COVID-19 ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်ပြုတ် (အလုပ်လက်မဲ့ဖြစ်) သွားသည့် ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ရှိသည်ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများကပြောကြပါသည်။ ထိုအထဲ မြန်မာတွေလည်း အနည်းဆုံး သိန်းနှင့်ချီ ပါနိုင်ပါသည်။
အလုပ်ပြုတ်ခဲ့ရသည့် မြန်မာအလုပ်သမားများအနေဖြင့် မြန်မာအစိုးရက လက်ခံရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် သကြန်ပြီး ဧပြီလကုန်ထိ စောင့်ဆိုင်းရန် မေတ္တာရပ်ခံခဲ့သည်။ အလုပ်သမားများသည် နှစ်ဖက်အစိုးရများ၏ ညွှန်ကြားမေတ္တာရပ်ခံသည့်အတိုင်း အခက်အခဲပေါင်းများစွာဖြင့် ထိုင်းနိုင်ငံထဲမှာ ဖြစ်သလိုနေထိုင်ရပ်တည်ပြီး စောင့်ဆိုင်းခဲ့ကြသည်။
ထိုင်းနိင်ငံထဲ ရပ်တည်ရန် (လွန်စွာ) ခက်ခဲသည့် ရွေ့ပြောင်းအလုပ်သမားများကမူ ပွဲစားများ အကူအညီရှာကာ နည်းလမ်းပေါင်းစုံဖြင့် မြန်မာနိုင်ငံသို့ တရားမဝင် ပြန်လည်ဝင်ရောက်ကြပါသည်။ အချို့ အလုပ်သမားများဆိုလျင် ရွာရောက်မှ ( မြန်မာပြည်ပြန်ရောက်မှ) ကျသင့်ငွေ ပေးချေစေသည့် သဘောတူညီချက်ဖြင့် ပြန်သူများလည်း ရှိသည်။
မြန်မာအလုပ်သမားများသည် နှစ်ဖက်အစိုးရများ၏ မေတ္တာရပ်ခံချက်နှင့် ကတိစကားများအတိုင်း ဧပြီလကုန်လျှင် ထိုင်း-မြန်မာနယ်စပ်လမ်းများ ပြန်ဖွင့်မည်၊ အိမ်ပြန်လို့ ရတော့မည်ဟု မျှော်လင့်ချက်ဖြင့် မိမိတို့ ပိုင်ဆိုင်သည့်ငွေကြေးအနည်းငယ်နှင့် စားသောက်ကုန်များကို တွက်ချက်ပြီး ထိုင်းနိုင်ငံအတွင်း စောင့်ဆိုင်းခဲ့ကြ၏။ သို့သော်လည်း ဧပြီလကုန်ပြီး မေလအတွင်း ဝင်လာသော်လည်း အိမ်ပြန်ခွင့် မသာသေးပါ။
မြဝတီတဖက်ကမ်း မဲဆောက်မြို့တွင် မှတ်ပုံတင်ထားသည့် ရွေ့ပြောင်းအလုပ်သမားအနည်းငယ်သာ နယ်စပ်ဖြတ်ခွင့်ရခဲ့သည်။ တခြားဒေသများတွင် စာရင်းပေးထားသည့် အလုပ်သမားများအနေနှင့် ယနေ့အချိန်အထိ စောင့်ဆိုင်းနေရပြီး မည်သည့်အချိန်တွင် မည်သို့ အိမ်ပြန်နိုင်မည်ကို မသိကြရသေးပါ။
လက်ရှိအခြေအနေအရ မြန်မာအစိုးရအနေနှင့် မဲဆောက်-မြဝတီ နယ်စပ်ဂိတ် တပေါက်တည်းမှသာ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ပါရန် ညွှန်ကြားမှုများ ရှိနေသည်။ အစိုးရအနေဖြင့်လည်း လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ပြီး မြဝတီဖက်ခြမ်းတွင် ကြိုဆိုလက်ခံရန် ပြင်ဆင်ထားသည်။
မြန်မာအစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စီမံခန့်ခွဲမှုများ လွယ်ကူစေရန် မဲဆောက်-မြဝတီ တလမ်းတည်းကိုသာ ဖွင့်ပေးခဲ့ခြင်းဖြစ်ဟန် တူပါသည်။ သို့သော် လက်တွေ့တွင်မူ ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အိမ်ပြန်လာလိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အိမ်ပြန်ခွင့်မှာ အလွယ်တကူ လက်လှမ်းမမီ ဖြစ်နေသေးပါသည်။
ထိုင်း-မြန်မာနယ်စပ်တလျောက် တရားဝင်နှင့် တရားမဝင်ဂိတ်များစွာရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနှင့် ထိုင်းအစိုးရတို့၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များစွာရှိပါသည်။
ယခင်က တရားဝင် နယ်မြေဖြတ်သန်းခွင့် ပြုနေသည့် (၁) မဲဆောက်-မြဝတီ (၂) မဲဆိုင်-တာချီလိတ် (၃) ရနောင်း-ကော့သောင်း၊ (၄) ကန်ချနပူရီ-ထီးခီး စုစုပေါင်း ဂိတ်ကြီး ၄ ဂိတ်ရှိခဲ့၏၊ ထို့အပြင် တရားဝင်ဂိတ်ကဲ့သို့ ဖြတ်သန်းနိုင်သည့် မို့တောင် ( တနင်္သာရီ)၊ ဘုရားသုံးဆူ (မွန်/ကရင်ပြည်နယ်)၊ မယ်ဆဲ (ကယားပြည်နယ်) နယ်စပ်ဂိတ်များလည်း ရှိပါသည်။
မြန်မာအစိုးရအနေနှင့် မည်သို့တွက်ချက်၍ မဲဆောက်-မြဝတီ ဂိတ်တပေါက်တည်းမှ ဝင်ရောက်ခွင့်ပြုသည်ကို မသိသော်လည်း မြန်မာအစိုးရ၏ အစီအစဉ်သည် လက်တွေ့မကျနိုင်ပါ။ ဒုက္ခရောက်နေကြပြီဖြစ်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပိုမို အခက်အခဲတွေ့စေခဲ့ပါသည်။ ဥပမာအားဖြင့် ရနောင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများသည် နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ကော့သောင်းဖက်သို့ ကူးနိုင်သည်။ ယခုအခါ ရနောင်းမှ ဘန်ကောက်၊ နောက်ပြီး ဘန်ကောက်မှ မဲဆောက်သို့ တမျှော်တခေါ်ကြီး နာရီပေါင်းများစွာ ခရီးအတန်တန် တဆင့်ပြီး တဆင့်လာရတော့မည်။ အလုပ်သမားများ တပူပေါ် နှစ်ပူဆင့်စေခဲ့ပါသည်။
ထိုသို့ ခရီးအတန်တန် ထွက်လာရန်လည်း မလွယ်ကူပါ။ ထိုင်းအစိုးရ၏ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး ခရီးသွားလာခွင့် ထိန်းချုပ်ကန့်သတ်မိန့်များကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အိမ်ပြန်ရေးအစီအစဉ် မဖြစ်နိုင်သလောက် ဖြစ်သွားစေပါသည်။
ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လိုအပ်ချက်အရ ၂၀၂၀ ခုနှစ် မေလ (၃၁) ရက်နေ့အထိ အရေးပေါ်အခြေအနေကို တိုးမြှင့်လိုက်ပြီး ခရိုင်အချင်းချင်း ဖြတ်ကျော် သွားလာခွင့်များကိုလည်း ကန့်သတ်ထားသည်။
မေလ ၁ ရက်နေ့က ဖူးကက်ခရိုင်တွင်ပိတ်မိနေသည့် အခြားခရိုင်များမှ ထိုင်းနိုင်ငံသားများအား ပြန်ခွင့်ပြုလိုက်ခြင်းဖြင့် ယာဉ်ပိတ်ဆို့မူ့များဖြစ်ပွးခဲ့ပြီး အနီးအနားခရိုင်များမှ ပြည်သူများက စိုးရိမ်ကြောက်လန့်မူ့များ ဖြစ်ခဲ့ကြသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ အချင်းချင်း ဝေဖန်ငြင်းခုံမှုများလည်း ဖြစ်ပြီး နယ်မြေဖြတ်ကျော်မှုများကို ယာယီ ရပ်ဆိုင်းထားခဲ့ရပြန်သည်။
ထိုင်းနိုင်ငံသည် တရားဝင်မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၃ သန်းနီးပါးလက်ခံထားရပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော်ကိုလည်း လက်ခံထားရသည့်အပြင် အလုပ်သမားအခွင့်အရေး၊ ကလေးအလုပ်သမားသုံးစွဲခြင်း၊ လူကုန်ကူးမှု (အဓိကအားဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်းတွင်ဖြစ်သည်) များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်များဖြင့် အမေရိကန်ပြည်ထောင်စုနှင့်ဥရောပ သမဂ္ဂတို့၏ ဖိအားပေးခြင်းကို ခံနေရပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုနှင့် အထူးကုန်သွယ်ခွင့် အခွင့်အရေးကိုလည်း ယင်းစွပ်စွဲချက်များကြောင့် ယာယီရပ်ဆိုင်းခြင်း ခံထားရပါသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ရွေ့ပြောင်းအလုပ်သမားများအပေါ် များစွာမှီခိုနေရခြင်း၊ နိုင်ငံတကာဖိအားများရှိနေခြင်းတို့ကြောင့် ကိုဗစ်ရောဂါကြောင့် အလုပ်ပြုတ်သွားသည့်ရွေ့ပြောင်းအလုပ်သမားများ သက်ဆိုင်ရာတိုင်းပြည်များသို့ပြန်မည့်အရေး ထိထိရောက်ရောက် ကူညီပေးနိုင်ရန်ဆောင်ရွက်နေကြောင်း တွေ့ရပါသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းပြီး ပညာရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီပေးရေး၊ လူမှုဝန်ထမ်း ရန်ပုံငွေရရှိရေး၊ အလုပ်သစ်ရှာဖွေနိုင်ရေး၊ ဗီဇာသက်တမ်းတိုးပေးရေး ကိစ္စများကို ဆောင်ရွက်ပေးနေပါသည်။
ထိုင်းအစိုးရအနေနှင့် မြန်မာအစိုးရပြင်ဆင်ထားသည့် မဲဆောက်-မြဝတီ ဂိတ်တခုထဲမှ သောင်းနှင့် ချီသည့် အလုပ်သမားများ ယခင်တခါလို ပြန်ကြမည်ကို စိုးရိမ်နေပုံရသည်။ ၎င်းတို့၏ စိုးရိမ်ချက်မှာ နိုင်ငံတကာမှ အလုပ်သမားများ၏ စံချိန်စံညွန်းအတိုင်း မကူညီ မပံပိုးခဲ့ဟု ဝေဖန်ခံရမည်ကို ဖြစ်သည်။
မကြာသေးမီက ထိုင်းနယ်စပ် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင် ရွေ့ပြောင်းအလုပ်သမားများ ရောဂါပိုးကူးစက်ခံခဲ့ရခြင်းအပေါ် နိုင်ငံတကာမှ ဝေဖန်ခံနေရသည်။ တချိန်တည်းမှာပင် အလုပ်သားများက ခရိုင်အဆင့်ဆင့်ဖြတ်ပြီးမှ မဲဆောက်မြို့သို့ ရောက်မည်ဖြစ်ရာ အလုပ်သမားများဖြတ်ကျော်ရမည့် ခရိုင်များရှိ ထိုင်းလူထုသဘောထားနှင့် တာဝန်ရှိသူများ၏ စဉ်းစားချက်များကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်လမ်းများကို ကိုဗစ်ကာလအတွင်း ယာယီဖွင့်ပေးခြင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများ လွယ်ကူစွာ နယ်စပ်ဖြတ်ကျော်နိုင်မည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)များ ထိန်းချုပ်ထားသည့် ဒေသတွင်း နယ်စပ်ဂိတ်များမှ ဝင်လာကြမည့်သူများအားလည်း သမ္မတ ဦးဝင်းမြင့် ဖွဲ့ပေးခဲ့သော “COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ”မှတဆင့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များ ပေးခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ပါသည်။
ထို့ပြင် နှစ်ဘက်အစိုးရများအနေနှင့် လူသားရင်းမြစ်၊ ဘဏ္ဍာရင်းမြစ်၊ နည်းပညာနှင့် မဟာဗျူဟာရေးဆွဲထားနိုင်မှုအပေါ် မူတည်ပြီး မတူညီနိုင်သည့် ပြဿနာများကို ယှဉ်ဆိုင်နေရနိုင်ပါသည်။ လက်ရှိကာလတွင် အစိုးရများသည် တိုင်းပြည်၏ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများအား ဖြေရှင်းရာတွင် ရှိသည့် အားနှင့် ဝန်မပိစေရန် ကြိုးပမ်းရသည့် အခက်အခဲကို နားလည်ပါသည်။ သို့သော်လည်း သက်ဆိုင်ရာအစိုးရများအနေနနှင့် ပြဿနာများကို ညှိနှိုုင်းပြီး အလုပ်သမားများ အဆင်ပြေချောမွေ့စွာနေရပ်သို့ အမြန်ဆုံးပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO နှင့် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများအဖွဲ့ IOM တို့ကဲ့သို့ နိုင်ငံတကာ အတွေ့အကြုံရှိသော အဖွဲ့အစည်းများထံမှလည်း အကြံဉာဏ်နှင့် နည်းလမ်းများ ရယူရင်း ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
ကပ်ရောဂါထိန်းချုပ်ရေးတွင် ငုတ်လျှိုးနေသော စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး
ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်