မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု ၁ စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို အစိုးရက အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အစိုးရရဲ့ COVID-19 အစားအသောက်ဝေမယ့် သင်္ကြန်ပေါ်လစီကို ကျနော် မထောက်ခံပါ။ ၅၀% ပဲ ထောက်ခံပါတယ်။ဘာကြောင့် ကျနော် မထောက်ခံရတာလဲဆိုတာကို ဘောဂဗေဒ၊ ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ ပြည်သူ့ရေးရာမူဝါဒရှုထောင့်များကနေ ဆွေးနွေးသွားပါမယ်။
စဉ်းစားရမယ့် မေးခွန်း ၃ ခု
ရောဂါကပ်ဘေးကြီးဖြစ်လာတဲ့အခါမှာ အစိုးရက ပြည်သူတွေကို အင်တိုက်အားတိုက်နဲ့ အကူအညီပေးဖို့ လိုပါတယ်။
NLD အစိုးရက COVID-19 ကာလအတွင်း ပြည်သူတွေ အထိအခိုက်နည်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နေတာ၊ အခြေခံလူတန်းစားများကို ဦးတည်တဲ့ ပေါ်လစီတွေ အခုရက်ပိုင်း ထွက်လာတာတွေက ကြိုဆိုရမယ့် ဆောင်ရွက်ချက်တွေပါ။ ကျနော် အသိအမှတ်ပြုပါတယ်။ အားပေးပါတယ်။
ဒါပေမယ့် ဒီလို အကူအညီပေးရာမှာ စဉ်းစားစရာ အချက် သုံးချက် ရှိပါတယ်။
(က) ဘယ်သူ့ကို ပေးမှာလဲ။
(ခ) ဘာကို ပေးမှာလဲ။
(ဂ) ဘယ်လို ပေးမှာလဲ။
ဘယ်သူ့ကို ပေးမှာလဲဆိုတာက အစိုးရ ပစ်မှတ်ထားတဲ့ လူတန်းစားက ဘယ်သူလဲ။ ပြည်သူတွေ အားလုံးလား၊ ပြည်သူတစုပဲလား။ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေပဲ သီးသန့်လား။ COVID-19 ကြောင့် အလုပ်ပြုတ်သွားတဲ့သူတွေရော ပါလား။ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကော မပါဘူးလား။ ဒီလိုအကြောင်းအရာတွေပါ။ ဘာကို ပေးမှာလဲဆိုတာက ဆန်ဆီဆားပဲလား။ ကြက်ဥတွေ၊ ဆပ်ပြာတွေကော မပါဘူးလား။ အစိုးရက ပေးမယ့် အစားအသောက် အသုံးအဆောင်တွေက ပြည်သူတွေ တကယ်လိုတဲ့ ပစ္စည်းတွေကော ဟုတ်ရဲ့လား။
ဘယ်လိုပေးမှာလဲဆိုတာက ပြည်သူတွေထံ အိမ်တိုင်ရာရောက် ပို့ပေးမှာလား။ ရပ်ကွက်ရုံးမှာ သွားထုတ်ရမှာလား။ ဘဏ်ကနေ ငွေလွှဲလိုက်မှာလား။ ဒီလိုပေးတဲ့နေရာမှာ မမျှတမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ မဖြစ်လာအောင် ဘယ်လိုထိန်းမလဲ။ ဒါမျိုးတွေပါ။လက်ရှိအစိုးရရဲ့ မဟာသင်္ကြန်ပေါ်လစီမှာဆိုရင်
(၁) ဘယ်သူ့ကို ပေးမှာလဲ။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများ
(၂) ဘာတွေ ပေးမှာလဲ။
အိမ်ထောင်စု ၁ စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ (စုစုပေါင်း ထောက်ပံ့ကူညီမှု (၅) မျိုး)
(၃) ဘယ်လို ပေးမှာလဲ။
မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းစသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနဲ့ ပူးပေါင်းဆောင်ရွက်မည်။
ဒီဆောင်းပါးမှာ ပထမမေးခွန်းနဲ့ တတိယမေးခွန်းအကြောင်း မဆွေးနွေးပါဘူး။ သီးသန့်အကျယ် ဆွေးနွေးစရာတွေတော့ ရှိပါတယ်။ ဥပမာ ပထမမေးခွန်း – အခြေခံလူတန်းစားဆိုတာ ဘာလဲ။ ဘယ်လိုပေတံတွေနဲ့ တိုင်းမှာလဲ။ အခြေခံလူတန်းစားတော့ မဟုတ်ဘူး။ ဒါပေမယ့် ကြွေးပတ်လည်ဝိုင်းပြီး ထမင်းနပ်မှန်ဖို့တောင် မလွယ်တဲ့ ဈေးထဲက ကုန်စိမ်းသယ်ကော မပါသင့်ဘူးလား။ တတိယမေးခွန်း – ရပ်ဖိရပ်ဖ၊ ရပ်ကျေးဥက္ကဌတွေကို ဘယ်လောက် ယုံကြည်စိတ်ချရလို့လဲ။ သူတို့နဲ့ နီးစပ်တဲ့ သူတွေကို ပေးလိုက်ရင် မခက်ဘူးလား။ အရင်က ရပ်ကွက်ထဲ ပစ္စည်းဝေရင်၊ မဲနှိုက်ရင်၊ ခွဲတမ်းယူရင် ဒါမျိုးတွေက ကြုံနေကျလေ။
ပထမမေးခွန်းနဲ့ တတိယမေးခွန်းအကြောင်း ဖေစ့်ဘွတ်ခ်ပေါ်မှာ ဆွေးနွေးနေတဲ့သူတွေလည်း ရှိနေပြီဆိုတော့ လူသိပ်မပြောသေးတဲ့ ဒုတိယမေးခွန်းအကြောင်းပဲ ဒီဆောင်းပါးမှာ အာရုံစိုက်ချင်ပါတယ်။
ဘာကို ပေးမှာလဲ။ အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် တွေကို အိမ်ထောင်စုတစ်ခုချင်းအလိုက် အခမဲ့ ဖြန့်ဖြူးထောက်ပံ့သွားမယ် ဆိုပါတယ်။ ကျနော် ဒီဆောင်းပါးကနေ အစိုးရကို မေးခွန်းထုတ်ချင်တာက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေပဲလား။ အဲဒီ ငါးမျိုးအစား တခြားသင့်လျော်ရာ တခုခုကိုကော ပေးလို့ မရဘူးလား။
ကျနော် နမူနာ ဖြစ်စဉ်လေးတွေ ပေးပါမယ်။ စဉ်းစားကြည့်ရအောင်ပါ။
ဖြစ်စဉ် ၁
ဆိုပါစို့။ တချို့သူတွေက ထမင်းမစားဘူး။ ခေါက်ဆွဲ (ဂျုံ)စားတယ်။ ထမင်းက (ဆီးချို၊ သွေးချို၊ တခြားရောဂါတွေကြောင့်) သူတိုနဲ့ မတည့်ဘူး။ ထမင်းအစား သူတို့နဲ့ ပိုသင့်တော်တာက (ဆိုပါစို့) ကောက်ညင်းဆန်။ ဒီလို အနေအထားမျိုးမှာ အစိုးရကပေးမယ့် ဆန် ၈ ပြည်က သူတို့အတွက် အသုံးဝင်ပါဦးမလား။
(စဉ်းစားချက်။ မြန်မာပြည်လို ဆန်ကို အဓိကထား စားတဲ့ နိုင်ငံအတွက် ဂျုံစားသူ အရေအတွက်က သိပ် မရှိလောက်ပါဘူး။ ရောဂါကြောင့် မတည့်တဲ့သူတွေကတော့ မတတ်နိုင်ဘူးပေါ့။)
ဖြစ်စဉ် ၂
ပဲနှမ်းထွက်တဲ့ အညာဒေသမှာ တချို့အိမ်တွေက တစ်နှစ်စာ ဆီ သိုလှောင်ထားတတ်ကြတယ်။ သူတို့အတွက် ဆီမလိုဘူး။ ထို့အတူပဲ ဆန်စိုက်တဲ့ ဧရာဝတီဒေသမှာ လယ်သမားတွေက ကိုယ့်ဝမ်းစာ ဆန်တော့ လှောင်ထားပြီးသား။ သူတို့အတွက်လည်း ဆန်က အဓိက လိုအပ်တဲ့ ကုန်ပစ္စည်း မဟုတ်ဘူး။ သူတို့လိုတာက ဆပ်ပြာ။ ကိုရိုနာကြောင့် လက်ကို ခဏခဏ ဆေးဖို့လိုတော့ ဆပ်ပြာရှိဖို့ လိုတယ်။
(စဉ်းစားချက်။ အင်း . . . ဟုတ်သားပဲနော်။ ရောဂါကာကွယ်ဖို့ ဆပ်ပြာက ပိုအရေးကြီးတာပေါ့။ ဆန်နဲ့ဆီက သူတို့မှ မလိုပဲ။)
ဖြစ်စဉ် ၃
ဆန် ဆီ ဆားတွေ အစိုးရက အခမဲ့ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် အဖွားတို့က အသက်ကြီးပြီဆိုတော့ ထမင်း အများကြီး မစားနိုင်ဘူး။ ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သားက အဖွားတို့အတွက် ပိုပါတယ်။ အဖွားတို့ စိုးရိမ်တာက နွေရာသီမှာ တအားပူတော့ အပူမိပြီး ဖျားမှာလေ။ ကိုရိုနာက ဖျားတတ်တယ်ဆိုတော့ ပါရာစီတမောလေး ဆောင်ထားချင်တယ်။ ချွေးထွက်လွန်ပြီး ဝမ်းပျက်မှာလည်း ကြောက်တော့ ဓါတ်ဆားလေးပါ အပိုဆောင်ထားချင်တာ။ အဖွားတို့အတွက် ပိုနေမယ့် ဆန်တွေ ဆီတွေ မယူဘဲ၊ အဲဒီအစား တစ်ကိုယ်ရည်စာ ဆေးတွေပဲ ယူလို့ မရဘူးလား။
(စဉ်းစားချက်။ ဒါလည်း ဟုတ်တာပဲ။ ဆန်ဆီဆားက အရေးကြီးသလို၊ ဆေးဝါးတွေကလည်း အရေးကြီးပါတယ်။ ဆန်ဆီစားမလိုအပ်တဲ့သူတွေအတွက် တခြားဟာတွေ ဝေပေးလို့ မရဘူးလား။ တကယ်ကော ဆန်ဆီစားက ဝေဖို့ လိုလို့လား။)
မှန်ပါတယ်။ အစိုးရကပေးမယ့် ပစ္စည်းငါးမျိုးနဲ့ ပြည်သူတွေ လိုချင်တာ မကိုက်ညီတာမျိုး ရာနှုန်းပြည့် ရှိမှာပါ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ ပိုပြီး ပြည့်စုံတဲ့ မူဝါဒတော့ ရှိမှာပေါ့။
ဟုတ်ကဲ့။ အဖြေက ရှိပြီးသားပါ။
ကျနော်သာဆိုရင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေ ပေးနေမယ့်အစား အဲဒီ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကို တွက်ပြီး ပိုက်ဆံကိုသာ ပေးလိုက်ဖို့ပါ။ ဥပမာ ပစ္စည်းငါးမျိုးအတွက် ကုန်ကျစရိတ်က ငါးသောင်းရှိတယ်ဆိုရင် တအိမ်ထောင်ကို ပိုက်ဆံ ငါးသောင်း တိုက်ရိုက်ပေးလိုက်ဖို့ပါပဲ။ ဒီနည်းလမ်းက စားသောက်စရာတွေ ဝေမယ့်နည်းထက် ပိုကောင်းပါတယ်။ ကျနော်တို့ စဉ်းစားကြည့်ရအောင်ပါ။ ဘာကြောင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေအစား ပိုက်ဆံပေးသင့်တာလဲ။
(၁) ပြည်သူတွေက သူတို့ ဘာတွေလိုအပ်သလဲဆိုတာ သူတို့အသိဆုံးပါ။ အစိုးရက ဒါကို မသိနိုင်ပါဘူး။ ပြည်သူတွေ ဆန်လိုမှာပဲဆိုပြီး ဝေလိုက်ပေမယ့် သူတို့တကယ်လိုအပ်တာက ကြက်ဥနဲ့ ငါးသေတ္တာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို လိုအပ်ချက်ကွာဟမှု ပြဿနာကို ပိုက်ဆံတိုက်ရိုက်ဝေလိုက်ခြင်းနည်းက ဖြေရှင်းပေးနိုင်ပါတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများကို ပိုက်ဆံသာ တိုက်ရိုက်ပေးလိုက်ပါ။ ပြည်သူတွေက သူတို့အိမ်အတွက် လိုအပ်တာကို သူတို့ဖာသာ ရွေးချယ်ပြီး ဝယ်ပါလိမ့်မယ်။ ဆန်လိုတဲ့သူ ဆန်ဝယ်မယ်၊ ဆေးလိုတဲ့သူ ဆေးဝယ်မယ်၊ တချို့စုငွေအဖြစ် သိမ်းထားမယ့်သူတွေကလည်း သိမ်းထားမှာပေါ့။
(၂) ပိုက်ဆံတိုက်ရိုက် ဝေလိုက်ခြင်းက multiplier effect လို့ခေါ်တဲ့ ဆင့်ပွားအကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ ပိုက်ဆံလက်ခံရရှိတဲ့ အခြေခံလူတန်းစားတွေက သူတို့လိုအပ်တဲ့ ပစ္စည်းတွေကို ရပ်ကွက်ထဲက ဆိုင်လေးတွေမှာ သွားဝယ်မယ်။ ကိုရိုနာကြောင့် အရောင်းအဝယ် ထိခိုက်နေတဲ့ ရပ်ကွက်၊ ကျေးရွာဆိုင်လေးတွေ အသက်ပြန်ဝင်လာမယ်။
ဆိုင်လေးတွေ အလုပ်ပြန်သွက်လာလို့ သူတို့အတွက် လိုအပ်တဲ့ ကုန်တွေကို ရန်ကုန်ကို မှာမယ်။ ရန်ကုန်က အလုပ်ရုံတွေကလည်း နယ်အဝယ်လိုက်လာလို့ သင်္ကြန်မတိုင်ခင် အနားပေးလိုက်ရတဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်မယ်၊ ပြန်ခန့်မယ်။ ပိုက်ဆံ တိုက်ရိုက်ပေးလိုက်ခြင်းက ရေကန်ထဲ ခဲလုံးပစ်ချလို့ ဖြစ်လာတဲ့ လှိုင်းကလေးတွေလိုပါပဲ။ ဆင့်ပွား အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။
ကိုရိုနာကြောင့် စီးပွားရေးထိခိုက်တာ အခြေခံလူတန်းစားတွေတင် မကပါဘူး။ သာမန်ဝန်ထမ်းတွေကအစ အသေးစား/အလတ်စားလုပ်ငန်းတွေအလည် ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအထိ ပါပါတယ်။ ပိုက်ဆံ တိုက်ရိုက်ပေးလိုက်ခြင်းကြောင့် အပေါ် လုပ်ငန်းတွေပါ ဆင့်ပွားအကျိုးသက်ရောက်မှု ခံစားရမှာပါ။
ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ပေးမယ်ဆိုရင် တအိမ်ထောင် သုံးစွဲလိုက်တာနဲ့ အဲဒီမှာတင် ရပ်သွားပါလိမ့်မယ်။ မလိုတဲ့ ပစ္စည်းပြန်ရောင်းမယ်ဆိုရင်တောင် မူလတန်ဖိုးလောက်တောင် ရရှိမှာ မဟုတ်ပါဘူး။ ဈေးနှိမ်ခံရမှာပါ။
(၃) ဘယ်လိုပေးမှာလဲဆိုတဲ့ တတိယမေးခွန်းကိုလည်း တစုံတရာ ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။ အစိုးရက အခြေခံလူတန်းစားတွေကို ပိုက်ဆံသာတိုက်ရိုက်ပေးမယ်ဆိုရင် ဆန်ဆီဆားဖြန့်ချိသလို ခေါင်းခဲစရာ သိပ်မလိုပါဘူး။
Wave Money၊ KBZ Pay တို့လို မိုဘိုင်းပိုက်ဆံတွေကနေတဆင့် ပြည်သူတွေရဲ့ ဖုန်းတွေထဲ တိုက်ရိုက် ထည့်ပေးလို့ရပါတယ်။ ဒါဆိုရင် ပိုက်ဆံလွှဲတဲ့ဆိုင်လေးတွေ အလုပ် ပြန်သွက်လာပြီး တိုင်းပြည်စီးပွားရေးအတွက်ပါ ကောင်းပါတယ်။
ပြည်သူတွေလည်း ရပ်ကွက်ရုံးမှာ မျက်နှာလေးငယ်ပြီး တာဝန်ရှိသူတွေ အော်ငေါက်တာကိုခံပြီး နေပူထဲ အကြာကြီး တန်းစီစရာ မလိုတော့ဘူးပေါ့။ အစိုးရဖက်က ဆန်ဆီဆားတွေ ဝယ်ရ၊ ထုတ်ရ၊ ပို့ရ၊ စာရင်းလုပ်ရဆိုတဲ့ အလုပ်တွေလည်း သက်သာသွားပြီး တခြား ကိုရိုနာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပိုင်းကို ပိုအာရုံစိုက်နိုင်တာပေါ့။
ဒါကြောင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ပေးမယ့်အစား ပိုက်ဆံသာတိုက်ရိုက်ပေးဖို့ အစိုးရကို အကြံပြုလိုတာပါ။
ပိုက်ဆံတိုက်ရိုက်ပေးမယ်ဆိုတဲ့အယူအဆက နည်းနည်းအသစ်လိုဖြစ်နေပြီး မေးစရာတွေလည်း ရှိနေမှာပါ။ ဒီမေးခွန်းတွေကို ကျနော် ကြိုးစားပြီး ဖြေကြည့်ပေးပါမယ်။
(၁) ပိုက်ဆံပေးတာတော့ ဟုတ်ပါပြီ။ ရပ်ကွက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေက သင်္ကြန်အတွင်း ဖွင့်ပါ့မလား။
ဖွင့်ပါတယ်။ စိတ်မပူပါနဲ့။ အစိုးရက လော့ဒေါင်းချဖို့ လိုအပ်လို့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ရမယ်လို့ ပြောလာရင်တောင်မှ non-essential business လို့ခေါ်တဲ့ မလိုအပ်တဲ့ လုပ်ငန်းတွေပဲ ပိတ်ခိုင်းတာပါ။ အစားအသောက်၊ ဆေးဝါးပစ္စည်း၊ ဆေးရုံတွေတော့ ဆက်ဖွင့်ခိုင်းထားမှာပါ။
မန္တလေးမှာဆိုရင် စားသောက်ကုန်ဆိုင်တွေ၊ ဆေးဝါးအရောင်းဆိုင်တွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ စက်သုံးဆီဆိုင်တွေ၊ ဘဏ်တွေကို မဖြစ်မနေ ဖွင့်ရမယ်၊ မဖွင့်ရင် ဥပဒေအရ အရေးယူမယ်လို့ ကြေညာထားတဲ့ အထိပါ။ ရပ်ကွက်ဆိုင်လေးတွေလည်း ဒီရက်ပိုင်း အရောင်းအဝယ် မကောင်းတော့ သူတို့လည်း ဝယ်သူရှိရင် ရောင်းချင်ပါတယ်။ ဖွင့်မှာပါ။
(၂) ပိုက်ဆံပေးတာတော့ ဟုတ်ပါပြီ။ အဲဒီ ပိုက်ဆံကို အရက်သောက်ဖြစ်ရင်၊ ချဲထိုးဖြစ်ရင်၊ တခြား မဟုတ်တဲ့နေရာတွေမှာ သုံးဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ဒီအတွက် စိတ်တအားကြီး ပူစရာ မလိုပါဘူး။ လူတွေက ကိုယ့်ပိုက်ဆံကို ဘယ်လို ထိရောက်အောင် သုံးရမလဲဆိုတာ သိပါတယ်။ ပညာရှင်တွေ ပြုစုထားတဲ့ သုတေသနတွေအရတော့ ပိုက်ဆံတိုက်ရိုက်ပေးတဲ့ Cash Transfer အစီအစဉ်တွေမှာ ပိုက်ဆံလက်ခံရရှိတဲ့ မိသားစုတွေက ပိုက်ဆံကို မလိုအပ်တဲ့ နေရာတွေမှာ သုံးတယ်ဆိုတာ နည်းပါတယ်တဲ့။ အများစုက မိမိတို့မိသားစုအတွက် လိုအပ်တာတွေကို ဝယ်ဖို့ သုံးပါတယ်။
မြန်မာပြည်မှာ ယောက်ျားသားများက ငါ အိမ်ထောင်ဦးစီးပဲ၊ ငါ ပိုက်ဆံရှာရတာပဲဆိုပြီး ပိုက်ဆံကို အရက်သောက်ဖို့ သုံးနိုင်ပါတယ်။ ဒါဆိုလည်း အိမ်ထောင်ရှင် အမျိုးသမီးတွေထံ အစိုးရက ပိုက်ဆံကို တိုက်ရိုက်ပေးပြီး ဒီကိစ္စကို ဖြေရှင်းလို့ ရပါတယ်။
(၃) လူတွေက ပစ္စည်းဝယ်ဖို့အတွက် သင်္ကြန်ကာလ အပြင်တွေ လျှောက်ထွက်နေရင် ရောဂါတွေ ပိုပျံ့ပြီး လူတွေ ပိုဒုက္ခမရောက်ဖူးလား။ ဒါဆိုရင် အစိုးရရဲ့ အ်ိမ်မှာနေပါ (stay-at-home) ပေါ်လစီက အလုပ်ဖြစ်ပါ့ဦးမလား။
မှန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က လူချင်းထိတွေ့တာကနေ အသက်ရှုလမ်းကြောင်းထဲကို ပိုးဝင်ပြီး ကူးစက်တာပါ။ ဒါကြောင့် လူတွေ အိမ်ထဲမှာနေ social distancing လုပ်ခြင်းဖြင့် ဒီရောဂါ ပျံ့နှံ့နှုန်းကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်မပေးဘဲ ပိုက်ဆံသာ တိုက်ရိုက် ပေးမယ်ဆိုရင် လူတွေ အပြင်ထွက်နိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါဆို ရောဂါလည်း ပိုပျံ့နိုင်ပါတယ်။ ဒါကြောင့်လည်း ကျနော်က အစိုးရရဲ့ ပေါ်လစီအပေါ် ၅၀% ထောက်ခံတာပါ။
ဒီရောဂါက လူချင်းထိတွေ့တာကနေ မကူးဘူးဆိုရင် ကျနော် ၁၀၀% ကန့်ကွက်ပါတယ်။ မထောက်ခံပါဘူး။ ဘာကြောင့်ဆို ပစ္စည်းဝေတဲ့အစား ပိုက်ဆံဝေတာက ပိုထိရောက်တယ် ထင်လို့ပါ။
ပိုက်ဆံကို တိုက်ရိုက်ပေးတဲ့ပေါ်လစီကျင့်သုံးမယ်ဆိုရင်တောင် လူတွေ အပြင်မထွက်အောင် လုပ်လို့ ရပါသေးတယ်။ ဥပမာ ပိုက်ဆံကို အကုန်အပြည့် မလွှဲသေးဘဲ ပထမအသုတ်ကို လွှဲပေးလိုက်။ နည်းနည်းကြာအောင် စောင့်ကြည့်လိုက်။ လူတွေကို လိုအပ်တဲ့ပစ္စည်းဝယ်တာမှအပ အပြင်မထွက်ရဘူး၊ ထွက်ရင် ကျန်တဲ့ပိုက်ဆံ ထပ်မလွှဲဘူးဆိုပြီး ချည်နှောင်ထားလိုက်။ အဲဒီလို လုပ်လို့ရပါတယ်။ အစိုးရက အနည်းငယ်ပဲ တီထွင်ကြံဆဖို့ပဲ လိုတာပါ။ အခုလည်း အစိုးရက အိမ်အပြင်မထွက်ရ အမိန့် ထုတ်ထားတာ မဟုတ်ပါဘူး။
ပြည်သူတွေ အိမ်ထဲမှာ နေဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ထွက်ရင်လည်း အနည်းဆုံးလူဦးရေနဲ့သာ ထွက်ဖို့ တိုက်တွန်းနေတာပါ။ ဒါကြောင့် ပစ္စည်းအစား ပိုက်ဆံဝေမယ်၊ တဖက်မှာလည်း အိမ်အပြင်မထွက်ရ ပေါ်လစီကို တင်းတင်းကျပ်ကျပ် ကျင့်သုံးမယ်ဆိုရင် ရောဂါကူးစက်တဲ့နှုန်းကို မူလရည်ရွယ်ထားသလို ထိန်းနိုင်မှာပါ။
“ဖွံ့ဖြိုးရေးပေါ်လစီ”
ပိုက်ဆံသာပေးပါ ပစ္စည်းမဝေပါနဲ့ဆိုတဲ့ Cash Transfer အိုင်ဒီယာက ကျနော် စတာ မဟုတ်ပါဘူး။
ဒါက အခုနောက်ပိုင်း ဘောဂဗေဒ၊ ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကြားထဲမှာ ကျယ်ကျယ်လောင်လောင် ပြောနေတဲ့ အကြောင်းအရာပါ။ အစဉ်အလာအားဖြင့် လူသားချင်းစာနာထောက်ထားမှု၊ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေးနဲ့ ပြန်လည်ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းတွေမှာ ပစ္စည်းဝေတာ များပါတယ်။ ဥပမာ မုန်တိုင်းဒဏ်သင့်သူကို အဝတ်အစားပေးတာ၊ ဆင်းရဲတဲ့သူတွေကို ပုံမှန် ဆန်ထောက်ပံ့တာ အစရှိသဖြင့်ပေါ့။
ဒါပေမယ့် ဒီလို အစဉ်အလာ ပစ္စည်းဝေတဲ့ အစီအစဉ်တွေက အလုပ်မဖြစ်ဘူး၊ ပိုက်ဆံကိုသာ အကူအညီပေးရမယ့်သူတွေထံ တိုက်ရိုက်ထည့်လိုက်ပါဆိုတဲ့ အယူအဆက အခုနောက်ပိုင်း ပညာလောကမှာကော ပေါ်လစီအသိုင်းအဝိုင်းမှာပါ တွင်ကျယ်လာပါတယ်။ သုတေသနတွေကလည်း ပိုက်ဆံပေးတဲ့အစီအစဉ်တွေက စီမံကိန်းရည်ရွယ်ချက်ကို ပိုပြီး ထိရောက်တယ်လို့ ပြလာပါတယ်။
ဒါကြောင့်လည်း Microsoft ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်က ဆဟာရသဲကန္တာရနားက အာဖရိကန်လူမျိုး သုံးပုံတပုံကို ဆင်းရဲတွင်းက လွတ်အောင် ကြက်တွေမွေးခိုင်းဖို့ စီစဉ်တော့ ကြက်ပေးတာထက် ပိုက်ဆံတိုက်ရိုက်ပေးတာက ပိုအလုပ်ဖြစ်နိုင်မယ်ဆိုတဲ့အကြောင်း ဘောဂဗေဒပညာရှင်တွေက ထောက်ပြတာပါ။
အခုဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုက်ဆံတိုက်ရိုက်ပေးတဲ့ အစီအစဉ်ကို အာရုံပို စိုက်လာကြပါတယ်။ မြန်မာပြည်မှာလည်း နာဂစ်အလွန်ကနေစပြီး ပိုက်ဆံပေးတဲ့အစီအစဉ်တွေကို နိုင်ငံတကာ NGO တွေကလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
ကိုရိုနာကယ်ဆယ်ရေးအစီအစဉ်အတွက်လည်း တခြားနိုင်ငံတွေမှာ ပိုက်ဆံကို တိုက်ရိုက်ပေးတဲ့ အစီအစဉ်တွေ ကျင့်သုံးတာမျိုး ရှိပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဝင်ငွေအပေါ်မူတည်ပြီး လူပျိုဆိုရင် ဒေါ်လာ ၁၂၀၀၊ အိမ်ထောင်သည်ဆိုရင် ဒေါ်လာ ၂၄၀၀၊ ကလေးရှိရင် ဒေါ်လာ ၅၀၀ အပို ထပ်ပေးကို အစိုးရက စာတိုက်ကနေ တိုက်ရိုက် ပို့ပေးမှာပါ။
ကနေဒါမှာဆိုရင်လည်း အစိုးရက ဝင်ငွေလျော့သွားတဲ့သူတွေကို တစ်လ ဒေါ်လာ ၂၀၀၀ နဲ့ လေးလဆက်တိုက်ပေးမယ်လို့ ကြေငြာပါတယ်။
အိန္ဒိယမှာလည်း ကိုရိုနာကာလအတွင်း ပြည်သူတွေဆီ ပိုက်ဆံ တိုက်ရိုက်ပေးတဲ့ အစီအစဉ်တွေ စနေပါပြီ။ ဒါကြောင့် မြန်မာပြည်မှာလည်း မူဝါဒချမှတ်သူတွေက ပစ္စည်းဝေတာအပြင် ပိုက်ဆံပေးမယ့်ပေါ်လစီကို စဉ်းစာဖို့ လိုနေပါပြီ။
ကျနော့် ဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ဝေမယ့် အစိုးရရဲ့ ပေါ်လစီကို ကျနော် သဘောမတူပါ။ ဆန်ဆီဆားအစား ပိုက်ဆံဝေသင့်တယ်လို့ မြင်ပါတယ်။
အစိုးရဲ့ ပေါ်လစီကို ၅၀% တော့ ထောက်ခံပါတယ်။ ဒါကလည်း ပိုက်ဆံပေးရင် လူတွေ လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်ရင်းနဲ့ ရောဂါပြန့်တဲ့နှုန်း မြင့်လာမှာကို စိုးရိမ်လို့ပါ။ ဒါကလည်း အပေါ်မှာ ရှင်းပြခဲ့သလို အစိုးရက တီထွင်ကြံဆနည်းလမ်းတွေနဲ့ ကျော်လို့ရပါတယ်။ အစားအသောက် ဝေမယ့်အစား ပိုက်ဆံဝေတဲ့ မူဝါဒဖြေရှင်းချက်လည်း ရှိတဲ့အကြောင်း အစိုးရရော ပြည်သူတွေကိုပါ တင်ပြချင်ပါတယ်။
ပိုက်ဆံပေးတဲ့ပေါ်လစီအကြောင်း မူဝါဒဆွေးနွေးမှု policy debate တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိစေချင်ပါတယ်။ အခု သင်္ကြန်ကာလမှာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ဝေမယ့် ပေါ်လစီကို ပြန်လည် သုံးသပ်စေလိုပါတယ်။ အချိန်မှီသေးမယ်ဆိုရင်လည်း ပိုက်ဆံတိုက်ရိုက်ပေးတဲ့ နည်းကို သုံးစေလိုပါတယ်။ တကယ်လို့ အချိန်မမှီတော့ဘူးဆိုရင်လည်း ရှေ့ဆက်ပြီး ချမှတ်မယ့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပေါ်လစီတွေမှာ ပစ္စည်းအစား ပိုက်ဆံပေးတဲ့ ပေါ်လစီကို ထည့်သွင်းသုံးစေလိုပါတယ်။
မူဝါဒလေ့လာသူတယောက်အနေနဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို လေ့လာဆန်းစစ်တဲ့အခါ ဘာသာရပ်ဆိုင်ရာ သီအိုရီတွေအခြေခံပြီး ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေဖြစ်လာအောင် ဝေဖန်ထောက်ပြ ပြောဆိုပါတယ်။ အဲဒီအတွက် ကျနော့်ကို မူဝါဒချမှတ်သူနဲ့ ပြည်သူတွေက အမြင်စောင်းမည်ဆိုလည်း ခံယူဖို့ ရှိလျက်သာ။
(နေယံဦးသည် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေး သိပ္ပံ ကျောင်းသားများအား သုတေသန လုပ်ထုံးလုပ်နည်းဘာသာရပ်ကို အချိန်ပိုင်းနည်းပြအဖြစ် သင်ကြားပေးနေသူ ဖြစ်သည်။ သူသည် အောက်စ်ဖိုဒ့်တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မဟာဘွဲ့သင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းအီလီနွိုင်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ ရရှိထားသည်။)
You may also like these stories:
၁၄ ရက် ကွာရန်တင်းသမားများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ အိတ်ဖွင့်ပေးစာ
ကပ်ဆိုးကြီးထဲ စိတ်ဓာတ်ကို အမြင့်ဆုံးထား
ရာထူးဝန်အဖွဲ့ကို တရားစွဲမယ်ဆိုတဲ့ ကိုနေယံဦးနှင့် တွေ့ဆုံခြင်း