တိုင်းရင်းသားလူမျိုးများသည် အနည်းဆုံးနိုင်ငံပိုင်နက်၏ ထက်ဝက်တွင် အများစုအနေဖြင့် နေထိုင်သူများဖြစ်ကြသည်။ စုစုပေါင်း နိုင်ငံလူဦးရေ၏ ၃၁ ရာခိုင်နှုန်းကျော်သည်လည်း တိုင်းရင်းသားများဖြစ်ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့သည် အဓိကအားဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်။
ကိုဗစ်-၁၉ တကမ္ဘာလုံးကူးစက်ရောဂါ အကျပ်အတည်းအတွင်း သောင်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများသည် အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ပြန်လာကြသည်။ မတ်လ ၂၀ ရက်နေ့ ဧရာဝတီသတင်းအရ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ထိုင်းမှ ပြန်လာဖွယ်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (MOHS) ၏ အဆိုအရ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ သည် တိုင်းရင်းသားဒေသများမှ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာဖြစ်သော မြန်မာနိုင်ငံတွင်းသို့ ပြန်လာပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ သတင်းအချက်အလက်များအရ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ၂၈၂၆ ခု၊ အိန္ဒိယနိုင်ငံတွင် ကူးစက်မှု ၂၄၅၇၇၂၅ ခုနှင့် တရုတ်နိုင်ငံတွင် ကူးစက်မှု ၈၄၂၂၈ ခု ရှိကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုနိုင်ငံများမှ ပြန်လာပြီးနောက် မြန်မာတနိုင်ငံလုံးတွင် အခြေချနေထိုင်ကြပြီး ထိုရွှေ့ပြောင်းလုပ်သားများအနက် ထောင်ပေါင်းများစွာမှာ တိုင်းရင်းသားဒေသများဖြစ်ပြီး ကျေးလက်တွင် နေထိုင်သူများဖြစ်သည်။
MOHS ၏ အဆိုအရ ရောဂါကူးစက်မှုသည် ပြည်ပမှပြန်လာသူများထံမှ စတင်ခဲ့ပြီးနောက် ပြည်တွင်းကူးစက်မှုဖြစ်လာကာ ယခုအခါ လူမှုအသိုင်းအဝန်းအတွင်း ကူးစက်မှု ဖြစ်လာကြောင်း သိရသည်။ အချို့လူနာများမှာ ထိတွေ့ဆက်ဆံမှု ရင်းမြစ်ကို ရှာဖွေဖေါ်ထုတ်နိုင်ခြင်း မရှိဟု သိရသည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှုဆိုင်ရာတုံ့ပြန်ရေး မြန်မာ့ကျန်းမာရေး ကဏ္ဍအရေးပေါ် စီမံကိန်း အရ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (EHOs) မှ ကိုယ်စားလှယ်တဦးသည် အဆိုပြုထားသော ပြည်နယ်/တိုင်းအဆင့် ပူးပေါင်းညှိနှိုင်းရေးကော်မတီပါဝင်ပြီး လုပ်ငန်းစီမံချက်များကို လူမှုအသိုင်းအဝန်း အခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် EHOs များနှင့် ခရိုင်အဆင့်တွင် ပါဝင်ခွင့်ပြုရမည် ဖြစ်သည်။ (သို့သော် ယင်းသည် MOHS ၏ အကြံပြုချက်အဆင့်တွင်သာ ရှိနေသေးပြီး အကောင်အထည်ဖော်မည့်အဆင့်ထိ ရောက်မလာသေးပါ။)
အကယ်၍ EHOs များကို အဖွဲ့အတွင်း ထည့်သွင်းစဉ်းစားသော MOHS ၏ စီမံကိန်းကို စတင်မည်ဟု ဆိုပါက မိမိတို့ အသိအမှတ်ပြုရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အရေးပါပြီး အထူးသဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းတွင် ပိုမိုအရေးပါသည်။ မိမိတို့အားလုံးသည် CBOs များ၊ EHOs များ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် MOHS တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းရမည့် သဘောဖြစ်သည်။
ယခုတကမ္ဘာလုံး ကူးစက်ရောဂါ အကျပ်အတည်းတွင် အထောက်အကူဖြစ်စေရန် EHOs များ၏ အခန်းကဏ္ဍသည် မရှိမဖြစ်အရေးကြီးကြောင်း မိမိ အခိုင်အမာယုံကြည်သည်။ ထိုရောဂါသည် မြန်မာနိုင်ငံအတွက် အဖျက်စွမ်းအားကြီးမားလှသည်။ အောက်ပါအချက်များကြောင့် မိမိတို့သည် EHOs များနှင့် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ပြီး မြန်မာအစိုးရကို ထောက်ကူရမည်ဖြစ်ကြောင်း လွန်စွာထင်ရှားလှသည်။
၁။ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းကျော်သည် တိုင်းရင်းသားလူမျိုးစုများဖြစ်သည်။
၂။ တိုင်းရင်းသားဒေသများသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
၃။ ပြန်လာသော ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာဒေသများသည် တိုင်းရင်းသားဒေသများ ဖြစ်နေတတ်ပြီး ၎င်းတို့ ဝင်ရောက်လာရာနေရာများသည်လည်း တိုင်းရင်းသားများ ထိန်းချုပ်ထားသော နေရာများတွင် တည်ရှိနေသည်။
၄။ ထိုဒေသများသည် အစိုးရ ထိန်းချုပ်ဒေသများ မဟုတ်ကြပေ။
၅။ EHOs/CBOs များသည် လူသားရင်းမြစ်၊ ရန်ပုံငွေ၊ ကျွမ်းကျင်မှုနှင့် ကျန်းမာရေးပညာ အကြီးအကျယ် မလုံလောက်ပဲ ၎င်းတို့ဒေသများတွင် ကျန်းမာရေး ဝန်ဆောင်မှုများပေးနေကြရသည်။
EHOs များ၏ ကျန်းမာရေး စနစ်များသည် ပြည်သူ့ကျန်းမာရေးနှင့်အခြေခံကျန်းမာရေး စောင်ရှောက်မှု ဆေးခန်းများဖြင့် ၎င်းတို့၏ လူမှုအသိုင်းအဝန်းများကို ထောက်ကူနေသောကြောင့် ၎င်းတို့ကို အထူးအလေးပေးရန် မိမိတို့ အကြံပြုလိုသည်။ ထို တိုင်းရင်းသား ဒေသများတွင် စစ်ဘေးရှောင်များ၊ (ထိုင်းနှင့် တရုတ်မှ) ပြန်လာကြသော ရွှေ့ပြောင်းလုပ်သားများသည် ကျန်းမာရေး စောင့်ရှောက်မှု၊ စောင့်ကြည့်ကြီးကြပ်မှု၊ လူမှုအသိုင်းအဝန်းအခြေပြု အသွားအလာ ကန့်သတ်ခြင်း၊ ထိတွေ့ဆက်ဆံမှု ခြေရာခံခြင်း နှင့်အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုများကို ခံစားခွင့်ရှိရမည်ဖြစ်သည်။ ထိုကူးစက်ရောဂါကို ကျိုးကြောင်းဆီလျှော်စွာ ထိန်းချုပ်နိုင်ရန် ထိုကဲ့သို့သော ဝန်ဆောင်မှုများပေးရာတွင် MOHS နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်။
အောက်ပါနယ်ပယ်များတွင် EHOs များ၏ အခန်းကဏ္ဍကို ဖေါ်ပြလိုသည်။
(၁) လုပ်ငန်းဆိုင်ရာ အထောက်အကူ – အခြေခံအဆောက်အအုံများနှင့် လုပ်ငန်းဆိုင်ရာအဆောက်အအုံကိရိယားများ အသင့်ပြင်ဆင်ခြင်း
(က) စွမ်းရည်တည်ဆောက်ခြင်း၊ အကာအကွယ်ပေးခြင်း၊ တကိုယ်ရည်ကျန်းမာရေး၊ ကူးစက်မှု ထိန်းချုပ်ရေး အစီအမံများနှင့် ကိုဗစ်-၁၉ ကူးစက်ခံရသူများတွက် အခြေခံစောင့်ရှောက်မှုများ (အောက်ဆီဂျင်၊ သွေးခုန်နှုန်းနှင့်အောက်ဆီဂျင်တိုင်းခြင်း၊ နမိုးနီးယားတွက် ပဋိဇိ၀ဆေး စသည်)
(ခ) EHOs မှ စေတနာ့ဝန်ထမ်း ကူညီသူများ။ ၎င်းတို့ကို အစိုးရ၏ စေတနာ့ဝန်ထမ်းအစီအစဉ်နှင့် ချိတ်ဆက်သင့်သည်သည်။ (ကူးစက်ရောဂါနှင့်ပတ်သက်သော စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြု ထောက်ကူရန် အစီအစဉ်အချို့ကို နိုင်ငံတော်က လုပ်ဆောင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံက မကြာသေးမီကပြောခဲ့သည်။ မကြာမီ ဖြစ်ကောင်းဖြစ်နိုင်သည်။)
(၂) စောင့်ကြည့်ကြီးကြပ်ခြင်း၊ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သော အဖွဲ့များနှင့် ကူးစက်မှု စုံစမ်းစစ်ဆေးခြင်း
(က) ထိရောက်မှုရှိရန်နှင့် ချက်ခြင်းထိန်းချုပ်လုပ်ဆောင်ရန် ထိုကိစ္စကို MOHS ၊ EHOs နှင့် မိတ်ဖက်အဖွဲ့အစည်းများ အနီးကပ် ပူးပေါင်းဆောင်ရွက်သင့်သည်။
(၃) ဘေးအန္တရာယ် ဖြစ်နိုင်ခြေကို ဆက်သွယ်ပြောကြားခြင်းနှင့်လူမှုအသိုင်းအဝန်းနှင့် ထိတွေ့ဆက်ဆံခြင်း
(က) ဤုလုပ်ဆောင်မှုများသည် တိုင်းရင်းသားများ ထိန်းချုပ်ထားသောဒေသများတွင် အရေးပါသည်။ EHOs/CBOs များသည် ဒေသဆိုင်ရာနှင့် မြို့နယ်အဆင့်တွင် ထောက်ခံမှုလိုအပ်သည်။ ထိုလှုပ်ရှားမှုများကို အစိုးရ၏ ဒေသဆိုင်ရာနှင့် မြို့နယ်အဆင့်များနှင့် ဆွေးနွေးသင့်သည်။
(၄) ကျန်းမာရေး ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ပေးခြင်း
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း EHOs များ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုသည် ပုံမှန်အခြေအနေတွင်ပင် မလုံလောက်ပေ။ ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် EHOs များသည် (မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ကာကွယ်ဆေးထိုးခြင်း၊ ငှက်ဖျား စသည်တို့ကဲ့သို့ ) အရေးပါသော ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျ ကိုင်တွယ်နိုင်ခြင်း မရှိကြတော့ပေ။ ထို့ကြောင့် ပဋိပက္ခဒေသမှ ထိခိုက်လွယ်သောသူများ အထူးသဖြင့် အမျိုသမီးများနှင့်ကလေးများအတွက် အရေးပါသော ဝန်ဆောင်မှုများ ချို့တဲ့လာမည်။
ယေဘုံယျအားဖြင့်ဆိုရပါက WHO ၏ ကမ္ဘာလုံးဆိုင်ရာ လမ်းညွုန် ဖြစ်သည့် ကိုဗစ်-၁၉ သေနင်္ဂဗျူဟာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှု စီမံချက် (SPRP) တွင် ဖေါ်ပြထားသော အဓိကဦးစားပေး ခြေလှမ်း ၈ ခု သည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင် EHOs များအတွက် အရေးပေါ်လိုအပ်သည်။ (ခြေလှမ်း-၅ ဖြစ်သော အမျိုးသားအဆင့်ဓါတ်ခွဲခန်းများမှအပ။ ထိုဓါတ်ခွဲခန်းများသည် EHOs အများစု လက်လှမ်းမမီသော အချက်ဖြစ်သည်။) ကူးစက်ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာပါက အခြေအနေသည် ပြောင်းလဲသွားမည်ဖြစ်သည်။ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်များကို စံနှုန်းအတိုင်းလိုက်နာပြီး EHOs တို့၏ ဆေးခန်းများတွင် ယူရမည်ဖြစ်သည်။
ကျန်းမာရေး သို့မဟုတ် ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတား
ရိုးစင်းစွာ စဉ်းစားကြည့်သောအခါ မိမိ စိတ်သည် ၁၉၈၄ ခုနှစ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
၁၉၈၄ ခုနှစ်က အမေရိကန်တိုက်လုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့ (PAHO) သည် “ကျန်းမာရေး သို့မဟုတ် ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတား” အမည်ရှိ အစီအစဉ်တခုကို ငြိမ်းချမ်းရေးအတွက် အကျိုးပြုစေရန် ဗဟိုအမေရိကနှင့် ပနားမားတွင် စတင်ခဲ့ပြီး အောင်မြင်ခဲ့သည်။
မြန်မာ့ပြည်တွင်းစစ်သည် ကမ္ဘာတွင်အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်သည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် မြန်မာအစိုးရနှင့် EAOs/EHOs တို့အပါအဝင် မိမိတို့အားလုံး ပူးပေါင်းလုပ်ဆောင်သော အထောက်အကူပြုလုပ်ငန်းအားလုံးသည် ကျန်းမာရေးက ထူးခြားသောတန်ဖိုးရှိပြီး အကြွင်းမဲ့လက်ခံနိုင်သောအရာဖြစ်သောကြောင့် ငြိမ်းချမ်းရေး၊ သွေးစည်းချစ်ကြည်ရေးနှင့် ပြည်သူများအကြား နားလည်မှုတို့တွင် ပေါင်းကူးတံတားဖြစ်နိုင်သည်ဟူသော ယုံကြည်ချက်ပေါ်တွင် အခြေခံရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတွင် သက်တမ်းရှည်ကြာသော ငြိမ်းချမ်းရေး၏ လမ်းအစပင်ဖြစ်သည်။
(ဒေါက်တာသိန်းဝင်း(တောင်အာဖရိက) သည် နှစ် ၃၀ ခန့် နိုင်ငံပြင်ပတွင်နေထိုင်ခဲ့ရပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံလွတ်မြောက်ရေးအဖွဲ့ (တောင်အာဖရိက)တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါက်တာစင်သီရာမောင်နှင့်အတူ တိုင်းရင်းသားကျန်းမာရေးလုပ်ငန်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက် ရှိသည်။)
You may also like these stories:
ဘုံရန်သူ COVID-19 ကို ပူးပေါင်းတိုက်ထုတ်၍ ငြိမ်းချမ်းရေး ယူပေးသင့်သည်
COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့
ပူးပေါင်းဆောင်ရွက်ဖို့ လမ်းစများတယ်
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ