Facebook သုံးဖို့ လုံးဝဆန္ဒမရှိခဲ့ပါပဲနဲ့ Covid-19 စိမ်ခေါ်မှုတွေနဲ့ပတ်သက်ပြီး လူထုနဲ့ မြန်မြန်ဆန်ဆန်ဆက်သွယ်နိုင်ဖို့ စပြီးသုံးတော့မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တော့ မြန်မာပြည်က ၂၁ သန်းကျော်သော Facebook သုံးသူတွေအတွက် သတင်းအထူးအဆန်း တခု ကြားရတာလိုလို၊ April Fool လုပ်ခံရတာလိုလို ဖြစ်နေပါတယ်။
တကယ်တော့ Facebook ပေါ်မှာ နိုင်ငံပေါင်း ၁၈၂ နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တရားဝင်စာမျက်နှာတွေရှိနေခဲ့ပြီ ဆိုတာကို BCW (Burson Cohn & Wolfe) က ပြုစုထားတဲ့ ၂၀၁၉ ခုနှစ်အတွက် Twiplomacy series စာတမ်းမှာရေးထားတာကို ဖတ်ရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဆိုရှယ်မီဒီယာပေါ်ကို ရောက်လာချိန်ဟာ အတော်တောင်နောက်ကျနေပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ဘရာဇီး သမ္မတ Jair Bolsonaro တို့ဟာ တနေ့ကို ပျမ်းမျှ လေးကြိမ်လောက် Post တင်လေ့ရှိပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ သူတို့တဝက်လောက်ပဲ တင်ပေမယ့် Followers ပေါင်း ၄၄ သန်းလောက် ရထားတယ်လို့ ဆိုပါတယ်။ ဒါဟာ Donald Trump ထက် နှစ်ဆများတဲ့ အရေအတွက်ပါ။ ဂျာမန်အဓိပတိ Angela Merkel ကတော့ နောက်လိုက်ပေါင်း ၂ သန်းခွဲကျော် ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာကို ပြီးခဲ့တဲ့နှစ်ကပဲ ဖျက်သိမ်းသွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာသုံးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အစိုးရတွေ နိုင်ငံခြားရေးဝန်ကြီးတွေ အတွက်တော့ Twitter တို့ Instagram တို့နဲ့စာရင် Facebook ဟာ ပရိသတ်အများဆုံး ရနိုင်တဲ့ ဆိုရှယ်မီဒီယာတခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook ရဲ့ algorithm (လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ စိတ်ခံစားမှုအလိုက် တုန့်ပြန်မှု ဒေတာတွေအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ ဈေးကွက်ဒီဇိုင်း) အပြောင်းအလဲတွေကြောင့် ၂.၃ ဘီလီယံကျော်ရှိတဲ့ ပုံမှန်သုံးစွဲသူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ဟာ အစိုးရတွေအတွက် စိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါတယ်တဲ့။
ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက ဆိုရှယ်မီဒီယာပရိသတ်တွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးဆုတောင်းတွေ၊ မိသားစုဓာတ်ပုံတွေ၊ အားလပ်ရက်ခရီးသွား ဓာတ်ပုံတွေဟာ အခြားသတင်းတွေထက် ပိုပြီး ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လွယ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတ အိုဘားမားရဲ့ အီစတာဆုတောင်းစကားနဲ့ မိသားစုဓာတ်ပုံကို ပရိသတ် သုံးသန်းကျော်က Like တွေ Share တွေ Comments တွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
များသောအားဖြင့်တော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စာမျက်နှာကို သီးသန့်ဖွဲ့စည်းထားတဲ့ ဆိုရှယ်မီဒီယာအဖွဲ့ကသာ ကိုင်တွယ်သုံးစွဲလေ့ရှိပေမယ့်၊ လက်ချိုးရေလို့ရတဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့စာမျက်နှာကို သူတို့ကိုယ်တိုင် သုံးစွဲလေ့ရှိပါတယ်။ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကတော့ သူ့ရဲ့ပရိသတ် ၁.၂ သန်းကျော်ကို ဖျော်ဖြေဖို့ ကြုံရင်ကြုံသလို လျှတ်တပျက်ရိုက်ချက်တွေ တင်လေ့ရှိပြီး #10YearChallenge လို ပြီးခဲ့တဲ့ဆယ်နှစ်က ဓာတ်ပုံနဲ့ လက်ရှိဓာတ်ပုံကို ယှဉ်တွဲတင်တာမျိုးတွေပါ လုပ်လေ့ရှိပါတယ်။
ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးကတော့ သူ့လှုပ်ရှားမှုတွေကို သူ့ဖာသာ Selfie ရိုက်ထားတဲ့ဓာတ်ပုံတွေ၊ ဈေးဝယ်သွားတာ၊ စကိတ်စီးတာတွေကို ရိုက်ထားတဲ့ ဗီဒီယိုအတိုလေးတွေကို ရံဖန်ရံခါဆိုသလို သူ့စာမျက်နှာမှာ တင်လေ့ရှိပါတယ်။ ပြင်ဆင်တည်းဖြတ်မထားတဲ့ ဒီဓာတ်ပုံ ဗီဒီယိုတွေဟာ သတင်းတန်ဖိုး မရှိလှပေမယ့် ဒိန်းမတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတယောက်ရဲ့ ဘဝကို ချောင်းကြည့်နိုင်တဲ့အတွက် တသိန်းနီးပါးရှိတဲ့ သူ့ရဲ့အမာခံပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်စေတော့ဘူးလို့ စာတမ်းထဲမှာ ဖတ်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ Facebook
၂၀၁၆ ခုနှစ်ကတည်းက သီးသန့်ဖွင့်ထားခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး စာမျက်နှာမှာ Followers ပေါင်း ၁.၄ သန်းလောက်ပဲရှိပေမယ့် ဧပြီလ ၁ ရက်ကမှ ဖွင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Personal Facebook Account မှာ ၂၄ နာရီအတွင်း Followers ပေါင်း ၁.၁ သန်းအထိ ရှိသွားခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၀၈ ခုနှစ်ကတည်းက Facebook Page ဖွင့်ထားခဲ့တဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ရဲ့ Followers အရေအတွက်နဲ့ သိပ်မကွာလှပါဘူး။ ၃ သန်းနီးပါးလောက်ရှိတဲ့ နယူးဇီလန်က Facebook သုံးစွဲသူအရေအတွက်နဲ့ တွက်မယ်ဆိုရင်တော့ နယူးဇီလန် ဝန်ကြီးချုပ်မှာ Followers အရေအတွက် အတော်များများ ရှိနေပြီးသား လို့ပြောလို့ရပါတယ်။ တဖက်မှာလည်း Jacinda Ardern ဟာ နယူးဇီလန်မှာသာမက၊ ကမ္ဘာမှာပါ လူကြိုက်များတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
အဲဒီလိုပဲ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တို့ရဲ့ စာမျက်နှာတွေမှာလည်း Followers ပေါင်း ၁.၃ သန်းစီလောက် ရှိပါတယ်။
ကမ္ဘာ့ခေါင်းဆောင်အတော်များများရဲ့ Facebook တွေဟာ Politician တယောက်ရဲ့ Page အနေနဲ့ဖွင့်ထားတာဖြစ်ပြီး သူတို့ပါတီတွေရဲ့ Website တွေနဲ့ တိုက်ရိုက်ချိတ်ဆက် ထားလေ့ရှိပါတယ်။ ဒီ Page ကိုပဲ တရားဝင် လူထုဆက်သွယ်ရေး စာမျက်နှာအနေနဲ့သုံးပြီး မိန့်ခွန်းပြောတာ၊ Live လွှင့်တာ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကို လူထုကို အသိပေးတာတွေ လုပ်ကြပါတယ်။ Page အနေနဲ့ ဖွင့်ထားတာဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာ အဖွဲ့တခု သီးသန့်ဖွဲ့ထားပြီး စီမံကိုင်တွယ်လို့ ရပါတယ်။ အဲဒီ စာမျက်နှာကို ဘယ်နေ့က ဖွင့်ခဲ့တယ်၊ ဘယ်နေရာကနေ လူဘယ်နှယောက် အသုံးပြုနေတယ်၊ ဘယ်လိုအပြောင်းအလဲတွေ လုပ်ခဲ့တယ်ဆိုတာတွေကိုလည်း Page Transparency ကတဆင့် လူတိုင်းက စစ်ဆေးနိုင်ပါတယ် (အဲဒီအချက်အလက်တွေ ဘယ်လောက်အထိ မှန်ကန်သလဲ ဆိုတာကတော့ Facebook Team ကလူတွေပဲ အသိဆုံးဖြစ်မယ် ထင်ပါတယ်)။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ Personal Facebook Account အနေနဲ့ပဲ ဖွင့်ထားတာ တွေ့ရတဲ့အတွက် သူ့ရဲ့စာမျက်နှာကို သူကိုယ်တိုင်ပဲ ကိုင်တွယ်နေတာလား၊ သို့တည်းမဟုတ် အဖွဲ့တဖွဲ့ (သို့မဟုတ်) မိသားစုဝင် တယောက်ယောက်ကိုပဲ ခန့်ထားပြီး ကိုင်တွယ်နေတာလားဆိုတာ မှန်းဆရခက်ပါတယ်။
မြန်မာပြည်က Facebook သုံးစွဲသူတချို့ ကတော့ ဒီစာမျက်နှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သုံးစွဲမယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်စော်ကားမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှာတွေ၊ လက်ရှိလုပ်ငန်း တာဝန်တွေအပေါ် သက်ရောက်လာမှာတွေအတွက် စိုးရိမ်ပူပန်နေကြတာကို တွေ့ရပါတယ်။
သာမန်အားဖြင့်တော့ Facebook ဟာ နိုင်ငံသားတွေကို သူ့နိုင်ငံကခေါင်းဆောင်တွေဆီ Messanger ကနေ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ နေရာတခုလို့ ယူဆနိုင်စရာရှိပေမယ့် လေ့လာချက်တွေအရတော့ ခေါင်းဆောင်အနည်းငယ်ကပဲ ဒီလိုဆက်သွယ်တာတွေကို တုန့်ပြန်တာရှိပြီး အများစုကတော့ တလမ်းသွား ဆက်သွယ်ရေးလမ်းကြောင်း အနေနဲ့ပဲ သုံးတာတွေ့ရတယ်လို့ ဆိုပါတယ်။
သူ့ Account ကနေ ပေးတဲ့ သတင်းစကားအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Facebook ကို တလမ်းသွား ဆက်သွယ်ရေးလမ်းကြောင်းတခု အနေနဲ့သုံးဖို့ ဖွင့်လှစ်ထားပုံပါပဲ။ ဒါပေမယ့် Myanmar State Counsellor Office Page လိုမျိုး အဖွဲ့တခု သီးသန့်ဖွဲ့ပြီး ကိုင်တွယ်မှာမျိုး မဟုတ်ပဲ၊ သူကိုယ်တိုင်ကြီးကြပ်ပြီး ကိုင်တွယ်သွားမယ့်ပုံ ရှိတယ်ဆိုတာကို သူ့ရဲ့ တနေ့တာ လှုပ်ရှားမှုအကြောင်း တင်လိုက်တဲ့ Post အရ သိနိုင်ပါတယ်။ အခြားသော ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များလို ပါတီနဲ့သော်လည်းကောင်း၊ အစိုးရအဖွဲ့နဲ့သော် လည်းကောင်း ချိတ်ဆက်အသုံးပြုခြင်းမရှိဘဲနဲ့ သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို ထင်ဟပ်စေတဲ့ သတင်းစကားတွေကိုသာ လွတ်လွတ်လပ်လပ်ပေးဖို့ ရည်ရွယ်ထားပုံရပါတယ်။
ကမ္ဘာပေါ်မှာ Facebook မသုံးတဲ့ အစိုးရဆိုလို့ မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အစိုးရတွေပဲ ကျန်တော့တယ်လို့ Twiplomacy ရဲ့ Facebook ပေါ်က ကမ္ဘာ့ခေါင်းဆောင်များ အကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။
ဘယ်လောက်ပဲအရောက် နောက်ကျသည်ဖြစ်ပါစေ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာနှုန်းလောက် ရောက်နေတဲ့ Facebook ပေါ်မှာ နိုင်ငံ့ခေါင်းဆောင်တယောက်က ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လိုက်တာကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။ ပြန်ကြားသည်ဖြစ်စေ၊ မပြန်ကြားသည် ဖြစ်စေ လူထုကပေးချင်တဲ့ သတင်းစကားတွေကို Comment ကဖြစ်ဖြစ် Messanger ကဖြစ်ဖြစ် တိုက်ရိုက်ပေးပို့ခွင့် ရှိလာတာဟာလည်း အားသာချက်တခုပါပဲ။
ဒီ Facebook Account ကပေးတဲ့ သတင်းစကားဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပေးတဲ့သတင်းစကား ဟုတ်မဟုတ်ဆိုတာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဒီစကား” တွေနဲ့ တလျှောက်လုံး ရင်းနှီးထားပြီးသား လူထုကသာ အကဲဖြတ်သွားနိုင်ပါလိမ့်မယ်။
၁၉၉၆ ခု ဧပြီလထဲမှာ လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့က လူထုတွေ့ဆုံပွဲတခုရဲ့ အဆုံးသတ်မှာ သူ့ဖေဖေ ဘုန်းကြီးကျောင်းထွက်ရဲ့ ပါဠိအသုံးအနှုန်းတခုကို ကိုးကားခဲ့ဖူးပါတယ်။ ဒီကနေ့ Facebook Post ကိုလည်း သူ့ဖေဖေအညာသားလေးရဲ့ “အဝေရာဟောန္တု” ဆိုတဲ့ ပါဠိစကားနဲ့ပဲ အဆုံးသတ်ထားတာတွေ့ရပါတယ်။ သူ့ဖေဖေအကြောင်းတွေကို မကြာခဏထည့်ပြောတတ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ဟန်တခုပါပဲ။
ဆိုရှယ်မီဒီယာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအကြား အမှန်တကယ် ပေါင်းကူး ဆက်သွယ်ပေးနိုင်တဲ့ တံတားတခုဖြစ်လာမယ်ဆိုရင်တော့ အသုံးပြုရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ် Peace Building program မှ PhD Candidate တဦးဖြစ်သည်)။
You may also like these stories:
စစ်သားဟောင်း ၂ ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
မြန်မာပြည်အတွက် ICJ က ပေးလိုက်တဲ့ သတင်းစကား