မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကြားမှာ အမေစု ဆိုပြီး အနှိုင်းမဲ့ ထောက်ခံမှုရနေဆဲဖြစ်ပေမယ့် သူရဲ့ အစိုးရအဖွဲကတော့ ပြည်သူတွေကြားမှာ စိတ်ပျက်စရာဖြစ်နေတာ အင်မတန်ကို သိသာတဲ့ အချက်ဘဲ ဖြစ်ပါတယ်။
အဲဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်ဖြေရှင်းခဲ့မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပါတီရဲ့ အမာခံထောက်ခံသူတွေရဲ့ မဲသာမက ခန့်မှန်ခြေ ၅ သန်းလောက်ရှိတဲ့ ပထမဆုံးအကြိမ် မဲပေးမယ့် မဲဆန္ဒရှင်သစ်တွေရဲ့ အပြည်အဝထောက်ခံမှုကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို အပြည့်အဝ ထောက်ခံမှုတွေ မရနိုင်ပေမယ့်လည်း NLD ဟာ နောက်လာမယ့် ခြောက်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တာစူနေပါပြီ။ အနိုင်ရမယ်လို့လည်း ယုံကြည်နေပါတယ်။
လက်တွေ့မှာတော့ အနေအထားက ကွဲပြားနေပါတယ်။ ဒီနှစ်ရွေးကောက်ပွဲကျင်းပတဲ့အခါ သူတို့ပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကလို အပြတ်အသတ်နိုင်မယ်လို့ NLD ထိပ်တန်းခေါင်းဆောင်တွေတောင်မှ ယုံကြည်မှုလျော့နေကြပါတယ်။ မဲဆန္ဒရှင်တွေလည်း အလားတူပဲ ခံစားနေကြရတယ်။
ပြည်သူအများအပြားကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာမျိုးတော့ မလုပ်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ စိတ်ပျက်မှုတွေကို ဆိုရှယ်မီဒီယာမှာတော့ တနည်းနည်းနဲ့ ဖေါ်ထုတ်နေကြပါတယ်။ တချို့ကတော့လည်း သူတို့ရဲ့စိတ်ပျက်မှုတွေကို မြိုသိပ်ထားလိုက်ကြပါတယ်။ အကြောင်းကတော့ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ သူတို့ချစ်တဲ့ အမေစုဟာ အခက်အခဲများစွာကြားမှာ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ယုံကြည်ကြတယ်။ တချို့ကတော့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ မအောင်မြင်မှုတွေကို ဖြေရှင်းလိမ့်မယ်လို့ ကြိတ်ပြီးတော့ မျှောင်လင့်နေကြပါတယ်။ တချို့ကျပြန်တော့လည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အားနည်းချက်တွေရှိပေမယ့်လည်း အာဏာအလွဲသုံးစားလုပ်တဲ့ အကျင့်ပျက် ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရင်အစိုးရနဲ့ ယှဉ်လိုက်ရင် မယှဉ်သာလောက်အောင် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ အသိနဲ့ သူတို့ကိုယ်သူတို့ နှစ်သိမ့် နေကြပါတယ်။ တချို့ကလည်း စိတ်ရှည်ခြင်းရဲ့ အကျိုးကို တနေ့ခံစားရမယ်လို့ မျှော်လင့်ရင်း ဆယ်စုနှစ်များစွာအတွင်း ပေါ်ပေါက်လာတဲ့ ပထမဆုံး အရပ်သားအစိုးရအနေနဲ့ အရင်ခေတ်အဆက်ဆက်က လုပ်ထားတဲ့ အပျက်အစီးတွေကို ပြင်ဖို့ အချိန် ပိုမိုလိုအပ်မယ်လို့ ယူဆနေကြပါတယ်။
ဒါတွေအားလုံးဟာ ကျိုးကြောင်းဆီလျှော်တဲ့ အမြင်တွေဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ NLD အာဏာရလာပြီးတဲ့အချိန်က စပြီး ဝန်ကြီးဌာန ၂၄ ခုမှာ သူတို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြည်သူတွေကို သဘောကျအောင် လုပ်နိုင်တဲ့ဝန်ကြီးက လက်တဆုပ်သာသာဘဲ ရှိပါတယ်။ အလားတူစွာပဲ ပြည်နယ် ၇ ခုနဲ့ တိုင်းဒေသကြီး ၇ ခုရဲ့ ဝန်ကြီးချုပ် ၁၄ ဦးထဲက အနည်းငယ်သာ ဒေသခံပြည်သူတွေ ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံအပြင် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတာဝန်တွေကိုလည်း ထမ်းဆောင်နေပါတယ်။)
စီမံခန့်ခွဲမှု အမှားတွေကို အဆုံးသတ်ရေး၊ ယိုင်လဲနေတဲ့ စီးပွားရေးကို နလံထူအောင် လုပ်ရေး၊ ယိုယွင်းနေတဲ့ အခြေခံ အဆောက်အအုံတွေကို အစားထိုးရေးနဲ့ လူမှုရေးဆိုင်ရာ မညီမျှမှုလျှော့ချရေး စတဲ့ ယခင်အာဏာရှင်ခေတ် ဆယ်စုနှစ်များစွာက ပေါ်ပေါက်လာတဲ့ များပြားလှတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီဝန်ကြီး ၃၈ ဦး (ပြည်ထောင်စုဝန်ကြီး ၂၄ ဦးနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦး) ဟာ အရေးပါတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒီပြဿနာတွေကို ရေရတိုနည်းနဲ့ ဖြေရှင်းနိုင်မယ်၊ အစိုးရသက်တမ်း ၅ နှစ်အတွင်း ဖြေရှင်းနိုင်မယ်လို့ ပြောရလောက်အောင် ဘယ်သူမှ မတုံးအပေမယ့် ဒီဝန်ကြီးတွေ အားလုံးသာ ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ရင် အခြေအနေတွေ အခုထက် ပိုပြီး တိုးတက်လာနိုင်ခဲ့မယ်လို့ ပြောရင်လွန်ရာကျမယ် မထင်ဘူး။
အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြည်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်သူလူထု အမြင်မှာ ဝန်ကြီးနှစ်ယောက်လောက်ကသာ အမှတ်ကောင်းကောင်း ရတာတွေ့ရမှာ ဖြစ်ပါတယ်။ (အခုလိုပြောတဲ့နေရာမှာ ဝန်ကြီးဌာန ၂၄ ခုအနက် ဗဟိုအစိုးရအောက်မှာ မရှိတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုကို ထည့်မတွက်ပါဘူး။ ဒီဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အပါအဝင် အစိုးရက ခန့်အပ်တဲ့ လုပ်ငန်းစဉ်အတိုင်း ခန့်အပ်ထားတာမဟုတ်ဘဲ သူတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံအရ ခန့်အပ်လို့ဖြစ်ပါတယ်။)
ဝန်ကြီးဋ္ဌာနတွေထဲကမှ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေကိုတော့ သူတို့ လုပ်ဆောင်မှုအတွက် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်ထွေးနဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တကြိမ်မက ချီးကျူးခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်မေလမှာ ဦးစိုးဝင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ခန့်အပ်ပြီးတဲ့အခါမှာလည်း သူ့ကို တချို့လေ့လာသူတွေက အမှတ်ကောင်းကောင်းပေးကြပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ရဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုအပြီးမှာ ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရတဲ့ ဦးကျော်ဝင်းရဲ့နေရာကို သူ အစားထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
ဦးကျော်ဝင်းကို ဝန်ကြီးခန့်တာဟာ NLD ထောက်ခံသူတွေကြားမှာ အစဦးကတည်းကကို စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ NLD က သူ့ကို ဝန်ကြီးအဖြစ် အဆိုပြုတော့ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေမှာ ပါတဲ့ ဒေါက်တာဘွဲ့ ဆိုတာ အတုသာဖြစ်တယ်ဆိုတာကို မီဒီယာတွေက ထောက်ပြခဲ့ပါတယ်။ ဒီအချက်ကို သူနောင်မှာ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် NLD ခေါင်းဆောင်တွေက အဲဒါတွေကို လျစ်လျူရှုပြီး သူပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြီးပေါ်လာတဲ့အထိ အချိန် နှစ်နှစ်ကြာ သူ့ကို ဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ထားခဲ့ပါတယ်။ ဘွဲ့အတုနဲ့ လူတယောက်ဟာ ဘယ်လိုမှကို အရည်အချင်းပြည့်မီသူ မဖြစ်နိုင်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးတွေကိုရွေးတဲ့ NLD ထိပ်တန်းခေါင်းဆောင်တွေ ဘာကြောင့် မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်တာလဲဆိုတာက မေးစရာဖြစ်လာပါတယ်။
ပြီးခဲ့တဲ့လမှာတော NLD အသိုင်းအဝန်းထဲက သိုးမည်းတကောင်ကို ဥပဒေအရ အရေးယူနိုင်ခဲ့ပါတယ်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကို လာဘ်စားမှုအတွက် ထောင်နှစ် ၃၀ ချလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်ပြီး သုံးနှစ်အကြာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သူမကို အမှုလေးမှုနဲ့ စွဲတင်ပြီး ရာထူးဖြုတ်ချ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဂတိလိုက်စားတဲ့ ဝန်ကြီးကို အပြစ်ပေးတာနဲ့ ပတ်သက်ပြီး လူထုက လက်ခံကြိုဆိုခဲ့ကြ့ပြီး ဒီအမှုမှာ NLD ရဲ့ လုပ်ဆောင်မှုကို ချီးကျူးကြပါတယ်။
ဝန်ကြီးရာထူးတွေ ခန့်အပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားသူတွေရဲ့ အကြံဉာဏ်ကို ယူရတယ်ဆိုတာ ထင်ရှားပါတယ်။ NLD ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး အခုနာယက တာဝန်ယူနေတဲ့ ဦးဝင်းထိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့က ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်အများစုကို သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေပေါ်အခြေခံပြီး အမည်စာရင်းတင်သွင်းကြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်အပါအဝင် သုံးဦးအဖွဲ့က အဲဒီစာရင်းထဲက လူတွေကို တွေ့ဆုံမေးမြန်းပြီး ခန့်မခန့် ဆုံးဖြတ်ချက်ချကြပါတယ်။ ဒေါ်လဲ့လဲ့မော်ကို ဦးဝင်းထိန် ကိုယ်တိုင် ရွေးချယ်စာရင်းသွင်းခဲ့တယ်လို့ ယူဆရပါတယ်။ တရားရုံးက သူမကို နှစ် ၃၀ ထောင်ဒဏ် ချပြီးတဲ့နောက်မှာတောင် ဒေါ်လဲ့လဲ့မော်ဟာ ရိုးသားသူဖြစ်ကြောင်း အင်တာဗျူး တခုမှာ ဦးဝင်းထိန်က မကြာသေးခင်က ပြောခဲ့ပါတယ်။ အခု ဦးဝင်းထိန်ဟာ အဲဒီတုန်းကလို သြဇာကြီးမားတဲ့ အနေအထားမှာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဝန်ကြီးတွေခန့်တာနဲ့ ပတ်သက်ပြီးသင်ခန်းစာတွေ ရလိုက်ပုံပေါ်ပါတယ်။
သူတို့ရဲ့ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီးတွေ ရွေးချယ်တာနဲ့ပတ်သက်ပြီး NLD အဖွဲ့ဝင်တွေက အမြဲတစေ နောက်ကွယ်မှာ မကျေမနပ်ပြောဆိုနေကြပါတယ်။ အထူးသဖြင့်တော့ ဝန်ကြီးတချို့ဟာ အရင်အစိုးရ လက်ထက်က လူတွေဖြစ်တာကြောင့် သူတို့ ထိခိုက်နာကျင်ခံစားကြရပါတယ်။ အရင်စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် အနည်းဆုံး ၅ ဦးကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး သို့မဟုတ် ထိပ်တန်းအရာရှိတွေအဖြစ် ခန့်အပ်ထားပါတယ်။ ဒီတော့ သူ့အစိုးရထိန်းချုပ်နိုင်တဲ့ ဝန်ကြီးဌာန ၂၁ ခုမှာ NLD အဖွဲ့ဝင်မဟုတ်သူတွေက ၂၅ ရာခိုင်နှုန်းပါနေတဲ့ သဘောဖြစ်သွား ပါတယ်။ အဲဒီဝန်ကြီး ၅ ယောက်ရဲ့ စွမ်းဆောင်မှုကို ကြည့်မယ်ဆိုရင် တချို့တလေက အရင်အစိုးရအဖွဲ့ကဖြစ်တယ်ဆိုတဲ့ နာမည်ပျက်ကလွဲလို့ သိပ်မဆိုးလှပါဘူး။ အဲဒီထဲက တယောက်ကတော့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကို ဖြစ်ပါတယ်။ သူဟာ အခု ဗုဒ္ဓဓမ္မ ပရဟိတ ဖေါင်ဒေးရှင်းလို့ခေါ်တဲ့ အမျိုးသားရေး အစွန်းရောက် မဘသနဲ့ အမျိုးသားရေးအစွန်းရောက်ဆရာတော် ဝရမ်းပြေး ဦးဝီရသူကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ပါတယ်။
နိုင်ငံရေးရာထူး ရွေးချယ်ခန့်အပ်တာဟာ မှားတယ်၊ မှန်တယ်ပြောလို့မရတဲ့ အနုပညာတရပ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေကို ဘယ်ရာထူး အတွက် ခန့်တယ်ဆိုတာက သူမရဲ့နိုင်ငံရေးအတွေးအခေါ်ကို ထင်ဟပ်နေတယ်လို့ နားလည်ရပါတယ်။ နိုင်ငံရေးအမြင်အရ ကြည့်ရင် နားလည်ပေးလို့ ရပါတယ်။ ရှင်းရှင်းပြောရရင် သူက နိုင်သူ အကုန်ယူစတမ်း ဆိုတဲ့ပုံစံမျိုး သူ့အစိုးရကို အထင်ခံချင်ပုံ မရဘူး။ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း သူ့ရဲ့ အစိုးရဟာ NLD က လူတွေအတွက်ပဲ တံခါးဖွင့်ထားတာ မဟုတ်ဘူး၊ အစိုးရဟောင်းက လူတွေနဲ့လည်း ဝန်ကြီးနေရာကို ခွဲယူနိုင်တယ် ဆိုတဲ့သတင်းစကားကို ဒေါ်အောင်ဆန်းစုကြည်ကပေးနေတယ်။ အဲဒီလိုလုပ်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးခရီးတွင်ဖို့အတွက် အင်မတန်ကို အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလေးဘဲ ယူဆပုံရပါတယ်။
တကယ်တမ်း ပြောရရင် အစိုးရထဲမှာ ဒေါ်အောင်ဆန်းစုကြည် စိတ်တိုင်းကျတဲ့ လူတချို့ဟာ NLD အဖွဲ့ဝင်တွေကြားမှာ ရေပန်းမစားလှဘူး။ အဲဒီလိုလူတွေထဲက တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေပါ။ သူဟာ ၁၉၆၈ ကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်လာတဲ့ ဝါရင့် သံတမန်တဦးဖြစ်ပြီး ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်နဲ့ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ခဲ့သူဖြစ်ပါတယ်။ အရင်သမ္မတဦးသိန်းစိန် ခေါင်းဆောင်ပြီး စစ်တပ်နဲ့ နီးစပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအစိုးရ ခေတ်မှာ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုဥက္ကဌလည်း ဖြစ်ခဲ့တယ်။
အဲဒီလိုလူကို ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ထဲ ဘာလို့ခေါ်လာလဲဆိုပြီး နိုင်ငံရေးသမားတွေ၊လေ့လာသုံးသပ်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ NLD အဖွဲ့ဝင်တွေတောင်မှ နောက်ကွယ်မှာ မေးခွန်းထုတ်ကြတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝန်ကြီးဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကြား ဆက်ဆံရေးတွေမှာ ခြယ်လှယ် နေတယ်ဆိုပြီး သံတမန်အများအပြားက မကြိုက်ကြဘူး။ ဒါပေမယ့် ဘယ်သူမှ ဒီလိုမျိုး လူသိရှင်ကြား မဝေဖန်ကြဘူး။ NLD အဖွဲ့ဝင်တွေကြားမှာဆိုရင် ပိုတောင်ဆိုးသေးတယ်။
အဲဒီလို ဝေဖန်တာတွေရှိပေမယ့်လည်း ဦးကျော်တင့်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန် နီးစပ်တဲ့ လက်တဆုပ်စာ ဝန်ကြီးတွေထဲက တယောက်ဖြစ်ပုံ ရပါတယ်။ အခု အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ အဲဒီဝန်ကြီးဟာ သံခင်းတမန်ခင်း အတွေ့အကြုံ အပါအဝင် NLD ပါတီဝင်တွေထဲမှာ တွေ့ရခဲတဲ့ အရည်အချင်း တွေကို ပိုင်ဆိုင်ထားလို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သဘောကျတာ ဖြစ်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် ဦးကျော်တင့်ဆွေ ကို ဝန်ကြီးခန့်တဲ့ ကိစ္စမှာတော့ သာမန်ပြည်သူတွေနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ သူနဲ့ သူ့နောက်ခံရာဇဝင်ကို အများအားဖြင့် သိပ်မသိကြတော့ စိတ်အနှောင့်အယှက်ဖြစ်ပုံမရဘူး။
၂၀၁၈ ခုနှစ် မတ်လဝန်းကျင်လောက်မှ ဒေါ်အောင်ဆန်းစုကြည်က အဲဒီတုန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ NLD ရဲ့ ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးဝင်းမြင့် ကို သမ္မတအဖြစ်ရွေးချယ်လိုက်တော့ အစိုးရအဖွဲ့ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ လူတော်တော်များများ ထင်ခဲ့ကြတယ်။ ဒီလိုတက်ကြွပုံရတဲ့ သမ္မတသစ်ကို ခန့်အပ်လိုက်တာဟာ စွမ်းဆောင်ရည်ညံ့တဲ့ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေကို ဖယ်ရှားတော့မယ့် အနေအထား ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်မလာခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီလိုမျိုး ဖယ်ရှားဖို့ ဆုံးဖြတ်ချက် ချခဲ့ရမှာဖြစ်ပါတယ်။ အစိုးရကို ပိုမိုစွမ်းဆောင်ရည်ရှိအောင်နဲ့ အလုပ်ဖြစ်အောင် စွမ်းရည်မြှင့်တင်ဖို့ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် အသုံးမချခဲ့တာလည်းဆိုတာ ဘယ်သူမှ မသိဘူး။
စွမ်းဆောင်ရည် သိပ်မရှိဘူးလို့ အများက ပြောနေတဲ့ လက်ရှိပညာရေးဝန်ကြီးနေရာမှာ လူစားထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ ပညာရေးလောကက လူတယောက်က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီကာလလောက်မှာဘဲ အကြံပေးခဲ့ဖူးကြောင်း အဲဒီလူကပဲ ကျနော့်ကို ပြောပြဖူးတယ်။ အစားထိုးဖို့ သင့်တော်သူ နာမည် ပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးတော့ အဲဒီလူက မဖြေနိုင်ခဲ့ဘူး။ ဘာကြောင့်မဖြေနိုင်တာလည်းလို့ ကျနော်မေးတော့ သူအာမခံနိုင်တဲ့သူ မရှိလို့ ဆိုပြီး ပြန်ပြောတယ်။ နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာမျိုး ဖြစ်မယ့်ပုံလို့ အခြေအနေကို ကျနော် တွေးနေမိတယ်။
ပြည်သူတွေကတော့ ပြည်နယ်နဲ့တိုင်း ၁၄ ခုက ဝန်ကြီးချုပ်တွေကို ပိုမို စိတ်ဝင်စားကြတယ်။ သူတို့နေထိုင်တဲ့ ဒေသမှာ ဝန်ကြီးချုပ်တွေက အရာရာအတွက် တာဝန်ရှိသူတွေဖြစ်တာကိုး။ ဝန်ကြီးချုပ်တွေထဲမှာလည်း ပြောင်မြောက်တဲ့သူ တယောက်မှ ထွက်မလာဘူး။ စိတ်ဝင်စားစရာကောင်းတာက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဝန်ကြီးချုပ် ၅ ယောက်ဟာ ဆရာဝန်တွေဖြစ်နေတယ်။ ဒါပေမယ့်လည်း သူ့ဒေသမှာတော့ ထောက်ခံမှုရနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလွဲရင် ဘယ်သူမှ ထူးခြားတဲ့ စွမ်းဆောင်မှု မပြနိုင်ခဲ့ဘူး။ တချို့တွေက နာမည်ပျက်မရှိလို့ လူကောင်း လို့ဆိုရပေမယ့်လည်း အများအမြင်မှာတော့ သာမန် နိုင်ငံရေးသမား အုပ်ချုပ်ရေးသမားတွေသာဖြစ်ပါတယ်။
ဝန်ကြီးချုပ်တွေထဲမှာလည်း သူတို့ဒေသအသီးသီးမှာ အထင်ကြီးလေးစားခံရသူဆိုတာ နည်းပါတယ်။ ကယားနဲ့ မွန်ပြည်နယ် မှာဆို ဝန်ကြီးချုပ်တွေက အကဲဆတ်တဲ့ နိုင်ငံရေး၊ လူမှုရေးပြဿနာတွေဖြစ်စေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆောက်တာတို့၊ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းကို အစွဲပြုပေးတာတို့ အလုပ်ကောင်းလို့ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ ပြသနာတွေ တက်ခဲ့ရတယ်။
ဝန်ကြီးချုပ်တွေထဲမှာ နာမည်အပျက်ဆုံးကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း သူ့ကြောင့် ရန်ကုန်ဒေသခံတွေ စိတ်ပျက်ခဲ့ရတယ်။ ဒီလိုစိတ်ပျက်စေတဲ့ အကြောင်းတွေထဲမှာ ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာငွေ အသုံးစရိတ် ဆွေးနွေးမှုတွေကို ဝင်ရောက်စွက်ဖက်တာ၊ ၂၀၁၈ ခုနှစ်က မြို့သူမြို့သားတွေရဲ့ ကျန်းမာရေး ထိခိုက်စေတဲ့ အမှိုက်ပုံ မီးလောင်မှုကို တုံ့ပြန်ဆောင်ရွက်ဖို့ နှောင့်နှေးတာတွေ ပါတယ်။ နောက်ဆုံးဖြစ်သွားတဲ့ ပြဿနာကတော့ သူ့အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာလ လူစုလူဝေး တားမြစ်ချက်ကို သူကိုယ်တိုင်ချိုးဖေါက်လိုက်တဲ့ ကိစ္စ။ သူ့လုပ်ရပ်က ပြည်သူလူထုသာမက နေပြည်တော်က အကြီးအကဲတွေကိုပါ စိတ်ပျက်သွားတယ်။ သူရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ထုချေရှင်းလင်းဖို့ သမ္မတရုံးကို ညွှန်ကြားထားတယ်။
ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေနဲ့ပတ်သက်တဲ့ စိတ်ပျက်စရာ ဇာတ်လမ်းတွေကို စာရင်းပြုစုမယ်ဆိုရင် အချိန်အများကြီး ပိုလိုလိမ့်မယ်။ ဒါပေမယ့် တကယ်တော့လည်း ဝန်ကြီးတွေ နေပြည်တော်က အဆင့်မြင့်အရာရှိတွေကို ရွေးချယ်ရတာဟာ စိုးရိမ် စိတ်ပူစရာကောင်းတဲ့ ကိစ္စပါ။ လူတယောက်ကို အလုပ်တခု ခိုင်းလိုက်ရင် သူဘယ်လိုလုပ်မယ်ဆိုတာ ဘယ်သူမှ သေချာပေါက် မသိဘူး။ ဒါပေမယ့် ဒီကိစ္စက NLD အတွက် အကျိုးဆက်ကြီးကြီးမားမားတွေကိုဖြစ်စေတဲ့ ပြဿနာဖြစ်နေတယ်။ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD နိုင်မယ်လို့ ယူဆရင် ဒီကိစ္စကို အာရုံပိုစိုက်ဖို့က ပါတီရဲ့ တာဝန်ပဲ။ ပိုပြီး တိတိကျကျပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။
လူထုက NLD ကို ထောက်ခံနေသေးတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ဒါပေမယ့် ရာထူးခန့်အပ်မှု မှာ လူမှန် နေရာမှန် ဖြစ်အောင် မလုပ်နိုင်တာက NLD ရဲ့အဓိက အားနည်းချက်ဖြစ်နေတယ်။ NLD အနေနဲ့ ဒါကို ဖြေရှင်းဖို့ အင်မတန် အရေးကြီးသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂရုတစိုက်ကိုင်တွယ်ဖို့ အင်မတန် လိုအပ်ပါတယ်။
NLD ရဲ့ အဓိကရည်မှန်းချက်ဟာ ပြည်သူလူထုကို ကောင်းစွာအလုပ်အကျွေးပြုဖို့ကလွဲလို့ တခြားဘာမှ မဖြစ်သင့်ဘူး။ ဒါကြောင့်မို့လည်း ပြည်သူက NLD ကို မဲပေးခဲ့တာဖြစ်ပါတယ်။
(Kyaw Zwa Moe ၏ Myanmar’s Ruling NLD Must Address Its Achilles’ Heel: Choosing the Wrong People ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကိုယ်စားလှယ်လောင်း မတင်သော်လည်း မြို့နယ်က ရွေးထား