နေပြည်တော် မှတ်စု (အပိုင်း-၁၃)

ကြည်မောင်နိုင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ / Reuters
Want create site? Find Free WordPress Themes and plugins.

ရတနာသုတ်၊ ကိုဗစ်နှင့် Made in Myanmar

ကိုဗစ်ကာလ ကျနော်နဲ့မိသားစု Lockdown စခန်းဝင်လိုက်ရသဖြင့် ကုသိုလ်လည်း အတော်ရသွားပါသည်။ ဘာကြောင့်လဲဆိုတော့ ရတနာသုတ် တရားတော်နှင့် ပရိတ်တရားတော်ကို မနက်တိုင်းဖွင့်ပြီး နာမိသောကြောင့်ပင် ဖြစ်ပါသည်။

ထိုသို့ ကိုဗစ်စခန်းဝင် ကာလအတွင်း Messenger ကနေ Chat Box ကနေ သတင်း အဆန်းအပြားလေးများ၊ နောက်ဆုံးရ ကိုဗစ်သတင်းများ၊ ဟာသများ၊ ကိုဗစ်ကာတွန်းများအပြင် ပုံတိုပတ်စ မှတ်စရာ သားစရာများကို မိတ်ဆွေများက ပို့ပေးသဖြင့် အိမ်က ဇနီးမယားနှင့် သားသမီးများကို ဥပေက္ခာပြုပြီး ထိုအတိုအစများကို လိုက်လံကြည့်ရှု မှတ်သားရပါသည်။

ကိုဗစ်စခန်းဝင် ကာလအတွင်း ကျနော့် ရင်ကို ဖြတ်တိုက်သွားသော ပို့စ်လေးတွေရှိသည်။ မိတ်ဆွေတွေက ပို့ပေးသဖြင့် အားလပ်ချိန်တွင် ကြည့်မိပါသည်။ ပို့စ်တခုကတော့ မြန်မာပြည်မှာ သဘာဝတွင်းထွက် Resource တွေရှိနေလို့ စစ်ဖြစ်နေကြတာပါ။ ဒါတွေမရှိရင် စစ်ဆိုတာလည်း မရှိနိုင်ပါဘူးလို့ ရေးထားတဲ့ ပို့စ်လေးတခုပါ။

ဒီပို့စ်လေးရဲ့နောက်မှာ တွေးစရာတွေ အများကြီးပါလာပါတယ်။ အခုလောလောဆယ် ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲ တွေအပြင် တိုင်းရင်းသား နယ်စပ်တွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေကို အလုအယက် တိုက်ခိုက်နေကြရတဲ့ ကျနော်တို့ရဲ့ ညီနောင်တိုင်းရင်းသားတွေရဲ့ အကြောင်းပါ။

ကိုဗစ်ကာလ Lock Down ချထားသည့် ရန်ကုန်မြို့မှ မြို့နယ်တချို့/ အောင်ကျော်ထက် / ဧရာဝတီ

ဒီလို သယံဇာတတွေ မရှိရင်တော့ … ဘာဖြစ်မှာလဲ အိမ်သူကမေးသည်။ “ငြိမ်းချမ်းရေး ရသွားမှာလား” ဒါမှမဟုတ် စင်ကာပူလို ဖြစ်သွားမှာလား။ ပညာနဲ့ စီးပွားကိုပဲရှာကြမှာဖြစ်လို့ သေနတ်ကိုင်ပြီး သယံဇာတကို ဓားပြတိုက်နေစရာ မလိုတော့ဘူးလား … ဒီလိုနဲ့ပဲ ကိုဗစ်စခန်းဝင်ရင်း မိသားစုဝင်အချင်းချင်း လေသေနတ် ပစ်ဖောက်ကြတော့သည်။

နောက်ဆုံးတော့ ငြင်းခုန်ကြရသည်။ သယံဇာတခွဲဝေရေး၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား သယံဇာတ အပေါ် မြင်ပုံ၊ ထို့အပြင် မြေဖုတ်ဘီလူးများအကြောင်းနှင့် ၁၂ ကြိုး၊ ၆ ကြိုး စသည့် အတတ်ပညာမျိုးစုံကို တတ်ကျွမ်း သော သူဌေးမင်းကြီးများအကြောင်း အပြင် ဆိုင်းဘုတ်ထောင်ပြီး စစ်တိုက်နေကြသော လက်နက်ကိုင်အဖွဲ့လေးများ၏ ရမ်းကားမှုများအကြောင်း …။ ဆိုင်းဘုတ်တောင် မရှိတော့ဘဲ တို့စရာအဆင့်ဖြစ်သွားသော လက်နက်ကိုင် အဖွဲ့များအကြောင်းလည်း တွေးမိပါသည်။

ကဲ … ကဲ တော်ကြပါတော့ကွာ … ကျနော်ကပဲ ဝင်ပြီစေ့စပ်ဆွေးနွေးရေးလုပ်ဖို့ အပစ်အခတ် ရပ်စဲဖို့ ပြောရသည်။ ဒီလိုနှင့် တခန်းရပ်သွားသည်။ မိတ်ဆွေတယောက် ပို့လိုက်တဲ့ Messenger က Post လေးကို ဆွေးနွေးလိုက်တာ တနာရီလောက် ကြာသွားသည်။

နောက်ပို့စ်တခုကတော့ ပိုပြီး ရင်နာဖို့ကောင်းသည်။ ဒါကြောင့် ဘယ်သူ့ကို Share မလုပ်တော့ဘဲ ထားလိုက်သည်။ ဒီပို့လေးကတော့ မြန်မာဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားနိုင်တဲ့အကြောင်း ပြောထားတာလေး။

မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ညံ့ဖျင်းပုံ၊ ပညာတတ်မရှိပုံ၊ မြန်မာဆိုတဲ့တိုင်းပြည်မှာ ဘာမှမထုတ်လုပ်ဘဲ သူများနိုင်ငံ တွေဆီကပဲ တင်သွင်း သုံးစွဲပုံတွေကို ဝေဖန်ထားတဲ့ ပို့စ်လေးပါ။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ ဘာမှမထုတ်နိုင်။ Made in Myanmar ကထုတ်တဲ့ အပ်တချောင်းတောင်မရှိ။ တခါတုန်းက မြန်မာပြည်က သူဌေးတဦးက ပြုံးပြီးပြောသည်။

“ကျနော်တို့က Consume လုပ်တဲ့နိုင်ငံဗျ” သူ့လက်ထဲမှာက နောက်ဆုံးပေါ် iPhone၊ စီးထားတဲ့ ဖိနပ်က ထိုင်းက ဝယ်တာ ဖြစ်နိုင်သလို နာရီက ဆွစ်ဇာလန်က။ အင်္ကျီကလည်း ပြည်တွင်းဖြစ်တော့ မဟုတ်။ စီးတဲ့ကားက ဂျာမန်က ထုတ်တဲ့ BMW။ ပြည်တွင်းက ထုတ်တာဆိုလို့ သူ့ရဲ့ ရွှဲနေတဲ့ ဗိုက်ပဲရှိသည်။

“ကျနော်တို့ဆီမှာ ဘာမှထုတ်ဖို့မစဉ်းစားဘူးဗျ။ ပိုက်ဆံချမ်းသာအောင် ကျောက်တူးမယ်။ သယံဇာတတွေတူးမယ်။ (လာပြန်ပြီ ဒီသယံဇာတ)။ ချမ်းသာရင် သူများ နိုင်ငံက ပစ္စည်းတွေ ဝယ်သုံးမယ်။ သိပ်ချမ်းသာရင် ဘဏ်ဖွင့်စားမယ်။ ဘာ Product မှ ထုတ်ဖို့ မစဉ်းစားဘူး။ အဲဒီလို စဉ်းစားရလောက်အောင် အသိဉာဏ်မရှိပါဘူး” ဟု ပြောရင်း ကိုယ့် ပေါင်ကိုယ် လှန်ထောင်းသော သူဌေးသည် သူ၏ BMW ကြီးပေါ်တက်ပြီး ထွက်သွားတော့သည်။ ကျနော်တယောက်ထဲ ငေါင်စင်းစင်းနဲ့ ကျန်ခဲ့သည်။

မြန်မာသည် ဂျပန်က တပတ်ရစ်ကားများကို ဈေးကြီးပေးဝယ်ပြီး စီးရတာကို ဂုဏ်ယူတတ်ကြသည်။ ယခု မြန်မာပြည် မှာ တပ်ဆင်ထုတ်လုပ်သော Suzuki ကားကို သီလဝါကားဟု ချိုးချိုးနှိမ်နှိမ်ခေါ်တတ်သည်။

ထိုင်းနဲ့မလေးမှာ ပြည်တွင်းဖြစ် သို့မဟုတ် ပြည်တွင်းမှာဆင်ပြီး ထုတ်လုပ်သောကားများကို စီးကြသည်။ ပြည်ပက တင်သွင်းခွင့်မရအောင် အခွန်ကိုမြှင့်ထားသည်။ ဒါကို မြန်မာတွေက အထင်မကြီး။ တပတ်ရစ် နှစ်ပတ်ရစ် သုံးပတ်ရစ် ဂျပန်ကားများကို ဒေါ်လာ သောင်းနဲ့ချီပေးဝယ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ စီးကြသည်။

ယိုဒယားကလာတဲ့ ပစ္စည်းနဲ့ တရုတ်ကလာတဲ့ ပစ္စည်းကို ဝယ်ယူသုံးစွဲသူတောင်မှ ပြန်ပြီး အဆင့်အတန်း ခွဲလိုက် သေး သည်။ “ငါတို့က ထိုင်းကလာတာကို သုံးတာ”။ မိတ်ဆွေတဦးက ဝင့်ကြွားစွာဆိုတော့ တရုတ်ပစ္စည်း၊ တရုတ်ဆေး၊ တရုတ်ဆပ်ပြာ၊ တရုတ်သွားတိုက်ဆေး၊ တရုတ်ခေါင်းလျှော်ရည် ဝယ်သုံးရသူက မျက်နှာငယ်ရသည်။

ဖားကန့် ကျောက်စိမ်းမြေ မြင်ကွင်း / ဧရာဝတီ

“ကျနော်တို့က ကိုယ့်လူမျိုးကို အထင်မကြီးဘူး။ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်တို့ဆိုတာ သူငယ်တန်း ဖတ်စာထဲမှာ ပဲရှိတယ်”။ အရင်က လက်ဖက်ရည်ဆိုင်ထိုင်နေကျ မိတ်ဆွေက စကားနာထိုး ရင်ဖွင့်လေသည်။

တရုတ်တွေက ကျနော်တို့နိုင်ငံအကြောင်းကို အတော်ကို လေ့လာပြီးနေပြီ။ ကျနော်တို့က သူတို့အကြောင်းကို ကောင်းကောင်း မသိသေးဘူး။ မိတ်ဆွေက လက်ဖက်ရည်ခွက်ကိုမရင်း ဆိုသည်။

မန္တလေးက နိုင်ငံတကာစာသင်ကျောင်း International School ကို သွားလည်တော့ တရုတ်ကလေးတွေ၊ နိုင်ငံခြားသားကလေးတွေ၊ ကျောင်းကြီးထဲမှာ အားလပ်ချိန် ဆော့ကစားနေတာ တွေ့ခဲ့ရသည်။ ဖွင့်ထားသူက တရုတ်လူမျိုး။ မန္တလေးက ကလေးတွေ မြန်မာကလေးတွေမရှိ။ အမှိုက်ပုံထဲမှာ၊ ဈေးထဲမှာ၊ ကွမ်းယာဆိုင်မှာ၊ မိဘမဲ့ကျောင်းတွေမှာ …။

ယူနန်လိုနေရာမှာတောင် မြန်မာစကားပြောပြီး မြန်မာစကားသင်ပြီး မြန်မာပြည်ထဲက စက်ရုံ၊ အလုပ်ရုံတွေမှာ သူတို့လူမျိုးတွေက Manager တွေ လုပ်ကြတော့မယ့်အကြောင်း မိတ်ဆွေက မစားရဝခမန်း ပြောပြသည်။

Netflix မှာ မကြာခင်က ကြည့်ခဲ့ရတဲ့ American Factory ရုပ်ရှင်ကားကို ဖျတ်ခနဲ သွားသတိရသည်။ တရုတ်ကုမ္ဗဏီကြီးတခုက အမေရိကားက အိုဟိုင်အိုပြည်နယ်မှာ စက်ရုံသွားဖွင့်သည့်အကြောင်းရိုက်ထားသော မှတ်တမ်းရုပ်ရှင်။

မြန်မာပြည်လောက်ကတော့ကွာ … ရင်ထဲမှာလေးသွားသည်။ မြေပုံပျောက်သွားမယ်ပြောသော Post ကို ကျနော်ဖတ်ပြီး ပြောသူကို စိတ်မဆိုး … စဉ်းစားစရာတွေ အများကြီးပါလာသည်။

မနက်တိုင်း ပရိတ်တရားနာတယ်ဆိုတာ ကပ်ဘေးတွေကနေ လွတ်အောင် ရွတ်ရတာ နာရတာ။ ရတနာ့သုတ် ဆိုတာကတော့ ရောဂါကပ်ဘေးတွေကနေ ကျော်လွှားနိုင်ဖို့အတွက် ရွတ်ဆိုရတာ ဆိုပါတော့။ ဒါဆိုရင် မြန်မာပြည် မြေပုံက ပျောက်တာကို ကာကွယ်မယ့် ပရိတ်တရားတော့ မရှိသေးပါဘူး။

ကိုဗစ်စခန်းဝင်ကာလအတွင်း ပေးပို့သောပို့စ်များ၊ ကာတွန်းများ၊ ပုံတိုပတ်စများ၊ ရယ်စရာ ပြုံးစရာလေးများအပြင် တွေးစရာများပါသောပို့စ်များကို Share သော မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးတင်လျှက်…။

Made in Myanmar ထုတ်ကုန်များကို ဝယ်ယူသုံးစွဲအားပေးရန် ရည်ရွယ်ရင်း …

သခင်မျိုးဟေ့ … တို့ဗမာ …

နဂါးနီးတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည် ဆိုတဲ့ သီချင်းကို KTV မှာ ဆိုရင်း …

ဆက်စပ်ဖတ်ရှုရန်

နေပြည်တော်မှတ်စု (အပိုင်း – ၁၂)

နေပြည်တော်မှတ်စု (အပိုင်း – ၁၁)

နေပြည်တော်မှတ်စု (အပိုင်း – ၁၀)

နေပြည်တော်မှတ်စု (အပိုင်း – ၉)

နေပြည်တော်မှတ်စု (အပိုင်း – ၈)

နေပြည်တော်မှတ်စု (အပိုင်း – ၇)

နေပြည်တော်မှတ်စု (အပိုင်း – ၆)

နေပြည်တော်မှတ်စု (အပိုင်း – ၅)

နေပြည်တော်မှတ်စု (အပိုင်း – ၄)

နေပြည်တော်မှတ်စု (အပိုင်း – ၃)

နေပြည်တော်မှတ်စု (အပိုင်း – ၂)

နေပြည်တော်မှတ်စု (အပိုင်း – ၁)

Did you find apk for android? You can find new Free Android Games and apps.
Loading