National Geographic က ထုတ်ပြန်ခဲ့တဲ့ သတင်းတပုဒ်မှာ Covid-19 ကပ်ရောဂါကြောင့် သေဆုံးတဲ့အမေရိကန်ဦးရေဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ အမေရိကန်ဦးရေကို ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။
ဒီသတင်းဟာ လူတချို့ကို အိမ်ထဲက အိမ်ပြင်မထွက်ရဲလောက်အောင် ချောက်ချားကောင်း ချောက်ချားစေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စစ်ဘေးရှောင် မိသားစုတွေ၊ နိုင်ငံမဲ့ လူသားတွေ၊ အိမ်ခြေယာမဲ့ ဒုက္ခသည်တွေ အတွက်တော့ သူတို့တနေ့ချင်း ရေတွက်နေရတဲ့ ရှင်သန်မှုထက် ဘယ်သတင်းကမှ ပိုပြီး အရေးမကြီးခဲ့ပါဘူး။
ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ တကမ္ဘာလုံးက ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြချိန်မို့ စစ်ပွဲတွေ ရပ်ထားကြဖို့ ကုလသမဂ္ဂအကြီးအကဲကိုယ်တိုင် ပန်ကြားနေတဲ့ကြားက စစ်ပွဲမရပ်သေးတဲ့နိုင်ငံတွေထဲမှာ ဆီးရီးယား၊ လစ်ဗျား၊ ယီမင် တို့အပြင် ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံလည်း ပါဝင်နေတာဟာ ဂုဏ်ယူစရာကိစ္စတခုမဟုတ်တာ အသေအချာပါပဲ။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တလျောက်လုံးမှာ ရေပမ်းစားခဲ့တဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ တိုးတိမ်နေခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သံတွေ ကတော့ တိတ်မသွားခဲ့ပါဘူး။ သေနတ်သံ ဗုံးသံတွေနဲ့အတူပဲ စားနပ်ရိက္ခာပြတ်လပ်သွားတဲ့ ဒေသခံတွေရဲ့အသံတွေ၊ နှစ်ဖက် တိုက်ခိုက်မှုတွေကြား ဓါးစာခံဖြစ်ရတဲ့ ကလေးတွေ မိခင်တွေရဲ့ ထိခိုက်ငိုကြွေးသံတွေဟာ သတင်းတွေထဲမှာ ဆူညံပွက်လောရိုက် နေခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ လူဦးရေ တဝက်လောက်ဖြစ်တဲ့ လူ ၁၂ သန်းလောက်ဟာ စစ်ဘေးရှောင် စခန်းတွေမှာရောက်နေကြတယ်။ အီရတ်နဲ့ ယီမင်မှာ လူ ၆ သန်းခွဲလောက်ဟာ ဒုက္ခသည်တွေဖြစ်နေကြတယ်။ မြန်မာ-ဘင်္ဂလားဒေ့(ရှ်)နယ်စပ်က စခန်းတွေမှာ ရိုဟင်ဂျာ ၇ သိန်းလောက်ဟာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေကြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပြည်နယ်၂ ခုစလုံးမှာ ရာနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ တနေ့တခြားတိုးလာတယ်။ စစ်ပွဲတွေကြောင့် သေဆုံးရတဲ့၊ ဒဏ်ရာအနာတရဖြစ်ရတဲ့ ဒေသခံအရေအတွက်ကလည်း မြင့်တက်လာတယ်။ လက်ရှိ ကိုဗစ်ကပ်ဘေးထက် သူတို့နဲ့ အနီးဆုံးမှာဖြစ်နေတဲ့ စစ်ပွဲတွေက ဒေသခံတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခဲ့ပါတယ်။
ကပ်သုံးပါးကြားက မြေစာပင်များ
ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ လမ်းပန်းဆက်သွယ်ရေး မလုံခြုံမှုတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကို လနဲ့ချီပြီးကြုံခဲ့ရတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ရာနေရာတွေက ဒေသခံတွေရဲ့ ဘဝဟာလည်း လက်နက်ဘေးကြောင့် သေကြေပျက်စီးမှုတွေ များလာတဲ့အလျောက် လုံခြုံမှုကင်းမဲ့ လှပါတယ်။ ကိုဗစ်လို ရောဂန္တရ ကပ်ဘေးကာလမှာတော့ သူတို့တွေဟာ ကပ်သုံးပါး စလုံးကို တပြိုင်နက်တည်း ကြုံတွေ့နေရတဲ့ မြေစာပင်တွေ ဖြစ်လာကြပါတယ်။
ကပ်ရောဂါကာလအတွင်း လူသားတွေရဲ့ ရပိုင်ခွင့်တွေထဲက အချက်တချက်က “အလိုအပ်ဆုံးနဲ့ ရောက်ရှိဖို့ အခက်ခဲဆုံးနေရာက လူတွေ ရရှိနိုင်ဖို့ ဦးစားပေးပါ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမှီတဲ့ စားရေရိက္ခာမပြည့်စုံတဲ့ ပြည်တွင်းစစ် ဖြစ်ပွါးရာဒေသကလူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ပိုပြီးသက်တမ်းရှည်ကြာစေလိမ့်မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးပြောဆိုထားပါတယ်။
ကပ်သုံးပါးဘေးဆိုက်ရောက်နေကြတဲ့ ဝေးလံခေါင်ဖျားဒေသက သူတွေအတွက် ထိရောက်တဲ့ အထောက်အပံ့တွေပေးနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးဖို့ သွားရောက်ကြသူတွေကို အန္တရာယ်ပြုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖေါက်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူ တွေအဖြစ် သမိုင်းက သတ်မှတ်ပါလိမ့်မယ်။
လူသားချင်းစာနာမှုဆိုတာ အစိုးရမှ လက်နက်ကိုင်မှ မဟုတ်ပါဘူး။ လူသားတိုင်း ထားသင့်တဲ့ လောကပါလတရားဖြစ်လို့ ဒီစာနာမှုကို မျက်ကွယ်ပြုသူတိုင်းကို လူမဆန်သူများအဖြစ် လူ့အသိုင်းအဝိုင်းက ကဲ့ရဲ့သင်္ဂြိုလ်ပြုကြတာကိုလည်း ခံရမှာပါပဲ။
မည်သူ့ကိုမျှ ချန်လှပ်မထားရ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေပြုရာဒေသတွေမှာ ကိုရိုနာဗိုင်းရပ်(စ) ကာကွယ်ထိန်းချုပ်ကုသရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီတရပ်ကို NRPC ကဦးဆောင်ပြီး ဧပြီ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီရဲ့ မူဝါဒက “မည်သူ့ကိုမျှ ချန်လှပ်မထားရ” ဆိုတဲ့မူ အပေါ်မှာ အခြေခံထားတယ်လို့ ဖေါ်ပြထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုပ်နိုင်ငံက ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ နယ်စပ်ဒေသတွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုပေါင်းစုံ ပါဝင် ကြပါတယ်။ သူတို့နေထိုင်ရာဒေသအချို့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ပါဝင်တဲ့အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိပဲ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကို ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ပါဘူး။
ကိုဗစ်ကပ်ဘေးကာလအတွင်းမှာ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းက အချို့နေရာတွေမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ တိုက်ပွဲတွေ လျော့ကျ လာတာကို တွေ့ရပါတယ်။ ဒါဟာ အလားအလာကောင်းတခုပါပဲ။ တနည်းအားဖြင့် ပြောရရင် အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးထက် သူထိန်းချုပ်ရာ နယ်မြေမှာ နေထိုင်ကြတဲ့ လူသားတွေရဲ့ ရှင်သန်ရေးကို ပိုအလေးထားကြောင်း သက်သေပြရာ ရောက်ပါတယ်။
ကပ်ရောဂါနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်ဖလှယ်တာတွေ၊ EAO တွေ ထိန်းချုပ်ထားတဲ့နယ်စပ်ဝင်ပေါက်တွေက ဝင်ရောက်လာသူတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာနဲ့ သံသယလူနာတွေ့ရှိရင် သတင်းပို့တာတွေ စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့်လည်း အစိုးရ၊ တပ်မတော်နဲ့ EAO တွေ အကြား ယုံကြည်မှုတွေ တိုးပွါးလာနိုင်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် အချိန်အတော်ကြာ ရပ်တန့်နေခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လက်တွေ့ကျတဲ့ လုပ်နည်းလုပ်ဟန်တွေ နမူနာကောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
စစ်ပွဲ နဲ့ ကပ်ရောဂါဆိုး
ကပ်ရောဂါနဲ့ စစ်ပွဲတွေဟာ သွင်ပြင်လက္ခဏာ မတူကြပေမယ့် လူသားတွေရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်တဲ့နေရာမှာတော့ အတူတူပါပဲ။
စစ်ပွဲတွေဟာ လူဖန်တီးတဲ့ ပဋိပက္ခတွေဖြစ်တယ်။ စစ်ပွဲတွေ ဖန်တီးဖို့ အကြောင်းပြချက် အမျိုးမျိုး ရှာခဲ့ကြတယ်။ နယ်မြေသစ်တွေရှာဖို့ စစ်တိုက်ကြတယ်။ လွတ်မြောက်မှုလိုချင်လို့ စစ်တိုက်ကြတယ်။ သဘာဝရင်းမြစ်တွေ ပိုင်ဆိုင်ဖို့ စစ်တိုက်ကြတယ်။ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်တိုက်ကြတယ်။
ဒါပေမယ့် အင်မတန်မှ သေးငယ်ပြီး လူသာမန်တို့ရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ဗိုင်းရပ်(စ)ပိုးတွေရဲ့ လျှပ်တပြက် တိုက်ခိုက်မှုကိုခံရတဲ့အခါမှာတော့ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေတောင်မှ အငိုက်မိသွားတတ်ကြပါတယ်။ ဒေါ်လာဘီလျံချီသုံးစွဲပြီး ပြင်ဆင်ထားခဲ့တဲ့ အင်အားကြီး စစ်လက်နက် တွေဟာ ဒီအဏုဇီဝဗိုင်းရပ်(စ)ပိုးနဲ့တွေ့တဲ့အခါမှာ အလဟသဖြစ် ကုန်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်(စ) ကပ်ရောဂါကို တချို့ကတော့ မမြင်ရတဲ့စစ်ပွဲလို့ဆိုပါတယ်။ အမေရိကန်န်ိုင်ငံမှာ သုံးလအတွင်း ကိုရိုနာဗိုင်းရပ်(စ)ကြောင့် သေဆုံးခဲ့တဲ့လူဦးရေဟာ ကိုးနှစ်ကြာတိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအတွင်းကျဆုံးခဲ့တဲ့ အမေရိကန်စစ်သား အရေအတွက်ကို ကျော်လွန်သွားခဲ့တဲ့သတင်းဟာ အမှန်တကယ် တုန်လှုပ်စရာပါပဲ။
ကပ်ရောဂါဆိုးတွေဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျားမ၊ လိင်တူလိင်ကွဲ၊ နယ်မြေကန့်သတ်ချက် စတဲ့ အရံအတားတွေအားလုံးကို ချိုးဖျက်ပြီး နယ်စည်းမခြား ဝင်ရောက်နိုင်တယ်ဆိုတာကို လူ့သမိုင်းတလျောက်အကြိမ်ကြိမ် သက်သေပြခဲ့ကြတယ်။
ကပ်ရောဂါဆိုးတွေဟာ လူသားတွေဖန်တီးတဲ့ စစ်ပွဲတွေထက် အဆများစွာပိုပြီး အကျည်းတန်တဲ့ ဖြစ်ရပ်ဆိုးတွေကို သမိုင်းသင်ခန်းစာအဖြစ် ချန်ထားရစ်ခဲ့ပါတယ်။ အဲဒီသမိုင်းသင်ခန်းစာတွေကို လျစ်လျူရှုပြီး စစ်ပွဲအသစ်တွေ ဖန်တီးဖို့ အကြောင်းပြချက် အသစ်တွေ ထပ်ရှာနေအုန်းမယ်ဆိုရင်တော့ ကပ်ရောဂါနဲ့ လူလုပ်စစ်ပွဲတွေကြားက မြေစာပင်လူသားတွေ ဗျာများနေရအုန်းမှာပါပဲ။
ကမ္ဘာ့ကပ်ရောဂါရဲ့ တိုက်စားမှုကြီးထဲ ပါမသွားဘဲ ရှင်သန်ကျန်ရစ်ဖို့က ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် အရေးတကြီးကိစ္စတခုဖြစ်သလို၊ ပြည်တွင်းစစ်တလင်းကြားနေထိုင်ရတဲ့ လူသားတွေအတွက်လည်း ရှင်သန်ရေးသည်သာ အရေးအကြီးဆုံး လိုအပ်ချက်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အသက်ဓါတ်ကို ခင်တွယ်တတ်ကြတဲ့ လူသားတိုင်း အတွက် “ရှင်သန်ခြင်း” ဆိုတဲ့ အမတဂုဏ်ဟာ မျှော်လင့်စရာ ကောက်ရိုးတမျှင်ပဲ မဟုတ်ပါလား။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သည့် ဆောင်းပါးများ အစဉ်တစိုက် ရေးသားနေသည့် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်မှ Peace Building PhD Candidate တဦးဖြစ်သည်။)
ဆက်စပ်လင့်
ပူးပေါင်းဆောင်ရွက်ဖို့ လမ်းစများတယ်
ဘုံရန်သူ COVID-19 ကို ပူးပေါင်းတိုက်ထုတ်၍ ငြိမ်းချမ်းရေး ယူပေးသင့်သည်
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ