ သူ့ ဆွေမျိုးတွေ၊ မယားပါ သားသမီးတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း သုတ်သင်တဲ့အထဲ ပါသွားတယ်။

“ငါက ဖြုတ်မရလို့ စိတ်ညစ်နေတာ … ခုမှ ကုန်သွားတယ်”လို့ သူက သွားကြီးဖြီးပြီး ပြောပါတယ်။

“ငါလည်း ဒေဝါလီခံပြီး သူဌေးဘဝက လူမွဲစားရင်း ဝင်တော့မယ်”လို့လည်း သူက ပြောပါသေးတယ်။

နေပြည်တော်မှာ ကျနော်ထိုင်နေကျ ဘားတွေက ပိတ်လိုက်တော့ အိမ်တွေမှာ ကြိတ်ဝိုင်းလုပ်ပြီး လိုက်သောက်ရ တယ်။ တယောက်နဲ့တယောက် ၆ ပေနဲ့ ၃ ပေအကွာက သောက်ကြတာပေါ့။ Social (Distance) Drinking ဆိုပါ တော့ … ဟဲဟဲ။

ဘီယာခွက်ကို အကုန်မော့ချလိုက်တယ်။ ကောင်းလိုက်တာ။ ကိုဗစ်ကြီးလာတော့မှ ဘီယာတွေ ဝိုင်တွေကလည်း သောက်လို့ ကောင်း။ ဆိုင်တွေကလည်းပိတ်။ Take Home ပဲ ရမယ် ဆိုပါလား။ ပြည်သူတွေကတော့ သူတို့ရဲ့အသိနဲ့ ပါဝင်နေကြတယ်။ လမ်းညွှန်မှုကောင်းရင် ပြည်သူက လိုက်မှာ ဖြစ်ပါတယ်။ တခါတရံတော့လည်း Ignorance is Bliss ဆိုတဲ့ စာသားလေးကို သတိရမိတယ်။ ငရဲပဲခေါ်ခေါ် ခပ်ပျော်ပျော်ပဲပေါ့။ မြန်မာကွ။

နောက်သူဌေးတဦးကတော့ သူ့ရဲ့တပည့်ကျော်တွေကို ဒေါ်လာ သုံးလေးထောင် ပေးပြီး အလုပ်ခိုင်းထားတယ်လို့ ဆိုတယ်။ အတော်များများက Facebook မှာပဲ အလုပ်လုပ်ကြတယ်လို့လည်း သူက ညည်းပါသေးတယ်။

“ကဲကွာ … မထူးပါဘူး၊ ကိုဗစ်ကြီးလာတော့ ငါတော့ ဖြုတ်လိုက်ပြီ”ဆိုပြီး သူ့လက်ထဲက သံဘူး ဘီယာကို အကုန်မော့ ပြီး စကားဝိုင်းက ထတယ်။

မပြောရဲ မဆိုရဲ မျက်နှာ နာရမယ့် အမျိုးတွေ အဆွေတွေကို ခန့်ထားတဲ့ နောက်တဦးကတော့ E-mail က စာပို့ပြီး Fire လုပ်လိုက်တယ်လို့ ဆိုတယ်။

“မင်းကုမ္ဗဏီထောင်ရင် ဆွေတွေမျိုးတွေ မခန့်နဲ့ကွာ”လို့ ဆိုပြီး ကျနော့်ကို လက်ချာ ရိုက်ပါသေးတယ်။

သြော် … ကျနော်လိုကောင်က ကုမ္ဗဏီထောင်ဖို့ နေနေသာသာ ဒီလိုအချိန်မှာ အလုပ်မပြုတ်အောင် ကြိုးစားပြီး ရှင်သန်နေရသူပါ ဦးရှင်ကြီးရယ် …။

၂၀၂၀ခု မတ် ၁၂ရက်က ကောလာဟလကြောင့် ရန်ကုန်မြို့ ဈေးဝယ်စင်တာတွင် လူအများအပြား လာရောက် ဝယ်ယူကြစဉ်(မျိုးမင်းစိုး၊ ဧရာဝတီ)

စကားဝိုင်းက ရန်ကုန်မှာ Panic Buying ဖြစ်တာကို ရောက်သွားတယ်။ လူတွေ အလန့်တကြား အလုအယက် ဝယ်ကြ တဲ့သတင်းတွေ တက်လာတယ်။ City Mart မှာ၊ စူပါမားကက် တချို့မှာ၊ အမေရိကားမှာ၊ သြစတြေးလျမှာ၊ ထိုင်းမှာ။ ဒီလိုသတင်းတွေ ဖတ်ရတော့ ထိတ်လန့်ကြတယ်။

ဒီလိုအနေအထားမှာ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ စားဖိုချောင် သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသင်းက စီးပွားရေးသမား ပြောတာကို Share လုပ်ချင်တယ်။

သူက နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း နှေးကွေး သွားတဲ့အတွက် အခြေခံစားသောက်ကုန်တွေ ဈေးကျနေကြောင်း၊ သူက မြန်မာလူမျိုးက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ ရှိရင်ရပြီ။ အဲဒါ ဘာကိုသွားပြီး တိုးဝယ်နေကြတာလဲ။ ညသန်းခေါင်ကျော် City Mart မှာ သွားဝယ်ရတယ်လို့ဗျာ…လို့ ဆိုတယ်။

အပြင်မှာပေါပြီး ဝယ်မယ့်သူတောင် မရှိဘူး … ဟုတ်သားပဲ … City Mart ကပုံတွေကြည့်ပြီး ထိတ်လန့်စရာမလိုပါ။ ကွမ်းယာဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ဈေးတွေ ဖွင့်ထားဆဲဖြစ်ပါတယ်။ Panic Buying တော့ မတွေ့ရသေးပါ။ မြန်မာ နိုင်ငံမှာ City Mart မသွားနိုင်တဲ့ လူတန်းစားက အများကြီး ရှိပါသေးတယ်။

ကိုဗစ်က ဆန်ဖျက်ပိုး၊ သီးနှံဖျက်ပိုး၊ တရိစာ္ဆန်တွေကို ဖျက်တဲ့ပိုး မဟုတ်လို့ ရိက္ခာအတွက်တော့ ပူစရာမလိုပါ။ ဒီလို လေးတွေ တွေးရတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ သူဌေးကြီးတချို့နဲ့ အနုပညာရှင်တွေ ကိုယ့်အသိစိတ်ဓာတ်တွေနဲ့ ထွက်လာကြတယ်။ Home Stay လုပ်ဖို့ ပြောကြ၊ လက်ဆေးပြကြ။ တချို့သူဌေးတွေကတော့ တခါလာလည်း အလှူခံနေလို့ တံခါးပိတ် ဖုန်းပိတ်ပြီး ပုန်းနေတယ်လို့ ဆိုတယ်။ တော်တော် အလှူခံတဲ့လူတွေဗျာ …။

တချို့ မင်းသမီးလေးတွေ၊ မော်ဒယ်ဂဲလ်လေးတွေ လက်ဆေးပြတော့ ပိုပြီးကြည့်ကြတယ်။

“ဖွေးဖွေးတို့ ခင်ဝင့်ဝါတို့ လက်ဆေးပြတာက ကြည့်လို့ ပိုကောင်းတယ်”လို့ တယောက်က နှာသံကြီးနဲ့ ဝင်ပြောတယ်။ သူတို့က ပိုပြီး ကျွမ်းကျင်တယ် နော်။

Social (Distance) လုပ်ပြီး သောက်သုံးသူများအားလုံး သဘောတူကြတယ်။ ဝုတ်တယ် … ဝုတ်တယ် … တယောက် က ဝင်နောက်တယ်။ ငါတို့ကတော့ မနက်လဲဆေး … ညလဲဆေး …။ အင်း … ရေမရှိလို့ လက်မဆေးနိုင်သူတွေ၊ ဆပ်ပြာ မဝယ်နိုင်သူတွေ၊ Hand Gel မသုံးနိုင်သူတွေ ရှိမှာပဲလို့ တွေးမိပါတယ်။

Online စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ သူငယ်ချင်းက Stay at Home ဆိုတော့ Homeless တွေကျတော့ ရောလို့ ဝင်မေးလိုက်တယ်။

“ဒါဆို ဆပ်ပြာနဲ့ Hand Gel မရှိရင် ဘယ်လိုလုပ်မလဲ” နောက်တဦးက ဝင်နောက်တယ်။ “ပဌာန်းရွတ်ကြဗျာ” လို့ ကျနော်က ဝင်ရောလိုက်တယ်။

အလုပ်ပြုတ်သွားတဲ့ စက်ရုံ၊ အလုပ်ရုံက ကလေးတွေ ဘယ်ကိုရောက်ကုန်မှာလဲ။ တချို့ ကလေးမလေးတွေ မျက်ရည် စမ်းစမ်းနဲ့ ရှေ့ရေးကိုပူနေကြပြီ။ ဗိုလ်ချုပ်ကို သတိရမိတယ်။

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ

ပြီးခဲ့တဲ့အပတ်က ဆရာတော် ဆေကိန္ဒက Quarantine အတွက် ပြင်ဆင်နေတာတွေ သတင်းမှာ ဖတ်ရတယ်။

တော်သေးတာပေါ့။ သူတို့လို ပုဂ္ဂိုလ်ကြီးတွေ ဝင်ကူပေလို့၊ ဒီလိုစိတ်ကူးရတယ်။

ဆရာတော် ဆေကိန္ဒနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ ရှိလို့သာပေါ့။ သူတို့ကိုပဲ လောလောဆယ် သေနာပတိချုပ်၊ နိုင်ငံရဲ့ ဥသျှောင် လုပ်ခိုင်းပြီး ကိုဗစ်ကို နှိမ်နင်းခိုင်းရမယ်။

ဒီလိုအတွေးနဲ့အတူ နေပြည်တော်ရှိ မိတ်ဆွေတဦးရဲ့ အိမ်မှာ Social Distance လုပ်ပြီး သောက်စားခဲ့ပါတယ်။ လက်တွေလည်း သူတို့ပြောသလို အကြိမ်ကြိမ် ဆေးခဲ့ပါတယ်။ ကိုဗစ်ရန်က ကင်းဝေးကြပါစေ…။ ။

ဆက်စပ်ဖတ်ရှုရန်

နေပြည်တော်မှတ်စု (အပိုင်း – ၁၁)

နေပြည်တော်မှတ်စု (အပိုင်း – ၁၀)

နေပြည်တော်မှတ်စု (အပိုင်း – ၉)

နေပြည်တော်မှတ်စု (အပိုင်း – ၈)

နေပြည်တော်မှတ်စု (အပိုင်း – ၇)

နေပြည်တော်မှတ်စု (အပိုင်း – ၆)

နေပြည်တော်မှတ်စု (အပိုင်း – ၅)

နေပြည်တော်မှတ်စု (အပိုင်း – ၄)

နေပြည်တော်မှတ်စု (အပိုင်း – ၃)

နေပြည်တော်မှတ်စု (အပိုင်း – ၂)

နေပြည်တော်မှတ်စု (အပိုင်း – ၁)

Did you find apk for android? You can find new Free Android Games and apps.
Loading