ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ကြိုးပမ်းမှုတွင် Ro ဟုခေါ်သည့် Rate of infection ကူးစက်မှုနှုန်းသည် အဓိကစောင့်ကြည့်ရမည့်အရာဖြစ်သည်။ လော့ဒ်ဒေါင်းလုပ်လျှင်လည်း ပေးဆပ်ရသည့် စီးပွားရေးလုပ်ငန်းများပျက်စီးမှု၊ အလုပ်လက်မဲ့နှုန်းတို့ ကြီးမားသည့်အတွက် ဖြစ်နိုင်လျှင် ထို Ro ကိုထိန်းပြီး ကိုဗစ်-၁၉ နှင့်အတူ ကခုန်ကြ Dancing with Covid-19 ရတော့မည့် ပုံပေါက်လာသည်။
ကခုန်သည်ဆိုသည်မှာ လော့ဒ်ဒေါင်းဖြင့် Suppression ချုပ်ထားပြီးလျှင် ခပ်ခွာခွာနေရေး Physical distancing အပါအဝင် ရောဂါနောက် ခြေရာခံ အစီအမံ Mitigation measures တွေလုပ်ပြီး ကူးစက်မှုနှုန်းကို ဆက်မတက်အောင် ထိန်းထားရမည်ဆိုသည်။ Suppression lockdown လုပ်ခြင်းကိုပင် တူနှင့်ထုချခြင်း Hammer ဟုခေါ်ပြီး ရောဂါကူးစက်မှုနှုန်းနှင့် ကူးစက်ခံရသူ အရေအတွက် နည်းအောင် ထိန်းထားခြင်းကို Dance ကခုန်ခြင်းဟု ခေါ်ကြသည်။ တူနှင့် ထုတန်ထု၊ ခပ်ခွာခွာ ပေးနေတန် နေ၊ ရောဂါနောက်ကြောင်း လိုက်ပြီး သီးသန့်ခွဲထုတ်တန်ထုတ် စောင့်ကြည့်တန်စောင့်ကြည့် အမျိုးမျိုးအဖုံဖုံသော နည်းလမ်းများကို ပေါင်းစပ်ပြီး ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ခြင်းက ကိုဗစ်-၁၉ နှင့်အတူ ကခုန်ကြခြင်း Dancing with Covid-19 ပင်။
ကူးစက်မှုအရေအတွက် နည်းသေးသည့် မြန်မာနိုင်ငံသည်လည်း ကခုန်လို့ရလျှင် ကခုန်သည်ကကောင်းမည် ထင်သည်။ တနည်းအားဖြင့်ဆိုလျှင် Ro ကို ၁ အောက်ရောက်အောင် လုပ်ထားရမည်။ ထိုသို့လုပ်ထားနိုင်ရန် အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့်အတူ စဉ်းစားရမည့်အချက်များမှာ
၁) ပါးစပ်နှင့်နှာခေါင်းစည်း (သို့) Facemasks များ အနည်းဆုံး ၆၀ ရာခိုင်နှုန်း နေအိမ်မှပြင်ပသို့ သွားလာလုပ်ကိုင်သည့်အချိန်များတွင် ဝတ်ဆင်ခြင်း။ နိုင်ငံအားလုံး၏ ၂၅ ရာခိုင်နှုန်းကျော်သည် ယခုအခါ အပြင်ထွက်လျှင် နှာခေါင်းစည်း Mask များ မဝတ်မနေရသတ်မှတ်ထားသည်။
၂) နိုင်ငံတကာမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ကူးစက်မှုနှင့်သေဆုံးမှုနှုန်းများကို လေ့လာကြည့်သည့်အခါ ထိရှအလွယ်ဆုံး အသက်အုပ်စုမှာ အသက် ၆၀ နှစ်အထက်များဖြစ်သည်။ နောက်ထပ်သေဆုံးနှုန်း အများဆုံးအုပ်စုက သွေးတိုး၊ဆီးချို၊ နှလုံး၊ ကင်ဆာရောဂါအခံရှိသူများဖြစ်သည်။ မြန်မာနိုင်ငံတွင် UNFPA အချက်အလက်များအရ အသက် ၆၀ နှင့်အထက် လူဦးရေ ၄.၅ သန်းခန့်ရှိပြီး သက်ကြီးရွယ်အို ၅ ဦးတွင် ၁ ဦးသည် မိမိဝမ်းစာအတွက် အလုပ်လုပ်နေရသည်ဟု သိရသည်။ ထပ်မံပြီးလည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုများသည် သားသမီးမြေးမြစ်များဖြင့် မိသားစုဝင်များသည့် သေးငယ်သည့်အိမ်များတွင် အတူနေထိုင်ရသည်။ အကျိုးဆက်အားဖြင့် ကူးစက်နိုင်ခြေ များလျက်ရှိသည်။ ကူးစက်ခံရသူဦးရေ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံတွင် တက်ရောက်ကုသမှုခံရန်မလိုဘဲ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမျိုး (Basic clinical care) လောက်သာ လိုအပ်ပြီး ဆေးရုံတွင်ကုသရန် လိုအပ်သည့် လူနာအများစုမှာ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံများဖြစ်သည့်အတွက် ထိုအုပ်စုများကို အဓိက ပစ်မှတ်ထား ကာကွယ်ပေးခြင်းသည် မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်လည်းဖြစ်မည်။
၃) တတိယစဉ်းစားရန်မှာ စီးပွားရေးလုပ်ငန်းများကို ပြန်လုပ်ဆောင်ခွင့် ပေးမည်ဆိုလျှင် တိကျသည့် ညွှန်ကြားချက်များ ထုတ်ပြန်ရန်နှင့် လိုက်နာအောင်ဆောင်ရွက်ခြင်းဖြစ်သည်။ စားသောက်ဆိုင်များအား ဖွင့်ခွင့်ပြုလျှင် Physical distancing ၆ ပေအကွာကို မည်သို့ဆောင်ရွက်မည်နည်း၊ ဧည့်သည်မည်မျှအထိ လက်ခံခွင့်ပြုနိုင်မည်နည်း အစရှိသည်တို့ကို တိကျစွာထုတ်ပြန်ရန် လိုအပ်သည်။ အခြားလုပ်ငန်းများအတွက်လည်း အလားတူ ညွှန်ကြားချက်များထုတ်ပြန်ထားရမည်။ ရုံးများ၊ ကျောင်းများ ဖွင့်ခဲ့လျှင် အများပြည်သူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများအား မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်များ ထုတ်ပြန် လိုက်နာစေရမည်။ ထိုသို့ ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုလျှင် စီးပွားရေးအရ ထိခိုက်နစ်နာမှုများ လျှော့ကျသွားနိုင်သည်။
၄) စတုတ္ထအချက်စဉ်းစားရန်မှာ လက်ရှိကူးစက်ခံရသူများအား ဖေါ်ထုတ်စစ်ဆေး၊ ဆက်စပ်ခဲ့သူများအား စုံစမ်းဖေါ်ထုတ်ပြီး သီးခြားကန့်သတ်နေသည့် အစီအမံ Mitigation measures များကို ပိုမိုထိရောက်အောင် မည်သို့ဆောင်ရွက် မည်ဆိုသည်ကိုဖြစ်သည်။ သတ်မှတ်ထားသည့် ညွှန်ကြားချက်များကို ဖေါက်ဖျက်သူများကို မည်သို့ထိရောက်စွာ အရေးယူမည်ဆိုသည်ကို လုပ်ဆောင်ရန် လိုအပ်လာပြီးဟု ယူဆသည်။ စစ်ဆေးမှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သည်။ ထိရောက်စွာ ထိန်းချုပ်နိုင်သည့်နိုင်ငံများတွင် ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို ကျယ်ပြန့်စွာ လုပ်ကြသည်ကို တွေ့ရသည်။
သို့သော်လည်း စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာခြင်းများကို ပြန်လည်မဖွင့်မီ အရေးကြီးဆုံးမှာ ယခုလက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားနှုန်းနှင့် ကူးစက်မှုပုံစံများကိုလေ့လာ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ကျန်းမာရေးပညာရှင်များမှ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို သုံးသပ်ပေးရန် ဖြစ်သည်။ Ro မည်မျှနှုန်းရှိနေသည်။ မည်သည့်အချိန်တွင် တောင်ထိပ် Peak ကိုရောက်မည် အစရှိသည့် အချက်အလက်များကို တွက်ချက်၍ ကခုန်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုလား (သို့မဟုတ်) ဆက်လက် Semi-lockdown လုပ်ထားရမည်လားကို တာဝန်ရှိသူများ ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ
မြင်းခြံသံမဏိစက်ရုံနှင့် တရုတ်ချေးငွေများ
စက်မှုတော်လှန်ရေး ၄.၀ ဆိုင်ရာမူဝါဒ မြန်မာမှာ ရှိပြီလား