ကမ္ဘာကြီး တိုက်ခိုက်ခံနေရပါပြီ။ မြန်မာနိုင်ငံလည်း ချွင်းချက်မရှိ။ သို့သော် ကျနော်တို့ ယခုအချိန်အထိတော့ ကံကောင်းနေသေးသည်ဟု ဆိုရမည်။
ကျနော်တို့ အားလုံး ယခုရင်ဆိုင်နေရသည်က မမြင်တွေ့ရသော်လည်း သေစေနိုင်သည့် ရန်သူ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ တိုက်ခိုက်မှုအောက်တွင် မည်သူမှ အန္တရာယ်မကင်းနိုင်။ နိုင်ငံတိုင်း အတုံးအရုံးနှင့် ဒုက္ခရောက်နေကြရပြီး ဘယ်အစိုးရကမှလည်း သူ့ကို ကိုင်တွယ်ရန် ပြီးပြည့်စုံသော မဟာဗျူဟာ သို့မဟုတ် မူဝါဒ မချနိုင်သေး။ ကိုရိုနာဗိုင်းရပ်စ်သည် နာမည်နှင့်လိုက်အောင်ပင် ဆန်းကြယ်၍ မာယာများလှသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁၈ ရက်မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်သည် လူပေါင်း ၉၄ ဦးကို ပျံ့နှံ့ကူးစက်ခဲ့ပြီး ထိုသူများအနက် ၅ ဦးကို သေဆုံးစေခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး စတင်တွေ့ရှိပြီးနောက် ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ တွင် ရောဂါပိုးကူးစက်ခံရသူ လူ ၂ သန်း ၁သိန်း ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိသည်။ အမေရိကန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့သည် ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက် အများဆုံးဖြင့် အဆိုးရွားဆုံး ထိခိုက်လျက်ရှိသည်။
ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံအသီးသီးက ကျန်းမာရေးပညာရှင်များကို စိန်ခေါ်နေသည့် ဒီဗိုင်းရပ်စ်နှင့်ပတ်သက်လာလျှင် မနက်ဖြန်တွင် မည်သို့ဖြစ်လာမည်ဆိုသည်ကိုပင် ဘယ်သူမှ မသိနိုင်ကြပါ။
မြန်မာနိုင်ငံတွင်မူ ပထမလူနာ သေဆုံးခဲ့ပြီးနောက် ဧပြီလ ၈ ရက် တရက်တည်းအတွင်း ကိုဗစ်-၁၉ လူနာ၂ ဦး ထပ်မံသေဆုံးခဲ့မှုက လူထုအကြား စိုးရိမ်ထိတ်လန့်မှုများ တိုးစေခဲ့သည်။
တတိယမြောက် လူနာသေဆုံးမှုကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းမှ ကိုဗစ်-၁၉ ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည့်သူ ၃ ဦး (ဆရာဝန်၊ စေတနာဝန်ထမ်းခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူး) နှင့် အွန်လိုင်းပေါ်တွင် အပြန်အလှန်ဆွေးနွေးနေချိန်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးမှုကို ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
“တဦးတယောက် ဆုံးပါးခြင်းဟာ ကျမတို့နိုင်ငံအတွက် ဆုံးရှုံးတာဖြစ်ပါတယ်။ ကျမတို့ စိတ်မကောင်းဘူ။ ဒါပေမယ့် စိတ်မကောင်းဖြစ်နေရုံနဲ့ မလုံလောက်ပါဘူး။ ဒီဆုံးရှုံးမှုကို သတိပေးလိုက်တာလို့ ယူဆရမှာ ဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ပြောပါတယ်။
သေချာတာတခုကတော့ ဒီဗိုင်းရပ်စ်ဟာ ခွဲခြားမှုမရှိဘူးဆိုတာပဲဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ထီးနန်းအမွေခံ ချားလ်စ်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် အသက်လုခဲ့ရသည်။ ကိုရိုနာကြောင့် အမေရိကန်၊ စပိန်နှင့် အီတလီ နိုင်ငံများတွင် နေ့စဉ်သေဆုံးမှု တထောင်ကျော်ရှိသည်။
လူပေါင်း သန်း ၅၀ ခန့်ကို သေစေခဲ့သည့် ၁၉၁၈ ခုနှစ် စပိန် တုပ်ကွေးဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည့် ဤကမာ္ဘ့ကပ်ရောဂါကို ရင်ဆိုင်ကြရသည့်အချိန်တွင် ကမာ္ဘသည် ခေါင်းဆောင်မရှိသလိုဖြစ်နေသည်။ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲအပါအဝင် နိုင်ငံတိုင်းရှိ နိုင်ငံရေးသမားများသည် ဤမမြင်ရသည့်ရန်သူကို ရမ်းသမ်းတိုက်ခိုက်နေကြရပြီး ဗိုင်းရပ်စ်ပျံ့နှံ့နေမှုကိုပင် မထိန်းချုပ်နိုင်သေးပေ။
အုပ်ချုပ်မှုကောင်းသည့်၊ ခိုင်မာသည့် အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုစနစ်များနှင့် ကြွယ်ဝသည့် ရင်းမြစ်များရှိသည့် နိုင်ငံများအပါအဝင် အစိုးရအားလုံးသည် ကြုံသလိုတုံ့ပြန်ဆောင်ရွက်နေကြသည်။ ဗိုင်းရပ်စ်၏ထုထည် မည်မျှကြီးမားကြောင်း မသိနိုင်သောကြောင့် ယင်းက နားလည်နိုင်စရာဖြစ်သည်။
နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကလည်း ဗိုင်းရပ်စ်၏ ထိုးဖောက်တိုက်ခိုက်မှုကို တားဆီးနိုင်ပုံမရပါ။ အမေရိကန်နှင့် ဗြိတိန်အပါအဝင် ဥရောပရှိ အခြားသော ချမ်းသာကြွယ်ဝသည့်နိုင်ငံများ မည်မျှဆိုးရွားစွာ ခံစားနေရသည်ကိုကြည့်ပါ။
ထပ်ပြီးပြောရရင် ကျနော်တို့ မြန်မာနိုင်ငံက ကံကောင်းနေဆဲပဲ ဖြစ်သည်။ ဗိုင်းရပ်စ်အား စတင်တွေ့ရှိရာ တရုတ်နိုင်ငံနှင့် ၂၂၀၀ ကီလိုမီတာ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း မတ်လနောက်ပိုင်းမှ ရောဂါပိုး စတင်တွေ့ရှိပြီး အခြေအနေ အရမ်းမဆိုးရွားနေသေးခြင်းက ပိုပြီး ကံကောင်းသည်။
ထိုပထဝီအနေအထားကြောင့်ပင် လေ့လာသူတချို့သည် မြန်မာနိုင်ငံ၏အခြေအနေကို (နောက်ထပ်တကြိမ်) လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ ဗိုင်းရပ်စ်ပိုးမတွေ့သေးသည့် မတ်လလယ်တွင် တချို့သောမြန်မာ့အရေးစောင့်ကြည့်သူများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ပြီးဖြစ်ပြီး မစစ်ဆေးနိုင်၍သာ မတွေ့ရှိသေးခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သူတို့၏ယူဆချက်က ဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံကို နယ်စပ်တစ်လျှောက် ကူးစက်ခဲ့ပြီးဖြစ်သည်ဟုဖြစ်သည်။
လက်ရှိ တွေ့ရှိမှုများအရ ယင်းယူဆချက်မှားယွင်းပါသည်။ အတည်ပြုလူနာများအနက် ပြည်ပမှ ရောဂါကူးစက်ခံရသူများမှာ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ စင်္ကာပူ၊ ဆွစ်ဇာလန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံများမှ လာရောက်ကြသူများဖြစ်ပြီး ကျန်သူများမှာ ပြည်တွင်း၌သာ ကူးစက်ခံကြရသူ အများစုဖြစ်သည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများထဲ ဝူဟန်မြို့တည်ရှိသော ဟူဘေးပြည်နယ်သည် မြန်မာနိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေခြင်းမရှိခြင်းနှင့် အခြားဥရောပနိုင်ငံအချို့နှင့်မတူဘဲ မြန်မာနိုင်ငံနှင့် ဝူဟန်အကြား တိုက်ရိုက်စီးပွားရေး အချိတ်အဆက် မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် မြန်မာအစိုးရသည် တရုတ်နိုင်ငံနှင့် ရန်ကုန်အကြား လေကြောင်းလိုင်းများအား ဖေဖေါ်ဝါရီလ အစောပိုင်းကတည်းက ဆိုင်းငံ့ထားခဲ့သည်။ ဝူဟန်က လေကြောင်းလိုင်းများဆိုရင် ယင်းမတိုင်ခင်ကတည်းက ဆိုင်းငံ့ထားခဲ့သည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် ယူနန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်းက နိမ့်သည်။ မတ်လ ၁၅ ရက်နေ့အထိ ယူနန်ပြည်နယ်တွင် ရောဂါကူးစက်မှု ၁၇၄ ခုရှိပြီး ၂ ဦးသေခဲ့သည်။ ဟူဘေးပြည်နယ်တွင်မူ ရောဂါကူးစက်မှု ၆၇၇၉၆ ခုရှိပြီး သေဆုံးသူ ၃၀၈၅ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာ့အရေးလေ့လာသူအချို့ အပါအဝင် လူအများအပြားက ရောဂါပိုးသည် တရုတ်မှ မြန်မာကို အလုံးအရင်းဝင်လာ ကူးစက်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် နယူးယောက်မှာ ဖြစ်ပွားခဲ့သည့် ပုံစံကိုကြည့်လျှင် ဒီရောဂါ ထိုကဲ့သို့ ပျံ့နှံ့ခဲ့ခြင်း မဟုတ်ပေ။
မကြာသေးမီက မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀၀၀ ကျော် (ထိုင်းနိုင်ငံက) ပြန်လာပြီးနောက် မြန်မာနိုင်ငံမှာ (ကပ်ရောဂါသဖွယ် ပျံ့နှံ့ဖြစ်ပွားလာနိုင်ခြေကို) အစိုးရတာဝန်ရှိသူတွေအပါအဝင် တော်တော်များများက စိုးရိမ်ခဲ့ကြပြန်သည်။
ထိုင်းနိုင်ငံကပြန်လာသူမျာအား သီးခြားထား ကာလ ၁၄ ရက် ပြည့်သည့် သင်္ကြန်ကာလ ပြီးခဲ့သော အပတ်သည် အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က (မကြာသေးခင်က လုပ်ခဲ့သည့်) ဗီဒီယို ကွန်ဖရင့်မှာ ပြောခဲ့သည်။
ယခုထိ ရွှေ့ပြောင်းအလုပ်သမားများကြား ရောဂါကူးစက်မှု အလုံးအရင်း ဖြစ်လာသည်ကို မတွေ့ရှိရသေးပါ။ သို့သော် စောင့်ကြည့် ၁၄ ရက်ကာလအတွင်း ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှ ပေါ်လာသူများ ရှိလာ၍ စောင့်ကြည့်ကာလ ၂၁ ရက်သို့ ပြောင်းလဲခဲ့သည်။
နိုင်ငံတဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် မများသေးသော်လည်း အကြီးအကျယ် ပျံ့နှံ့ဖြစ်ပွားနိုင်ခြေကို မည်သူမျှ လျှော့တွက်လို့မရပါ။ နယူးယောက် သို့မဟုတ် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် အရေအတွက်မျိုး ဆင်းရဲသည့် မြန်မာနိုင်ငံတွင် ကြုံတွေ့ရလျှင် ပို၍များပြားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရမှာဖြစ်သည်။
ထို့ကြောင့် အစိုးရက ၅ ယောက်ထက် ပိုမစုရ ကာဖျူးကို ကျန်းမာရေးဝန်ကြီး အမိန့်ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့် မည်သည့်အချိန် ရုတ်သိမ်းမည် မပြောနိုင်ပေ။
ကောင်းသည့်အချက်မှာ အစိုးရက ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီးနောက်ဆုံးရ သတင်းအချက်အလက်တွေကို အများပြည်သူသိစေရန် ထုတ်ပြန်နေခြင်းဖြစ်သည်။ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ခြင်းမျိုး၊ အများပြည်သူသိသင့်သည့် အရေးပါသည့်သတင်းများကို ဖုံးကွယ်ခြင်းမျိုး မရှိသေး ဟု ယုံကြည်ရသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဒေါ်အောင်ဆန်းသည်ပင် ဖေ့စ်ဘွတ်ကို လူသိရှင်ကြား သုံးလာရသည်။ ဧပြီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာ၌ ပြည်သူလူထုနှင့် ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်ရန်ဟု အကြောင်းပြပြီး မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့ဘွတ်ကို စတင်အသုံးပြုခဲ့သည်။
ထို့ပြင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပါဝင်လုပ်ကိုင်နေသူများနှင့် တရင်းတနှီး ဆွေးနွေးခြင်းများကို ရုပ်သံအဖြစ် ထုတ်လွှင့်သည်။ ထိုသို့ နေရာများမှ ပေးချင်သည့် သတင်းစကားများကို ဒေါ်အောင်ဆန်းစုကြည်က ပေးသည်။
ဧပြီလ ၈ရက်နေ့က ဗီဒီယို ကွန်ဖရင့်တခုတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုအနေဖြင့် ဒီဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး သတိထားရန် တိုက်တွန်းသော်လည်း အလွန်အကျွံ စိုးရိမ်ခြင်းက အခြေအနေကို ကိုင်တွယ်ရာမှာ အထောက်အကူ မပြုကြောင်းလည်း ပြောသည်။ နိုင်ငံသားတဦးစီအနေဖြင့်လည်း ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ရာမှာ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
“ကမ္ဘာပေါ်မှာ ဒီရောဂါ ဘယ်လောက်ကြာကြာ ပျံ့နှံ့နေမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ တိုးတက်ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ ဘယ်လောက်ရုန်းကန်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။
“ဒါကြောင့် ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးဟာ ကြွယ်ဝမှုအပေါ်မှာ မူမတည်ဘူး။ ကျမတို့ရဲ့ စိတ်ဓါတ်ခွန်အားပေါ်မှာပဲ မူတည်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို လူတိုင်းလူတိုင်း လိုက်နာရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်” ဟု လည်း ပြောသည်။
အစိုးရ ခေါင်းဆောင်များနှင့် လူထုအကြား ယခုလို ဆက်သွယ်ရေးလမ်းကြောင်းရှိခြင်းသည် ပြည်သူလူထုအား အသိပေးရန် တလမ်းသွားမျှမဟုတ်ဘဲ ပြည်သူလူထု၏ အမြင်ကို သိရှိရန်အတွက်လည်း မရှိမဖြစ်လိုအပ်သည်။ ယင်းသည်ပင် မြန်မာနိုင်ငံတွင် တကြိမ်မှ မကြုံဖူးသေးသော ကူးစက်ရောဂါတိုက်ဖျက်ရာတွင် အများပြည်သူပါဝင်ခွင့်ရသည့် ဒီမိုကရေစီ ကျင့်သုံးမှုပင် ဖြစ်တော့သည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်။ ၎င်း၏ Impoverished Myanmar Takes on an Invisible Enemy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ
ကမ္ဘာကြီးအတွက် COVID-19 ကပေးတဲ့ သင်ခဏ်းစာ ၅ ခု
ဆန်ကိုမလို ငွေကိုလိုသည် သို့မဟုတ် ဆန်ဆီဆား ထောက်ပံ့ရေး ပေါ်လစီအား သုံးသပ်ခြင်း