အရှေ့တောင်အာရှတွင် စစ်အုပ်ချုပ်ရေးပြန်လာရန် ကိုရိုနာဗိုင်းရပ်က လမ်းခင်းပေးနေလား

Michael Vatikiotis
ခရီးသွားလာခွင့် ကန့်သတ်ထားသော ဖိလစ်ပိုင်တွင် စစ်တပ်၏ စစ်ဆေးရေးဂိတ်တခု / Getty Image

အရှေ့တောင်အာရှမှ အစိုးရများသည် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားနေချိန်တွင် ညံ့ဖျင်းသော ခေါင်းဆောင်မှု၊ အင်အားချိနဲ့နေသော မဏ္ဍိုင်အဖွဲ့အစည်းများနှင့် မြင့်မားလှသော အများပြည်သူ အယုံအကြည် ကင်းမဲ့မှုတို့သည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ဒီမိုကရေစီ အကူးအပြောင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံများ၏ ထိခိုက်လွယ်မှုကို ပြသနေသည်။ စိတ်ပူစရာကောင်းသည်မှာ ကိုဗစ်-၁၉ ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် စစ်တပ်အာဏာကို ကျောထောက်နောက်ခံပြုသည့် အာဏာရှင် အမူအကျင့်များသို့ ပြန်သွားရမည့် သဘောမျိုး သက်ရောက်နေခြင်းဖြစ်သည်။

လမ်းကြောင်းနှစ်ခုကို ခွဲခြားသိမြင်နိုင်သည်။ ပထမလမ်းကြောင်းမှာ တိုက်ရိုက်စစ်အုပ်ချုပ်ရေး သို့မဟုတ် စစ်တပ်၏ စွက်ဖက်မှုကို ကြုံတွေ့ခဲ့ရသော ထိုနိုင်ငံများသည် ကျန်းမားရေး အကျပ်အတည်းကို စီမံရာတွင် အထောက်အကူဖြစ်စေရန် သို့မဟုတ် ဦးဆောင်ရန် စစ်တပ်ကို လမ်းခင်းပေးသည့် သဘောရှိနေခြင်းဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ရန် အစီအမံများ ချမှတ်ခဲ့ကြသော်လည်း ကျယ်ပြန့်သည့် အာဏာဗဟိုချုပ်ကိုင်မှု ရှိနေသေးသည့် အကူးအပြောင်းကာလလွန် အစိုးရများသည် လူမှုအသိုင်းအဝန်းများက ၎င်းတို့ အစီအစဉ်အတိုင်း ကြိုတင်ကာကွယ်မှုများနှင့် ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ချုပ်ကိုင်မှုကို ထိခိုက်တိုက်စားစေသည်ဟု မြင်နေကြခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ထိုလမ်းကြောင်းနှစ်ခုစလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေသည်။ သွားလာမှု ကန့်သတ်ခြင်းသည် လွန်စွာတင်းကျပ်လျှင် လူမှုမငြိမ်မသက်ဖြစ်မည့် အန္တရာယ်ရှိသည်ဟူသည့် သူ၏ အတွင်းလူများပေးသော အကြံဉာဏ်ကို လိုက်နာပြီး သမ္မတ ဂျိုကိုဝီ ဝီဒိုဒိုသည် ကိုဗစ်-၁၉ ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး ခိုင်မာသည့် တုန့်ပြန်မှုလုပ်ရန် တွေဝေနှောင့်နှေးနေသည်။

ကနဦးတွင် သမ္မတသည် အရေးပါသောအချိန်တွင် သတင်းစကားပေးခြင်းကို ရှုပ်ထွေးအောင်လုပ်ခဲ့သော ကျန်းမာရေးဝန်ကြီး တာရာဝန် အက်ဂတ်စ် ပွတ်ထရန်တို့ ကဲ့သို့သော အစိုးရအဖွဲ့ဝင်များကို အားကိုးနေသည်။

ထို့နောက် မတ်လလယ်တွင်မူ သမ္မတသည် လမ်းကြောင်းပြောင်းကာ အစိုးရ၏ ထိုလုပ်ငန်းဆိုင်ရာအဖွဲ့ကို ဦးဆောင်မည့်သူ တဦးကို ခန့်အပ်လိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဒွန်နီ မင်နာဒိုသည် နိုင်ငံ၏ သဘာ၀ဘေးအန္တရာယ် အေဂျင်စီ အကြီးအကဲ ဖြစ်သည်။ မတ်လ ၁၃ ရက်နေ့တွင်မူ ယခင် အထူးတပ်ဖွဲ့များ၏ ဗိုလ်ချုပ်ကြီးကို ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့၏ အကြီးအကဲအဖြစ် ထပ်မံခန့်အပ်လိုက်သည်။ ထိုအချိန်မှ စတင်ပြီး သူသည် ရုံးခန်းပြင်ပသို့မထွက်တော့ဘဲ သူ့ထံလာရောက်သူများအနေဖြင့် အန္တရာယ်ကင်းသော အကွာအဝေးတွင်နေရန် သတိပေးရေး အနက်ရောင်ဆိုဖာကို အဝါရောင် တိပ်ဖြင့်ပတ်ပြီး သတိပေးထားသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

ထိုကြယ်နှစ်ပွင့် ဗိုလ်ချုပ်ကြီးသည် သမ္မတ၏ အတွင်းစည်းမှ စစ်ဖက်နောက်ခံရှိသော အခြားအဖွဲ့ဝင်များနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်ဟု လေ့လာသူများက ပြောသည်။ ဂျကာတာ စစ်တိုင်းမှူး ဗိုလ်ချုပ် အီကို မာဂီရိုနိုကိုလည်း မြို့တော်မှ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်ရန် ခန့်အပ်သည်။ ဂျကာတာမြို့တော်သည် ရောဂါကူးစက်မှု အပြင်းအထန်ခံစားနေရပြီး သေဆုံးသူဆရာဝန် တဒါဇင်ရှိပြီဖြစ်သည်။

လွန်ခဲ့သောနှစ် ပြန်လည်ရွေးကောက်ခံရခြင်း မတိုင်မီကပင် ဂျိုကိုဝီသည် အင်အားနည်းပြီး မကြာခဏဆိုသလို ဂိုဏ်းဂဏဆန်သော အရပ်သား ဗျူရိုကရေစီကို ကာမိရန်နှင့် တိုင်းပြည်၏ ပြဿနာအများအပြားသည် သူ၏ အတွေ့အကြုံနှင့် စွမ်းရည်ဖြင့် လက်လှမ်းမမီသဖြင့် စစ်ဖက်ကို အားကိုးနေရသည့်ဖက်သို့ ယိမ်းနေကြောင်း ပြသနေသည်။ အင်ဒိုနီးရှားစစ်တပ်သည် ကျေးရွာတိုင်းတွင် စစ်သားများ ချထားသည့် ယခင်ပြည်တွင်းလုံခြုံရေး သေနင်္ဂဗျူဟာ ရှိသောကြောင့် နိုင်ငံတဝန်း ကျယ်ပြန့်သည့် ကွန်ရက်မှ ရယူအသုံးချနိုင်သော စည်းရုံးရေးကြီးမားသော အဖွဲ့အစည်းဖြစ်သောကြောင့် ထိုသို့စဉ်းစားခြင်းသည် တခါတရံ အဓိပ္ပာယ်ရှိသည်။

ဂျကာတာပို့စ် သတင်းစာ၏ မတ်လလယ်က ဝေဖန်သုံးသပ်ချက်တွင် “နိုင်ငံသမိုင်း အများစုကာလများတွင် အာဏာကိုဖက်တွယ် သို့မဟုတ် အာဏာဖြင့် ဖြစ်ပေါ်တိုးတက်လာသောကြောင့် ယခင်စစ်ခေါင်းဆောင်များသည် အခိုင်အမာ ထူထောင်ထားသော သြဇာကွန်ရက်မှ ကျယ်ပြန့်သော ရင်းမြစ်များကို အသုံးချနိုင်ကြသည်” ဟု ရေးသားခဲ့သည်။

မြို့နယ်အဆင့်အထိ အင်ဒိုနီးရှား စစ်တပ်က လက်လှမ်းမီနေခြင်းသည် ဗဟိုအစိုးရ၏ တလုံးတစည်းတည်း ရှိနေခြင်းကို ကာကွယ်ပေးရန် အထောက်အကူပြုသည်။ အုပ်ချုပ်ရေးမှူးများ၊ မြို့ဝန်များနှင့် လူမှုအသိုင်းအဝန်း ခေါင်းဆောင်များ အများအပြားတို့သည် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကို ကာကွယ်ရန် ဗဟိုအစိုးရအာဏာကို စိန်ခေါ်ပြီး ၎င်းတို့ဖာသာ ၎င်းတို့ ပိတ်ဆို့မှုများ ပြုလုပ်ကြသည်။ ထိုအကြောင်း မကြာသေးမီကမေးသောအခါ ဒွန်နီ မိုနာဒိုက လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ဒေသခံတပ်မှူးများ ဖြစ်ကြောင်းပြောသည်။ ပိုမိုထိရောက် သေချာသော အမိန့်ပေးကွင်းဆက်ဖြစ်ကြောင်း သူက ရည်ရွယ်ပြောကြားခြင်းဖြစ်သည်။

အရပ်သားအစိုးရ အုပ်ချုပ်ရေးကို ထူထောင်ထားသည်မှာ ကာလကြာမြင့်လှပြီဖြစ်သော နိုင်ငံများတွင်ပင် အစိုးရများသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအစီအမံများ အကောင်အထည်ဖော်ရေး စစ်ဖက်ကို အားကိုးရသည်အား မေးခွန်းထုတ်ရန် မလိုသော်လည်း နိုင်ငံရေးအရ ဆိုပါက စစ်တပ်ကြားဝင်စွက်ဖက်ခဲ့သည့် ပုံရိပ်များကို ပြန်လည် အမှတ်ရစေသည်။

ဖိလစ်ပိုင်နိုင်ငံတွင်မူ မနီလာနှင် လူဇွန်ကျွန်းမှ အခြားနေရာများကို ပိတ်ဆို့ခြင်းကို စစ်တပ်နှင့် ရဲက အလျှင်အမြန် လုပ်ဆောင်သည်။

“နိုင်ငံတွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးသည် အစိုးရဝန်ဆောင်မှုအချို့ကို ထိခိုက်စေသောကြောင့် ဖိလစ်ပိုင်တပ်မတော်သည် ၎င်း၏ ပင်မတာဝန်များထက် ကျော်လွန်သော လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန် ရည်မှန်းထားသည်” ဟု ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဂီးလ်ဘတ် အိုင် ဂါပေက သူ၏ လူမှုကွန်ရက်တွင် ရေးသားသည်။

ထိုသို့လုပ်ဆောင်ခြင်းများသည် ကောင်းသော်လည်း ဖိလစ်ပိုင် စစ်တပ်က သူပုန်တိုက်ဖျက်ရေး လုပ်နေသည့်နေရာများမှလာသော အချို့သတင်းများအရ တက်ကြွလွန်သော တပ်မှူးများသည် စစ်ဆေးရေးစခန်းများကို တင်းကျပ်စွာထူထောင်ပြီး ထိုသို့လုပ်ဆောင်သောကြောင့် တင်းမာမှု ပိုမိုမြင့်မားစေသည်။

လက်ရှိအခြေအနေသည် အမည်မခံသော စစ်အာဏာသိမ်းမှုဖြစ်ကြောင်း အချို့ကပြောဆိုကြသည်။ သို့သော် သမ္မတရုံးကမူ ရောဂါကူးစက်မှုတားဆီးရန် သီးခြားစီခွဲပစ်ခြင်းသည် စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း၊ ထိုသို့ဖြစ်စေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ကြေညာချက်ထုတ်နေသည်။

သို့သော် သမ္မတ ဒူတာတေက နောက်ပိုင်းတွင် ပိတ်ဆို့မှု အမိန့်ကို ချိုးဖောက်သူများကို ပစ်ခတ်ရန် စစ်တပ်နှင့် ရဲအဖွဲ့ကို လုပ်ပိုင်ခွင့်ပေးလိုက်သောအခါ ပြည်သူများ စိတ်မချမ်းမသာဖြစ်ရသည်။

ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး စစ်အုပ်ချုပ်ရေးကိုသာ ခံစားနေရသော နိုင်ငံဖြစ်သည်။ လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲသည် ပါလီမန်စနစ်ကို တစိတ်တပိုင်းအားဖြင့် ပြန်လည်ထိန်းသိမ်းခဲ့သော်လည်း ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သော စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန် အိုချာသည် ဝန်ကြီးချုပ် ဆက်ဖြစ်နေသည်။ ကိုဗစ်-၁၉ အကျပ်အတည်းကို သူကိုင်တွယ်ပုံသည် လွန်စွာနောက်ကျပြီး လွန်စွာထိရောက်မှုမရှိဟု အကြီးအကျယ် ဝေဖန်ကြသည်။

ထိုအကျပ်အတည်းကို ကိုင်တွယ်ရန် အစီအမံများ ကြေညာရေးအတွက် လူမှုအခြေပြုအဖွဲ့များနှင့် ဆက်သွယ်ထားသည့် ဆရာဝန် အုပ်စုများက အစိုးရကို ဖိအားပေးလာသောအခါ ထိုမူဝါဒ လစ်ဟာမှုကို ဖြည့်ဆည်းရန် ကျွမ်းကျင်သူများက လုပ်ဆောင်ပေးမည်ဟု ကနဦးတွင် ထင်နေသည်။ သို့သော် ရောဂါကူးစက်မှု အရေအတွက် ခုန်တက်သွားသောအခါ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်မှ အာဏာကြီးမားသူများက ၎င်းတို့ဖာသာ ကန့်သတ်ချက်များ ပြုလုပ်လိုက်ကြပြီး စစ်တပ်က ပါဝင်ပတ်သက်လာသည်။ ယခုအခါ ပရာယွဒ်သည် အရေးပေါ်အခြေအနေ ကြေညာရပြီး အကျပ်အတည်းကို ကြီးကြပ်ရန် အဖွဲ့ထူထောင်ရသော်လည်း ထိုအဖွဲ့တွင် ဆေးဝါးကျွမ်းကျင်သူများမပါဘဲ စစ်ဖက်ထိပ်တန်းအရာရှိများသာ ပါကြောင်း သတင်းများက ဖော်ပြကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ စတင်ပြီး သြဇာကြီးမားလှသော တပ်မတော်ကို ထိန်းချုပ်ရန် ရုန်းကန်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သား အစိုးရရှိသည့် မြန်မာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။ (ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား အလုံးအရင်းနှင့် ပြန်လာအပြီး ) မတ်လကုန်တွင် ကိုဗစ်-၁၉ အန္တရာယ် မြင့်တက်လာခြင်းကို အစိုးရက သဘောပေါက်လာသောအခါ ဗိုင်းရပ်စ် ကူးစက် ခံထားရသူများကို ဖော်ထုတ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် တပ်မတော်မှ တိုက်ရိုက်ပါဝင်သော COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်။

ကမ္ဘာတဝန်း နိုင်ငံအများအပြားတွင် လူမှုမငြိမ်သက်မှုကို ကြောက်ရွံ့ခြင်းနှင့် အစိုးရအခွင့်အာဏာအပေါ် အယုံအကြည် ကင်းမဲ့ခြင်းသည် ပိုမိုကြမ်းတမ်းသည့် တရားဥပဒေ စိုးမိုးရေးကဏ္ဍအား အားကိုးရခြင်းကို ဖြစ်စေသည်။ သို့သော် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တည်တံ့ခိုင်မြဲမှုသည် အမြဲတစေအားနည်းနေပြီး နောက်ပြန်လှမ်းမည့် အန္တရာယ်များ အရှေ့တောင်အာရှတွင် ရှိနေသည်။ ထိုအန္တရာယ်သည် အထူးသဖြင့် စစ်တပ်က ကြားဝင်စွက်ဖက်သည့် သမိုင်းရှည်လျားသော နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ရှိနေသည်။ အရပ်သားအစိုးရသည် အထက်တွင်ရှိသည်ဟူသော အသိသည် အားနည်းပြီး ပြည်ပခြိမ်းခြောက်မှုများ အနည်းငယ်မျှနှင့်ပင် စစ်တပ်သည် ပြည်တွင်းအမျိုးသားလုံခြုံရေး၏ အုပ်ထိန်းသူအဖြစ် ၎င်းကိုယ်၎င်းမြင်သည်။ အထူးသဖြင့် အကျပ်အတည်းကာလများတွင် ထိုသို့မြင်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ လွန်ကာလတွင် စစ်ဖက်နှင့် အရပ်ဖက်အကြား ခိုင်မာစပြုလာသော နယ်နိမိတ်များ ချိနဲ့လာသည်ကို မြင်ရနိုင်သည်။

(Michael Vatikiotis သည် စင်ကာပူတွင် နေထိုင်လျက် ရှိပြီး  Centre for Humanitarian Dialogue ၏ အာရှဒေသ ဒါရိုက်တာဖြစ်သည်။ South China Morning Post တွင် ၎င်းရေးသားသော Coronavirus is paving the way for a return to military rule in Asia ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်-၁၉ ကာလ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်

အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်

Loading