ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ

TNI
စိုက်ခင်းများနှင့် မြို့များအား ပို၍ ချိတ်ဆက်ပေးခြင်းသည် ယာယီမဟုတ် ရည်ရှည်ဆောင်ရွက်ရမည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဧပြီလနောက်ဆုံးတပတ်တွင် အစိုးရမှ ထုတ်ပြန်လိုက်သော Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ကြောင့် နစ်နာမှုများကြုံတွေ့ရကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် lockdown ဆောင်ရွက်ရသောကြောင့် စီးပွားရေး ထိခိုက်မှုအကျိုးဆက် ခံစားနေရမှုများအတွက် ပံ့ပိုးမှုပြုနိုင်ရန် ကြိုဆိုရမည့်ဆောင်ရွက်ချက်အသစ်ဖြစ်ပါသည်။

စာမျက်နှာ ၁၅ ရွက်ပေါ်တွင် လုပ်ဆောင်မည့် အချက်ပေါင်း ၅၀ကျော်ဖော်ပြထားပါသည်။ သို့သော် အစီအစဉ်တခုလုံးကို ခြုံငုံကြည့်ပါက ဆန္ဒရှိသော ဈေးဝယ်စာရင်းကဲ့သို့ဖြစ်နေပါသည်။ လုပ်ဆောင်မှုနှစ်ခုအတွက်သာ တိကျစွာ အသုံးပြုမည့် ပမာဏဖော်ပြထားသည်။ အချို့သောကဏ္ဍ အောက်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထောက်ပံ့မှု ကျပ်ငွေ ၅၀၀ ဘီလီယံ (USဒေါ်လာ သန်း ၃၆၀) နှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ကျပ်ငွေ ၁၀၀ ဘီလီယံ (USဒေါ်လာ ၇၂ သန်း) အသုံးပြုမည်ဟု ဖော်ပြပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရမည့် အရေးကြီးသော လုပ်ဆောင်ချက်များ ပါဝင်နေခြင်း မရှိသေးသည်ကို တွေ့ရပါသည်။

CERP အတွက် နောက်ခံစဉ်းစားချက် မပါဝင်နေပါ

ယခုအစီအစဉ်အတွက် နောက်ခံစဉ်းစားချက်အား ရှင်းလင်းထားခြင်း မတွေ့ရပါ။ ထို့အတူ လုပ်ဆောင်မည့် အစီအစဉ်အမျိုးမျိုးကို မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်သွားမည်မှာ မရှင်းလင်းပါ။ ဦးစားပေးအဆင့် သတ်မှတ်ခြင်းလည်း မရှိနေပါ။ ထို့ကြောင့် အားလုံးသည် ဦးစားပေးသကဲ့သို့ဖြစ်နေကာ လက်တွေ့တွင် မည်သည့် လုပ်ဆောင်ချက်မှ ဦးစားပေး ဖြစ်မနေတော့ပါ။ ရှင်းလင်းစွာ ဦးစားပေးမှု သတ်မှတ်ထားခြင်း မရှိလျင် ၎င်းတို့အတွက် အရင်းအမြစ်များ ချပေးရာတွင်လည်း ရှုပ်ထွေးမှုများရှိလာနိုင်ပါသည်။

ထုတ်ပြန်သောအချိန်တွင် CERP ၏ စုစုပေါင်းကုန်ကျမည့်ငွေပမာဏမှာ ကျပ်ငွေ ၂.၀၉ မှ ၂.၈ ထရီလီယံ သို့မဟုတ် ဒေါ်လာ ၁.၅ မှ ၂ ဘီလီယံအထိ ကုန်ကျနိုင်သည်ဟု သိရပါသည်။ မည်ကဲ့သို့ ထိုပမာဏ ဖြစ်လာရန် တွက်ချက်ခဲ့သည်ကို မသိရသော်လည်း အခြားနိုင်ငံများ၏ စီးပွားရေးနလံပြန်ထူနိုင်မှု အစီအစဉ်များနှင့် ယှဉ်လျင် ပမာဏနည်းနေသည်ကို တွေ့ရပါသည်။ ၂၀၁၉ မြန်မာနိုင်ငံ GDP ပမာဏ ဒေါ်လာ ၇၇ ဘီလီယံ၏ ၃ ရာခိုင်နှုန်းခန့်သာရှိနေကာ တဘက်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေး ကုစားမှုရန်ပုံငွေသည် ၎င်းနိုင်ငံ GDP ၏ ၉ ရာခိုင်နှုန်းနီးပါးရှိကာ စင်ကာပူနိုင်ငံအနေဖြင့် GDP ၏ ၈ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု ထုတ်ပြန်ထားပါသည်။ ကမ္ဘာ့ဘဏ်နှင့် အခြားအလှူရှင်များမှ အရေးပေါ်ချေးငွေများကို CERP တွင် ထည့်သွင်းမဖော်ပြသေး၍လည်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ ထောက်ပံ့ငွေ ဒေါ်လာ ၁ ဘီလီယံ ထပ်ထည့်သွင်းတွက်ချက်မည်ဆိုလျင်ပင် CERP မှာ နိုင်ငံ GDP ၏ ၄ ရာခိုင်နှုန်း အောက်အနည်းငယ်သာ ရှိပါဦးမည်။

အထက်တွင် ဖော်ပြခဲ့သည့်နည်းတူ CERP တွင် ဦးစားပေးဆောင်ရွက်မည့် အချက်များမပါဝင်ပါ။ ကျွန်ုပ်တို့ အမြင်တွင် အောက်ပါအတိုင်း ဦးစားပေးများကို သတ်မှတ်နိုင်ပါသည်။

၁) Covid-19 အား ထိန်းချုပ်နိုင်ရန်အတွက် ချက်ခြင်းဆောင်ရွက်ရမည့် ပြည်သူ့ကျန်းမာရေး အစီအစဉ်များ

၂) အစာရေစာငတ်မွတ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အလုပ်အကိုင်မရှိခြင်းနှင့် ဝင်ငွေမရှိခြင်းတို့ကို ကုစားနိုင်မည့် ချက်ခြင်းဆောင်ရွက်ရမည့် အစီအစဉ်များ

၃) Covid-19 ကြောင့် ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းအပေါ် ထိခိုက်မှုများကို နည်းပါးသက်သာစေမည့် စီးပွားရေးအစီအစဉ်များ

၄) အရေးပေါ်ကုစားသည့် အစီအစဉ်များကို မြန်မာနိုင်ငံ၏ နှစ်လတ်၊ နှစ်ရှည်ဖွံဖြိုးရေးလမ်းကြောင်း တနည်းအားဖြင့် ဆိုရလျင် အသစ်ဖြစ်လာမည့် ပုံမှန်အခြေအနေ (new normal) နှင့် ချိတ်ဆက်ခြင်း။

အရေးကြီးဆုံးအချက်မှာ CERP အား မည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ပါစေ နိုင်ငံအတွင်းရှိ စိန်ခေါ်မှု အများအပြားရှိနေသော လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နောက်ခံအကြောင်း အရာများကို ချန်မထားသင့်ပါ။ မြန်မာနိုင်ငံသည် ယခုအချိန်ထိ ပဋိပက္ခများဖြင့် ကွဲပြားမှု အများဆုံး နိုင်ငံများထဲမှ တခုအပါအဝင်ဖြစ်နေပါသေးသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူများအားလုံး – ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည်များနှင့် ပဋိပက္ခဒဏ်ခံဒေသများတွင် နေထိုင်နေရသော လူ့အဖွဲ့အစည်းအားလုံးမှ ယခုထောက်ပံ့မှုအစီအစဉ်ကို တူညီစွာလက်လှမ်းမှီနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဦးစားပေးရမည့်သူများအနေဖြင့် ဆင်းရဲသားများနှင့် အလွန်ထိခိုက်လွယ်သော လူ့အဖွဲ့အစည်းများကို သတ်မှတ်ထားသင့်ပါသည်။

ဦးစားပေး (၁) – ချက်ခြင်း ဆောင်ရွက်ရမည့် ပြည်သူ့ကျန်းမာရေးအစီအစဉ်များ

ဦးစားပေး (၁) နှင့် ဆက်စပ်၍ CERP ကို ကြည့်လျင် မည်မျှလုံလောက်မှုရှိသည်ကို သုံးသပ်၍ မရပါ။ အဘယ်ကြောင့်ဆိုသော ဈေးဝယ်စာရင်းကဲ့သို့ လုပ်ဆောင်မည့် အချက်များကို ရေးချထားကာ ဦစားပေးအဆင့် သတ်မှတ်ထားခြင်း မရှိနေပါ။ ထို့အပြင် သုံးစွဲမည့် ငွေပမာဏလည်း မဖော်ပြပါ။ အစိုးရ၏ “မည်သူတဦးတယောက်ကိုမှ ချန်လှပ်မထားရေး (no one left behind)”ပေါ်လစီနှင့် ဆန့်ကျင်ကာ CERP တွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်မည်၊ ပံ့ပိုးသွားမည်ကို မဖော်ပြထားပါ။ ထိုအဖွဲ့အစည်းများသည် ပဋိပက္ခဒဏ်ခံဒေသများနှင့် အစိုးရထိန်းချုပ်မှုအောက် မရှိသောဒေသများတွင်နေထိုင်သော လူဉီးရေအမြောက်အမြားကို ဆယ်စုနှစ်ပေါင်းများစွာ စောင့်ရှောက်မှု ပေးနေသော ရှေ့တန်းကျန်းမာရေးလုပ်သားများဖြစ်ပါသည်။

ထို့အပြင် လုပ်ဆောင်မည့်စာရင်းတွင် Covid-19 ပျံ့နှံ့မှုကို ကာကွယ်နိုင်သည့် အလွန်အရေးကြီးသည့် ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်တခု မပါဝင်နေပါ။ ယင်းမှာ လွတ်လပ်စွာ လွယ်ကူစွာ သတင်းရယူနိုင်ခွင့် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ တိုင်းရင်းသား သတင်းဝက်ဆိုက်ဒ်များ ပိတ်ပင်ထားခြင်းများကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းတွင် လုံခြုံရေး အကြောင်းပြက ဆောင်ရွက်ထားမှုများကို ချက်ခြင်း ရုတ်သိမ်းသင့်ပါသည်။ သတင်းအချက်အလက်များ လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် သတင်းမီဒီယာသမားများကို ရာဇဝတ်မှု ဥပဒေများနှင့် အခြား ဖိနှိပ်သည့် ဥပဒေများဖြင့် တရားစွဲအရေးယူမှု မပြုရန် လိုအပ်ပါသည်။

ဦးစားပေး (၂) – ချက်ခြင်းဆောင်ရွက်ရမည့် ကုစားမှုအစီအစဉ်များ

ဦးစားပေး (၂) နှင့် ပတ်သက်လျင် ဖြေဆိုပေးရမည့် မေးခွန်းများစွာရှိပါသည်။ ချက်ခြင်းကုစားမှုအနေ ဖြင့်ဆောင်ရွက်နေသည့် ပြန်ဆပ်ရန် မလိုသော ငွေကြေးနှင့် ပစ္စည်းပံ့ပိုးမှုများ ပြုလုပ်ရန်အတွက် အထောက်အပံ့ပေးရမည့် လက်တွေ့ကျသော လူဦးရေ စာရင်းလိုအပ်ပါသည်။ လူပေါင်းအမြောက်အမြားသည် ယခုကပ်ရောဂါကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း သို့မဟုတ် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါသည်။ ထိုလူဦးရေ ပမာဏမှာ တနိုင်ငံလုံးရှိလုပ်သားဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။ ထို့ကြောင့် အလွန်ဆင်းရဲသောမိသားစုများနှင့် နေရပ်စွန့်ခွာဒုက္ခသည်များအပြင် အရေးပေါ် အကူအညီလိုအပ်နေသော လူဦးရေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အမြောက်အမြား ရှိနေပါသည်။

ကူညီရမည့်သူများတွင် တရုတ်၊ ထိုင်း နှင့်အခြား နိုင်ငံအသီးသီးမှ ပြန်ဝင်ရောက်လာသော ရွှေ့ပြောင်း လုပ်သားများကိုလည်း ထည့်သွင်းရမည်ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော ကာလများမှပင် မြန်မာပြည်ရှိ မိသားစုများထံ ဝင်ငွေများလွှဲပေးကာ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့ကြပါသည်။ အိုင်အိုအမ်မြန်မာ၏ ခန့်မှန်းချက်အရ မတ်လနောက်ဆုံးတပတ်မှ မေလ အထိတိုင်အောင် ရွှေ့ပြောင်းလုပ်သားပေါင်း ၇ သောင်းခန့် ပြန်ရောက်ခဲ့ပါသည်။ သို့သော် ထိုခန့်မှန်းသည့် ပမာဏထက်ကျော်လွန်ကာ ပြန်ဝင်လာသည့် လူဦးရေမှာ များပြားနိုင်ပါသည်။ အထူးသဖြင့် ထိုင်း နှင့် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်ဂိတ်ပေါက်မှမဟုတ်ပဲ အခြားနည်းလမ်းများဖြင့် ပြန်ဝင်လာနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် အခြားနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေရေသော အလုပ်သမားများကိုလည်း ကူညီပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နေထိုင်သော အိမ်ရှင်နိုင်ငံများမှ ကူညီမှုရရှိရန်မဖြစ်နိုင်ကာ စားဝတ်နေရေး အလွန်ဒုက္ခရောက်လာနိုင်သောကြောင့်ဖြစ်သည်။

အရေးပေါ်ငွေကြေးပံ့ပိုးမှုကိုကြည့်လျင် ငွေကြေးထောက်ပံ့သော ပထမအကြိမ်တွင် အိမ်ထောင်စု တခုကို ကျပ်ငွေ ၃သောင်းမှ ၄သောင်း ထောက်ပံ့ခဲ့သည်ကို တွေ့ရသည်။ ထိုပမာဏကိုကြည့်လျင် ဆင်းရဲမွဲတေမှုမျဉ်းကြောင်း (poverty line) ဟုသတ်မှတ်ထားသော လူတစ်ယောက်လျင် အနိမ့်ဆုံး တစ်နေ့ဝင်ငွေ ကျပ် ၁၅၉၀ နှင့်တွက်လျင်ပင် နည်းပါးနေသေးသည်ကို တွေ့ရပါသည်။ ငွေကြေးထောက်ပံ့မှု အတွက် အားလုံးအဆင်ပြေသွားစေနိုင်မည့် မှော်ကိန်းဂဏန်း မရှိသော်လည်း အစိုးရနေဖြင့် မည်သည့် စံနှုန်းများအပေါ် အခြေပြုကာ တွက်ချက်ထားသည်ကို ရှင်းလင်းသင့်ပါသည်။ အခြားအရေးကြီး မေးခွန်းများဖြေဆိုရန်ရှိပါသေးသည်။ ဉပမာ အိမ်ထောင်စုတခုတွင် ရှိသော လူအရေအတွက် အပေါ် အခြေခံကာ တွက်ပါသလား? ဘယ်သူက ငွေကြေးထောက်ပံ့မှု ခံစားခွင့်ရှိသည်၊ မရှိသည်ဟု သတ်မှတ်ချက်များရှိပါသလား? ထို့အပြင် အစိုးရအနေဖြင့် ယခုကဲ့သို့ ငွေကြေးထောက်ပံ့မှု ဘယ်နှကြိမ်ပြုလုပ်မည်ဟု အသိပေးခြင်းလည်းမရှိနေပါ။ ကုစားမှုအစီအစဉ်များသည် အလွန်ထိခိုက်လွယ်ကာ လိုအပ်မှုရှိသောသူများထံရောက်ရှိရန် အလွန်အရေးကြီးပါသည်။

ဦးစားပေး (၃) – စီးပွားရေးအစီအစဉ်များ

ဦးစားပေး (၃) နှင့် ဆက်စပ်၍ အဆိုပြုထားသော လျှပ်စစ်ဓာတ်အားခလျှော့ချခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းတို့ကို လူနေအိမ်များနှင့် အသေးစား၊ အလတ်စားလုပ်ငန်းခွင်များအတွက်သာ ဖြစ်သင့်ကာ ဈေးဝယ်စင်တာများ၊ အကြီးစားစက်ရုံများ၊ စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းကြီးများ၊ အထူးစီးပွားရေးဇုန်များတွင်ရှိသော စက်ရုံများ ခံစားခွင့် မရှိသင့်ပါ။ ကော်ပိုရိတ်အခွန်နှင့် ကုန်သွယ်ခွန်တို့ကို ရွှေ့ဆိုင်းပေးရန် အဆိုပြုထားသော်လည်း ၎င်းခံစားခွင်းတို့အား အသေးစား အလတ်စားလုပ်ငန်းများ အတွက်သာ ခွင့်ပြုသင့်ပါသည်။

နိုင်ငံလုပ်သားဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင်ရှိနေသောကြောင့် ဆင်းရဲသော တောင်သူများ နှင့် ကျေးလက်ဒေသစီးပွားရေးအတွက် အထူးဂရုပြုရမည်ဖြစ်သည်။ မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ သို့မဟုတ် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေများအရ မြေယာမှတ်ပုံတင်ခြင်း မြေသိမ်းခြင်းတို့အား အကန့်အသတ်မရှိ ရပ်တန့်ထားရမည်ဖြစ်သည်။ ပြည်သူများစုဝေးခြင်းကို ကန့်သတ်ထားမှုများ ရှိနေသောအချိန်တွင် မြန်မာနိုင်ငံ၏ ရေမြေ နှင့် ဂေဟစနစ်တမျိုးမျိုးကို အသုံးချ၍ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပြုရန်အတွက် ပြင်ဆင်နေမှုများ၊ ဆောင်ရွက်နေမှုများကို ရပ်တန့်ရမည်ဖြစ်သည်။ တောင်သူများမှ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသော စိုက်ပျိုးစရိတ်ချေးငွေများကို ဆိုင်းငံ့ပေးရမည်ဖြစ်ကာ စစ်ဘေးစစ်ဒဏ်ခံနေရသောဒေသများနှင့် စီးပွားရေးကြပ်တည်းမှုကြုံတွေ့နေသောဒေသများရှိ တောင်သူများ၏ နိုင်ငံတော်ထံမှ ရယူထားသော စိုက်စရိတ် ချေးငွေများကို ခြွင်းချက်မရှိ လျှော်ပေးရမည်ဖြစ်သည်။

နိုင်ငံတော်ဘတ်ဂျက်အချို့ကို Covid-19 ရံပုံငွေသို့ ရွှေ့မည့် အဆိုပြုချက်နှင့်ဆက်စပ်၍ ဝန်ကြီးဌာနအားလုံး၏ ခွဲတမ်းဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်း အားလုံးတန်းတူလျှော့ချမည့် အစီအစဉ်မှာ တရားမျှတမှု မရှိနေပါ။ ဌာနတခုချင်းစီ၏ လိုအပ်ချက်များမှာ မတူညီပဲ အချို့ဝန်ကြီးဌာနများသည် Covid-19 အန္တရာယ်မှ ကာကွယ်ရန် အလွန်အရေးပါသော တာဝန်များယူထားနေရသော်လည်း ရံပုံငွေလုံလောက်စွာ မရှိနေသည်ကို တွေ့ရပါသည်။ ဉပမာအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနကို ဆိုလိုပါသည်။ အကြံပြုလိုသည်မှာ ဘတ်ဂျက်လျှော့ချမှုအား ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ပေးရန်အတွက် မည်မျှလိုအပ်သည်အပေါ်မူတည်ကာ အမျိုးအစား ၃ မျိုး သတ်မှတ်နိုင်ပါသည်။

တပ်မတော်နှင့် ကာကွယ်ရေးအသုံးစရိတ်၏ ဘတ်ဂျက်ကို ၂၅ ရာခိုင်နှုန်းအထိလျှော့ချနိုင်ကာ အခြားဝန်ကြီးဌာများ၏ဘတ်ဂျက်အား ၁၀ ရာခိုင်နှုန်း နှင့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများနှင့် Covid-19 ကူးစက်ကာကွယ်ထိန်းချုပ်မှုတွင် ရှေ့တန်းမှ ပါဝင်နေသော အခြားဌာနများအတွက် လျှော့ချခြင်း မပြုလုပ်သင့်ပါ။ စစ်တပ်၏ဘတ်ဂျက်အား ၂၅ ရာခိုင်နှုန်းလျှော့ချခြင်းဖြင့် ဒေါ်လာ သန်း ၅၅၀ ခန့် ထွက်လာနိုင်သောကြောင့် အစိုးရအနေဖြင့် အခြားနိုင်ငံများမှ ချေးငွေယူရသော ဝန်သက်သာနိုင်ပါမည်။ ထိုမှတဆင့် တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး အကျိုးအမြတ်ချက်ခြင်း ခံစားနိုင်မည်ဖြစ်သည်။ ကာလကြာရှည်ခဲ့ပြီဖြစ်သော နိုင်ငံတွင်းပဋိပက္ခကြောင့် တပ်မတော်၏ ဘတ်ဂျက် အများစု ကုန်ကျခဲ့ပြီဖြစ်သည်။

CERP အောက်တွင် အများအကျိုးပြုမည့် စီမံကိန်းများကို အလျင်အမြန် ဆောင်ရွက်မည်ဟုဖော်ပြထားပါသည်။ အကြံပြုလိုသည်မှာ ယခုအချိန်တွင် စတင်ဆောင်ရွက်မည့် အစီအစဉ်များမှာ အငြင်းပွားဖွယ်ရာမရှိသော လမ်းတည်ဆောက်ခြင်းနှင့် အခြားအခြေခံအဆောက်အအုံ စီမံကိန်းများသာဆောင်ရွက်သင့်ကာ အလုပ်လက်မဲ့များနှင့် ပြန်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများ အတွက် အလုပ်ပေးနိုင်ရန် ရည်ရွယ်သင့်ပါသည်။ ထိုစီမံကိန်းများတွင် အကြီးစားရေအားလျှပ်စစ် စီမံကိန်းများ၊ JICA မှ အဆိုပြုထားသော “သန့်စင်ကျောက်မီးသွေး” ဓာတ်အားစက်ရုံ နှင့် အခြား အငြင်းပွားဖွယ်ရာဖြစ်သော ပိုးလမ်းမစီမံကိန်းနှင့် ဆက်စပ်နေသော စီမံကိန်းများ မပါဝင်သင့်ပါ။ ၎င်းတို့မှာ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုံ စသည်တို့ အပါအဝင်ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဒေသခံပြည်သူများကို ထိခိုက်နစ်နာစေသော သတ္တုတူးဖော်မှုများ၊ တူးဖော်ရန် ခွင့်ပြုချထားပေးမှုများ၊ စမ်းသပ် တူးဖော်ခြင်းများ၊ ရေကာတာ တည်ဆောက်မည့် စီမံကိန်းများ၊ ရေအား လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းများ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းများအားလုံးကို ရပ်ဆိုင်းထားရမည် ဖြစ်သည်။ ပြည်သူလူထုမှ စုဝေးတိုင်ပင်ကာ ဆန်းစစ်နိုင်ခြင်း စောင့်ကြပ်ကြည့်ရှုနိုင်ခြင်း မရှိသည့်အတွက် ယခုအချိန်တွင် ရပ်တန့်ထားရန် အလွန်လိုအပ်ပါသည်။ ယခုကဲ့သို့ ကျန်းမာရေးဆိုင်ရာအကျပ်အတည်း ကာလတွင် အစိုးရအနေဖြင့် အရေးပေါ်ဘဏ္ဍာရေး လိုအပ်ချက်အပေါ် အကြောင်းပြကာ ငွေချေးသည့်အဖွဲ့အစည်းများမှ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေသော စီမံကိန်းများကို အကောင်အထည်ဖော်ခွင့်ပြုရန် ကြိုးပမ်းမှုများကို ခွင့်ပြုရန် မသင့်ပါ။

ဦးစားပေး (၃) တွင် မဖော်ပြထားသော လုပ်ဆောင်ချက်တခုအား မီးမောင်းထိုးပြလိုပါသည်။ ပြင်ပ ချေးငွေထုတ်ပေးသောသူများထံမှ သက်သာမှုရယူနိုင်ရန်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ချေးငွေ ထုတ်ပေးသူများအား ချေးငွေများလျှော်ပေးစေခြင်း သို့မဟုတ် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို လျှော့ချပေးခြင်း စသည်တို့ကို တောင်းဆိုရမည်ဖြစ်ကာ ထိုမှ ထွက်လာမည့် ငွေပမာဏအား CERP အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် ဦးစားပေး (၃) အောက်တွင် အထူးရံပုံငွေတခုတည်ထောင်ကာ မြို့များအနီးတွင်ရှိသော စိုက်ပျိုးရေးလုပ်ငန်း အသေးစားများကို ထောက်ပံ့ကာ အကျပ်အတည်းကာလတွင် ရပ်တန့်သွားခဲ့သော နိုင်ငံတကာ စားသောက်ကုန်သွယ်မှု၏ ဟာကွက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် ထိုတောင်သူငယ်များထံမှ ထုတ်ကုန်များ အနီးအနားရှိမြို့များထံသို့ ရောက်ရှိနိုင်ရန် ထောက်ပံ့ပေးရမည် ဖြစ်သည်။

အဆိုပြုထားသောပေါ်လစီများ ထိရောက်နိုင်စေရန်အတွက် မြို့များအတွင်းနှင့် အနီးအနားရှိ ရပ်ရွာ အခြေပြုစိုက်ခင်းများအား ထောက်ပံ့ပေးသင့်သည်။ ထို့အပြင် ဒေသဈေးများ၊ အစားအသောက်ထုတ်လုပ်မှုများ၊ စားသောက်ဆိုင်များ၊ ဈေးသည်များ၊ ရပ်ကွက်ဆိုင်များ စသည်တို့ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့သင့်သည်။ ၎င်းတို့မှာ စိုက်ပျိုးရေးပြင်ပကဏ္ဍတွင် လုပ်ကိုင်နေသောသူများအတွက် အထူးသဖြင့် အမျိုးသမီးများအတွက် အရေးပါလှပါသည်။ ဒေသတွင်း အစားသောက်စနစ်လည်ပတ်ရန်အတွက်လည်း အရေးပါသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ မြို့ပြ-ကျေးလက် ဆက်နွယ်မှုများ တည်ဆောက်ကာ အလုပ်အကိုင်များ၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် အစိုးရ၏ အရေးပေါ်ထောက်ပံ့ရေး အစီအစဉ်အပေါ်တွင် မှီခိုရမည့် အလုပ်သမားနှင့် တောင်သူ အရေအတွက်အား လျှော့ချနိုင်ပါသည်။

ဦးစားပေး (၄) – အရေးပေါ်ကူညီထောက်ပံ့မှုနှင့် ချိတ်ဆက်ခြင်း

စိုက်ခင်းများနှင့် မြို့များအား ပို၍ချိတ်ဆက်ပေးခြင်းသည် ဦးစားပေး (၄) နှင့် ဆက်စပ်ပါသည်။ ထိုမှတဆင့် ယခု အရေးပေါ်ဆောင်ရွက်ချက်များအနေဖြင့် “အသစ်ဖြစ်လာမည့် ပုံမှန်အခြေအနေ”တွင် ဖွံ့ဖြိုးရေးဗျူဟာ၏ အဓိကအစိတ်အပိုင်းများ ဖြစ်လာနိုင်ပါသည်။

တောင်သူများအား ကမ္ဘာ့စားနပ်ရိက္ခာစနစ်များနှင့် ချိတ်ဆက်ခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ကြီး (FAO)နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အဆိုပြုသော စိုက်ပျိုးရေးမဟာဗျူဟာဖြစ်ပါသည်။ ကပ်ဘေး ကြောင့် လက်ရှိစနစ်သည်မည်မျှ ထိလွယ်ရှလွယ်ဖြစ်သည်ကို ဖော်ပြခဲ့ပြီးဖြစ်ကာ တစ်နေရာတွင် ပြတ်တောက်မှုများရှိပါက စားနပ်ရိက္ခာလက်လှမ်းမှီမှုအား ထိခိုက်နိုင်ကာ ငတ်မွတ်မှုဖြစ်လာနိုင်သည်။ မြို့ပြနေရာများနှင့် ဆက်စပ်ကျေးလက်ဒေသနှစ်ခုကြား ထုတ်လုပ်မှုနှင့် စားသုံးမှုအား ပိုမိုနီးကပ်စွာ ချိတ်ဆက်မှု ဆောင်ရွက်ခြင်းသည် ယာယီအတွက်သာမဟုတ်ပဲ ရေရှည်ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုနည်းတူ Covid-19 အနေဖြင့် အထူးစီးပွားရေးဇုံများသည် ကမ္ဘာ့စက်မှုထုတ်လုပ်ရေးကွင်းဆက် ထိခိုက်ပါက လည်ပတ်မှုရပ်တန့်သွားနိုင်သည်ကို ပြသခဲ့ပြီဖြစ်သည်။ အကျိုးဆက်မှာ အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်များဆုံးရှုံးခြင်းနှင့် ကုမ္ပဏီများဒေဝါလီခံခြင်းတို့ဖြစ်လာပါသည်။ Lockdown ဆောင်ရွက်ခြင်းကြောင့် တရုတ်နိုင်ငံရှိ စက်ရုံများအနေဖြင့် ထုတ်လုပ်မှုရပ်တန့်သွားသောအခါ ကမ္ဘာတဝန်းရှိ ကော်ပိုရိတ်ကွင်းဆက်တခုလုံး၏ ကုန်ထုတ်လုပ်မှုလည်း ရပ်တန့်သွားခဲ့ရကာ ထောင်ပေါင်းများစွာသော အလုပ်သမားများ အလုပ်ထုတ်ခံခဲ့ရပါသည်။

ထိုကဲ့သို့သော အကျိုးဆက်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ဦးတည်ခြင်းထက် ပြည်တွင်းအတွက် ဦးတည်သောလုပ်ငန်းများ တည်ထောင်သင့်ပါသည်။ ဥပမာအားဖြင့် အော်ဂဲနစ်စိုက်ပျိုးရေး သို့မဟုတ် သဘာဝဂေဟစနစ်နှင့်လျော်ညီသော စိုက်ပျိုးရေးလုပ်ဆောင်နေသော စိုက်ပျိုးခင်းများအတွက် အသေးစား အလတ်စားလုပ်ငန်းများ၊ အစုဖွဲ့များအနေဖြင့် လိုအပ်သောသွင်းအားစုများ ပံ့ပိုးပေးနိုင်သည်။ ထို့အတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ခြင်း (ဘိုင်အိုဂတ်စ်နှင့် နေစွမ်းအင် အသုံးပြုကာ)အား အသေးစားလုပ်ငန်းများမှ ဆောင်ရွက်နိုင်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်နိုင်သောပစ္စည်းများ ထုတ်လုပ်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ကာ အလွန် ကုန်ကျစရိတ်များသော ဗဟိုချုပ်ကိုင်မှုအောက်ရှိ လျှပ်စစ်ထုတ်လုပ်သည့်စနစ်များအပေါ် မှီခိုရခြင်းမှ လျှော့ချနိုင်သည်။

အကျပ်အတည်းကို အလကားမဖြစ်စေနဲ့

ကမ္ဘာ့တန်ဖိုးကွင်းဆက် သို့မဟုတ် ကုန်ထုတ်လုပ်မှုကွင်းဆက်ပုံစံတို့မှာ အလုပ်မဖြစ်တော့ကြောင်း Covid-19 မှ ရှင်းလင်းစွာပြသခဲ့ပါသည်။ အာဆီယံအတွင်းရှိ အခြားနိုင်ငံများကဲ့သို့ ထိုစီးပွားရေးပုံစံများသို့ အလုံးစုံဝင်ရောက်ခြင်း မရှိသေးသော မြန်မာနိုင်ငံအနေဖြင့် ထိုလမ်းကြောင်းများကို ယခုကတည်းမှ ကျောခိုင်းကာ ပြည်တွင်းဉီးတည်သော စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်းများဆောင်ရွက်ရန် နည်းဗျူဟာများကို တီထွင်နိုင်ပါသည်။ ပညာရှင်တစ်ဉီး၏ စကားအား အသုံးပြုရလျင် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် အကျပ်အတည်းကို အလကား မဖြစ်စေသင့်ပါ။

(ယခုဆောင်းပါးကို Transnational Institute (TNI) ၏ Myanmar in Focus ကဏ္ဍမှ ပြန်လည်ကူးယူ ဖော်ပြပါသည်။ ဆောင်းပါးကို နယူးယောက်ပြည်နယ်တက္ကသိုလ်တွင် လူမှုဗေဒဌာနတွင် ပါမောက္ခအဖြစ် တာဝန်ယူထားပြီး ဘန်ကောက်အခြေစိုက် Focus on the Global တွင် ဦးဆောင်လေ့လာသုံးသပ်သူ ပညာရှင်လည်းဖြစ်သည့် ဒေါက်တာ ဝယ်ဒန်ဘယ်လို နှင့် TNI ဝန်ထမ်းများ ဖြစ်သော Doi Ra Lakhyen, Jenny Franco, Pietje Vervest, Tom Kramer တို့ ပူးတွဲရေးသားသည်။)

You may also like these stories:

ကိုဗစ်-၁၉ အလွန် မြန်မာကို ဘယ်လိုမြင်ချင်လဲ

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading