အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့

အောင်မျိုးမင်း
၂၀၁၆ ခုနှစ် ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံခဲ့ရသော အိမ်ကူအလုပ်သမား အမျိုးသမီးငယ် / ဧရာဝတီ

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကပြဌာန်းထားတဲ့ သဘောတူညီချက်အမှတ် ၁၃၈ ကို လက်မှတ်ထိုးခဲ့ပါတယ်။ သဘောတူညီချက်အမှတ် ၁၃၈ ဆိုတာကတော့ ILO ရဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက် သတ်မှတ်မှုနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်တခု ဖြစ်ပါတယ်။

ဒီလိုလက်မှတ်ထိုးခဲ့တဲ့အတွက်ကြောင့် ဒီသဘောတူညီချက်အမှတ် ၁၃၈ ကို လက်မှတ်ထိုးခဲ့တဲ့ ၁၇၃ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံဖြစ်လာပါတယ်။ အခုလို လက်မှတ်ထိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံအတွင်းမှာ ကလေးအလုပ်သမားပပျောက်ရေးနဲ့ ပတ်သက်တဲ့ ခြေလှမ်းနောက်ထပ်တလှမ်းကို ထပ်လှမ်းခဲ့တာဖြစ်တယ်လို့ ILO အဖွဲ့က ချီးကျုးထားပါတယ်။

မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံး အလုပ်သမား လုပ်အားစေခိုင်းမှုနဲ့ ပတ်သက်တဲ့ ILO ရဲ့ သဘောတူညီချက်အမှတ် ၁၈၂ ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့ပါသေးတယ်။ အခုလိုမျိုး ကလေးအလုပ်သမားနဲ့ပတ်သက်သော သဘောတူညီချက်နှစ်ခုကို လက်မှတ်ထိုးခဲ့တာဟာ မြန်မာနိုင်ငံတွင်းမှာ ကလေးအလုပ်သမားတွေ ပပျောက်နိုင်မယ့် လမ်းကြောင်းကို သွားနေတယ်လို့ သတ်မှတ်လို့ရပါတယ်။

ပြည်တွင်းတိုးတက်မှုကို ပြောမယ်ဆိုရင်လည်း ၂၀၁၉ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီး ဒီဥပဒေထဲမှာ ကလေးအလုပ်သမားစေခိုင်းမှုကို ကလေးအခွင့်အရေးရှုထောင့်အရ တားဆီးထားပြီး ပြစ်မှုပြစ်ဒဏ်အနေနဲ့ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ဥပဒေရဲ့ အခန်း ၁၄ အပိုဒ် ၄၈ မှာ မည်သည့်ကလေးသူငယ်ကိုမှ အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်စေခိုင်းခြင်း (သို့) အလုပ်လုပ်ခြင်းမပြုရ ဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။ ဒီအချက်ကတော့ ILO ရဲ့ သဘောတူညီချက်အမှတ် ၁၈ မှာပါတဲ့အတိုင်း အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်စေခိုင်းခြင်းကို တားဆီးထားတာဖြစ်ပါတယ်။ အဲဒီအပိုဒ်မှာပဲ “အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးအသက်သည် ၁၄ နှစ်အောက် မငယ်စေရ” ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒီအချက်ကတော့ မကြာခင်ကလက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက် အမှတ် ၁၃၂ နဲ့ သက်ဆိုင်တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကလေးအလုပ်သမားဆိုင်ရာ သတ်မှတ်ချက်တွေဟာ ပြည်တွင်းမှာရှိတဲ့ ကလေးသူငယ်အခွင့်အရေးဥပဒေနဲ့ ကိုက်ညီမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီဥပဒေရဲ့ ပြစ်မှုပြစ်ဒဏ်အပိုင်းရဲ့ အပိုဒ် ၁၀၃ မှာဆိုရင် ရုပ်ပိုင်း၊စိတ်ပိုင်း (သို့) ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသော ခိုင်းစေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသော အလုပ်ကို ဖြစ်စေ ခိုင်းစေခြင်း (သို့) လုပ်ကိုင်ရန် ခွင့်ပြုခြင်း၊ အဓမ္မ လုပ်အားစေခိုင်းခြင်း (သို့) အဓမ္မဝန်ဆောင်မှုပေးစေခြင်းဆိုတဲ့ အချက်တွေကို ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၈ လကနေ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် အနည်းဆုံးကျပ် ၈ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းထိ ဒဏ်ငွေလည်း ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံအမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီကနေ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် စီမံချက်ကိုလည်း ချမှတ်ခဲ့ပါသေးတယ်။

ကလေးအလုပ်သမားတွေ အများအပြားရှိတယ်လို့ ပြောဆိုခံနေရတဲ့ မြန်မာနိုင်ငံအတွင်းမှာ ကလေး အလုပ်သမားတွေ ပပျောက်ဖို့အတွက် တိုးတက်လုပ်ဆောင်မှုတွေ အခုလိုပေါ်ပေါက်လာခဲ့တဲ့အပေါ် ကြိုဆိုဖို့ကောင်းပေမယ့် ကလေးအလုပ်သမားတွေ အမှန်တကယ် ပပျောက်နိုင်ဖို့ အတွက်ဆိုရင် လုပ်ဆောင်စရာတွေ အများကြီး ဆက်လုပ်ရဦးမှာပါ။ ကလေးအလုပ်သမားတွေ အမှန်တကယ် ပပျောက်နိုင်ဖို့ အတွက်ဆိုရင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွေပြဌာန်းပြီး ကာကွယ်ပေးရုံမကဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမျိုးကိစ္စတွေကို စစ်ဆေးဖော်ထုတ်နိုင်မယ့် ယန္တရားတွေ ရှိဖို့လိုအပ်ပါတယ်။

ကလေးအလုပ်သမားပပျောက်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်လာမှုတွေရှိလာပေမယ့် အလုပ်သမားတွေထဲမှာ အများစုက မြင်လေ့မရှိတဲ့ အိမ်ကူလုပ်သားတွေကို ကာကွယ်ပေးနိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။

အိမ်ကူအလုပ်သမားတွေဟာ မြန်မာနိုင်ငံက အလုပ်သမားအမျိုးအစားတွေထဲမှာ မြင်သာ ထင်သာမရှိသော အလုပ်သမား တမျိုးလို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်အတွင်းမှာ နေ ၊အိမ်မှုကိစ္စတွေကို လုပ်ရတဲ့ လုပ်ငန်းအမျိုးအစားမျိုးဖြစ်တဲ့အတွက် ထင်သာမြင်သာ မရှိလှပါဘူး။ ဒီလိုထူးခြားတဲ့ လုပ်ငန်းသဘောမျိုးဖြစ်ကြောင့် အိမ်တံခါးရဲ့နောက်ကွယ်မှာ စာနာစိတ်မရှိတဲ့အိမ်ရှင်မျိုးတွေရဲ့ နှိပ်စက်မှုတွေနဲ့ အမြတ်ထုတ်မှုတွေကို ငရဲခန်းလို ခံစားရတဲ့အဖြစ်အပျက်ဆိုးတွေအကြောင်းကို တော်ရုံ မသိကြပါဘူး။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့ ပတ်သက်ပြီးဆွေးနွေးတဲ့အခါတိုင်းမှာ တခြားကဏ္ဍက အလုပ်သမားနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြလေ့ရှိကြပေမယ့် အိမ်အကူ လုပ်သားတွေနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေ၊ သူတို့နဲ့ပတ်သက်ပြီး အလေးထားထည့်သွင်းစဉ်းစားတဲ့ အချက်တွေ မပါတာလည်း တွေ့ရပါတယ်။

အိမ်ကူလုပ်သားတွေအကြောင်းကို အလေးထားမှုအားနည်းနေရတဲ့အတွက်ကြောင့် အိမ်ကူလုပ်သားတွေအတွက် ကာကွယ်မှုနဲ့ တိုင်ကြားမှုယန္တရားတွေ တိတိကျကျ မရှိသေးပါဘူး။ အလုပ်ချိန်နဲ့ လုပ်ခ သတ်သတ်မှတ်မှတ်မရှိတာ၊ လုပ်ဆောင်ရမဲ့ အလုပ်မျိုးကို တိတိကျကျမရှိတာ၊ နားချိန်နဲ့ ခွင့်ရက်မရှိတာ၊ နေထိုင်ကျန်းမာရေးအတွက် ကာကွယ်စောင့်ရှောက်မှု မသေချာတာတွေကို ရင်ဆိုင်ရတတ်ပါတယ်။

ကျနော်တို့နိုင်ငံရဲ့ အိမ်အကူအများစုဟာ အသက်အရွယ်ငယ်ရွယ်သေးတဲ့ ကလေးသူငယ်တွေဖြစ်တာကြောင့် ကလေးအလုပ်သမားတွေထဲမှာမှ အိမ်ကူလုပ်သားကလေးတွေက ပိုပြီး အခက်အခဲကြုံရတတ်ပါတယ်။ တိကျခိုင်မာတဲ့ ကာကွယ်မှုနဲ့ လုပ်ထုံးလုပ်နည်းတွေမရှိတဲ့အတွက်ကြောင့် အိမ်ရှင်ရဲ့ စိတ်ထားပေါ်မှာ မူတည်ပြီး အိမ်ရှင်ကောင်းရင်ကောင်းသလို အိမ်ရှင်ဆိုးရင် ဆိုးသလို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ တချို့ဆိုရင် “ထမင်းစား ကျွန်ခံ”ဆိုတဲ့ စကားလို အမြတ်ထုတ်ခံရတာမျိုးအပြင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းစော်ကားမှုတွေကို ခံစားရတတ်ပါတယ်။ အလုံပိတ်ထားတဲ့ အိမ်အဝန်းအဝိုင်းအတွင်းမှာ ဖြစ်ပျက်တဲ့အဖြစ်မျိုးဖြစ်တာကြောင့် တခြားသူတွေကလည်း မမြင်ကြသလို ကျူးလွန်ခံရတဲ့ အိမ်ကူလုပ်သားတွေမှာလည်း ဘယ်ကိုတိုင်ကြားရမှန်းမသိ ဖြစ်တတ်ကြပါတယ်။

အိမ်ကူလုပ်သားတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ရအခက်အခဲတွေကတော့ ဒုနဲ့ ဒေး ပါ။ ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်အမှုကိစ္စမှာဆိုရင် အိမ်အကူလုပ်သားတွေကို ရက်ရက်စက်စက် ဆက်ဆံပြီး နှိပ်စက်ခဲ့တာနဲ့ လူမဆန်စွာ အမြတ်ထုတ်ခဲ့တာတာတွေကြောင့် အိမ်အကူလုပ်သား ကလေးငယ်တွေ ဒုက္ခရောက်ခဲ့ပါတယ်။ လူစဉ်မမှီအဖြစ်ကိုရောက်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးကျူးလွန်သူတွေကို အရေးယူနိုင်ခဲ့တာတွေရှိလို့ တော်ပါသေးတယ်။

မကြာမီကဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြုံတွေ့ရဖွယ် ရှိနိုင်ခဲ့တဲ့ ကလေးငယ်လေးဟာလည်း သူ့အိမ်မှာ အိမ်ကူလုပ်သားအဖြစ်လုပ်နေသူ ဖြစ်ပါတယ်။ ဒီအမှုမှာ အိမ်အကူ အလုပ်သမားအတွက် သီးသန့်ကာကွယ်ပေးထားတဲ့ ဥပဒေမရှိလို့ ကလေးသူငယ်ဆိုင်ရာဥပဒေနဲ့ဘဲ တရားစွဲထားခံရပြီး ဆက်လက်တရားရင်ဆိုင်နေရဆဲပါ။

ဒီအမှုနှစ်ခုစလုံးဟာ တနိုင်ငံလုံးက သိရှိပြီး စိတ်ဝင်စားခဲ့တဲ့အမှုတွေဖြစ်ပါတယ်။ ဒီအမှုနှစ်မှုကို လူအများက သတိထားမိပေမယ့် လူမသိသူမသိ အဆုံးသတ်သွားတဲ့ အခြားအိမ်အကူလုပ်သားတွေရဲ့ အမှုတွေအများကြီးရှိပါသေးတယ်။ ရေနွေးပူနဲ့လောင်းခံရတာ၊ မီးပူနဲ့ကပ်ခံရတာ၊ လက်တွေ လှန်ချိုးတာ၊ လူမဆန်စွာ ဒဏ်ပေးတာ စတဲ့ကိစ္စတွေ ရှိပါတယ်။

ဒါပေမယ့် ဥပဒေပိုင်းကတော့ ထိထိရောက်ရောက်ကာကွယ်ပေးတာမျိုး မတွေ့ခဲ့ရပါဘူး။ အိမ်ကူအလုပ်သမားတွေကို အိမ်ရှင်တွေက မတရား မလုပ်အောင်နဲ့ အိမ်ရှင်တွေကို ပွဲစားနဲ့ အလုပ်သမားတွေပေါင်းပြီး ဒုက္ခပေးတာကို တားဆီးနိုင်မယ့် အိမ်ကူလုပ်သားဥပဒေ မရှိသေးပါဘူး။ တခြားအလုပ်သဘောသဘာဝနဲ့မတူတဲ့ အိမ်ကူလုပ်သားအခွင့်အရေးကို ပြဌာန်းဖို့ လိုအပ်ပေမယ့် မပြဌာန်းနိုင်သေးပါဘူး။

အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ အိမ်ရှင်နဲ့ အိမ်အကူလုပ်သားကြားထဲမှာ ထားရှိသင့်တဲ့ သဘောတူညီချက်မျိုးတွေမရှိတဲ့အတွက် အိမ်အကူအလုပ်သမားတွေက ထိခိုက်နစ်နာမှုကြုံတွေ့ရသလို အိမ်ပွဲစားတွေရဲ့ လှည့်စားမှုကြောင့် သို့မဟုတ် အိမ်အကူလုပ်သားရဲ့ လိမ်ညာမှု၊ ပညာပြမှုတွေကြောင့် ဒုက္ခရောက်ရတဲ့ အိမ်ရှင်တွေလည်း ရှိလျက်ပါ။ ဒါကြောင့် ဒါကြောင့် အိမ်အကူလုပ်သားနဲ့ပတ်သက်ပြီးကာကွယ်ပေးနိုင်တဲ့ ဥပဒေကြမ်းတခုကို လွှတ်တော်မှာမူကြမ်းရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစားနေလျက် ရှိပါတယ်။ နှစ်ဦးနှစ်ဖက်လုံးကို ကာကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်းကိုပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အိမ်အကူလုပ်သားဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မပြည့်သေးသော ကလေးသူငယ်တွေကို အများဆုံးစေခိုင်းတယ်။ ထမင်းကျွေးတယ်၊ နေစရာပေးတယ်၊ ပြီးရင် အိမ်မှုကိစ္စတွေကို အကူသဘောမျိုးနဲ့ခေါ်တဲ့ အစဉ်အလာရှိပါတယ်။ ဒါတွေကို အလုပ်သမားအဖြစ် ခွင့်ပြုမှာလား။ ဒီလိုမျိုးကလေးတွေကို အိမ်အကူ လုပ်သားအဖြစ် သတ်မှတ်ပြီးတော့ အခွင့်အရေးတွေပေးမှာလား။ တားဆီးပိတ်ပင်မှာလားဆိုတာ မေးစရာဖြစ်ပါတယ်။

အိမ်အကူ လုပ်သားတွေကို အသက် ၁၄ နှစ်အောက် စေခိုင်းခြင်းမပြုရဆိုရင် စေခိုင်းခြင်းပြုနေတဲ့သူတွေကို ဥပဒေအရ အရေးယူနိုင်ပါတယ်။ အဲဒါမျိုးဆိုရင် ကလေးတွေနဲ့ပတ်သက်တဲ့အလုပ်တွေ ပိုရှားသွားမယ်။ မိဘမိသားစုတွေကို ကူညီနိုင်ဖို့ အတွက် အိမ်အကူလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်နေရတဲ့အခြေအနေမျိုးဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုး ရှိတဲ့သူလည်း ရှိပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ထိုးခဲ့တဲ့ ကလေးများအား အဆိုးဝါးဆုံးလုပ်အားစေခိုင်းမှုဆိုင်ရာ ILO သဘောတူညီချက်အမှတ် ၁၈၂ မှာ ကလေးများအန္တရာယ်ဖြစ်စေမယ့် အဆိုးဝါးဆုံးအလုပ်တွေမှာ စေခိုင်းခြင်းကို တားမြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် အိမ်ကူလုပ်ငန်းကို တချို့က လုံခြုံစိတ်ချရတဲ့ အလုပ်အမျိုးအစားလို့ ထင်ပါတယ်။ တဖက်က မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ပြင်ခြံပြင်ကိုတောင် ထွက်စရာမလိုတဲ့အလုပ်မျိုးဆိုတော့ လုံခြုတယ်လို့ မြင်တတ်ပါတယ်။

ဒါပေမယ့် လုပ်ဆောင်ရတဲ့ အိမ်ဆိုတဲ့ အဝန်းအဝိုင်းအတွင်းမှာဘဲ အဆိုးဝါးဆုံး ကျွန်ပြုခြင်းသဘောမျိုး ဖြစ်စေတဲ့ အလုပ်တွေ ပါဝင်နိုင်ပါတယ်။ ဒါကို လူတွေတော်တော်များများက မမြင်ကြပါဘူး။ အထူးသဖြင့် ကျန်းမာရေး ထိခိုက်လာအောင် အလုပ်ချိန် သတ်မှတ်ခြင်းမရှိတာ၊ အိမ်ပိုင်ရှင်တွေရဲ့ နှိပ်စက်ညှင်းပမ်းမှု၊ လူမဆန်စွာ ဆက်ဆံမှုတွေ ကြုံတွေ့ရတာတွေဆိုရင် အဆိုးဝါးဆုံး လုပ်အားစေခိုင်းမှုလို့ပြောနိုင်သလို ကျွန်ပြုခြင်းလည်း မြောက်ပါတယ်။ အဲ့လိုအချက်မျိုးတွေကို မြင်လေ့မရှိကြပါဘူး၊ တံခါးတွေအလုံပိတ်ထားတဲ့ အိမ်ဆိုတဲ့ အဝန်းအဝိုင်းထဲမှာ ဖြစ်တဲ့ကိစ္စမို့လို့ မြင်လည်း မမြင်ကြသလို မြင်တဲ့အခါမှာလဲ ဆိုးဝါးတယ်လို့ မထင်တတ်တာ ပြဿနာတခုဖြစ်ပါတယ်။

သဘောတူညီချက်အမှတ် ၁၃၂ အရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်ကို ၁၄ နှစ်လို့ မြန်မာနိုင်ငံမှာ သတ်မှတ်ထားပေးထားပါတယ်။ ဒါကြောင့် အလုပ်လုပ်မယ့် ကလေးတွေကို အသက်နဲ့ပတ်သက်ပြီး စစ်ဆေးတာမျိုးတွေ မှတ်တမ်းတင်တာမျိုးတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတင်တာတွေ စစ်ဆေးတာမျိုးကို စက်ရုံလိုနေရာမျိုးတွေမှာ သွားရောက်စုံစမ်းတာမျိုးက လွယ်ကူပြီး လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်ကူလုပ်သားတွေ အလုပ်လုပ်နေတဲ့ အိမ်တအိမ်ချင်းကို သွားရောက်စုံစမ်းဖို့က မလွယ်ပါ။ အိမ်ကူလုပ်သားတွေ လုပ်ကိုင်ရမယ့် လုပ်ငန်းတွေ၊ အလုပ်အမျိုးအစားတွေကိုဖော်ပြ သတ်မှတ် မှတ်ပုံတင် စာချုပ်စာတမ်းတွေ မရှိတာကလည်း အခက်အခဲတခုဖြစ်နေမှာ သေချာပါတယ်။

အိမ်ကူလုပ်သားအတော်များများဟာ အိမ်ဖော်ပွဲစားလို့ခေါ်တဲ့ ပွဲစားတွေက ခေါ်လာတတ်ပြီး အိမ်ရှင်ကို နှုတ်နဲ့ညှိပေးတာမျိုးဘဲရှိပြီး အထောက်အထား မရှိတတ်ကြပါဘူး။ အိမ်ကူလုပ်သားအဖြစ် အလုပ်ဝင်လိုက်တာနဲ့တပြိုင်နက် ပြင်ပနဲ့ အဆက်အသွယ်တွေ လုံးဝမရှိတော့ဘဲ တခုခုဖြစ်ရင် တိုင်ကြားနိုင်ခွင့်မရှိတာ၊ တိုင်ကြားဖို့ မသိတာမျိုးအပြင် တိုင်ကြားသည့်တိုင်အောင် အိမ်အကူပွဲစားတွေက အရေးယူဖြေရှင်းပေးတာမျိုး မရှိတာတွေက အိမ်အကူလုပ်သားတွေ ကြုံတွေ့ရတဲ့ အခက်အခဲဖြစ်ပါတယ်။

တဖက်မှာလည်း အိမ်ရှင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိပါတယ်။ အိမ်ကူလုပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ပြန်ခေါ်မယ်၊ ပွဲစားကြေးများများရအောင် လုပ်မယ်ဆိုတဲ့ ဖြစ်ရပ်တွေရှိပါတယ်။ အရင်ကတည်းက စာချုပ်စာတမ်းအထောက်အထားနဲ့ သဘောတူညီထားတာမျိုးမရှိတဲ့အတွက် ပွဲစားတွေလှည့်သမျှခံရတာ၊ အိမ်ကူလုပ်သားနဲ့ ပွဲစားပေါင်းပြီး အိမ်ရှင်ကို အမြတ်ထုတ်သွားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လေးစားပြီး တိကျလိုက်နာတဲ့ စာရွက်စာတမ်းတွေမရှိတဲ့ ပြဿနာက နှစ်ဦးနှစ်ဖက်ကို ထိခိုက်စေနိုင်ပါတယ်။

အခုဆိုရင် ကလေးအလုပ်သမား အသုံးပြုမှုပပျောက်ဖို့အတွက် အလုပ်လုပ်နိုင်မယ့် အနိမ့်ဆုံးအသက်ကို သတ်မှတ်မယ်၊ အဆိုးဝါးဆုံး လုပ်အားစေခိုင်းမှုတွေကို တားမြစ်မယ်လို့ ရည်ရွယ်လုပ်ဆောင်ပေမယ့် အိမ်ကူလုပ်သားဆိုတဲ့ လုပ်ငန်းသဘောတရားအရ၊ လုပ်ထုံးလုပ်နည်းတွေအရ သူတို့တွေဟာ အစိုးရကလုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ရရှိခံစားနိုင်ဖို့ ခက်ခဲနိုင်ပါသေးတယ်။

ဒါကြောင့် အိမ်ကူလုပ်သားတွေကို ကာကွယ်ပေးသလို အိမ်ရှင်တွေကိုလဲ စိတ်မပူရအောင် လုပ်ဆောင်ပေးနိုင်တဲ့ အိမ်ကူအလုပ်သမားဆိုင်ရာဥပဒေတစ်ခု အမြန်ဆုံး လိုအပ်နေပါတယ်။ ဒီလိုဥပဒေရှိမှသာ ကလေးအလုပ်သမား အသုံးပြုတာတွေကို ကာကွယ်နိုင်မယ့် လုပ်ငန်းစဉ်တွေ ပိုမိုအကျိုးရှိလာမှာဖြစ်ပါတယ်။ ဒီလိုဥပဒေရှိလာမှ အမေ့လျော့ခံ အိမ်ကူလုပ်သားတွေရဲ့ ဘဝတွေကို ပိုမိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(အောင်မျိုးမင်းသည် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များကို သင်ကြားဖြန့်ဝေပေးနေသော Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)

You may also like these stories:

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့

ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ

ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ

Loading