အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အကြမ်းဖက်မှုများသည် ဆက်လက်ပျံ့နှံ့နေသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် (AA) က ခြေကုပ်စခန်းထူထောင်ထားပြီး ထိုဒေသမှ တိုက်ခိုက်မှုများသည် အရှိန်အဟုန် ဆက်လက်မြင့်မားနေသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်ရန်သာ ရှိမည်ကို စိုးရိမ်နေရသည်။
နေ့စဉ်ရက်ဆက် တိုက်ပွဲများမှ အနားယူလိုသော မြန်မာ့တပ်မတော်မှ မြေပြင်တပ်မှူးများအတွက် ရရှိသည့်သတင်းများမှာ သတင်းဆိုးများသာ ဖြစ်နေသည်။
နိုင်ငံ၏ အစိတ်အပိုင်းအများအပြားတွင် သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်က ကြေညာထားသော်လည်း ထိုကြေညာချက်တွင် ရခိုင်ပြည်နယ်သည် အကျုံးဝင်ခြင်း မရှိပေ။ တပ်မတော်က AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လွန်ခဲ့သော မတ်လက သတ်မှတ်လိုက်ခြင်းကြောင့် နှစ်ဖက်လုံးသည် ခါးသည်းသော တိုက်ပွဲများအတွင်း ပိတ်မိနေစေပုံရသည်။
အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခများသည် ထိုမျှပြင်းထန်ခြင်းမရှိသောဘဲ အချို့နေရာများတွင် အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထိန်းချုပ်သော နေရာများတွင် တိုက်ပွဲပင်ဖြစ်ပွားခြင်း မရှိသောကြောင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏တိုက်ခိုက်ရေးတပ်များကို စုစည်းထားရန်လိုသည်ဟု နေပြည်တော်မှ အဆင့်မြင့် အရာရှိများက ယူဆကြသည်။
ထိုအပစ်အခတ်ရပ်စဲရခြင်း၏ ဦးတည်ချက်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက်ရန်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က တရားဝင်အားဖြင့် ပြောသည်။ ဧပြီလမှ စတင်ပြီး တပ်မတော်သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ ရှမ်းပြည်နယ် ကျိုင်းတုံမှ ကုတင် ၃၀၀ တပ်မတော်ဆေးရုံတွင် တနေ့လူ ၂၀၀ စစ်ဆေးနိုင်သည့် စက်ဖြင့် ကိုဗစ်-၁၉ အတွက် ဓါတ်ခွဲခန်းစမ်းသပ်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ထိုကြေညာချက်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားအုပ်စုဟု လူသိများသော အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
ထိုအုပ်စုများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အကူအညီများ ကမ်းလှမ်းသည်။ သို့သော် တပ်မတော်အကြီးအကဲသည် AA နှင့် ပတ်သက်သော ပြဿနာများအတွက် အင်အားကြီး UWSA ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း လေ့လာသူများပြောသည်။
ဝတို့သည် မကြာသေးမီက အရပ်ဖက်သုံး ရဟတ်ယာဉ်များကို ဝယ်ယူခဲ့ပြီး အင်အားကြီးမားလှပြီး ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် အခြားအဆင့်လက်နက်များ တပ်ဆင်ထားသည့် အင်အား ၃၀၀၀၀ ရှိသော တပ်ဖွဲကိုလည်း ထိန်းချုပ်ထားသည်။ ဝတို့သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းငယ်များသို့လည်း လက်နက်ခဲယမ်းများကို အကြွေးရောင်းချပြီး ၎င်းတို့ ဖေါက်သည်များတွင် AA ပါဝင်သည်ဟု သုံးသပ်ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NDAA အကြားဆွေးနွေးပွဲသည် ချောမွေ့စွာ ပြီးစီးပြီး နှစ်ဖက်အကြား ဆက်ဆံရေးတည်ငြိမ်မှုကို အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံမှ NDAA နယ်မြေထဲသို့ ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်ပြန်လာပြီး ထိုဒေသတွင် ထိန်းချုပ်ကန့်သတ် နေထိုင်သောအခါ စိုးရိမ်စရာများ ဖြစ်လာသည်။
အလုပ်ရှာရန် တရုတ်နယ်စပ်သို့ သွာရောက်ကြသော ရခိုင်တိုင်းရင်းသား အများအပြားသည် နောက်ဆုံးတွင် AA သို့ ဝင်ရောက်သွားတတ်ကြကြောင်း တပ်မတော်ဘက်က စိုးရိမ်မှု ရှိသည်။ တပ်မတော်က ထိုရခိုင်တိုင်းရင်းသားများအတွက် သွားလာနေထိုင်မှု ထိန်းချုပ်ကန့်သတ်ခြင်းလုပ်ငန်းများတွင် ညှိနှိုင်းလိုပြီး ပါဝင်သူ တဦးချင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ရယူလိုကြောင်း သိရသည်။
NDAA ခေါင်းဆောင်များက ထိုသူများအတွက် အလုပ်အကိုင် ရှာဖွေပေးရန် ကတိပြုထားသည်။
တပ်တွင်းရာထူးအပြောင်းအလဲ
ရွှေတြိဂံဒေသသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီးနောက် တပ်တွင်းတွင် ထိပ်တန်းရာထူး အပြောင်းအလဲများဖြစ်လာပြီး များပြားလှသော မျိုးဆက်သစ် အရာရှိများကို ထိပ်တန်းရာထူးများသို့ တိုးမြှင့်ပေးကာ တပ်မတော်ကို သွေးသစ်လောင်းလိုက်သည်။
ထိုသို့ ရာထူးတိုးမြှင့်ခံရသူများတွင် ယခင်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကျော်စွာလင်း ပါဝင်သည်။ သူ့ကို ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးပေးကာ စစ်ထောက်ချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ နေရာတွင် အစားထိုးလိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောသည် တပ်မတော်မှ အငြိမ်းစားယူလိုက်ပြီဖြစ်သော်လည်း တပ်မတော်ပိုင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်။
အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ဖူးသော ဒုတိယဗိုလ်ချုပ်ကြီးများတွင် ရာထူးအငယ်ဆုံးဖြစ်သည်။
ပို အရေးကြီးသည်မှာ ကမ်းရိုးတန်းဒေသတိုင်းတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး ဝေလင်းကို နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စစ်ဦးစီးအရာရှိအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ သူသည် အလယ်အလတ် သဘောထားရှိသူအဖြစ် လူသိများသူ ဗိုလ်မှူးချုပ် ကိုကိုဦး၏ နေရာကို အစားထိုး ဝင်ရောက်ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် ကိုကိုဦးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးသည်။ သူသည် ယခင်အာဏာရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌနှင့် တပ်မတော် ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်အေး၏ ကိုယ်ရေးလုံခြုံရေး အရာရှိ ဖြစ်ခဲ့ဖူးသည်။
သူ၏ရာထူးသစ်တွင် ဗိုလ်မှူးကြီးဝေလင်းသည် ဗိုလ်မှူးချုပ်ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအကြားတွင် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ သူသည် ထိုနှစ်ယောက်အကြားတွင် လွန်းပျံ သွားလာနေရမည်ဖြစ်သည်။ သူသည် မြေပြင်ရှိ တပ်မှူးများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရမည့်သူဖြစ်သောကြောင့် သူ၏ ရာထူးသည် အရေးပါသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
သူ၏ ယခင်ရာထူးတွင် ထိုစဉ်က ဗိုလ်မှူးကြီးဝေလင်းသည် ငါးခိုးဖမ်းသော စက်လှေများ၊ မှောင်ခိုသမားများ၊ ပင်လယ်ဓါးပြများနှင့် မြန်မာရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသော ငါးဖမ်းလှေများအား ပြတ်ပြတ်သားသား ကိုင်တွယ်သည်ဟု လူသိများသည်။ သူသည် ယခင်က ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးခြင်း ရှိမရှိ ကို မသိရသေးပေ။ လွန်ခဲ့သော ၈ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် ပဋိပက္ခတွင် တာဝန်ထမ်းဆောင်ဖူးသော တပ်မတော်အရာရှိများကို တပ်မတော်အတွင်း မျက်နှာသာပေးလေ့ရှိပြီး ယုံကြည်အားထားမှု မြင့်မားသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များအတွင်းက ရခိုင်ပြည်နယ်သည် နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်းချမ်းပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာသူများနှင့် မွတ်ဆလင် သူပုန် အုပ်စုငယ်များအပေါ် အခါအားလျှော်စွာ ပြုလုပ်သည့် စစ်ဆင်ရေးများသာရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဗိုလ်မှူးကြီးဝေလင်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေကို ကိုင်တွယ်မည့် ရှေ့တန်းစစ်မျက်နှာမှ လက်ရွေးစဉ် ဗိုလ်မှူးကြီး အနည်းငယ်တွင် ပါဝင်သူဖြစ်သည်။
ဗိုလ်မှူးချုပ်ကိုကိုဦးသည် အရည်အချင်းပြည့်မီသော်လည်း ထိုတာဝန်ကို ထမ်းဆောင်နိုင်လောက်အောင် ပြတ်သားခြင်းမရှိဟု အတွင်းလူအချို့က ဆိုသည်။ တဖက်မှ မျှမျှတတဆိုရလျှင် သူသည် ရခိုင်ပြည်နယ်မှ စစ်မြေပြင် တပ်မှူးများနှင့် ညှိနှိုင်းရာတွင် အကောင်းဆုံးလုပ်ကိုင်ခဲ့ကြောင်း သူနှင့်သိသော စစ်အရာရှိများက ပြောကြသည်။
ဗိုလ်မှူးကြီးဝေလင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အကြားတွင် လုပ်ကိုင်ရမည် ဆိုသော်လည်း ရခိုင်အရေးနှင့် AA နှင့်ပတ်သက်ပြီး ပိုမိုပြတ်သားသည့် ရပ်တည်ချက်ထားရှိရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ဖြောင်းဖြရေးကိုသာ လတ်တလော အာရုံစိုက်နေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်သာ အချိန်ပိုမိုများစွာ ထိတွေ့ဆက်ဆံနေရမည် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက်စာလျင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟူသော အချက်သည် လျှို့ဝှက်ချက် မဟုတ်တော့ပေ။
မေလက အပစ်အခတ်ရပ်စဲသည့် သတင်းကြေညာသောအခါ ထိုကြေညာချက်တွင် ရခိုင်ပြည်နယ်လည်း အကျုံးဝင်မည်ဟု မျှော်လင့်သော စစ်မြေပြင်တပ်မှူးများ မျှော်လင့်ချက် ပျောက်သွား၏။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သူ၏တပ်မှူးများကို တိုက်ပွဲမှ အနားပေးရန် မရည်ရွယ်ပေ။ ထို့ကြောင့် ရခိုင်ပဋိပက္ခအတွက် ပိုမိုများပြားသည့် သွေးထွက်သံယိုမှုများနှင့် ပေါက်ကွဲသံများ ရှေ့ဆက်ဖြစ်ပေါ်နေမည့် သဘော သက်ရောက်နေပေတော့သည်။
(မေ ၁၁ ရက်က ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Aung Zaw ၏ All Signs Point to a Worsening of Myanmar’s Rakhine Conflict ကို ဘာသာပြန်ဆိုသည်။ )
You may also like these stories:
တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော
ကာကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သောင်းကျော် ဖြတ်တောက်ခံရ