ယခုတလော ပြင်းထန်လာသည့် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့၏ မြေပြင်စစ်ပွဲများသာမက ဆိုရှယ်မီဒီယာများပေါ်တွင်လည်း ၂ ဘက် ထောက်ခံသူများ အပြန်အလှန် ဆဲဆိုမှုများ ပြင်းထန်နေဆဲဖြစ်သည်။ အမုန်းတရားများအား ထိန်းချုပ်ရန်ဟု အကြောင်းပြခဲ့သော ချင်းပြည်နယ် ပလက်၀မြို့အပါအဝင် ရခိုင်ပြည်မြောက်ပိုင်း ကိုးမြို့နယ်တို့အား အင်တာနက်ပိတ်ထားမှုသည် အလုပ်မဖြစ်ပါ။
ကမ္ဘာ့တဝှမ်း ပျံ့နှံ့ရောက်ရှိနေသော ရခိုင်လူမျိုးတို့၏ အင်တာနက်သုံးစွဲမှုကို မပိတ်နိုင်သေးသည့်အတွက် အစိုးရ၏ အင်တာနက်ထိန်းချုပ်ရေး စီမံကိန်းသည် ဒေသခံရခိုင်နေပြည်သူတို့အတွက် သတင်းအမှောင်ချထားမှုထက် မပိုပေ။ တဖက်တွင်လည်း တပ်မတော်ဘက်မှ အားပေးသော အကောင့်များ၊ အမုန်းစကားများကိုဖြန့်ချိတတ်သော အကောင့်တုများကိုလည်း ဖေ့စ်ဘုတ်စောင့်ကြည့်ရေးအဖွဲ့မှ ပယ်ဖျက်မှုများ၊ အလျင်အမြန် သတိပေးမှုများမရှိသည့်အခါ တဖက်နှင့်တဖက် အမုန်းတရားများကပြောကြနေကြဆဲသာဖြစ်သည်။
တဖက်တွင်လည်း ရက္ခိုင့်တပ်တော်(AA)၏ အောင်မြင်မှု ၅၀ ရာခိုင်နှုန်းသည် ဖေ့စ်ဘုတ်ကိုကောင်းစွာ အသုံးချတတ်၍သာဖြစ်သည်။ ရက္ခိုင့်တပ်တော်(AA) အနေဖြင့်လည်း ယခုအခါ ဖေ့စ်ဘုတ်သုံးစွဲရသည်ဖြစ်စေ၊ မသုံးစွဲရသည်ဖြစ်စေ သူတို့အနေဖြင့် ဆိုရှယ်မီဒီယာ ကစားကွက်တွင် အောင်မြင်သွားကြပြီဟုဆိုနိုင်သည်။
ယခုဆိုလျှင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာအကောင့်တွင်တွင် ရေးထားသောရေးသားချက်များ၊ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်မှ ၎င်း၏ VK တွင်တင်ထားသော စာသားများကို ဖေ့စ်ဘုတ်ပေါ်တွင် ပြန်လည်ယူဆောင်လာသည်ကို ဖတေ်နကြရဆဲ။ သို့ဆိုလျှင် ရခိုင်လူထု၏ ရက္ခိုင့်တပ်တော်(AA) အပေါ်တွင် သက်ဝင်ယုံကြည်မှုကို တွက်ဆ၍ ရပါသည်။
သူပုန်ထမှုတရပ်တွင် လက်ရှိနီးရာဓားကို ကြောက်သည့်အတွက် အားပေးသည်လည်း ရှိနိုင်သည်။ မျိုးချစ်စိတ်ကိုအခြေခံ၍ အားပေးသည်လည်း ရှိနိုင်သည်။ သူများအားပေးနေမှတော့ အားမပေးလျှင် သင်းကွဲဖြစ်မည် စိုးရိမ်၍ အားပေးသည်လည်း ရှိပါလိမ့်မည်။
သို့သော် AA သည် ယခုအချိန်တွင် မီဒီယာများတွင် ရေပန်းစားပြီး ရခိုင်ပြည်နယ် အတိုင်းအတာတွင် ရှေ့ကရှိခဲ့ဖူးသော တော်လှန်ရေးတပ်များထက် ဩဇာဖြန့်ကျက်နိုင်၍ AA ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လူမျိုးကို စည်းရုံးလှုံ့ဆော်သည့်အခါမှာဖြစ်စေ၊ ၎င်းတို့၏ မူကိုဖော်ပြသည့်အခါဖြစ်စေ လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းမတင်သင့်ပါ။
AA က ရန်သူဟု သတ်မှတ်ပြီး စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်တွင်ပင် ဘယ်တပ်၊ ဘယ်ဌာနတွင်မဆို နိုင်ငံအတွင်းမှာနေထင်ကြသော လူမျိုးစုအားလုံးရောလုံးယှက်ထွေးနေကြသည်။ ဗမာ၊ ကရင်၊ မွန်၊ ကချင်၊ ပအို့ဝ်၊ ရှမ်းစသည့် လူမျိုးစုပေါင်းပါဝင်နေသည်မှာ ပကတိတရားပင်ဖြစ်သည်။ ယင်းသို့ဆိုလျှင် ငါတို့လူမျိုးကို ဒီလူမျိုးတမျိုးတည်းကသာ ဖိနှိပ်ထားသည်၊ ပိုပြီးစာနာမှုကင်းသည်ဆိုသော် ယုတ္တိအားဖြင့် တွက်ဆကြည့်စရာများ ဖြစ်လာပါသည်။
တကယ်တမ်း ရခိုင်ပြည်သူတို့၏ ဆင်းရဲဒုက္ခမျိုးစုံကို ထိုင်ကြည့်နေပြီး တခွန်းတပါဒမှ မဖွင့်ဟသော ရခိုင်လူမျိုးဝန်ကြီးများရှိသည်ကိုလည်း တွေ့ရပါလိမ့်မည်။ ဥပမာ မင်းပြားနယ်တွင်တိုက်ပွဲဖြစေ်နသည်ကို မင်းပြားနယ်တွင်မဲဆန္ဒခံယူပြီး ယခုဆိုလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဒုဥက္ကဌဖြစ်နေသော ဦးအေးသာအောင်လို ပုဂ္ဂိုလ်မျိုးကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ သူတို့သည်လည်း မြန်မာနိုင်ငံကို ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စု အဖြစ် မြင်တွေ့လိုသူများ ဖြစ်ကြသည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဥပဒေ၏ စည်းနှောင်ထားမှု၊ အစိုးရ၏ပေါ်လစီနှင့် အခြေခံဥပဒေပြင်ဆင်ရေး စသည့်ကိစ္စရပ်များသည် လူမျိုးရေးပြဿနာမဟုတ်ဟု ရှုမြင်မိပါသည်။
AA မှပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ၊ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့၏ လူမှုကွန်ရက်များတွင် တင်လေ့ရှိတတ်သော ရခိုင်-ဗမာစစ်ပွဲ အဆုံးသတ်စေရမည်ဆိုသည့် အရေးအသားကို စိတ်မကောင်းစွာမြင်တွေ့နေရ၍ ယခု ဆောင်းပါးကို ရေးဖြစ်ပါသည်။ လူမျိုးတမျိုးကို လူမျိုးတမျိုးက စိတ်နာရမည်ဆိုသော ပုံဖော်မှုသည် အလွန် အန္တရာယ် များသည်ဟု ထင်ပါသည်။
ဒီနေ့ စစ်ပွဲဖြစ်နေသည့် ကာလတွင်လျင်ပင် ရခိုင်ရွာထဲသို့ ဗုံးမိုးများရွာချ၊ လက်နက်ကြီးများချ၊ ကျည်ဆံများကြဲချ၊ အရပ်သားများထိခိုက်၊ ပြည်သူတသိန်းကျော် စစ်ဘေးရှောင်ရသော အကျိုးဆက်က ခါးသည်းလွန်းနေပြီဖြစ်သည်။ အကယ်၍ လူမျိုးရေးအဓိကရုဏ်းသာ ဖြစ်လာပါက မည်မျှထိ ဆက်လက်ဒုက္ခများမည်ကို တွေးမျှော်ရသည်မှာ အင်မတန် ချောက်ချားဖွယ် ဖြစ်သည်။ ယခုပင် လူမျိုးရေး ကွဲပြားမှု သံသယနှင့် အမုန်းတရားများက ရခိုင်ပြည်ကို သွေးစွန်းနေစေခဲ့ပြီးပြီ။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ သူ၏အမြင်ကို ယခုလိုပြောပြပါသည်။
“အဓိကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ မိမိတို့ရဲ့ရပိုင်ခွင့်ကို တောင်းဆိုတဲ့အခါမှာ မိမိအင်အားစု တခုတည်းမဟုတ်ပဲနဲ့ ဘဝတူမြန်မာပြည်သူတွေ၊ တိုးတက်တဲ့ဗမာအင်အားစုတွေ အားပေးထောက်ခံမှုကိုတော့ ရအောင်ကြိုးစားရမယ်။ မကြိုးစားရင်တော့ ရေရှည်မှာလုပ်ငန်းတွေ အောင်မြင်နိုင်စရာအကြောင်းမရှိဘူး။ သဘောကတော့ ရှမ်း၊ ကချင်၊ မွန်၊ ကရင်တွေစသည်ဖြင့် အားလုံးအတွက် ဗမာပြည်သူတွေက ဘုံရန်သူမဟုတ်ဘူး။ ၁၉၈၈ မှာ ဒီလောက်ကိုယ်ကျိုးစွန့် အသေခံပြီး ရန်ကုန်မြို့လယ်ကောင်မှာ တိုက်ခဲ့ကြတဲ့ ကျောင်းသားရဲဘော်တွေ၊ သမိုင်းအဆက်ဆက် တိုက်ပွဲဝင်လာတဲ့ ၆၂ နှစ်ကတည်းက တိုက်ပွဲဝင်လာကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားရဲဘော်တွေ၊ တခြားအလုပ်သမားရဲဘော်တွေက ကိုယ်ရဲ့အမြဲထာဝရလေးစားနေရမယ့်ဘော်တွေပဲ။ အရင်တုန်းကဆိုရင် ABSDF လိုအဖွဲ့တွေလည်း တိုင်းရင်းသားနဲ့တွဲပြီးလုပ်ခဲ့တဲ့ အဖွဲ့ပဲ။ ဒီအချက်တွေက သူတို့ဟာ ကိုယ်တို့ရဲ့မိတ်ဆွေတွေသာဖြစ်တယ်။ ရန်သူတွေမဟုတ်ဘူး”
ဒီကြားထဲတွင် အစိုးရ၏ပေါ်လစီကြောင့် နိုင်ငံတကာအဖွဲ့များက ကူညီရာမှာ အကန့်အသတ်များဖြင့် ကူညီနေရသည်။ ပြည်မမှ ပရဟိတအဖွဲ့များမှာလည်း မောင်တောအရေးအခင်း၊ ရေဘေးတို့ကဲ့သို့သောကိစ္စရပ်များမှာကဲ့သို့ မလာကြတော့ပေ။ တိုက်ပွဲများကို စိုးရိမ်၍လည်းဖြစ်နိုင်သလို ၎င်းတို့စိတ်ထဲ ခွဲထွက်လိုသူများဆိုသည့်အမြငေ်ကြာင့် ကူညီလိုစိတ် ကင်းမဲ့နေသည်လားတော့ မပြောတတ်ပေ။ မည်သို့ပင်ဆိုစေ ပြည်သူများအတွက် ပြည်သူများအချင်းချင်းစာနာပေးလိုသော သဘောကိုလည်း မြင်ချင်ပါသေးသည်။
မည်သို့ဆိုစေ ရခိုင်တိုက်ပွဲသည် ဘယ်အချိန်ထိ ကြာမလဲ၊ ဒုက္ခသည်များ ဘယ်အထိ တိုးပွားလာနိုင်သေးသလဲဆိုသည့် စိုးရိမ်သံဖြင့်မေးသည့် မေးခွန်းများကလည်း ပြည်သူကြားထဲတွင် ရှိလာပြီ ဖြစ်သည်။ သို့ဆိုလျှင် တိုက်ပွဲကိုဖော်ဆောင်ချင်သူများက ဘယ်ရည်မှန်းချက်ကို ဘယ်နည်းဖြင့် ဘယ်အချိန်ထိ ဆွဲဆန့်နိုင်မည်ကို ရှင်းလင်းဖြေကြားရတော့မည်ဖြစ်သည်။
လူမျိုးရေးကို ဘာကြောင့် နှိုးဆွရသနည်းဆိုလျှင် လူမျိုးရေးက သွေးကြွလွယ်သည်။ ခေတ်အဆက်ဆက် တိုင်းပြည်အသီးသီးတွင်လည်း ဇာတိသွေး၊ ဇာတိမာန်သည် အလုပ်ဖြစ်ခဲ့ကြသည်။ ကိုးကွယ်တဲ့ဘာသာ၊ အသားအရောင်ကို အခြေခံပြီးစည်းရုံးခြင်းသည် ခေတ်စကားနဲ့ပြောလျှင် ပေါက်လွယ်သည်။
သဘာဝသယံဇာတများပိုင်ဆိုင်ပြီး ပထဝီအနေအထားကောင်းမွန်ပါလျက် ရခိုင်သည် အဆင်းရဲဆုံးပြည်နယ်က ရုန်းမထွက်နိုင်ခြင်းစသော အခြေအနေမျိုးက တဖက်တွင် အမျိုးသားရေး ကြွေးကြော်သံများနှင့်ဆုံမိသည့်အခါ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်သွားကြသည်။
အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းမှုဟု အစိုးရက မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးပြဿနာ၊ တန်းတူရေးပြဿနာကို စားပွဲဝိုင်းတွင်မဖြေရှင်းပေးနိုင်သမျှ ဒီသံသရာထဲမှာ ဝဲလည်နေမှာဖြစ်သည်။ သို့သော် တဖက်တွင်လည်း တန်းတူညီမျှရေး တိုက်ပွဲမှသည် မလိုလားအပ်သော လူမျိုးရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပေါ်မသွားဖို့ လိုအပ်ပါသည်။ တန်းတူညီမျှရေးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဦးတည်စေပြီး လူမျိုးရေးက အမုန်းစစ်ပွဲများကို သယ်ဆောင်လာပါသည်။
အကယ်၍ လူမျိုးရေး အသွင်ဆောင်သွားလျှင်တော့ ဘကြီးကိုလည်း မတွေ့လိုက်၊ ထီးတင်ပွဲကိုလည်း မမီလိုက်သည့် နှစ်ဖက်လုံး နစ်နာရမည့် အနေအထားမျိုးကိုကြုံရနိုင်သည်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ALD) မှပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က လူမျိုးရေးအစွန်းရောက်မှု အန္တရာယ်ကို အခုလို မှတ်ချက်ပေးသည်။
“အန္တရာယ်ကြီးကြီးမားမားဆိုတာ ဒီလိုအုပ်စုနှစ်စုဖြစ်လာတဲ့အခါ လူမျိုးတုန်းဆိုတဲ့စကားကို သုံးကို သုံးလာလိမ့်မယ်။ ဒီလူမျိုးတုန်းဆိုတဲ့စကားက အရင်လည်း ရှိပါတယ်။ ကျူပင်ခုတ် ကျူငုတ် မကျန်စေနဲ့ဆိုတဲ့ စကားပေါ့။ ဒီလို ဒေသတခုကိုသော်လည်းကောင်း၊ ရပ်ရွာတခုကိုသော်လည်းကောင်း၊ နိုင်ငံတခုကိုသော်လည်းကောင်း အဲဒီ နေရာမှာနေတဲ့ သတ္တဝါတွေကိုသော်လည်းကောင်း ကောင်းကျိုးပေးနိုင်သည့် အတွေးအခေါ် မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးမှာ လူသားပေါင်းများစွာ၊ လူမျိုးပေါင်းများစွာရှိတယ်။ ဒီလိုရှိနေကြတာမှာ လူမျိုးတမျိုးကို လူမျိုးတမျိုးက ဖယ်ထုတ်လိုက်ဖို့၊ လူမျိုးတမျိုးကို လူမျိုးတမျိုးက အနိုင်ကျင့်ဖို့ ၊ လူမျိုးတမျိုးကို လူမျိုးတမျိုးက ဒေသက တိုက်ထုတ်လိုက်ဖို့ဆိုတာတွေက ဒါတွေက လူသားမဆန်တဲ့ ကိစ္စရပ်တခုပဲ။”
ထိုလူမျိုးတုန်းဆိုသည့် ဝေါဟာရအသုံးအနှုန်းဖြင့် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စွပ်စွဲခံနေရပြီး ယင်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟူသော လက်တွေ့မျက်တွေ့ဖြစ်ရပ်ကြီးအပေါ် သင်ခဏ်းစာယူသင့်ပါပြီ။ လတ်တလောဖြစ်ပွားနေသော အမုန်းစစ်ပွဲကိုလည်း အမြန်ဆုံး ရပ်တံ့သင့်ပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြဖို့ တင်ပြချင်ပါသည်။
(ကျော်လင်းသည် ပြည်တွင်းအခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တဦးဖြစ်ပြီး Myanmar Now၊ DVB၊ DMG၊ Asia Times တို့တွင် ၎င်း၏ ဆောင်းပါးများ ဖော်ပြခဲ့ဖူးသည်။)
You may also like these stories:
ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည်ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်
ရခိုင်စစ်ပွဲ အကြမ်းဖက်မှုများ လုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများ ရှုတ်ချ
မြောက်ဦး လက္ကာရွာ မီးရှို့ခံရ၊ နေအိမ် ၂၀၀ နီးပါး ပြာကျ