ကိုရိုနာဗိုင်းရပ်က လူ ၂ သန်းကျော်ကို ကူးစက်ခဲ့ပြီး လူ့အသက် ၁ သိန်း ၂ သောင်းကျော်ကို ယူဆောင်သွားခဲ့သည်။ အဓိကအားဖြင့် အုပ်ချုပ်မှု ချို့ယွင်းချက်များနှင့် နိုင်ငံများကြား ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်ပါသည်။ ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးသူ အရေအတွက်က ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ကျနော်တို့၏ ပျက်ကွက်မှုများနှင့် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းမှ ပေါက်ဖွားလာသော ကပ်ဘေးအန္တရာယ်တခုလည်း ဖြစ်ပါသည်။
သို့သော်လည်း COVID-19 ကူးစက်ရောဂါက ကမ္ဘာကြီးအတွက် ၎င်း၏ အုပ်ချုပ်မှုစနစ်များနှင့် တီထွင်မှုဆိုင်ရာ ဦးစားပေးမှုများအပြင် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းများကို ပြန်လည်သုံးသပ်ရန် နှိုးဆော်မှုတခုလည်း ဖြစ်ပါသည်။ ကူးစက် ကပ်ရောဂါက ကမ္ဘာကို ခါးသီးသော သင်ခဏ်းစာ ၅ ခုပေးခဲ့ပြီး ဖြစ်သည်။
(၁) စစ်ရေးနှင့်ကျန်းမာရေးအသုံးစရိတ်များ ဟန်ချက်ညီမျှမှုကို ပြန်လည်သုံးသပ်ရန်
နိုင်ငံတိုင်းနီးပါးက ၎င်းတို့၏ စစ်တပ်အတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးစွဲခဲ့ကြသည်။ နိုင်ငံများအနေဖြင့် ညူကလီးယား၊ ဓာတုနှင့် ဇီဝလက်နက်များ အပါအဝင် အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ (WMDs) နှင့် မောင်းသူမဲ့ လေယာဉ် (drone များ) မှသည် လေယာဉ်တင်သင်္ဘောများအထိ စစ်ဘက်ဆိုင်ရာများ အပြိုင်အဆိုင် တည်ဆောက်ခဲ့ကြသည်။
ကမ္ဘာ့ခေါင်းဆောင်များက ဤလုံခြုံရေးယှဉ်ပြိုင်မှုတွင် အာရုံစိုက်ခဲ့ကြခြင်းနှင့်အတူ အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံကြား မှ စစ်အေးတိုက်ပွဲကို ပေါ်ပေါက် စေခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ ကြားမှ တင်းမာမှုများက ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးအသုံးစရိတ် က ဒေါ်လာ ၁ ထရီလီယံကျော် ရှိသည်။ အကယ်၍ ထိုပမာဏကို ကျန်းမာရေးစောင့်ရှောက်မှုတွင် အစားထိုး ရင်းနှီး မြှုပ်နှံခဲ့ပါက သန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင် အကျိုးကျေးဇူးများ ခံစားကြရလိမ့်မည် ဖြစ်သည်။ အလားတူပင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) တွင် အချို့သောနိုင်ငံများက ကျန်းမာရေး စောင့်ရှောက်မှုထက် သူတို့၏ စစ်တပ်များ အတွက် ပိုမိုသုံးစွဲခဲ့ကြသည်။
ယခုအခါ အဆိုပါနိုင်ငံအများစုက ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးတွင် ငွေကြေးအထောက်အပံ့နှင့် ဗိုင်းရပ်စ် စစ်ဆေးသည့် စက်များကဲ့သို့သော ကိရိယာများအပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ထံမှ လှူဒါန်းမှုများကို အားကိုးနေကြရသည်။ ဗိုင်းရပ်စ် တိုက်ဖျက်ရန် ပုဂ္ဂလိကဘဏ်များ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များက တကိုယ်ရေ ကာကွယ်ရေးပစ္စည်းကိရိယာများ (PPE) နှင့် မျက်နှာဖုံးများစသည့် ဆေးပစ္စည်းများကို လှူခဲ့ကြရသလို ထို အစိုးရများကို ငွေကြေးများလည်း ထောက်ပံ့ခဲ့ကြရသည်။
နိုင်ငံအများစုက သူတို့၏ စစ်ရေးစွမ်းရည်များနှင့် ပတ်သက်၍ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးစွဲကြသည်။ သို့သော်လည်း ထိုအစွမ်းများက ကပ်ရောဂါကို တိုက်ဖျက်သည့် နေရာတွင် အနည်းငယ်မျှသာ အသုံးဝင်ခဲ့သည်။ COVID-19 က ကျန်းမာရေးစောင့်ရှောက်မှုထက် စစ်တပ်အပေါ် ပိုမိုသုံးစွဲရန် သူတို့၏ ရွေးချယ်ခဲ့မှုများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ကြရမည် ဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များကို ပြသခဲ့ပြီးဖြစ်သည်။
(၂) ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းရေး
COVID-19 ဖြစ်ပွားမှု အရေအတွက်နှင့် ကမာ္ဘတဝန်း ကူးစက်ရောဂါကြောင့် သေဆုံးရသူ အရေအတွက်က နိုင်ငံများကြား ညှိနှိုင်းဆောင်ရွက်မှု ကင်းမဲ့နေကြောင်း ဖော်ပြနေသည်။
ဒေါ်နယ်ထရမ့်က သူ၏ ”အမေရိကန် ပထမ” နိုင်ငံခြားရေးမူဝါဒ အစီအမံကို စတင်လုပ်ဆောင်သည့် အချိန်မှ စပြီး ကျွမ်းကျင်သူများစွာက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး သေဆုံးသွားခဲ့ပြီဟု ပြောခဲ့ကြသည်။ နိုင်ငံများကြား ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်း၏ အကျိုးဆက်များက ISIS ကဲ့သို့ အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရန်နှင့် ဘရာဇီးနိုင်ငံ အမေဇုန် သစ်တောနှင့် သြစတြေးလျမှ တောမီးလောင်ကျွမ်းမှုများကို တိုက်ဖျက်ရန် ကြိုးပမ်းမှုများတွင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
COVID-19 ပေါ်ပေါက်လာခြင်းက အန္တရာယ်၏ ထိပ်ပိုင်းလေးမျှသာ ဖြစ်သည်။ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှု၊ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် အခြားရောဂါများ စသည့် ကာလရှည် စိန်ခေါ်မှုများစွာက လိုသည်ထက်ပင် ပို၍ ရှိနေသေးသည်။ ကမ္ဘာက သင်ခဏ်းစာ ယူရန်နှင့် အနာဂတ်စိန်ခေါ်မှုများကို ဖြေရှင်းရန် နိုင်ငံများကြား ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းရန် အလွန် အရေးကြီးပါသည်။
(၃) နည်းပညာ၏ အနာဂတ်
ဖွံ့ဖြိုးပြီးနိုင်ငံများက ကျနော်တို့၏ ပထဝီနယ်နိမိတ်များ အပြင်မှ မသိသေးသော နေရာကို ဖော်ထုတ်ရှာဖွေရန် ဘီလီယံများစွာ သုံးစွဲခဲ့ကြသည်။ ထိုအားထုတ်မှုများက ဇီဝအင်ဂျင်နီယာနှင့် အင်တာနက်မှသည် စမတ်ကားများ၊ ကွမ်တမ် တွက်ချက်မှုနှင့် အလိုအလျောက် လက်နက် စနစ်များ အထိဖြစ်သည်။
COVID-19 ကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်း တို့တွင် နည်းပညာတိုးတက်မှု အချို့က အထောက်အကူ ဖြစ်ခဲ့သည်။ ဥပမာအားဖြင့် အီတလီနိုင်ငံတွင် ဆရာဝန်များက ရောဂါ အလွန်ပြင်းထန်၍ စက်နှင့် အသက်ဆက်ထားရသော လူနာများ၏ သွေးခုန်နှုန်းကို စစ်ဆေးရန် စက်ရုပ်များကို အသုံးပြုခဲ့သည်။ သို့သော်လည်း နည်းပညာ၏ အနာဂတ် (ဥပမာ ဉာဏ်ရည်တု နည်းပညာ (AI) အဆင့်မြှင့်တင်ရေး) သည် ဖျက်ဆီးခြင်းကို ဆောင်ကျဉ်းမည့်အစား လူသားတို့ကို အထောက်အကူ ပေးနိုင်သော ဒီဇိုင်းများ အပေါ်တွင် ပိုမို အာရုံစိုက်ရမည် ဖြစ်သည်။
(၄) ကျင့်ဝတ်နှင့် မညီညွတ်သော၊ သိက္ခာမရှိသော အလေ့အကျင့် များကို ရှောင်ရေး
COVID-19 ၏ မူလအစက အလွန် အငြင်းပွားဖွယ်ရာ ဖြစ်သည်။ တချို့က COVID-19 သည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ သားငါးရောင်းသည့် ဈေးမှ တိရစာ္ဆန်များနှင့် အစပြုခဲ့ သည်ဟု ပြောကြသည်။ လူအချို့က လင်းနို့၊ သင်းခွေချပ်၊ ရေဝက်နှင့် မြွေကဲ့သို့သော တောရိုင်းတိရိစာ္ဆန်များကို စားသုံးကြပြီး ထိုသတ္တဝါများက လူသားများထံ ဗိုင်းရပ်စ်ပိုး ကူးစက်စေသည်ဟု ပြောဆိုမှုများလည်း ရှိသည်။ တဖက်တွင်မူ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကမာ္ဘ့ စစ်တပ်များ အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ် အမေရိကန်စစ်တပ် ကိုယ်စားလှယ် အဖွဲ့က ဝူဟန်သို့ ဗိုင်းရပ်စ် ယူလာခဲ့သည်ဟု တရုတ်နိုင်ငံက စွပ်စွဲခဲ့သည်။ တရုတ်နိုင်ငံက ထိုဗိုင်းရပ်စ်ကို ဇီဝဗေဒလက်နက်အဖြစ် အသုံးပြုရန် ပုံစံ ထုတ်ထားခဲ့ပြီး ဓာတ်ခွဲခန်းမှ မှားယွင်းစွာ လွှတ်ထုတ်ပေးမိခဲ့သည် ဆိုသော နောက်ထပ် လျှို့ဝှက်ကြံစည်မှု သီအိုရီတခုလည်း ရှိသည်။
အဆိုပါ သီအိုရီများက မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ ဇီဝလက်နက် ထုတ်လုပ်သည့် မည်သည့်နိုင်ငံမဆို ထိုအစီအစဉ်များကို ချက်ချင်း ပယ်ဖျက်ပစ်ရမည် ဖြစ်သည်။ ထိုနည်းတူပင် တရုတ်နိုင်ငံက တောရိုင်းတိရိစာ္ဆန်များ စားချင်သောစိတ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။ ထိုလုပ်ရပ် ၂ ခုလုံး က ကျင့်ဝတ်နှင့်မညီသော သိက္ခာ မဲ့သော အပြုအမူများ ဖြစ်ပါသည်။ အကယ်၍ လူသားများက ထိုကဲ့သို့သော လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နေပါက ကျနော်တို့ အနေဖြင့် နောင်တွင် ပို၍ အသေအပျောက်များသော ကူးစက်ရောဂါများကို ခံစားကြရပါလိမ့်ဦးမည်။
(၅) အနာဂတ်အတွက် ပြင်ဆင်ရေး
COVID-19 ကူးစက် ကပ်ရောဂါက ကမ္ဘာကြီးအား အနာဂတ်စိန်ခေါ်မှုများအတွက် မည်သို့ပြင်ဆင်ရမည် ဆိုခြင်းနှင့် ပတ်သက်၍ သင်ခဏ်းစာ တခု ပေးပါသည်။ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရောဂါများ မပေါ်ပေါက်မီ ကြိုတင် ခန့်မှန်းရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လျော့ချနိုင်ရေး အတွက် တီထွင်မှုများ ပြုလုပ်ရာတွင် အာရုံစူးစိုက် ဆောင်ရွက်ရန် ကမ္ဘာကြီး၌ လုံလောက်သောအချိန် ရှိ ပါသည်။ COVID-19 မှ သင်ခဏ်းစာများကို အခြေခံ၍ ကမာ္ဘအနေဖြင့် အနာဂတ် မျိုးဆက်များအတွက် ထိရောက်သော၊ လက်တွေ့ကျပြီး ပူးပေါင်း ဆောင်ရွက်မှု ရှိသော အစီအစဉ်များကို ရေးဆွဲရန် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတခုကို စတင် အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။
ကူးစက် ကပ်ရောဂါ၏ သင်ခဏ်းစာများကို ကျနော်တို့ လေ့လာသင်ယူခဲ့ပါက ဆောင်းရာသီအတွက် နွေရာသီတွင် အစားအစာများ ကြိုတင် စုဆောင်း သိုလှောင်ထားသည့် ပုရွက်ဆိတ်နှင့် တူပါလိမ့်မည်။ သို့သော် သင်ခန်းစာများကို မသင်ယူနိုင်ခဲ့ပါက ဆောင်းရာသီတွင် (အစာငတ်၍) သေဆုံးသွားသော နှံ ကောင်နှင့် တူသွားပါလိမ့်မည်။
(Joe Kumbun သည် ကချင်ပြည်နယ်အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပြီး [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Five Lessons for the World from COVID-19 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်