ကိုဗစ်နိုင်းတင်းကုစားရေးနှင့် ပတ်သက်၍ အခြေအနေ ၂ ရပ်ကို သင်္ကြန်မတိုင်မီကာလတုန်းကတည်း ကျနော် စဉ်းစားခဲ့မိတယ်။ ကမ္ဘာ့စီပွားရေးနာလန်ထဖို့ဆိုတာက ၁) ကုသဆေး/ကာကွယ်ဆေး ရှာဖွေတွေ့ရှိမှုအခြေ အနေနဲ့ ၂) စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) ရဲ့ ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်ကယ်ဆယ်ရေး စီမံကိန်း (Global supply-chains rescue plans) တွေအပေါ်မှာ မူတည်လို့ ထင်ပါတယ်။
ကာလတိုအနေနဲ့ကတော့ နိုင်ငံများစွာဟာ တနိုင်ငံချင်းအနေနဲ့ သူတို့ရဲ့ အမျိုးသားစီးပွားရေးတည်ငြိမ်မှုကို အနည်းနဲ့ အများဆိုသလို ထိန်းထားနိုင်ကြလိမ့်မယ်။ ဒါပေမယ့် ရေရှည်မှာတော့ အဓိက စီးပွားရေး အင်အားကြီးနိုင်ငံတွေ၊ ဒေသတွင်း စီးပွားရေးတွေရဲ့ မူဝါဒပေါင်းစပ်မှုနဲ့ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်။
ဘာကြောင့်လည်းဆိုတော့ အဓိက စီးပွားရေးအင်အားကြီးအားလုံးက သူတို့အမျိုးသားစီးပွားရေး တနိုင်ငံချင်းစီ သီးခြား လုပ်ချင်တဲ့ သဘောသဘာဝလေးတွေ ရှိနေတယ်လို့ ကျနော်မြင်တယ်။ အဲ့ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေ ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုနေသေးတယ်။
မြန်မာနိုင်ငံအနေနဲ့ ကာလတိုအတွင်း Fiscal policy ဘဏ္ဍာရေးမူဝါဒ၊ Monetary policies ငွေကြေးမူဝါဒ၊ Trade policy ကုန်သွယ်ရေး မူဝါဒနဲ့ Exchange rate policy ငွေလဲလှယ်နှုန်း မူဝါဒ ပိုင်းတွေမှာ ယေဘုယျအားဖြင့် မူဝါဒ ပေါင်းစပ်ဖို့လိုတယ်။ တနည်းပြောရရင် အဓိကကျတဲ့ မက်ခရို စီးပွားရေးကို မောင်းနှင်နေတဲ့ ဗဟိုဘဏ်အပါအဝင် ဝန်ကြီးဌာနတွေ အားလုံးက ပူးပေါင်းပြီး ကြိုတင်ခန့် မှန်းထားတဲ့အခြေအနေတွေကို ပုံဖော်နိုင်ဖို့ လိုပါမယ်။
တချိန်တည်းမှာ ကျနော်တို့ဟာ Industrial restructuring policy စက်မှုကဏ္ဍ ပြန်လည်ဖွဲ့စည်းရေးမူဝါဒ၊ Agricultural promotional policy စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုမြေတောင်မြှောက်ရေးမူဝါဒတွေနဲ့ ရေရှည်အတွက် ပြင်ဆင်ဖို့လိုတယ်။
ဒါဟာ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေအတွက် အခြေခံပစ္စည်းတွေ Self-sufficiency ကိုယ်နိုင်ငံမှာကိုယ် ဖူလုံနေဖို့က အခုလို ကမ္ဘာလုံးဆိုင်ရာ ပျက်ကပ်မျိုးတွေ ကြုံလာချိန်မှာ အရေးကြီးလာတယ်။
ဥပမာအားဖြင့်ပြောရရင် အခြေခံဆေးဝါးပစ္စည်းတချို့ကိုတောင်မှ နိုင်ငံခြားက ကုန်ကြမ်းတွေ တင်သွင်းနေရသေးတယ်။
ကျနော်တို့ မျှော်လင့်ထားသည်ဖြစ်စေ၊ မမျှော်လင့်ထားသည်ဖြစ်စေ အဆိုးဆုံးအခြေအနေတွေ ဖြစ်လာနိုင်တဲ့ ၁) ဗိုင်းရပ်စ်ကို နိုင်ငံတွင်းမှာ ကောင်းကောင်းထိန်းချုပ်နိုင်လို့ မရတဲ့အခြေအနေ ၂) ကမာ္ဘ့ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်က ကောင်းကောင်းနာလန်ထ မလာဘူး ၃) အစိုးရရဲ့ အရေးပေါ် အသုံးစရိတ်က အမြင့်ဆုံး ကန့်သတ်ချက်ထက် လွန်ကဲစွာကျော်လွန်သွားမယ် ၄) စုစုပေါင်းကုန်သွယ်မှုပမာဏက ကြာရှည် သိသိသာသာ ကျဆင်းနေမယ် ၅) ဒီကာလတွေအတွင်း ပြည်တွင်း အလုပ်အကိုင်ဈေးကွက်နဲ့ အလုပ်အကိုင်ဖန်တီးမှုက မျှော်မှန်းထားတာထက် လွန်ကဲစွာနှေးကွေးနေမယ်၊ တနည်းပြောရရင် အလုပ်လက်မဲ့နှုန်းက ရုတ်ချည်းလွန်ကဲစွာ မြင့်တက်လာမယ် ၆) နိုင်ငံခြားအရန်ငွေက စိုးရိမ်ရေမှတ်ပမာဏအထိ ကျဆင်းသွားမယ် စတဲ့ မျှော်လင့်မထားတဲ့ အဆိုးဆုံးအခြေအနေတွေအတွက် အဖြေတွေကို ကျနော်တို့ ကြိုတင်စဉ်းစားထားဖို့ လိုတယ်။
ဒါကြောင့် ဒီအဆိုးဆုံး အခြေအနေတွေဟာ လက်ရှိအခြေအနေထက် ပိုမိုအရေးပါတယ်လို့ ကျနော်ထင်တယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုကြိုတင်ပြင်ဆင်မလဲ ဆိုတာတွေဟာ အရေးကြီးတဲ့အချက်တွေပဲ။
ဥပမာအားဖြင့်ပြောရရင် ဘဏ် ၃၁ ဘဏ်လုံးရဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ နောက်ထပ်ဘဏ် အတိုးနှုန်း ထပ်မံ ဖြတ်တောက်ဖို့ စဉ်းစားဖို့လည်း လိုကောင်းလိုလာနိုုင်တယ်။ ဒါပေမယ့်လည်း စုဆောင်းငွေပမာဏတွေက ရုတ်ချည်းလျှော့ကျတာလည်း ဖြစ်မလာအောင် စဉ်းစားရမှာဖြစ်သလို တဖက်ကလည်း တိုင်းပြည်ရဲ့ ကိုဗစ်-၁၉ ကုစားရေး အစီအစဉ်တခု အနေနဲ့ စဉ်းစားတဲ့နေရာမှာ လိုအပ်ကောင်း၊ လိုအပ်လာနိုင်ပါတယ်။
(ဘဏ်တွေရဲ့ ချေးငွေအပေါ် လိုက်နာရမယ့် အချိန်ကာလ ကန့်သတ်ချက်ကို ဗဟိုဘဏ်က နောက် ၃ နှစ် ရွှေ့ဆိုင်းပေးခဲ့သလို) ဒါတွေက နိုင်ငံရဲ့ လူမှုစီးပွားအခြေအနေတွေ အားလုံး တည်ငြိမ်မှုကို ဦးစားပေးအခြေခံပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ကြီးမားတဲ့ ဘဏ္ဍာရေးလိုငွေ ဝန်ထုတ်ဝန်ပိုးဟာ အနာဂတ်မှာ ဆိုးကျိုးတွေဖြစ်နိုင်လာတဲ့အတွက် နိုင်ငံဘဏ္ဍာကို ထိထိရောက်ရောက်သုံးစွဲဖို့ လိုတယ်။ တနည်းပြောရရင် Fiscal stimulus package ဘဏ္ဍာရေး နိုးဆွဖို့ အစီအစဉ်တခုတည်းနဲ့ လက်ရှိစီးပွားရေးကို ပြန်လည်နိုးကြွစေနိုင်တဲ့ အနေအထားတော့ မဖြစ်စေနိုင်ဘူး။ ဘက်ပေါင်းစုံရှုထောင့်စုံကနေ စဉ်းစားဖို့လိုအပ်မှာ ဖြစ်တယ်။
လောလောဆယ် ရွှေ၊ မြေ၊ ငွေကြေး နဲ့ပိုင်ဆိုင်မှုပစ္စည်း ဈေးကွက်အားလုံး ကျဆင်းနေတဲ့ အနေအထား ဖြစ်တယ်။
အခွန်စနစ် ဖွဲ့စည်းတည်ဆောက်ပုံကတော့ ဘာပဲဖြစ်ဖြစ် ကာလတိုအတွက် ထိရောက်မှုရှိတယ်။
ပို့ကုန် ဆက်လက်တင်ပို့ဖို့ အထူးသဖြင့် အထည်ချုပ်လုပ်ငန်း (ဖြတ်-ထုတ်လုပ်-ထုပ်ပိုး – CMP) တွေအတွက် သွင်းအားစုဈေးတွေ၊ ကုန်ကြမ်းနဲ့ သွင်းကုန်အပေါ် ကောက်ခံနေတဲ့ အကောက်ခွန်တွေကို ပိုမိုဖြေလျှော့ ပေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့စီးပွားရေးမှာ CMP က အဓိကကျသည့် စီးပွားရေးကဏ္ဍကြီး ဖြစ်နေသေးတယ်။
CMP နည်းတူ အခြားသော ပြည်ပပို့ကုန် ကဏ္ဍမှာ အရေးကြီးတဲ့လုပ်ငန်းတွေ ပြည်တွင်းစားသုံးမှုမှာ အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ သွင်းကုန်တွေအပေါ်လည်း အခွန်အမျိုးမျိုးကို တတ်နိုင်သ၍ လျှော့ချသင့်တယ်။ စီးပွားရေးုလုပ်ငန်းတွေ ပြန်နာလန်ထလာတဲ့အထိ အရေးပါတဲ့ သွင်းကုန်တွေအပေါ် အခွန်အမျိုးအစားအားလုံး သုညဖြစ်သင့်တယ်။
တဖန် အလုပ်အကိုင်ဖန်တီးရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ နှစ်ဖက်လုံးက ရင်းနှီးမြှုပ်နှံမှုသစ်တွေ၊ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့တာတွေ ဖိတ်ခေါ်ဖို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အလျင်အမြန် ပြန်လည်သုံးသပ်ဖို့ လိုအပ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရ၊ ဂျပန်အစိုးရ တို့က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံကနေ ထွက်ခွာဖို့ တွန်းအားပေးနေတာကြောင့် ဒီလုပ်ငန်းတွေ ကိုယ့်နိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံလာအောင် ကြိုတင်ပြင်ဆင်ထားသင့်လို့ပါ။
တချိန်တည်းမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်မွေးဝမ်းကြောင်းပညာရေးအတွက် အသုံးစရိတ်၊ အွန်လိုင်းဝန်ဆောင်မှုတွေ၊ လျှပ်စစ်ဓါတ်အားနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပိုပြီး အရေးပါလာတယ်။
ပုံမှန်ကုန်သွယ်ရေးပြန်လည်စတင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေဟာလည်း အရေးပါတဲ့ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်တယ်။
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းငွေ-ရင်းနှီးမြှုပ်နှံမှု-ထုတ်လုပ်မှုစနစ်(Total savings-investments-productivity paradigm/mechanism)ကို မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားသစ်ကို ကြိုတင်ခန့်မှန်းတွက်ချက်ဖို့ လိုတယ်။ ဝင်ငွေအလွှာအားလုံးကို ကိုယ်စားပြုတဲ့ ဝင်ငွေအုပ်စုတွေက အခုပြောခဲ့တဲ့ မမျှော်လင့်တဲ့ အဆိုးဆုံး အခြေအနေတွေဖြစ်လာရင် မျှတစွာဖြေရှင်းပေးဖို့ အရေးကြီးတယ်။
ကမာ္ဘ့ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်ဟာ လက်ရှိအခြေအနေဖြစ်တဲ့ အကြီးအကျယ် ထုတ်လုပ်၊ အကြီးအကျယ် စားသုံးနေတဲ့ လက်ရှိအရင်းရှင်စနစ်တောင်မှ ထိလွယ်ရှလွယ်တဲ့ အနေအထားကို တွေ့ရတယ်။ ဒီဗိုင်းရပ်စ်အကျပ်အတည်းက ကျနော်တို့ကို သင်ခန်းစာတွေ အများကြီး သင်ပေးနေတယ်။
အမျိုးသားလူမှုစီးပွားတည်ငြိမ်ရေးနဲ့ အမျိုးသားလုံခြုံရေးဟာ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ စားနပ်ရိက္ခာ လုံခြုံမှု နှစ်ခုလုံးပေါ်မှာ မူတည်နေတယ်လို့ ထင်တယ်။
ဒါကြောင့် မြန်မာနိုင်ငံ လူမှုစီးပွားတည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေ၊ ကဏ္ဍတွေကို ပိုကောင်းအောင် ပြင်ဆင်မွမ်းမံသွားဖို့ လိုပါတယ်။
အခွန်နဲ့ အသုံးစရိတ်ခွဲဝေမှု အထူးသဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်ဟာ လတ်တလောအတွက်သာမက အနာဂတ်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးန်ိုင်ရမယ်။
ဂေဟ စနစ်တွေ၊ ပတ်ဝန်းကျင်စနစ်တွေနဲ့ စီးပွားရေး စနစ်တွေဟာ ဟန်ချက်ညီ၊ ချိန်သားကိုက် လိုက်လျှောညီထွေဖြစ်ဖို့ လိုလာတယ်။ ဒီအချက်ဟာ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုတဲ့အချက် တွေလို့ မြင်ပါတယ်။ ဒါကြောင့်ကျနော်တို့ ဘဏ္ဍာငွေခွဲဝေမှုကို အဓိက စောင့်ကြည့်ဖို့ လိုမယ်။
အမျိုးသားစုဆောင်းမှု(National savings) (အိမ်ထောင်စု စုဆောင်းငွေနှင့် အစိုးရစုဆောင်းငွေ)၊ နိုင်ငံခြားသားစုဆောင်းမှု တနည်းအားဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှံမြှုပ်နှံမှုတွေဟာ ယေဘုယျအားဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။
အစိုးရရဲ့စုဆောင်းမှု (လိုငွေအတွက်ဆိုရင်တော့ အနုတ်လက္ခဏာပြတဲ့ စုဆောင်းမှု) တွေက အဓိက တိုးတက်ရေး မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို တွန်းထုတ်တာမျိုး မဖြစ်သင့်ဘူး။ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေမယ့် အရာမျိုးတွေသာ ဖြစ်သင့်တယ်။
တည်ငြိမ်မှုထိန်းသိမ်းရေးဟာ ဘယ်လိုစီးပွားရေးမဆိုအတွက် အရေးအကြီးဆုံးလို့ပဲကျနော်ထင်တယ်။
ဒါကြောင့် အမျိုးသားစီးပွားရေးကယ်တင်ရေး/ပြန်လည်နာလန်ထရေး အစီအစဉ်တွေကို တပြိုင်တည်း အခြေအနေအလိုက်ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။
ဘာကြောင့်လည်းဆိုတော့ ပြည်တွင်းစီးပွားရေးမှာ မြန်မာနိုင်ငံရဲ့ အဓိက ဖြစ်တဲ့ လုပ်သားအခြေပြုလုပ်ငန်း ကဏ္ဍကို အကြီးအကျယ်အခြေခံထားလို့ ဖြစ်တယ်။
(ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသား ဘောဂဗေဒပညာရှင်တဦးက ဧရာဝတီသို့ ပေးပို့လာသော သုံးသပ် အကြံပြုချက် ဆောင်းပါးဖြစ်သည်။)
You may also like these stories:
COVID-19 တုန့်ပြန်ရေး ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း ၅၀ ပေး
အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန် တမြို့တည်း ဦးရေ သိန်းနဲ့ ချီရှိလာနိုင်တယ်
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်