ဧရာဝတီသတင်းဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် နန်းလွင်၏ “COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ China Pushes BRI Projects As Myanmar Rolls Out Covid-19 Economic Relief Plan” သတင်းဆောင်းပါးကို ဖတ်ရှုခဲ့ရသည်။
ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ပန်းတိုင်-၂ အောက်၌ ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများကို သက်သာစေရန် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်ဆိုသည့် ဆောင်ရွက်ရန် စီမံချက်တစ် (Action Plan) မှ ချက်ခြင်းလုပ်ဆောင်ရမည့် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ခြင်းနှင့် PPP တိုးတက်လာစေရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရေးဆိုသည့် ဆောင်ရွက်ရန် လုပ်ငန်းများ (Actions)ပါဝင်သဖြင့် တရုတ်အစိုးရအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China-Myanmar Economic Corridor-CMEC) အောက်တွင် အဆိုပြုထားသည့် စိစစ်ဆဲ စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သည့် အဆင့်သို့ရောက်ရှိရန် တွန်းအားပေးတော့မည်ဆိုသည်ကို မှန်းဆနိုင်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (Investment and Development)
ရင်းနှီးမြှုပ်နှံမှုကို ရေရှည်မြှင့်တင်ခြင်းသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိးတိုးတက်မှုကို ဖြစ်စေနိုင်သည်ဟု ပညာရှင်များကသုံးသပ်ကြသည်။ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း အထူးဖွံ့ဖြိုးတိုးတက်ခဲ့သည့် (ဂျီဒီပီ ၆ ရာခိုင်နှုန်းတိုးတက်မှု အနည်းဆုံး ၁၀ စု နှစ်တခုရရှိခဲ့သည့်) နိုင်ငံပေါင်း ၅၆ နိုင်ငံကို လေ့လာကြည့်သည့်အခါ ယင်းနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်နေသည့် ထိုကာလများတွင် ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံခဲ့ကြသည်ကို တွေ့ရှိရသည်ဟု “Ten Rules of Successful Nations” စာအုပ်ကိုရေးသားခဲ့သူ Ruchir Sharma က ယင်းစာအုပ်၌ရေးသားခဲ့သည်။ အချို့သောအောင်မြင်သွားသည့် နိုင်ငံများသည် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှု ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းကျော် ရောက်ရှိသွားသည့်အခါ ထိုနှုန်းအတိုင်း နောက်ထပ် ၉ နှစ်ခန့် ဆက်လက်ရင်းနှီးမြှုပ်နှံသွားကြောင်း သူက ထိုစာအုပ်တွင် တင်ပြထားသည်။
သို့သော်လည်း ရင်းနှီး မှုပ်နှံမှုနှုန်းမြင့်မားတိုင်း ဖွံ့ဖြိုးတိုးတက်သည်တော့မဟုတ်ကြောင်း ရှင်းလင်းထားပြန်သည်။ ကောင်းမွန် သည့် ရင်းနှီးမြှုပ်နှံမှု (virtuous investments)နှင့် ဆိုးဝါးသည့် ရင်းနှီးမြှုပ်နှံမှု (bad investments)ဟု ၂ မျိုးရှိ ကြောင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ (manufacturing) တွင် ရင်းနှီးမြှုပ်နှံခြင်းက အကျိုးများကြောင်းကို ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ Dani Rodrik ကို ရည်ညွှန်းရေးသားခဲ့သည်။ အိမ်ခြံမြေ (real estate) က ဆိုးဝါးသည့် ရင်းနှီးမြှုပ်နှံမှုထဲပါဝင်ကြောင်း၊ အထူးသဖြင့် ချေးငွေဖြင့် အကောင်အထည်ဖေါ်သည့် အိမ်ခြံမြေစီမံကိန်းများသည် ဆိုးဝါးသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း၊ ပြိုလဲနိုင်ကြောင်း Ruchir Sharma က သူ၏စာအုပ်တွင် ရှင်းလင်းထားသည်။
ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် (ဂျီဒီပီ၏ ၂၅-၃၀%) လိုအပ်သည်။ သို့သော် ရင်းနှီ မြှုပ်နှံသည့် စီမံကိန်းများသည် အမှန်တကယ် နိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ရန် လိုအပ်သည်ဟု ကောက်ချက်ဆွဲနိုင်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်နှင့် ရင်းနှီးမြှုပ်နှံမှုများ
ကိုဗစ်-၁၉ကပ်ဘေး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများသည် ပြင်းထန်လွန်းသည်။ ဖွံ့ဖြိုးပြီးချမ်းသာသည့် အမေရိကန်နိုင်ငံ၌ အလုပ်လက်မဲ့ဦးရေ သန်း ၃၀ကျော် ရှိသွားပြီဟု သိရပြီး ထိုနှုန်းထားသည် အချိန်တိုအတွင်း ရောက်ရှိသွားခြင်းဖြစ်သဖြင့် ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ထက်ပင် ဆိုးဝါးနိုင်သည်ဟု မှန်းဆချက်များလည်း ရှိနေသည်။
ကုန်ထုတ်လုပ်ငန်း ဗဟိုချက်များ ပြတ်တောက်မှု (supply shock)နှင့် ဝယ်လိုအားကျဆင်းမှု (demand shock) ၂ မျိုးစလုံးကို တပြိုင်နက်တည်း ဖြစ်ပေါ်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အနှုတ် ၃ (global growth -3) ရှိမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားသည်။
ထိုအခါမှာ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သည့် တွေးဆချက်များ (assumptions) သည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ ဥပမာ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည့် ဂျပန်၊ ဥရောပ၊ အမေရိကန် ကုမ္ပဏီများသည် မိမိတို့ နိုင်ငံ သို့မဟုတ် ယင်းတို့ထုတ်ကုန်များ၏ ဈေးကွက်များနှင့် အနီးကပ်ဆုံးနေရာများတွင် ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံရန် (reshoring)နှင့် လုပ်အားကို အဓိကမထားတော့ဘဲ စက်ရုပ် robots များနှင့် စက်ကိရိယာများ automation အသုံးပြုရန် စဉ်းစားနေကြပြီဖြစ်သည်။
တချိန်တည်းမှာပင် ကုမ္ပဏီများစွာသည် မသေချာမရေရာမှုများနေသည့် အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်တော့ရန် ဆုံးဖြတ်ခြင်း၊ စားသုံးသူများ၏ အလုပ်အကိုင် ဝင်ငွေ မကောင်းတော့သည့်အတွက် ဝယ်လိုအားကျဆင်းသွားမှုများသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်အခြေအ နေကို လုံးဝပြောင်းလဲသွားနိုင်မည်ဖြစ်သည်။ နဂိုက တွေးဆချက်များအတိုင်း ဖြစ်ပေါ်လာရန် မလွယ်ကူတော့ ချေ။
ထိုအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့်လည်း အကောင်အထည်မဖေါ်ရသေးသည့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်သည့်အဆင့် (feasibility study stage) တွင်ရှိသည့် စီမံကိန်းများ၊ အကောင်အထည်ဖေါ်သည့်အဆင့် မရောက်သေးဘဲ ကိုဗစ်-၁၉ မဖြစ်ခင်က အတည်ပြုသဘောတူခဲ့သည့် စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်လာမည်ဖြစ်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်း လုပ်ငန်းစဉ် ထည့်သွင်းထားခြင်းသည် လုပ်သင့်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးထိုးကျသွားသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားပြီး အလုပ်လက်မဲ့ဦးရေမြင့်မားလာသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ (PPP များအပါအဝင်)ကို အမြန်ဆုံး အတည်ပြု အကောင် အထည်ဖေါ်နိုင်ရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ အထက်တွင် ဖေါ်ပြထားသလို ရင်းနှီးမြှုပ်နှံမှု ပမာဏ (ဂျီဒီပီ၏ ၂၅-၃၀%)နှင့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း တိုက်ရိုက်သက်ဆိုင်သည်ဟု ပညာရှင်များ၏ သုတေသနတွေ့ရှိချက်များကလည်း ညွှန်ပြလျက်ရှိသည်။
သို့သော် Ruchir Sharma ၏စာအုပ်တွင်ရေးသားထားသလို ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆိုးဝါးသည့် ရင်းနှီးမြှုပ်နှံမှုတို့ကို ခွဲခြားနိုင်မှုက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အဆုံးအဖြတ်ပြုမည်ဖြစ်သည်။
ထို့အတွက်ကြောင့် ယခင်က အတည်ပြုထားပြီး စီမံကိန်းဘဏ် (Project Bank) တွင် ထည့်သွင်းထားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စီမံကိန်းတွင် မပါဝင်သေးသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုလည်း သက်ဆိုင်ရာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အကောင်အထည်ဖေါ်ဆောင်မှုကော်မတီ တာဝန်ရှိသူများ ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲသွားသည့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးနှင့် ပြည်တွင်းစီးပွားရေးတို့နှင့်နှိုင်းယှဉ်သုံး သပ်၍ အလေးထားစဉ်းစားရန် လိုအပ်လာသည်။ ဥပမာ ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့ ဆုံးရှုံးနိုင်မှုများသည့် စီမံကိန်းကို အလျင်အမြန် အကောင်အထည်ဖေါ်ဆောင်ရန် ခွင့်ပြုသင့်သည်လားဆိုသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်သည် ရေတိုအစီအစဉ်ဖြစ်သော်လည်း ယင်းရေတိုကာလအတွင်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်လည်း သက်ရောက်မှုများ ရှိမည်ဖြစ်သည်။ ရေတိုတွင် အလုပ်အကိုင်များ ဖန်တီးနိုင်မှု တခုတည်းအပေါ်စဉ်းစား၍ ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်။ တာဝန်ရှိသူများအနေဖြင့်လည်း ချမှတ်လိမ့်မည်ဟု မယူဆပါ။
ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထက်ရှိသည့် စီမံကိန်းများသည် ဆုံးရှုံးနိုင်သည့်အန္တရာယ် (risks) များသည့် စီမံကိန်းများဖြစ်သည့်အတွက် ပြင်ဆင်မှု (preparation)သည် အထူးအရေးကြီးပါသည်။ အလျင်စလို ဆုံးဖြတ်၍ မရပါ။ စီမံကိန်းဘဏ်အတွင်းမှ ကိုဗစ်-၁၉ အလွန်ကာလ၌ အောင်မြင်နိုင်သည့် စီမံကိန်းများကိုသာ အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်သင့်ပါသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများ တကယ်အောင်မြင်ရန်
မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည့် နိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် လျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့်ကဏ္ဍများတွင် ဘီလီယံပေါင်းများစွာ ရင်းနှီး မြှုပ်နှံရန် လိုအပ်နေပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများမှာလည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိပါသည်။
အဓိကကျသည့်အချက်သည် မကြာခင်က ထုတ်ပြန်ခဲ့သည့် International Crisis Group အဖွဲ့၏ အစီရင်ခံစာက ထောက်ပြထားသလိုပင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China-Myanmar Economic Corridor-CMEC) တွင်ပါဝင်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ၂ နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းရန်လိုအပ်ပြီး၊ လက်နက်ကိုင်ပဋိပက္ခနှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ မဖြစ်ပွားစေရန် လိုအပ်သည်။
ထိုသို့ဖြစ်ပေါ်ရန် တရုတ်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မြန်မာ့စီးပွားရေးထိခိုက်နေချိန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှား ပါးနေချိန်ကို အခွင့်ကောင်းယူ၍ မြန်မာနိုင်ငံအစိုးရကို အဆိုပြုထားသည့် စီမံကိန်းအားကို လက်ခံအတည်ပြုရန် အတင်းအကျပ် တွန်းအားပေးခြင်းထက် ယင်းတို့အဆိုပြုထားသည့် စီမံကိန်းများတွင် မည်သည့်စီမံကိန်းများသည် ကိုဗစ်-၁၉ ကပ်ဘေးအတွင်းနှင့် ကပ်ဘေးအလွန် ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွား ရေးနှင့် ၂ နိုင်ငံစီးပွားရေး အခြေအနေများနှင့် အခြား ကမ္ဘာလုံးဆိုင်ရာ လူမှုရေးရာ၊ ပတ်ဝန်းကျင်ရေးရာ အခြေအနေများနှင့် ကိုက်ညီ မညီကို စနစ်တကျ ပြန်လည်သုံးသပ်ပြီး မဖြစ်နိုင်တော့သည့် စီမံကိန်းများကို ရုတ်သိမ်း ဖြစ်နိုင်သည်များကို ညှိနှိုင်းဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။
တွန်းအားပေးခြင်းသည် မြန်မာပြည်သူများ၏ တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် အဆိုးမြင်ခြင်းကို ပိုမိုကြီးထွားစေမည်ဖြစ်သဖြင့် တွန်းအားပေးခြင်းကို မပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပါသည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ