ကျနော်က အကျဉ်းသားကောင်းတယောက်ပါ။ ထောင်အာဏာပိုင်တွေက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို တနေ့ကို ၂၃ နာရီ အလင်းရောင်နည်းပြီး မွန်းကျပ်တဲ့ အခန်းကျဉ်းတွေထဲမှာ ပိတ်ထားပြီး အခွင့်အရေးအားလုံးကို ရုတ်သိမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က အဲ့လိုအခြေအနေအောက်မှာ ပျော်ပျော်နေတတ်ခဲ့တဲ့ ခပ်ရှားရှားသူမျိုးပေါ့။
ဒါကလည်း အကြောင်းရှိပါတယ်။
ကျနော်အကျဉ်းကျခဲ့တဲ့ကာလကတော့ စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်တွေတုန်းကပါ။ အခြားနိုင်ငံရေးအကျဉ်းသားတွေလိုပဲ ကျနော့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ် ၈ လနဲ့ ၂၅ ရက် အကျဉ်းချခံခဲ့ရပါတယ်။ ရက်နဲ့ အတိအကျ တွက်ပြီးပြောရရင် ၂၈၂၅ ရက်၊ နာရီနဲ့တွက်ရင် နာရီပေါင်း ၆၇၈၀၀ နာရီပါ။
အခုလို ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ကူးစက်နေတဲ့အချိန် ကမာ္ဘတဝှမ်းက လူတွေ အသွားအလာကန့်သတ်စောင့်ကြည့်ခံရတာတွေ၊ ဘယ်မှာမသွားပဲ အိမ်ထဲမှာပဲ ရက်ရှည်နေနေရတာတွေ ကြုံနေရတာက အကျဉ်းချခံခဲ့ရတဲ့ နေ့ရက်အချိန်တွေကို တွက်ဖြစ်ဖို့ လှုံ့ဆော်ခဲ့တာပါ။ ရောဂါကူးစက်တာကို ကာကွယ်ဖို့ ကျနော်တို့တွေ တယောက်နဲ့တယောက် ဘယ်အချိန်ထိ အခုလို သီးခြားစီနေကြရမလဲ၊ ဘယ်အချိန်ထိ ညမထွက်ရအမိန့်တွေ၊ ခရီးသွားလာခွင့်ကန့်သတ်တာတွေနဲ့ ပိတ်ဆို့မှုတွေက ရှိနေဦးမလဲဆိုတာ မသိနိုင်ပါဘူး။
ဒါပေမယ့် အခု သီတင်းပတ်အနည်းငယ်ကြာလာတဲ့အချိန်မှာတော့ ကန့်သတ်ချုပ်ချယ်ခံထားရတဲ့ဘဝကို မွန်းကျပ်ပြီး သည်းမခံနိုင်တော့တဲ့လူ တော်တော်များများရှိလာကြပါတယ်။ ကပ်ရောဂါကာလ အစိုးရက ထုတ်ပြန်ထားတဲ့အမိန့်တွေကို မလိုက်နာကြလို့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်နေရတဲ့ နိုင်ငံတွေကိုပဲကြည့်ပါ။ စိတ်ပိုင်းဆိုင်ရာအရရော စီးပွားရေးအရ ထိခိုက်မှုတွေကြောင့်ပါ သည်းမခံနိုင်တော့တဲ့ နိုင်ငံသားတွေရဲ့ ဖိအားကြောင့် အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းနေရတာကို ကြည့်ပါ။
လူသားတွေဟာ လူမှုဆက်ဆံရေးနဲ့ကင်းကွာပြီး မနေနိုင်ကြတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဘဝမှာ ကျနော်တို့ လုပ်ချင်တာကို မလုပ်နိုင်တဲ့အချိန်၊ ကျနော်တို့ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေ ပျက်ပြားသွားရတဲ့အချိန်တွေဆိုတာ မလွှဲမသွေကြုံကြရမှာပါ။ အခုကျနော်တို့ကမာ္ဘကြီးက အဲ့ဒီ ရှောင်လွှဲလို့မရတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရပါပြီ။
အကျဉ်းထောင်က ကျနော့်ကို အဲ့ဒီအခိုက်အတန့်မျိုးကို တခါ ရင်ဆိုင်စေခဲ့ဖူးပါတယ်။
ထောင်ထဲမှာ ကျနော်တို့အကျဉ်သားတွေ “ရွှေခေတ်” လို့ခေါ်ကြတဲ့ အချိန်မျိုး တခါတလေရှိတတ်ပါတယ်။ ကန့်သတ်ချက်တွေ အနည်းဆုံးအချိန်ကို ပြောတာပါ။ ရွှေခေတ်က ပျော့ပြောင်းပြီး ဆက်ဆံရအဆင်ပြေတဲ့ ထောင်အာဏာပိုင်တွေရောက်လာရင် ရွှေခေတ်ကို ကြုံရတတ်ပါတယ်။
ရွှေခေတ်မှာဆို ကျနော်တို့ကို တနေ့ ၂၃ နာရီ တိုက်ပိတ်မထားတော့ပါဘူး။ ကျနော်တို့တွေ နာရီနဲ့ချီ (တခါတလေ မနက်ကနေ ညနေလောက်အထိ) ကိုယ့်အကျဉ်းခန်းအပြင်မှာ လမ်းလျှောက်လိုက်၊ ဝင်းထဲက တခြား အကျဉ်းတိုက်ခန်းတွေကို သွားလည်လိုက် လုပ်လို့ရပါတယ်။ ဒါက ထောင်ထဲမှာတော့ မဟာလွတ်လပ်မှုကြီးပဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကလည်း ဒီအခွင့်အရေးမှာ မိမိရရ တခြားအကျဉ်းတိုက်ခန်းတွေ မိတ်ဆွေတွေဆီ သွားလည်၊ စကားပြောရတာကို သဘောကျကြပါတယ်။
ဒါပေမယ့် ကျနော်ကတော့ အဲ့ဒီ လွတ်လပ်မှုတွေကို ခံစားဖို့ ကိုယ့်ကိုယ်ကို အလိုမလိုက်ခဲ့ဘူး။ အကျဉ်းခန်းအပြင်ကို ထွက်ခွင့်ရနေတဲ့ အဲ့ဒီအချိန်တွေမှာပါ ကျနော်က ကိုယ့်ကိုယ်ကို ပြန်အကျဉ်းချထားခဲ့ပါတယ်။ အကြောင်းက ဟိုဟိုဒီဒီလျှောက်သွားရတဲ့ လွတ်လပ်မှုထက် အကျဉ်းခန်းထဲမှာ သီးခြားတဦးတည်းနေရတာကို ပိုကြိုက်လို့ပါ။
အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ အဲ့ဒီအတွက် အကြောင်းပြချက် ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ အဲ့ဒီအချိန်တွေမှာ စာဖတ်ဖို့ပါ။ စာအုပ်တွေနဲ့ သတင်းမဂ္ဂဇင်းတွေကို ဖတ်ခြင်းကသာ အသိပညာတိုးဖို့၊ ပြင်ပကမာ္ဘနဲ့ အဆက်မပြတ်ဖို့နဲ့ အင်္ဂလိပ်စာ ဆက်လေ့လာနိုင်ဖို့ ကူညီလိမ့်မယ်ဆိုတာကို သေချာသိနေခဲ့ပါတယ်။ ကျနော်တို့ ထောင်ကျနေချိန်က ဘယ်စာအုပ် ဒါမှမဟုတ် စာရွက်စာတမ်းကိုမဆို ရေးတာ၊ ဖတ်တာတွေကို တင်းကျပ်စွာ တားမြစ်ထားတာကြောင့် အခန်းအပြင်မှာ ကျနော် စာဖတ်လို့မရပါဘူး။ ဒါကြောင့် ကျနော်က အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်ထားရကို ကြိုက်ခဲ့တာပါ။ အဲ့ဒီလိုမှသာ ဘယ်သူမှမသိအောင် ကျနော် တနေကုန် စာဖတ်နိုင်မယ် မဟုတ်လား။
ပြောရရင်တော့ “နှစ်ထပ် ချုပ်နှောင်ခြင်း” အကန့်အသတ်တွေကြားမှာ ကိုယ့်ကိုယ်ကို ထပ်မံကန့်သတ်နေထိုင်ခြင်းပေါ့။ အဲ့ဒီလို နှစ်ထပ်ချုပ်နှောင်မှုနဲ့နေတဲ့အချိန်တွေမှာ ကျနော်က မနက်အိပ်ယာထချိန်ကနေ အိပ်ယာဝင်ချိန်အထိ အချိန်ဇယားတိတိကျကျနဲ့ ဖတ်နိုင်သမျှ အများဆုံးဖတ်၊ လေ့လာနိုင်သမျှ အားကုန်လေ့လာနေခဲ့ပါတယ်။ အကျဉ်းချခံခဲ့ရတဲ့ ၇ နှစ်နှစ်ကျော်ကာလအတွင်း ကျနော်အလုပ်ဖြစ်ဆုံးကတော့ စာကို တစိုက်မတ်မတ် ဖတ်ခြင်းပါပဲ။
ဒါကြောင့်ပဲ ကျနော်ဟာ ထောင်အာဏာပိုင်တွေက ဘယ်လိုပဲ ပိတ်လှောင်ထားထား နေပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အကျင့်ကို မိတ်ဆွေနိုင်ငံရေးအကျဉ်းသားတွေက စိုးရိမ်ခဲ့ပါတယ်။ ကျနော် ကျန်းမာရေးထိခိုက်ပြီး အားအင်ချိနဲ့ ဖြူဖျော့လာမှာကို စိုးရိမ်ပြီး အကျဉ်းခန်းကျဉ်းထဲကနေ ဆွဲထုတ်ကြပြီး အပြင်မှာ လေကောင်းလေသန့်ရှူခိုင်း၊ စကားစမြည်ပြောရင်း အညောင်းပြေ ခြေဆန့်လက်ဆန့်လုပ်ခိုင်းခဲ့ပါတယ်။
ကျနော့်ရဲ့ ကိုယ့်ကိုယ်ကို ပြန်အကျဉ်းချခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ တခုတည်းရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ကို စိတ်ဓါတ်တွေပြိုလဲအောင်၊ ခံနိုင်ရည်တွေ ကုန်ခမ်းသွားအောင်၊ အသိပညာကင်းမဲ့အောင် မှောင်မိုက်တဲ့ အကျဉ်းခန်းထဲမှာ ပိတ်ထားတဲ့ အာဏာရှင်တွေရဲ့ ဆန္ဒအတ်ိုင်း မဖြစ်အောင်ပါပဲ။
ကျနော် ခိုင်ခိုင်မာမာဆုံးဖြတ်ဖြစ်ခဲ့တာက ဒီကြမ်းတမ်းတဲ့အကျဉ်းထောင်တွင်းဘဝမှာ ဆက်လက်ရှင်သန်နိုင်ရမယ်၊ ဒါ့အပြင် စိတ်ပိုင်း ရုပ်ပိုင်းရော စိတ်ဓါတ်ကိုပါ ရိုက်ချိုးချင်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ဖို့ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်ဟာ အကျဉ်းထောင်က လွတ်ပြီးနောက်ပိုင်းမှာ လွတ်လပ်တဲ့လူသားတဦးဘဝကို ပြန်ရခဲ့ပါတယ်။
ကျနော်ဟာ ကနေဒါနိုင်ငံက ဂျာနယ်လစ် Malcolm Gladwell ရဲ့ ၂၀၀၈ ခုနှစ်ထုတ် Outliers စာအုပ်ထဲက နာရီပေါင်းတသောင်း သီအိုရီကို မသိလိုက်ဘာသာ ကျင့်သုံးခဲ့မိတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီသီအိုရီကတော့ တခုခုမှာ ကျွမ်းကျင်စွာတတ်မြောက်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးရှိရုံနဲ့မရဘဲ အနည်းဆုံး နာရီပေါင်း ၁၀၀၀၀ လေ့ကျင့်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ကျနော့်အတွက်တော့ ကျနော်လိုချင်တဲ့အတိုင်း အကျဉ်းထောင်ထဲကဘဝကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် အသိပညာပါ ဗဟုသုတပါ တိုးပြီး ထွက်လာနိုင်ခဲ့တာက အာဏာရှင်စနစ်ရဲ့ ရည်ရွယ်ချက်ကို အနိုင်ယူလိုက်နိုင်တာပါပဲ။
အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျနော်တို့တွေ အိမ်မှာပဲ နေနေကြရတယ် အသွားအလာ အကန့်သတ်ခံထားရတယ်ဆိုရင် ကျနော်တို့တွေ ဘာဖြစ်လာမလဲ။
အခုတော့ ကျနော်တို့တွေဟာ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားလာနေရသလိုပဲ။ ဒီလမ်းမှာ ကျနော်တို့တွေလဲမကျအောင် အမြင်အာရုံနဲ့မဟုတ်ဘဲ ကျနော်တို့ရဲ့ အာရုံမှန်းဆမှုတွေက အဓိကကျပါတယ်။ (တကယ်တော့ ဒါက ထောင်ထဲကဘဝကို ကျနော်မြင်တဲ့အမြင်လည်း ဖြစ်ပါတယ်။ ညအမှောင်ထဲမှာ လမ်းလျှောက်ရခြင်းပေါ့။ ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျလုပ်ခွင့်မရတဲ့အတွက် ဘယ်ကိုဦးတည်ပြီး ဘယ်လိုအဆုံးသတ်မယ်ဆိုတာကိုလည်းမသိရပါဘူး။ သွားနေရင်း ဆိုးရွားတာတွေရှိနိုင်သလို၊ သေခြင်းတရားနဲ့တောင်ကြုံချင်ကြုံရနိုင်ပါတယ်။) အခုလည်း ကျနော်တို့ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လောက်ထိသွားနေရဦးမလဲ မပြောနိုင်ပါဘူး။ တကယ်တော့ ဒါဟာလည်း ကျနော်တို့အတွက် အသစ်အဆန်းတော့မဟုတ်ပါဘူး။ မနက်ဖြန်ဟာ ဘာတွေဆောင်ယူလာပေးမယ်ဆိုတာ ကျနော်တို့ ဘယ်တုန်းကမှမှ သိမှ မသိခဲ့ကြတာ့။
ကျနော်တို့ အခုလုပ်နိုင်တာကတော့ ဘယ်လောက်ပဲမှောင်နေနေ ဆက်လျှောက်နေဖို့ပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အာရုံမှန်းဆမှုတွေနဲ့ ခိုင်မာတဲ့ သန္နိဌာန်တွေနဲ့ပေါ့။ အနှေးနဲ့အမြန်ဆိုသလို ညအေမှောင်ဟာ ကုန်လွန်ပြီး နေ့သစ်ကို ရောက်လာမှာပါ။ ဒီညအမှောင်ကို ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့့ရင် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်တဲ့အခါ နေ့သစ်ကို မြင်တွေ့ကြရမှာပါ။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Embracing Isolation: Reflections on the Value of Confinement Amid COVID-19 ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်လင့်
ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည်
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်
အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်