မြန်မာနှင့် ကူးစက်ရောဂါများသည် တစိမ်းတရံမဟုတ်ပါ။ ကိုဗစ်-၁၉ သည် အစိုးရအတွက်သာမက ပြည်သူလူထုအတွက်လည်း ပြင်းထန်သော စိန်ခေါ်မှုဖြစ်သည်။ ထိုအတွေးနှင့်အတူ “ငါတို့ ဒီကူးစက်ရောဂါကို ကျော်လွှားနိုင်ရမယ်” ဟု မိမိကိုယ်မိမိ ပြောမိသည်။ ကျနော့်အနေဖြင့် အစိုးရ၏ သတင်းစာများ သက်သက်ကိုသာ ဖတ်နေပါက ထိုကူးစက်ရောဂါနှင့် တိုက်ပွဲတွင် မိမိတို့သည် အောင်ပွဲနှင့် လက်တကမ်း အကွာတွင် ရောက်နေပြီဟု အလွယ်တကူ ယုံကြည်မည်သာ ဖြစ်သည်။
ရောဂါကူးစက်မှု အတည်ပြုလူနာများ မှန်မှန်များလာခြင်းနှင့်အတူ ထိုဗိုင်းရပ်စ်နှင့် ပတ်သက်သည့် လူထုအသိ နိုးကြားမှုနှင့် စူးစမ်းလိုစိတ်လည်း မြင့်မားလာသည်။ တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင်ကဲ့သို့ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အကြီးအကျယ်မဖြစ်စေရန် ဆုတောင်းနေသူလည်း အများအပြား ရှိနေခဲ့သည်။
“ဥရောပနဲ့အမေရိကမှာလို ကူးစက်မှုတွေ ကျနော်တို့ဆီမှာ အကြီးအကျယ်ဖြစ်လာရင် အားလုံးသေကုန်မှာပဲ” ဟု မိတ်ဆွေတဦးကပြောသည်။ ထိုသို့ မျှော်လင့်ချက်ကင်းမဲ့သည့် ကြိုတင်ခန့်မှန်းမှုမျိုးကို မြန်မာနိုင်ငံမှ လူအများအပြား လက်ခံကြသည်။
အစိုးရသတင်းစာများ ဝါဒဖြန့်ချိမှုများနှင့် လူမှုကွန်ရက်မှ သတင်းတုများသည် မိမိတို့ကို နေ့စဉ် မည်မျှ ဖိအားပေးနေစေကာမူ မြန်မာနိုင်ငံ၏ ဆေးဖက်ဆိုင်ရာ ကိရိယာနှင့် အဆောက်အအုံများသည် အမှန်တကယ်ပင် စိန်ခေါ်မှု ပြဿနာတရပ် ဖြစ်နေသည်။ အချို့က ပို၍ စိုးရိမ်လာကြပြီး “ငါတို့သေကုန်တော့မှာလား” ဟူသည့် မေးသင့်မေးထိုက်သော မေးခွန်းကို မေးကြသည်။ မြန်မာနိုင်ငံမှ လူအများအပြားသည် ညစဉ် အိပ်ရာမဝင်မီ လဲလျောင်းလိုက်သောအခါ ထိုမေးခွန်းကို ၎င်းတို့ကိုယ်၎င်းတို့ မေးခဲ့ကြသည်။
ထို့ကြောင့် ကျနော်တို့၏ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ကိုလိုနီနယ်ချဲ့ ဟောင်း ဗြိတိန်နိုင်ငံသည် ၎င်းတို့ နိုင်ငံသားများကို မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် တိုက်တွန်းခဲ့ခြင်းသည် ဆင်ခြင်တုံတရား ပြည့်၀သော ဆုံးဖြတ်ချက် လုပ်ရပ်ဖြစ်သည်ဟု ကျနော်ထင်မိသည်။
မြန်မာနိုင်ငံမှ ပြည်တွင်း ဆေးဖက်ဆိုင်ရာ ကိရိယာနှင့် အဆောက်အအုံများသည် ကိုဗစ်-၁၉ ကြောင့် မလုံမလောက် ဖြစ်ခံရနိုင်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းမည့် အန္တရာယ်ကြောင့် ဖြစ်နိုင်သည်ဆိုလျှင် မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားအားလုံး မြန်မာနိုင်ငံမှထွက်ခွာရန် ရန်ကုန်ရှိ ဗြိတိန်သံရုံးက အကြံပြုသည့် သတင်းကို မတ်လက မိမိတို့ဖတ်ခဲ့ရသည်။
“ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် မြန်မာနိုင်ငံမှ ဆေးဖက်ဆိုင်ရာ ကိရိယာများနှင့် အဆောက်အအုံများကို ကြီးမားသော ဖိအားပေးမည်ဟု မျှော်လင့်ရပြီး ၎င်းတို့သည် ပုံမှန်စောင့်ရှောက်မှုကို ပေးရန် မဖြစ်နိုင်လောက်ပေ” ဗြိတိန်သံရုံးက ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ထိုအချက်သည် အခြေအမြစ်ရှိသည့် ပူပန်မှုဖြစ်သည်။ ဗြိတိန်သံရုံး၏ ကြေညာချက်နှင့်ပတ်သက်ပြီး အချို့အာရှ သံတမန်များက ကြိတ်ပြီး ပြုံးနေကြသော်လည်း ဗြိတိန်နိုင်ငံ၏ အကြံအစည်သည် မှန်နေပုံရတော့သည်။
မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု အကြီအကျယ် ဖြစ်ပွားခဲ့ပြီး အရေးပေါ်လေကြောင်းလိုင်းများ မရရှိနိုင်ပါက မြန်မာနိုင်ငံ၏ ဆေးဝါးကိရိယာ မပြည့်စုံသော လူနာဆောင်များတွင် သို့မဟုတ် Quarantine Centre များတွင် သွားလာမှု ကန့်သတ်ခံရမည်ကို မည်သူမျှ လိုလားမည်မဟုတ်ပေ။ (သို့သော် မျှမျှတတပြောရပါက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ သံသယလူနာများကို ထားရန် ထူထောင်ထားသော အချို့အဆောင်များသည် မြန်မာနိုင်ငံမှ အခြားအဆောင်များနှင့် ဧည့်ဂေဟာများထက် များစွာ ကောင်းမွန်လှသည်ကိုတော့ တွေ့ရသည်။)
အနောက်တိုင်း သံတမန်များအနေဖြင့် ၎င်းတို့ မိခင်နိုင်ငံ၊ ဇာတိမြို့များ အထူးသဖြင့် လန်ဒန်၊ နယူးယောက်၊ ပါရီနှင့် အီတလီမြောက်ပိုင်းသို့ ပြန်သွားသည်ထက် ပိုမိုလုံခြုံနိုင်ဖွယ်ရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မတူဘဲ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသည် ကျိုးကြောင်းဆီလျှော်သည်။
တလွဲတချော်ဖြစ်နေသော ပြုံးစရာလေး တချက်ကတော့ ဗြိတိသျှတို့ကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံမှ ကူးစက်ရောဂါများနှင့် တစိမ်းတရံ မဟုတ်ခြင်းပင် ဖြစ်သည်။ ၂၀ ရာစုအစောပိုင်းတွင် မြန်မာနိုင်ငံကို ၎င်းတို့အုပ်ချုပ်စဉ်က ကာကွယ်ဆေးများထိုးခြင်း၊ သန့်ရှင်းရေး၊ အာဟာရနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ခဲ့ဖူးသည်။
၎င်းတို့ရောက်ရှိလာချိန်တွင် ဗြိတိသျှတို့သည် ထိုစဉ်က ဘားမား (Burma) ဟု လူသိများသော မြန်မာနိုင်ငံတွင် သေဆုံးမှုနှုန်း မြင့်မားသည်ကို သတိထားမိကြသည်။ ထို့ကြောင့် သေချာသည်မှာ ဗြိတိသျှတို့သည် တခါတရံမှာတော့ လက်မခံနိုင် အငြင်းပွားဖွယ်ဖြစ်သည့် ထိရောက်သော ကာကွယ်ဆေးနှင့် သန့်ရှင်းရေးမူဝါဒများကို အခက်အခဲများကြားမှ လုပ်ဆောင်ခဲ့မည်ဖြစ်သည်ဟု ဂျုဒစ် ရစ်ချယ် Judith Richell ၏ ကိုလိုခေတ်မြန်မာနိုင်ငံမှ ရောဂါနှင့် လူမှုအခြေအနေအပြောင်းအလဲများ Disease and Demography in Colonial Burma စာအုပ်တွင် ဖေါ်ပြထားသည်။
သို့သော် အနောက်တိုင်းဆေးများနှင့် ကာကွယ်ဆေးများကို စတင်အသုံးမပြုနိုင်မီ မြန်မာနိုင်ငံ “လွတ်မြောက်ရေး” အတွက် သိမ်းယူခဲ့သူများသည် ၎င်းတို့၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား နှိမ်နင်းရန် ဆယ်စုနှစ်တခုမျှ အချိန်ယူခဲ့ကြရသည်။ ထိုအချိန်သည် ကုန်းဘောင်မင်းဆက်အောက်မှ ရှေးရိုးစဉ်လာ မြန်မာနိုင်ငံသည် ပြည်ပအုပ်ချုပ်မှုအောက်တွင် အားမတန်မာန်လျှော့ပြီး လူ့အဖွဲ့အစည်း ပြိုကွဲရသော အချိန်လည်းဖြစ်သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ဂုဏ်သိက္ခာကြီးမြတ်သည့် မဏ္ဍိုင်အင်အားစုများဖြစ်သော သက်ဦးဆံပိုင် ဘုရင်စနစ်၊ ဗုဒ္ဓဘာသာ သာသနာနှင့် မြို့သူကြီးများကို ကိုလိုနီအာဏာဖြင့် အစားထိုးခဲ့ကြသည်။
ရှေ့ဆက်ဖြစ်ပျက်ခဲ့သည်များကို အများအသိပင်ဖြစ်သည်။ မင်းမဲ့ဝါဒ စိုးမိုးလာသည်။ ဖရိုဖရဲဖြစ်နေသော မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဗြိတိသျှတပ်များသည် “ဓါးပြ” ဆိုသူများ၏ နောက်သို့လိုက်ပြီး နိုင်ငံခြားနယ်ချဲ့ ကျူးကျော်မှုကို လက်နက်ကိုင်ပုန်ကန်သူများကို ဖိနှိပ်ကာ အလုပ်များနေကြသည်။ မြန်မာနိုင်ငံသည် ထိုကာလအတွင်း ဗြိတိသျှတို့ထံမှ အများအပြားကို လေ့လာမိခဲ့ကြသည်။ အထူးသဖြင့် မိမိအားဆန့်ကျင်သူများကို မည်ကဲ့သို့ စနစ်တကျ ခေါင်းဖြတ်ရမည်နှင့် အမည်ဆိုးဖြင့် ကျော်ကြားလှသော “ဖြတ်လေးဖြတ်” ဟု ခေါ်သည့် သူပုန်နှိမ်နင်းရေး သေနင်္ဂဗျူဟာကို လေ့လာမိခဲ့ကြသည်။ (မြန်မာ့တပ်မတော်သည် “ဖြတ်လေးဖြတ်” ကို ယနေ့တိုင် ဆက်လက်အသုံးပြုနေပြီး သက်ဆိုးအရှည်ဆုံး ကိုလိုနီအမွေအနှစ် ဖြစ်သည်။)
ထိုပုန်ကန်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကိုလိုနီအာဏာပိုင်များသည် ရန်သူသစ်ဖြစ်သော ကူးစက်ရောဂါကို အောင်နိုင်ရန် လုပ်ဆောင်ကြရတော့သည်။ စီမံကိန်းများ ဆွဲရတော့သည်။
၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းကာလများတွင် ပလိပ်၊ ကာလဝမ်းရောဂါ၊ တီဘီအဆုပ်ရောဂါ၊ ကျောက်ရောဂါနှင့် တုပ်ကွေးရောဂါများသည် မြန်မာနိုင်ငံတွင် အဓိက အသေအပျောက်များသော ရောဂါများ ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၁၈ ခုနှစ်က ဖြစ်ပွားသည့် စပိန်တုပ်ကွေးဟု ခေါ်သည့် ကမ္ဘာတဝှမ်း ကူးစက်ရောဂါဘေးမှလည်း လွတ်မြောက်ခဲ့ခြင်းမရှိပေ။ ရစ်ချယ်၏ အဆိုအရ ထိုစဉ်က လူဦးရေ ၁၂ သန်းမှ ၁၃ သန်းသာရှိသောနိုင်ငံတွင် လူ ၄ သိန်းသေဆုံးစေသော ထိုရောဂါကို ကိုင်တွယ်ရန် ဗြိတိသျှတို့ဘက်မှ ကြိုတင်ပြင်ဆင်မှု မရှိသလောက်ပင် ဖြစ်သည်။
အကျိုးဆက်မှာ ဆိုးရွားလှပြီး မြို့ပြတွင် နေထိုင်သူများဖြစ်သည့် အိန္ဒိယစစ်သားများနှင့် တောနေရွာသူ ရွာသားများကို ဗိုင်းရပ်စ်ပိုးကူးပြီး ဆိုးရွားစွာ ထိခိုက်စေကာ တိုင်းပြည်ကို ချိနဲ့သွားစေသည်။
ထိုရောဂါမတိုင်မီ ၁၉၀၅-၀၆ တွင်ဖြစ်ပွားသည့် ပလိပ်ရောဂါကြောင့်လည်း မြန်မာနိုင်ငံတွင် လူအများအပြား သေဆုံးခဲ့သေးသည်။ ရောဂါကူးစက်ခံနေရပြီးဖြစ်သည့် အိန္ဒိယမှ ပင်လယ်ရေကြောင်းမှ တဆင့် ထိုရောဂါသည် မြန်မာနိုင်ငံသို့ ရောက်လာသည်ဟု အများကယူဆကြသည်။
အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရသောကြောင့် ကိုလိုနီအစိုးရသည် ပလိပ်ကောင်စီ တခုကို ထူထောင်ပြီး အိန္ဒိယမှ ဝင်ရောက်အခြေချသူများ အပါအဝင် အများပြည်သူကို စစ်ဆေးစောင့်ကြည်သောလုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ပေးအပ်သည်။
ကာလကတ္တားမှ ဝင်ရောက်လာသော သင်္ဘောများကို ဆေးဖက်ဆိုင်ရာအရာရှိများက စစ်ဆေးကြပြီး ဆယ်ရက်ကြာ သွားလာမှုကန့်သတ်စောင့်ကြည့် Quarantine လုပ်ကြောင်း ရစ်ချယ်က သူ၏ ကိုလိုနီခေတ်မြန်မာနိုင်ငံ ရောဂါနှင့် လူမှုအခြေအနေပြောင်းလဲမှု စာအုပ်တွင် ရေးသားသည်။ နိုင်ငံကူးလက်မှတ်ပါရှိသော ပထမတန်းနှင့် ဒုတိယတန်း ခရီးသည်များကို ဆယ်ရက်ကြာ သွားလာမှုကန့်သတ်စောင့်ကြည့်သည်။ ပလိပ် ကမ္ဘာတဝှမ်းကူးစက်ရောဂါ ကြီးထွားလာသောအခါ ဗြိတိသျှ အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြသော အိန္ဒိယသားများသည် ရောဂါပျံ့နှံ့မှုအတွက် မကြာခဏဆိုသလို အပြစ်တင်ခံရပြီး ဓားစာခံ ဖြစ်ကြရသည်။
နိုင်ငံအတွင်း ခရီးသွားလာသူများ ပလိပ်ခရီးသွားလက်မှက်ကို ကိုင်ဆောင်ရန် လိုအပ်သည်။ လူအများအပြားသည် ရောဂါအပြင်းအထန်ဖြစ်ပွားသော မြို့များမှ ထွက်ပြေးကြပြီး ကိုလိုနီအာဏာပိုင်များသည် ကြီးမားသော ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအစီအစဉ်များနှင့် ပြင်းထန်သော ကာကွယ်ဆေးထိုးခြင်းနှင့် စောင့်ကြည့်ရေးမူဝါဒများကို ချမှတ်ခဲ့ရသည်။
ရိုးရာဆေးပညာနှင့်သာ အကျွမ်းတဝင်ရှိသော ဒေသခံပြည်သူများနှင့် ဆေးဆရာများကို ခရိုင်အရာရှိများထံ သွားရောက်ခိုင်းကာ ဗြိတိန်ဆေးပညာကို လက်ခံစေခဲ့သည်။ အရာရှိများ၏ မိသားစုဝင်များနှင့် ဇနီးများသည် ဒေသခံပြည်သူများ ကာကွယ်ဆေးကို ယုံကြည်လက်ခံလာစေရေး ရှေ့ဆုံးမှ ပါဝင်စေခဲ့သည်ဟုဆိုသည်။
ရန်ကုန်အခြေစိုက် ဓါတ်ပုံဆရာများဖြစ်သော Criouleansky နှင့် Marshall တို့ ၁၉၀၅-၀၆ ကရိုက်ကူးထားသော ဓာတ်ပုံများသည် အထက်မြန်မာနိုင်ငံ မန္တလေးမြို့ဖြစ်နိုင်ခြေရှိသော နေရာတခုတွင် ကိုလိုနီအရာရှိများက ပလိပ်ရောဂါကို ပိုင်နိုင်စွာ ထိန်းချုပ်နေသည်ကို ပြနေပြီး ထိုဓာတ်ပုံများကို ၁၉၀၆ ခုနှစ် ဇွန်လတွင် ထုတ်ဝေသည့် The Graphic က ဖေါ်ပြခဲ့သည်။
သို့သော် ထိုဓာတ်ပုံများသည် လွဲမှားသော ကောက်ချက်ချမှုကို ဖြစ်စေနိုင်ကြောင်း ထိုခေတ်နှင့်ပတ်သက်ပြီး လေ့လာသော သုတေသီများက ပြောသည်။
၂၀၁၃ ခုနှစ်က ထုတ်ဝေသည့် ဗြိတိသျှကိုလိုနီခေတ် ဓာတ်ပုံပညာနှင့်ပတ်သက်သော ဆောင်းပါးတပုဒ်တွင် မြန်မာ့သမိုင်းပညာရှင် Jonathan Saha ဂျိုနသန်ဆာဟာက “ပလိပ်ရောဂါတိုက်ဖျက်ရေး အစီအစဉ်များသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး အငြင်းပွားဖွယ်ဖြစ်ကာ တကယ်တော့ ထိရောက်မှု မရှိပေ။ ထို့အပြင် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ထားသော အိန္ဒိယ အင်ပါယာအတွင်း သွတ်သွင်းပြီး ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်အတွင်းသို့ ထည့်သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပလိပ်ရောဂါ ရောက်ရှိလာခြင်းဖြစ်နိုင်သည်” ဟု ရေးသားခဲ့သည်။
“ထိုအစောပိုင်းက ပုံများတွင် မြန်မာနိုင်ငံကို အာဏာရှင် ပဒေသရာဇ်ထံမှ လွတ်မြောက်စေခဲ့သည့်ပုံမျိုး ကနဦးတွင် ပုံဖေါ်ခဲ့ကြပြီး နောင်တွင် ဗြိတိသျှတို့ကို ခုခံသည့် ပျောက်ကြားလှုပ်ရှားမှုများ ပြင်းထန်လာသောအခါ အကြမ်းဖက် နိမ့်ကျသော ဓါးပြများလက်တွင် ခံစားနေရသော နိုင်ငံအဖြစ် သရုပ်ဖေါ်သည်” ဟု သူ ဆက်လက်ဝေဖန် ရေးသားခဲ့သည်။
“နောင်နှစ် ၂၀ ကြာသောအခါ အကြမ်းဖက်ပြီး တန်ဖိုးများစွာ ပေးဆပ်ရသော ကိုလိုနီအုပ်ချုပ်ရေး ထူထောင်ခြင်းသည် ပေးဆပ်ရကျိုးနပ်သည်ဟု The Graphic ၏ စာဖတ်ပရိသတ်များကို ဖေါ်ပြရန် ကျရှုံး ကုန်းဘောင်မင်းဆက်၏ အချက်အခြာနေရာများတွင် ရိုက်ကူးထားသော ပလိပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများနှင့် ပတ်သက်သည့် ထိုဓာတ်ပုံများကို အသုံးချရေး ရည်ရွယ်ခဲ့သည်ကို သံသယဖြစ်စရာ မလိုပေ။ စစ်အတွင်းကပုံများသည် နယ်ချဲ့စနစ် တခုလိုအပ်ကြောင်း သရုပ်ဖေါ်လျှင် ထိုပလိပ်ရောဂါနှင့် ပတ်သက်သောပုံများက ထူထောင်ထားသော စနစ်သစ်သည် အောင်မြင်စွာ လည်ပတ်နေကြောင်း သရုပ်ဖေါ်ထားသည်” ဟု ထိုသမိုင်းပညာရှင်က စူးရှစွာ ထောက်ပြခဲ့သည်။
ထိုအတိုင်းမှန်သည်ဆိုလျင် ကျနော်တို့သည်လည်း ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ရင်ဆိုင်ရပြီး တိုက်ဖျက်ရန်ပြင်ဆင်နေချိန်တွင် ထိုကဲ့သို့သောစနစ်တခု ချမှတ် အသုံးပြုနိုင်သည်မှာ သေချာသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဗြိတိသျှတို့ မတ်လတွင် ပြန်သွားခဲ့ကြသည်။
ပြည်သူလူထုသည် ဘေးအန္တရာယ် ကင်းရှင်းအောင် လုပ်ဆောင်ပေးနေသူများ လက်တွင် ရောက်ရှိနေပြီဟူသည့် မျှော်လင့်ချက်နှင့် ခံစားချက်မျိုး ဖြစ်ပေါ်စေရန် ရောဂါတိုက်ဖျက်ရန် လုပ်ကိုင်နေသော ဗြိတိသျှ အရာရှိများ၏ ဓါတ်ပုံများကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးသည်ဟုပင် ဆာဟာက ဆက်လက်ရေးသားခဲ့သည်။ သူ တင်ပြသည့်အတိုင်းဆိုပါက ၎င်းတို့၏ ရည်မှန်းချက်မှာ “ကမ္ဘာတဝှမ်းကူးစက်သော ပလိပ်ရောဂါနှင့်ပတ်သက်ပြီး ကျိုးကြောင်းဆီလျှော် စနစ်ကျသည့် အစိုးရ အုပ်ချုပ်ရေး ယန္တရားရှိခဲ့သည်” ဟူသော အဓိပ္ပါယ် သက်ရောက်စေသည်ဟုလည်း သူ ရေးသားခဲ့သည်။
ရစ်ချယ်၏ ကိုလိုနီခေတ်မြန်မာနိုင်ငံ လူမှုအခြေအနေပြောင်းလဲမှုကို ကိုးကားပြီး ဆာဟာက “၁၉၀၆ ခုနှစ်က ထိုကိုလိုနီဒေသတွင် ပလိပ်ရောဂါကြောင့် လူ ၉၀၀၀ နီးပါးသေဆုံးသည်။ လက်တွေ့တွင် ဒေသခံများသည် နယ်ချဲ့အစိုးရ၏ အတင်းအကျပ် လုပ်ဆောင်သော ပလိပ်ရောဂါတိုက်ဖျက်ရေးမူဝါဒများမှ လွတ်မြောက်ရေးအတွက် ရောဂါခံစားရသူများကို ဝှက်ထားရန် ကြိုးစားကြသောကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ထိုထက်ပင် ပိုနိုင်သေးသည်။ ပလိပ်ရောဂါ ကူးစက်မှုများကို တွေ့ရှိသောအခါ ကူးစက်ခံရသူ၏ အဝတ်များကို မီးရှို့ပစ်ကြပြီး ရောဂါကူးစက်ခံရသူ၏ မိသားစုများကို အခြားသူများနှင့် ခွဲထားကာ ၎င်းတို့၏နေအိမ်များကို ဓါတုဗေဒနည်းဖြင့် ပိုးသတ်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကြီမားသော ဆောင်ရွက်ချက်ဖြစ်သော်လည်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင်မူ ထိရောက်ခြင်း မရှိ” ဟု သူဆက်လက်ဝေဖန် ရေးသားသည်။
ထိုသို့သောအချက်များကို ဖတ်ရသည်မှာ ကျနော့်အတွက်တော့ စိတ်ဖိစီးစရာ ကောင်းလှသည်။ ထို့ကြောင့် ဤနေရာမှာရပ်ပြီး ကိုလိုနီခေတ်သည် အပြုသဘောဆောင်သော အမွေအနှစ် တစုံတခု ပေးခဲ့ခြင်း ရှိမရှိ မိမိဘာသာမေးခွန်းထုတ်မိသည်။
တချက် သမ်းဝေရင်း နိုင်ငံပိုင် သတင်းစာ The Global New Light of Myanmar ကို ကောက်ကိုင်လိုက်လာ ပိုမိုစိတ်ဝင်စားစရာကောင်းသည့် သတင်းကို ရှာမိသည်။ ယနေ့ခေတ် နိုင်ငံပိုင် သတင်းစာများကို ဖတ်ရခြင်းသည် ယခင်စစ်အစိုးရခေတ်များက နိုင်ငံပိုင် သတင်းစာများကို ဖတ်ရခြင်းကဲ့သို့ပင် ထူးထူးခြားခြား ကွဲပြားခြားနားခြင်း မရှိလှသော်လည်း ထိုအကျင့်ကို သစ္စာရှိစွာ ကျနော် ဆက်လက်ထိန်းသိမ်းထားခဲ့ပါသည်။
သွားလာမှု ပိတ်ပင်ထားခံရပြီး နေအိမ်မှ အလုပ်လုပ်နေရသောကြောင့် မိမိကဲ့သို့ပင် စာဖတ်သူလည်း ပိုမိုမျှော်လင့်ချက် ရှိမည့် သတင်းများကို ဆာလောင်မွတ်သိပ်နေမည်ကို မိမိသေချာပေါက်သိနေသည်။ “လာမည့်အပတ်တွင် ဘားဆိုင်များသို့ ပြန်လည်သွားရောက်ခွင့်ပြုမည်” ဟူသည့် သတင်းခေါင်းစဉ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
The Global New Light of Myanmar သတင်းစာတွင် မရည်ရွယ်ဘဲ မိမိ ဖတ်မိသောခေါင်းစဉ်မှာ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာလတွင် စက်ရုံအလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများနှင့် စပ်လျှဉ်း၍ ပါဝင်ဆောင်ရွက်နေကြသူများနှင့် လက်တွေ့အခြေအနေများအား အပြန်အလှန်ဆွေးနွေး” ဟု ဖြစ်သည်။ ခေါင်းတချက်ညှိတ်လိုက်ပြီး ဆက်ဖတ်သောအခါ ဗိုင်းရပ်စ်အခြေအနေသည် ထိန်းချုပ်နိုင်သည့် အနေအထားအောက်တွင် ရှိသည့်သဘော ဖေါ်ပြသည့် သတင်းများကြောင့် စိတ်သက်သာရာ ရရှိခဲ့သည်။
အခြားသတင်းခေါင်းစဉ်များနှင့် ဓါတ်ပုံများသည် နောက်ထပ် မျှော်လင့်ချက်များကိုပင် ပေးသည်။ “ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတြ်ပည်သူ့သမ္မတနိုင်ငံက အသက်ရှူစက် အလုံး ၂၀ လှူဒါန်း” ဟု တွေ့ရသည်။ ဓါတ်ပုံတပုံတွင် တရုတ်သံအမတ်ကြီးနှင့် မြန်မာအရာရှိများသည် ချစ်ကြည်ရေးအထိမ်းအမှတ် စာတမ်းကိုကိုင်ကာ နေပူကျဲကျဲတွင် ရပ်ပြီးကိုင်ထားကြသည်ကို တွေ့ရသည်။
ထိုဓါတ်ပုံမှ အရာရှိများသည် နှာခေါင်းစည်းများ ဝတ်ဆင်ထားသော်လည်း Social Distancing ခပ်ခွာခွာနေထိုင်ခြင်းမပြုပဲ အုပ်စုလိုက် ပူးပူးကပ်ကပ်ဖြစ်နေသည်ကို မိမိ သတိမထားမိဘဲ မနေနိုင်အောင်ဖြစ်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့ နှစ်နိုင်ငံအကြား သွေစည်းညီညွတ်မှုနှင့် အဓွန့်ရှည်သော ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းဖြစ်သည်ဟု ရုတ်တရက် တောင်တွေးမြောက်တွေး ယူဆမိတော့သည်။
အမှန်ဆိုရလျှင် ထိုသတင်းစာများတွင် တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး မိမိတို့ကို အကူအညီများ – ပိုမိုများပြားသည့် နှာခေါင်းစီးများ၊ ပိုမိုများပြားသည့် စမ်းသပ်ရေး ပစ္စည်းများနှင့် ပိုမိုများပြားသည့် ဤအရာ ထိုအရာများ – ပေးသည့် သတင်းများ ထင်ထင်ရှားရှား ပါဝင်ပြည့်နှက်နေသည်။ ထို့အပြင် သတင်းများသည် နှစ်ခွလည်း ဖြစ်နေသည်။
ဖေဖေါ်ဝါရီလခန့်ကပင် တပ်မတော်သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသို့ ကာကွယ်ရေး ဝတ်စုံများကို လှူဒါန်းလိုက်သေးသည်။ ယခုအပတ်တွင်မူ တရုတ်နိုင်ငံသည် အပြန်အလှန်ယုံကြည်မှုနှင့် ရင်းနှီး ချစ်ကြည်မှုကို ဖေါ်ပြသည့် အနေဖြင့် ပါကစ္စတန်၊ လာအိုနှင့် မြန်မာအပါအဝင် နိုင်ငံပေါင်းများစွာသို့ စစ်ဖက်ဆေးဝါးပညာရှင်အဖွဲ့များကို စေလွှတ်နေသည်ဟု တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် Global Times သတင်းစာ၏ အဆိုအရ သိရသည်။ “ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆေးဖက်ဆိုင်ရာအဖွဲ့များသည် တရုတ်နိုင်ငံမှ ပြည်သူ့ကျန်းမာရေးအကျပ်အတည်းကို ကိုင်တွယ်ရာတွင် အတွေ့အကြုံအရှိဆုံး အင်အားစုများဖြစ်သည်” ဟု ပင် ထိုသတင်းစာက ဆိုလိုက်သေးသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် နောက်ဆုံးသတင်းများကို ဖလှယ်ရန် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အရေးပေါ်ဖုန်းလိုင်း ဖွင့်ထားသည်ဟုပင် မိမိ၏ လုပ်ဖေါ်ကိုင်ဖက်များက တိုးတိုးတမျိုး သဖန်းပိုးလုပ် ပြောကြသည်။ အထူးလျှို့ဝှက်သော ကြိုတင်ကာကွယ်ရေး အစီအမံမှာ နေ့စဉ်ရေနွေးသောက်ပြီး ပလုပ်ကျင်းရန်ဖြစ်ကြောင်း မိမိ၏မိတ်ဆွေ သတင်းသမားက နိုင်ငံတော် လျှို့ဝှက်ချက်ကို ထုတ်ဖေါ်ပြောကြားနေသည့် ပုံစံမျိုးဖြင့် ဖုန်းမှတဆင့် အသံကို နှိမ့်ပြီးပြောသည်။ “ဒီအကြံပြုချက်က တရုတ်နိုင်ငံက ဝါရင့်ဗိုလ်ချုပ်ကြီးတွေဆီက လာတာ” ဟုလည်း သူပြောသည်။ သြော် … သြော် …။
ခြုံကြည့်မည်ဆိုပါက ၁၉၀၀ ခုနှစ်များအစောပိုင်း ဗြိတိသျှ မြန်မာနိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွားစဉ်က ရိုက်ကူးထားသည့် ဓါတ်ပုံများနှင့် ယခုတလော နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံများသည် သမိုင်းထိုးဇာတ်တခုကို ပြသနေသည်။ ယခုတကြိမ်တွင်မူ ဗြိတိသျှတို့သည့် အခွင့်ကောင်းတခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု သံသယဖြင့် မိမိ သရော်တွေး တွေးမိသည်။
သတင်းစာကို ချထားလိုက်ပြီး လန်ဒန်မှ နောက်ဆုံးသတင်းများရရန် အင်တာနက်ကို ဖွင့်လိုက်သည်။ “ဗြိတိန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအတွင်း တုန်လှုပ်ခြောက်ခြားစရာ ပျက်ကွက်မှုများအတွက် စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများကို ဘောရစ်ဂျွန်ဆင် ရင်ဆိုင်နေရ” ဟူသောသတင်းခေါင်းစဉ်က မိမိကို ကြိုဆိုနေသည်။ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂၁၀၀၀၀ ကျော်ရှိပြီး သေဆုံးမှုနှုန်း ၃၁၅၀၀ ကျော်ဖြင့် ဥရောပတွင် သေဆုံးမှုနှုန်း အများဆုံး ဖြစ်နေပေပြီ။
ကိုယ်တိုင်လည်း မကြာသေးမီကမှ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ခဲ့ရသည့် သနားစရာကောင်းသော ဘောရစ် ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ခေါင်းဆောင်မှု ပြသရန် ပျက်ကွက်သောကြောင့် အကြီးအကျယ် ဝေဖန်ခံနေရသည်။
“အကန့်အသတ်ဖြင့်သာ ရောဂါရှာဖွေစစ်ဆေးခြင်း သို့မဟုတ် ဆေးရုံများတွင် ကိရိယာ တန်ဆာပလာ မရှိခြင်း နှင့် သေဆုံးမှု အချက်အလက် တစိတ်တပိုင်းနှင့်ပတ်သက်ပြီး အပြည့်အဝရှင်းပြရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့်ပတ်သက်ပြီး သူ၏ အစိုးရ ကိုင်တွယ်ပုံကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရင်ဆိုင်နေရသည်” ဟု ထိုသတင်းဆောင်းပါးကဖေါ်ပြသည်။
ကျန်းမာရေး အကျပ်အတည်း တခုကို မည်သို့ကိုင်တွယ်မည်ကိုသာမက မည်သို့အသုံးချရမည်ကို ဗြိတိသျှတို့က မိမိတို့အားသင်ကြားပေးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း ထိုဆောင်းပါးကိုဖတ်ရင်း မိမိတွေးမိသည်။ ယခု တကြိမ်တွင်မူ ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ များစွာလေ့လာသင်ယူရမည့် အခြေအနေမျိုး ဖြစ်နေတော့သည်ဟု ကျနော် အတွေးခေါင်မိတော့သည်။
(အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ၊ အယ်ဒီတာချုပ် ဖြစ်သည်။ ၎င်း၏ Back to the Future: In Myanmar, Disease and Propaganda Have a Long History အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်လင့်
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ
အဓိပ္ပါယ်ကင်းမဲ့သော ရခိုင်စစ်ပွဲကို ရပ်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ရန် အချိန်ကျပြီ
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း