WHO ကား ပစ်ခတ်ခံရတာကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်တီကို နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့က ဖွဲ့စည်းလိုက်တယ်လို့ အမိန့်ကြေငြာစာထွက်လာပါတယ်။
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌက ဥက္ကဌ၊ နိုင်ငံတော် သမ္မတရုံး တွဲဘက်တာဝန်ယူထားတဲ့ တပ်မတော်ဗိုလ်မှူးကြီးတဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး ကျန်အဖွဲ့ဝင် ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦး ပါဝင်ပါတယ်။ ကော်မတီရဲ့ တာဝန်တွေကတော့ မြေပြင်သွားရောက် စစ်ဆေးဖို့၊ ထွက်ဆိုချက် အထောက်အထားတွေရယူဖို့၊ ကျွမ်းကျင်သူတွေဆီက သဘောထားယူဖို့၊ အကြံပြုချက် တင်ပြဖို့ တာဝန်ပေးထားပါတယ်။ သမ္မတရုံးနဲ့ ရခိုင်ပြည်နယ် အစိုးရက လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလိုအပ်ချက်တွေကို စီမံဆောင်ရွက်ပေးဖို့ တာဝန်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အမှုတခုဖြစ်တိုင်း စုံစမ်းစစ်ဆေးရေးကော်မရှင် (သို့မဟုတ်) စုံစမ်းစစ်ဆေးရေးကော်မတီ တွေဖွဲ့ခဲ့တာ အစဉ်အလာလိုဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုုကော်မရှင်တိုင်းရဲ့ လုပ်ဆောင်မှုအပေါ်မှာ ပြည်သူလူထုက အားမလို အားမရဖြစ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စုံစမ်းစစ်ဆေးမှုကော်မရှင်က တကယ်တမ်း လုပ်ဆောင်နိုင်ပါ့မလား၊ ကျူးလွန်တဲ့သူတွေကို အမှန်တရားတိုင်းဖော်ထုတ်နိုင်ပါ့မလား၊ လုပ်ပိုင်ခွင့်တွေရော ရှိပါ့မလား၊ ထွက်ပေါ်လာရင်ကော ချိုးဖောက်မှုအတွက်တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့ တရားစီရင်ရေး မဏ္ဏိုင်က အားကောင်းပါ့မလား ဆိုတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ သံသယတွေ အမြဲတမ်းရှိနေခဲ့လို့ပါပဲ။
အခုတခါ စုံစမ်းစစ်ဆေးရေး ကော်မတီမှာကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့သူဟာ တပ်မတော်က ဗိုလ်မှူးကြီးဖြစ်တဲ့အတွက်ကြောင့် ဒီကော်မရှင်မှာ ဘက်လိုက်မှုတွေ ရှိများရှိနေမလားလို့ စိုးရိမ်သံတွေ ကြားရပါတယ်။
စုံစမ်းစစ်ဆေးမှုကော်မတီပဲ ဖြစ်ဖြစ်၊ ကော်မရှင်ပဲ ဖြစ်ဖြစ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်တဲ့အခါမှာ အဓိကလိုအပ်တဲ့အချက်ကတော့ ဒီကော်မရှင်ကို ပြည်သူလူထုက လေးစားပြီး ယုံကြည်အားကိုးမှုရှိဖို့ အရေးကြီးပါတယ်။ ကော်မရှင်ကို ယုံကြည်မှုမရှိရင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အားနည်းနိုင်တယ်။ ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့အခါမှာတော့ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုစွမ်းရည်ကို ထိခိုက်သက်ရောက်မှာ မလွဲမသွေဖြစ်ပါတယ်။
အရင်တုန်းကဖွဲ့ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေရဲ့ လွတ်လပ်မှုမရှိတဲ့ အချက်တွေ၊ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်မှုတွေ ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်သူတွေရဲ့ သမာသမတ်ရှိမှုအပေါ် သံသယရှိမှုတွေကြောင့် အစိုးရကဖွဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေအပေါ်ပြည်သူတွေနဲ့ နိုင်ငံတကာက အယုံအကြည်အားနည်း ခဲ့ပါတယ်။ သတင်းအထောက်အထားတွေ ရရှိအောင်လုပ်ဆောင်တဲ့အခါမှာ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလဲ အားနည်းခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အပေါ်မှာ ပြည်သူလူထုက အယုံအကြည်ရှိပြီး အားကိုးဖို့အချက်က တကယ့်ကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ပြည်သူတွေပူးပေါင်းဆောင်ရွက်မှုအားကောင်းဖို့အတွက် သတင်းပေးတဲ့ သူတွေကို ကာကွယ်ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ လုံခြုံမှုမရှိရင် သက်သေအထောက်အထားတွေရှိတဲ့ တိုင်အောင် ပေးရဲမှာ မဟုတ်ပါဘူး။ အခုဖြစ်ပွားတဲ့ ရခိုင်ဒေသလိုနေရာမျိုးဟာ လက်နက်ကိုင်ပဋ္ဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုဟာ ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။ ဒါကြောင့် အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး မျက်မြင်သက်သေ၊ အချက်အလက်ရှိသူတွေကို ရှာဖွေစုံစမ်းတဲ့အခါမှာ သတင်းပေးသူတွေက အမှန်တိုင်းမပေးဘဲ ကြောက်ရွံနေတာ ၊အဖြစ်အပျက်တွေကို ချန်လှပ်ထားတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သတင်းပေးပြီး ကူညီပူးပေါင်းမယ့်သူတွေရဲ့ လုံခြုံမှုကို တာဝန်မယူနိုင်ဘူးဆိုရင် သတင်းအမှန်တွေရဖို့ မလွယ်ကူလှပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်တဲ့သူတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေနဲ့ ချိုးဖောက်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုလို့လက်ခံတဲ့ သူတိုရဲ့ခံယူချက်တွေက သူတို့အပေါ် ယုံကြည်အားကိုးနိုင်မှု ရှိမရှိအပေါ် ဆုံးဖြတ်နိုင်တဲ့အချက်တွေပါ။ ပါဝင်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့မှုတွေ၊ သမာသမတ်ကျတဲ့ ရပ်တည်မှုတွေ၊ သူတို့ရဲ့နောက်ခံသမိုင်းကြောင်းတွေက ပြည်သူတွေ လေးစားလက်ခံယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့သူတွေ ဖြစ်ဖို့လိုအပ်ပါတယ်။ တကယ်လို့သာ လူ့အခွင့်အရေးမလေးစားသူတယောက်ယောက်က ကော်မရှင်မှာပါဝင်နေမယ်ဆိုရင် ကော်မရှင်ရဲ့ လူ့အခွင့်အရေးအပေါ် ရပ်တည်ခံယူချက်ကို သံသယရှိကြမှာ မဆန်းပါဘူး။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်မှုပါ။ ကော်မရှင်ဝင်တွေဟာ ဘက်လိုက်မှုမရှိဘဲ အထောက်အထားနဲ့ အချက်အလက်တွေကို စနစ်တကျ သုံးသပ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။ ဒီလိုချိုးဖောက်မှုတွေက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အတွက် ဘယ်လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်လဲ၊ ဘယ်ဥပဒေတွေကို ကျော်လွန်ပြီးတော့ လုပ်ဆောင်တာလဲဆိုတဲ့ လူ့အခွင့်အရေးဥပဒေအကြောင်းကို နှံ့နှံ့စပ်စပ်သိရှိလေ့လာထားဖို့လိုပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ကိုက်ညီလို့ လူထုက လေးစားယုံကြည်အားကိုးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်နေတဲ့တိုင် နောက်ဆုံးအရေးကြီးတဲ့အချက်တချက် ကျန်ပါသေးတယ်။ အဲ့ဒါကတော့ တရားစီရင်ရေးမဏ္ဏိုင်ခိုင်မာမှုပါ။ ကော်မရှင်ရဲ့ ကြိုးစားမှုတွေ ဘယ်လိုလုပ်ခဲ့လုပ်ခဲ့၊ အစီရင်ခံအကြံပြုချက်တွေ ဘယ်လောက်ကောင်းကောင်း နိုင်ငံတော်ရဲ့ တရားစီရင်ရေးက တရားမျှတမှုကို မဆောင်ကျဉ်းနိုင်ရင် အလကားပါ။ အပြစ်ရှိတဲ့သူကို တရားဥပဒေနဲ့အညီ လုံလောက်တဲ့ တရားစီရင်မှုမျိုး မလုပ်နိုင်ခဲ့ရင် ဒါမှမဟုတ် ချိုးဖောက်ခံရတဲ့သူကို သင့်တော်တဲ့ကုစားပေးမှုတွေ ပြန်မပေးနိုင်ခဲ့ရင် ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် ကော်မရှင်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တရားစီရင်မှုမဏ္ဍိုင်နဲ့ ပံ့ပိုးပေးဖို့ အရေးကြီးပါတယ်။
အမှန်တော့ တရားရေးစီရင်ရေးမဏ္ဏိုင်တခုထံသာ မလုံလောက်ပါဘူး။ ဌာနဆိုင်ရာအားလုံး၊ ဝန်ကြီးဌာနအားလုံးက လေးလေးစားစားနဲ့ ပူးပေါင်းဆောင်ရွက်မှသာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ဆောင်နိုင်မှု အားတွေကောင်းလာပြီး ကော်မရှင်ရဲ့အကြံပြုချက်တွေကိုလည်း ထိထိရောက်ရောက်အကောင်အထည်ဖော်လာနိုင်မှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတခုဖြစ်လာရင် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လိုကို လိုအပ်ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးဖို့ ကော်မတီ သို့မဟုတ် ကော်မရှင်တခုဖွဲ့စည်းလိုက်ရုံ သက်သက်နဲ့တော့ မလုံလောက်ပါဘူး။ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်သူလူထုက ယုံကြည်လေးစားအားကိုးရတဲ့ ကော်မရှင်ဖြစ်ဖို့လိုသလို လုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိဖို့လိုပါတယ်။ ချိုးဖောက်မှုအတွက် တရားဥပဒေကို ဆောင်ကြဉ်းဖို့လုပ်ဆောင်တဲ့အခါမှာလည်း ဌာနအားလုံး မဏ္ဍိုင်အားလုံးက လေးလေးစားစား ပူးပေါင်းဆောင်ရွက်မှသာ တရားမျှတမှု ထွန်းကားနိုင်မှာဖြစ်ပါတယ်။
(အောင်မျိုးမင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များကို သင်ကြားဖြန့်ဝေပေးနေသော Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)
ဆက်စပ်လင့်
WHO ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်မှုသက်သက်မျှသာ
WHO ကား ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့