ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ရှောင်တခင်စစ်ဆေးတဲ့ စာမေးပွဲတခုလို့ ဆိုရမယ်ထင်ပါတယ်။ အာဏာရှင်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ရွေးကောက်ခံခေါင်းဆောင်တွေပဲဖြစ်ဖြစ် နိုင်ငံအတွက် ဘေးအန္တရာယ် ကျရောက်နေတဲ့အချိန်မျိူးမှာ စီမံအုပ်ချုပ်ပုံလွဲခဲ့လို့ရှိရင် အဓိက အထိနာကြတာက ပြည်သူတွေပါပဲ။
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ထွက်ရှိခဲ့တဲ့ CNN သတင်းတစ်ပုဒ်မှာ ကိုဗစ်ကပ်ရောဂါကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် အမျိုးသမီးတွေ အကြောင်းနဲ့ သူတို့ရဲ့ ကိုဗစ်ထိန်းချုပ်ပုံ နည်းဗျူဟာတချို့ကို ဖေါ်ပြထားပါတယ်။
ထိုင်ဝမ်က အမျိုးသမီးသမ္မတ ဆိုင်းအင်းဝမ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက တရုပ်နိုင်ငံ ဝူဟန်မြို့မှာ ကူးစက်ရောဂါပြန့်နှံ့နေတဲ့ သတင်း ကြားကြားချင်းဆိုသလိုပဲ ဝူဟန်မြို့က လာတဲ့လေယာဉ်လိုင်းတွေကို ပိတ်ပစ်ခဲ့တယ်။ ကူးစက်ရောဂါထိန်းချုပ်ရေးဋ္ဌာနတခု ချက်ခြင်းဖွဲ့စည်းခဲ့ပြီး နှာခေါင်းစည်းလိုမျိုး ရောဂါကာကွယ်ရေးပစ္စည်းကိရိယာတွေ အရှိန်မြှင့်ထုတ်လုပ်ခဲ့တယ်။ တရုပ်ပြည်မ၊ ဟောင်ကောင်နဲ့ မကာအိုက လာမယ့် လေယာဉ်တွေကို ထိန်းချုပ်ခဲ့တယ်။ ထိုင်ဝမ်ရဲ့ ခပ်မြန်မြန် ခပ်ကြမ်းကြမ်း တုံ့ပြန်မှုကြောင့် လူ ၄၀၀ နီးပါးလောက်ပဲ ရောဂါပိုးကူးစက်ခံခဲ့ရပြီး ခုချိန်ထိ လူခြောက်ယောက်ပဲ အသေအပျောက်ရှိခဲ့ပါတယ်။
ဂျာမန်အဓိပတိ အင်ဂျလာ မာကယ်ကတော့ တပတ်မှာ လူပေါင်း သုံးသောင်းခွဲလောက် ပိုက်စိပ်တိုက် ပိုးစစ်တဲ့နည်းနဲ့ စစ်ဆေးခဲ့ပြီး ပိုးတွေ့သူများကို ကြပ်ကြပ်မတ်မတ် ဆေးကုသပေးနိုင်ခဲ့လို့ အမေရိကားနဲ့ ရုရှားပြီးရင် ကမ္ဘာမှာ တတိယလူဦးရေ အများဆုံး ပိုးစစ်နိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်လာပြီး ဥရောပမှာ ရုရှားပြီးရင် အသေအပျောက် အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအားဒါးန် က ခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး တနိုင်ငံလုံးကို တလကြာ ပိတ်ဆို့ထားလိုက်တဲ့အတွက် လူအသေအပျောက်နှုန်း နည်းပါးအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ နယူးဇီလန်မှာ လူ ၁၂ ယောက်လောက်ပဲ ဖိတ်စင်ခဲ့ပါသေးတယ်။
ဖင်လန်နိုင်ငံက ကမ္ဘာမှာ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် စန်နာမာရင်ရဲ့ ကပ်ရောဂါကာလအတွင်း စီမံအုပ်ချုပ်ပုံကို နိုင်ငံလူဦးရေရဲ့ ၈၅ ရာနှုန်းလောက်က ထောက်ခံခဲ့ကြပါတယ်။ လူဦးရေ ၅ သန်းခွဲလောက်ရှိတဲ့ တိုင်းပြည်မှာ လူခြောက်သောင်းနီးပါးကို ပိုး ရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၉၄ ယောက်ရှိခဲ့တဲ့အတွက် ကပ်ရောဂါကာလအတွင်း ဥရောပမှာ လူအသေအပျောက် အနည်းဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။
တဖက်မှာလည်း သွေးပျက်စရာကောင်းတဲ့ လူသေနှုန်းတွေ၊ ကူးစက်မှုနှုန်း တိုးမြင့်လာတွေ၊ ကသောင်းကနင်းဖြစ်လာမှုတွေကြောင့် ကပ်ရောဂါနဲ့ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ ကာလအတွင်းမှာပဲ လက်နက်ချသွားကြတဲ့သူ တချို့ရှိပါတယ်။ ဂျာမဏီနိုင်ငံက ဘဏ္ဏာရေးဝန်ကြီး Thomas Schaefer ဟာ ကိုဗစ်ကပ်ဘေးကြောင့် ရိုက်ခတ်လာမယ့် စီးပွါးရေးကျဆင်းမှုတွေအပေါ် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အစိုးရိမ်လွန်ပြီး သူ့ကိုယ်သူသတ်သေသွားခဲ့ပါတယ်။
ရိုမေးနီးယားနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်း လုံလုံလောက်လောက်မရှိပဲ လူနာတွေနဲ့ ထိတွေ့ရတာတွေကြောင့် ရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ကျော်မှာ ထက်ဝက်လောက်ဟာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒီအနေအထားဟာ ကျန်းမာရေးဝန်ထမ်းတွေအကြား သွေးပျက်စရာ ဖြစ်လာခဲ့ပြီး ဆရာဝန် ၅၀ ကျော် နုတ်ထွက်ခဲ့ပါတယ်။ တချို့ဆေးရုံက ကျမ်းမာရေးဝန်ထမ်း ၁၀၀ ကျော်က နာမကျန်းခွင့်တွေယူခဲ့ပြီး၊ ဝန်ထမ်း ၁၀၀ ကျော် ပင်စင်ယူဖို့ လျှောက်လွှာတင် ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ ရိုမေးနီးယား ကျန်းမာရေးဝန်ကြီး နုတ်ထွက်ခဲ့ပါတယ်။ ရိုမေးနီးယား ဝန်ကြီးချုပ် Ludovic Orban ကတော့ ကျန်းမာရေးဝန်ကြီးဟာ စီမံခန့်ခွဲမှု အလွဲအမှား တွေကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကိုဗစ် စိန်ခေါ်မှုနဲ့ မြန်မာ
မြန်မာနိုင်ငံမှာလည်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေကို ၂၀၂၀ နှစ်ဆန်းလောက်ကစပြီး ကျန်းမာရေးဝန်ကြီးဋ္ဌာနက စတင်လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။ မတ်လထဲမှာပဲ အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံအတွက် ကိုဗစ်ကပ်ရောဂါဟာ အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက နိုင်ငံတွင်းကို တသုတ်ပြီး တသုတ်ပြန်လာကြနေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ တရုပ်နိုင်ငံတွေမှာ အလုပ်သွားလုပ်နေကြတဲ့ သိန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ မမြင်နိုင်တဲ့ ရောဂါပိုးသယ်ဆောင်လာသူ ဘယ်လောက်များများ ပါလာနိုင်မလဲဆိုတာကို ခန့်မှန်းရ ခက်လှပါတယ်။
ငွေကြေးချမ်းသာတဲ့ နိုင်ငံတွေအတွက်တော့ လူသိန်းသန်းချီပြီး ပိုးစစ်ဆေးတာနဲ့ မြို့တွေ နယ်စပ်ဂိတ်တွေ ဈေးတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကာလတခုအထိ ပိတ်ဆို့ထားတာတွေ လုပ်ဖို့ရာမှာ ဖွံဖြိုးဆဲနိုင်ငံတွေလောက် အခက်အခဲ မရှိလှပါဘူး။ အလုပ်မသွားပဲ အိမ်ထဲမှာပဲနေဖို့အတွက် နိုင်ငံသားတွေရဲ့ ဘဏ်စာရင်းထဲကို တလတကြိမ် ငွေလွှဲပို့ပေးတာမျိုး၊ စီးပွါးရေးလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးတာမျိုး စသဖြင့် နိုင်ငံသားတွေကို ကပ်ရောဂါကာလအတွင်း စိုးရိမ်ပူပန်မှုအနည်းဆုံးနဲ့ စည်းကမ်းလိုက်နာနိုင်အောင် အစီအစဉ်တွေ ချမှတ်နိုင်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း အနိမ့်ကျဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းအင်အား၊ ပိုးစစ်တဲ့ ပစ္စည်းကရိယာ၊ ကုသမယ့်နေရာ၊ ဓါတ်ခွဲခန်းကျွမ်းကျင်သူ စတာတွေမှာ အကန့်အသတ်ရှိနေတာကြောင့်၊ လူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ပဲနေကြဖို့ မေတ္တာရပ်ခံတဲ့၊ အရပ်ဖက်ဥပဒေတွေ ထုတ်ပြန်တဲ့ နည်းလမ်းတွေကိုပဲ အဓိက ရောဂါပိုးထိန်းချုပ်တဲ့ နည်းလမ်းတရပ် အနေနဲ့ သုံးနေတာကို တွေ့ရပါတယ်။ လက်လုပ်လက်စားတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့တဲ့နည်းလမ်းနဲ့ ဧပြီလအတွင်းမှာ အိမ်ထဲက အိမ်ပြင်မထွက်ပဲနေကြဖို့ စည်းရုံးခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်လောက်နေလာခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဒီနည်းလမ်းဟာ လက်တွေ့အကျဆုံးဖြစ်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်စိန်ခေါ်မှုတွေနဲ့ပါတ်သက်ပြီး ပြည်သူနဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆက်သွယ်နိုင်ဖို့ ဆိုရှယ်မီဒီယာကို ဧပြီလ ၁ ရက်နေ့ကမှ စပြီး အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာကနေ အဓိကလုပ်နေတဲ့ လုပ်ငန်း ၂ ခုရှိပါတယ်။
၁။ မြေပြင်မှာ လက်တွေ့လုပ်နေတဲ့ ဝန်ထမ်းတွေ၊ လုပ်အားပေးကူညီသူ ပရဟိတသမားတွေ ပြည်သူတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေကြားမှာ ပေါင်းကူးချိတ်ဆက်ပေးပြီး လစ်ဟာနေတဲ့ ကွက်လပ်တွေကို တတ်နိုင်သရွေ့ ဖြည့်ဆည်းတာ (Video Conferencing ဆွေးနွေးပွဲတွေက တဆင့်)
၂။ ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးတာ၊ ရောဂါပြန့်ပွါးမှုမဖြစ်အောင် အိမ်မှာနေဖို့တိုက်တွန်းတာ
အဲဒီဆွေးနွေးမှုတွေကတဆင့် မြေပြင်မှာ လက်တွေ့လုပ်နေရတဲ့ ဝန်ထမ်းတွေ၊ ပရဟိတသမား တွေရဲ့ အသံတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေရော လူထုကပါ တပြိုင်နက်တည်း ကြားနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိလာတာကို တွေ့ရပါတယ်။
ကျန်းမာရေးဝန်ကြီးဋ္ဌာနအနေနဲ့တော့ အဓိက လုပ်ငန်းကြီးသုံးရပ်ဖြစ်တဲ့ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးကိစ္စတွေကို WHO ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဇန်နဝါရီလက စတင်ခဲ့ပြီး မတ်လကုန်ပိုင်းလောက်မှာ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေနဲ့ အတူ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဖေဖေါ်ဝါရီလဆန်းပိုင်းလောက်အထိ ပိုးရှိမရှိ စစ်ဆေးမှုတွေကို ထိုင်းနိုင်ငံကို တင်ပို့စစ်ဆေးခဲ့ရတဲ့အတွက် အနည်းအကျဉ်းပဲ လုပ်နိုင်ခဲ့ပြီး ဧပြီလလယ်လောက်မှာ ရာဂဏန်းလောက်အထိ တိုးမြှင့်စစ်ဆေးလာနိုင်တဲ့အတွက် လူဦးရေ ငါးထောင် စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
လူဦးရေ ၁ သန်းမှာ ၈၈ ယောက်လောက်ကိုပဲ စစ်နိုင်သေးတဲ့အတွက် အာရှနိုင်ငံတွေထဲမှာတော့ လူဦးရေအနည်းဆုံး စစ်ဆေးနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံလူဦးရေ ၅၄ သန်းမှာ ဒီနေ့အထိ သေဆုံးသူ ငါးယောက်ပဲ ရှိသေးတဲ့ အတွက် အာရှနိုင်ငံတွေထဲမှာရော ကမ္ဘာမှာပါ အသေအပျောက်နှုန်း (လူ ၁ သန်းမှာ သေဆုံးသူ ၀.၀၉ နဲ့) အနည်းဆုံး နိုင်ငံတနိုင်ငံအဆင့်မှာပဲ ရှိနေပါသေးတယ်။
MOHS က ထုတ်ပြန်တဲ့ စာရင်းဇယားများအရ တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးမှာ Facility Quarantine Center ပေါင်း ၈၀၀၀ နီးပါးရှိပြီး လူဦးရေ ခြောက်သောင်းလောက် ကို ၂၁ ရက်ကြာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ပြည်ပကဝင်ရောက်လာသူ ၂၁ ယောက်ကတဆင့် ပြည်တွင်းမှာကူးစက်ခဲ့တာ ဖြစ်တဲ့အတွက် လေဆိပ်များနဲ့ တရားဝင် နယ်စပ် ဝင်ပေါက် ထွက်ပေါက် အားလုံးကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကူးစက်သူပေါင်း ၁၀၀ ကျော်ရှိလာပြီး ရွှေ့ပြောင်းအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက် မေလဆန်းမှာ ဝင်ရောက်လာတဲ့အခါမှာတော့ ကူးစက်သူဦးရေ တိုးပွါးကောင်း တိုးပွါးလာနိုင်ပါတယ်။
ဒါကြောင့်လည်း ကူးစက်မြန် ရောဂါကုသဖို့ ဆေးရုံတချို့ ပြင်ဆင်ထားရှိလာတာကို တွေ့ရပါတယ်။ ပိုးစစ်ဆေးဖို့ စက်ပစ္စည်းကရိယာတွေကို လှုဒါန်းသူတွေရှိသလို၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထောက်ပံ့တာတွေလည်း ရှိတဲ့အတွက် လူဦးရေ တိုးမြှင့်စစ်ဆေးနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့လည်း MOHS က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနဲ့ ကိုဗစ်စာမေးပွဲ
ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း အနိမ့်ဆုံးနိုင်ငံတနိုင်ငံပင် ဖြစ်လင့်ကစား မြန်မာနိုင်ငံမှာ အဓိက အားသာချက်သုံးခု ရှိပါတယ်။
၁။ MOHS နဲ့ WHO ကြား ပုံမှန် ချိတ်ဆက်လုပ်ဆောင်မှုရှိတာ၊ အရပ်ဖက်-စစ်ဖက်နဲ့ ပရဟိတလူမှုအဖွဲ့အစည်းတွေကြား ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာတာ
၂။ အစိုးရနဲ့ နိုင်ငံတကာက ပံ့ပိုးကူညီသူတွေကြား ဆက်ဆံရေးချောမွေ့တာ (ထိုင်း၊ ဂျပန်၊ အမေရိကန်၊ စင်္ကာပူ၊ ကိုရီးယား၊ တရုပ် စတဲ့ နိုင်ငံတွေက Test kits တွေ၊ ကာကွယ်ရေးပစ္စည်းတွေ ပံ့ပိုးခဲ့တာ)
၃။ ပရဟိတ လူမှုအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှု အားကောင်းမောင်းသန်ရှိတာ
တိုင်းဒေသကြီးအစိုးရများနဲ့ ဝန်ကြီးဋ္ဌာနတွေနဲ့ ချိတ်ဆက် လုပ်ဆောင်တဲ့နေရာမှာတော့ အတန်အသင့် အားနည်းချက်တွေ ရှိနေပါသေးတယ်။ ကသောင်းကနင်းဖြစ်မှုတွေ နေရာအတော်များများမှာ မြင်နေရသေးပေမယ့် လုပ်ရင်းကိုင်ရင်းနဲ့ တဖြည်းဖြည်း အသားကျ မြန်ဆန်မှုတွေ ရှိလာနိုင်ပါတယ်။
ကျန်းမာရေးဝန်ကြီးဋ္ဌာနဟာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကဏ္ဍမှာ ရှေ့တန်းက ဦးဆောင်နေပြီး သက်ဆိုင်ရာဋ္ဌာနတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှု ပံ့ပိုးမှုအား ကောင်းရင်ကောင်းသလောက် နိုင်ငံသားတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ ပိုပြီး ပီပီပြင်ပြင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ဆက်နွယ်တဲ့ အသေအပျောက်နှုန်း၊ ကူးစက်ပြန့်နှံ့မှုနှုန်းကို အချိတ်အဆက်မိမိနဲ့ အတိုင်းအတာတခုထိ ထိန်းထားနိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်။ ဒီအနေအထားဟာ အချိန်မရွေး ပြောင်းလဲ သွားနိုင်ပါတယ်။ အင်မတန်မှ စီမံအုပ်ချုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အားကောင်းတဲ့ စင်္ကာပူလိုနိုင်ငံမှာတောင်မှပဲ အချိန်အတိုင်းအတာတခုထိ ရောဂါပိုးပြန့်နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ရွှေ့ပြောင်းလုပ်သားတွေကြား ပိုးကူးစက်မှုကို ထိန်းချုပ်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေရပါတယ်။
တကမ္ဘာလုံးမှာ ကပ်ရောဂါဘေးအတွက် ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ၇၀ ရာနှုန်းလောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာတော့ အမျိုးသမီးပါဝင်မှုက ၂၅ ရာနှုန်းလောက်ပဲရှိပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲမှာ အမျိုးသမီးခေါင်းဆောင်တွေက ထိပ်ဆုံးက ပါပါတယ်။
တကယ့်မိုးထဲရေထဲ အခြေအနေမှာတော့ ခေါင်းဆောင်တွေ ကျန်းမာရေးဝန်ထမ်းတွေ အမျိုးသမီး အမျိုးသားဖြစ်ခြင်းက အဓိက မကျလှပါဘူး။ ဘေးအန္တရာယ်ကျရောက်နေတဲ့ အချိန်မျိူးမှာ ပြည်သူတွေ အထိမနာအောင် စီမံအုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်တိုင်းဟာ ကိုဗစ်ကပ်ဘေး စာမေးပွဲမှာ ပြည်သူပေးတဲ့ အောင်မှတ်ကို ရမှာပါပဲ။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သည့် ဆောင်းပါးများ အစဉ်တစိုက် ရေးသားနေသည့် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်မှ Peace Building PhD Candidate တဦးဖြစ်သည်။)
You may also like these stories:
မြန်မာနိုင်ငံရဲ့ တလတာ COVID-19 မှတ်စု
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ