ဇွန်လ ၁၉ ရက်၂၀၂၀ ခုနှစ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ နံနက်ခင်းကစပြီး ဝမ်းသာကြည်နှုးစရာ မွေးနေ့ဆုတောင်းများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာအသီးသီးတွင် မြင်တွေ့ဖတ်ရှုရပါသည်။
တကယ်တော့ ဇွန်လဆန်းလောက်ကစ၍ မွေးနေ့ဆုတောင်းများကို ပြည်သူအများအပြားက တောင်းဆုခြွေကြနေခြင်းဖြစ်သည်။ အရေအတွက် သန်းချီရှိနိုင်သည်။ နိုင်ငံခြားမှဆုတောင်းသူများလည်း အများအပြားရှိသဖြင့် ၎င်းတို့ကိုပါ ထည့်သွင်းတွက်ချက်ပါက သန်းဂဏန်းရှိမည် ထင်သည်။ ပြည်သူလူထု၏ မေတ္တာ၊စေတနာနှင့် လူထုခေါင်းဆောင်အပေါ် ယုံကြည်လေးစားမှုကို တွေ့ရှိတိုင်းတာနိုင်သည်။
အသက် ရ၅ နှစ်ပြည့်အရွယ်ဆိုတာ အများအားဖြင့် အေးဆေးစွာအနားယူနေထိုင်၍ မိသားစုနှင့်သာ အချိန်ကိုဖြတ်ကျော်သည်က များသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်အတွက် နေ့မအားညမအား အပင်ပန်းခံ အလုပ်လုပ်နေသည်ကို ပြည်သူလူထုက သိရှိနားလည်ပြီး လေးစားမေတ္တာထားကြခြင်းဖြစ်သည်။ ချစ်ခင်သူများ အတွက် ဇွန်လ ၁၉ ရက် နံနက်ခင်းသည် ဝမ်းသာကြည်နှုးစရာ စိတ်ချမ်းမြေ့စရာဖြစ်ပါသည်။
သို့သော်လည်း ထိုနံနက်ခင်းက စိတ်ချမ်းသာစရာ ဝမ်းသာကြည်နှုးစရာများကို ဖျက်ဆီးပစ်လိုက်သည့် သတင်း ကတော့ ဦးဇော်ဋ္ဌေး၏ သတင်းစာရှင်းလင်းပွဲအပြီး မြေကွက်ကိစ္စ သတင်းဖြစ်ပါသည်။ နေပြည်တော်ကောင်စီပိုင် နယ်မြေအတွင်းမှ မြေကွက်များကို သမ္မတ၊ နိုင်ငံတော်ပိုင်အတိုင်ပင်ခံ၊ ဝန်ကြီးများက အလွန်သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိသွားသည်ဆိုသည့်သတင်းဖြစ်သည်။ ပေ ၄၀၀ x ၄၀၀မြေကွက်များ၊ ပေ ၃၀၀ x ၃၀၀မြေကွက် များအစရှိသဖြင့် ကြားသိရသည်။ ထိုသတင်းပေါ် အခြေခံ၍ နိုင်ငံရေးအရ တိုက်ခိုက်လိုသူများ၊ မုန်းသူများကလည်း ပြင်းထန်စွာ ဝေဖန်ပြောဆိုကြသလို၊ ချစ်ခင်သူများ လူထုခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အလွန်ထောက်ခံသူများကလည်း စိတ်ပျက်ကြောင်း၊ ဝမ်းနည်းကြောင်း၊ မဖြစ်သင့်ကြောင်း၊ မယူသင့်ကြောင်း ယင်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာများ၌ အသီးသီး ရေးသားကြသည်။
အထူးစိတ်မကောင်းစရာကောင်းသည်က မွေးနေ့ရှင်၏ ၂၀၁၄ လား၂၀၁၅ ကလား သေချာမမှတ်မိသည့် အာ အက်ဖ်အေ (Radio Free Asia-RAF) နှင့် အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိမိတို့အာ ဏာရပါက နိုင်ငံတော်ပိုင်ပစ္စည်းများ၊ မြေကွက်များကို သိမ်းပိုက်ခြင်း မတရားရယူခြင်း ပြုလုပ်မည်မဟုတ်ဟု ပြောကြားချက်ကို ပြန်လည်ဝေမျှကြပြီး ထိုးနှက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
မိမိအနေဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စွတ်စွဲပြောကြားသလို မတရားယူလိမ့်မည်ဟု မထင်။ သူ့မှာလည်း လိုတာထက်အများကြီး ပိုနေသူဖြစ်သည်။ သူ့ပိုင်ဆိုင်မှုမှန်သမျှလည်း တိုင်းပြည်အတွက်သာ ထားသွားမည်ဆိုသည်ကို ယုံကြည်သည်။ သမ္မတကြီးလည်း ထိုနည်းတူဟု ယူဆမိသည်။ ဂုဏ်သိက္ခာနှင့်လဲလှယ်မည့်သူ များမဟုတ်။
ဤနေရာတွင် သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဋ္ဌေးပြောသည်ကလည်း မရှင်းမရှင်းဟု နားထောင်သူများက ဆိုကြသည်။ မြေ ၃ ဧကကို အကွက်ပေါင်း၂၆ ကွက်ခွဲသည်၊ သမ္မတက ပေ ၄၀၀ ပတ်လည်အကွက်ဆိုတော့ ၃ ဧကကျော် ဖြစ်နေပြန်သည်ဟု ကြားသိရသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ထိ ထိုအကြောင်းကို အတိုက်အခံများ၊ မနာလိုသူများ၊ မုန်းတီးသူများ၊ ချစ်ခင်သူများ၊ထောက်ခံသူများကြား ဆွေးနွေးငြင်းခုန် ရေးသားလျက်ရှိသည်။ ထိုအတွက်ကြောင့်လည်း မိမိ အနေဖြင့် ယခုဆောင်းပါးကိုရေးသားရခြင်းဖြစ်သည်။ မိမိအနေဖြင့် မူဝါဒရေးရာများ ဆန်းစစ်လေ့လာနေသူ တဦးအမြင်ဖြင့် ထိုကိစ္စကို ရှုမြင်သုံးသပ် ရေးသားခြင်းဖြစ်ပါသည်။
ပြည်သူပိုင်မြို့ပြမြေယာနှင့် အဆောက်အအုံများ စီမံခန့်ခွဲမှု
မကြာခဏ ရေးသားခဲ့သည့်အကြောင်းတခုမှာ မြန်မာနိုင်ငံ၌ (အထူးသဖြင့် ရန်ကုန်မြို့တွင်) မဆလစနစ်၏ အကျိုးရလဒ်တခုကတော့ မြို့များတွင် ပြည်သူပိုင်မြေနှင့် အဆောက်အအုံများ အများအပြား ရှိနေခြင်းဖြစ်သည်။ စက်ရုံအလုပ်ရုံများလည်း ပါဝင်သည်။ ရန်ကုန်မြို့၌ဆိုလျှင် မြေဧရိယာစုစုပေါင်း၏ ၇၀-၈၀ ရာခိုင်နှုန်းခန့်ကို တချိန်က နိုင်ငံတော်က ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရလက်ထက် ပြည်သူပိုင်ပစ္စည်းများဟာ ပုဂ္ဂလိကပိုင်များဖြစ်သွားကြသည်။ မိမိနေထိုင်ရာ သုဝဏ္ဏမှာရှိသည့် ဧက ၄၀ ကျော်ကျယ်ဝန်းသည့် လူသုံးကုန်စက်ရုံသည် ဈေးပေါပေါဖြင့် ဗိုလ်ချုပ်ကြီးတဦး၏သားက လေလံဆွဲရရှိသွားသည်ဟုကြားသိရသည်။ Discounted rate ပေါက်ဈေးထက် အလွန်နိမ့်ကျသည့် ဈေးနှုန်းဖြင့်ရရှိသွားခြင်းဖြစ်သည်ဟု ကြားသိရသည်။
နောက်တချက် သတိထားရစရာကတော့ ထိုသို့အာဏာပါဝါရှိသူများက ပြည်သူပိုင်အဆောက်အအုံ မြေနေရာ ကို ဈေးသက်သာစွာဖြင့် ရရှိသွားပြီးနောက်ပိုင်း ယင်းပတ်ဝန်းကျင်တွင် လမ်း၊ လျှပ်စစ်မီး၊ ရေမြောင်းအစရှိသည့် အခြေခံအဆောက်အအုံများကို စည်ပင်သာယာမှ လာရောက်ဖေါက်လုပ်ပေးခြင်း၊ အခြားသက်ဆိုင်ရာဋ္ဌာနများမှ တပ်ဆင်ပေးခြင်းတို့ဖြစ်သည်။ ထိုအခါမှာ ၎င်းတို့ပိုင်ဆိုင်သည့် ရပ်ကွက်ဧရိယာရှိ မြေကွက်များ၊ အဆောက်အအုံ များ၏ တန်ဖိုးသည် နဂိုထက် ၃-၄ ဆပိုတက်သွားလေ့ရှိသည်။
သို့သော်လည်း ထိုသို့အစိုးရမှ ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျခံပြီး အာဏာပါဝါ ငွေကြေးချမ်းသာသူများ နေထိုင်ရာ ရပ်ကွက် (သို့) အိမ်ယာဝန်းကျင်ကို ပိုမိုနေချင်စဖွယ်ဖြစ်အောင် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းကြောင့် မြေတန်ဖိုး အိမ်တန်ဖိုးများ ထိုးတက်သွားသော်လည်း ထိုအကျိုးအမြတ်ကို ပုဂ္ဂလိကပိုင်ဆိုင်သူများကသာ ရရှိသွားကြသည်။ အစိုးရအနေဖြင့် ဘာမှပြန်မရ။ ဘတ်ဂျက်ဆိုသည်မှာလည်း အကန့်အသတ်ရှိသဖြင့် ထိုအခွင့်ထူးခံများ နေထိုင်ရာရပ်ကွက်ကို လမ်း၊ရေမြောင်း၊ တယ်လီဖုန်း တပ်ဆင်ပေးလိုက်သဖြင့် ဘတ်ဂျက်ငွေမရှိတော့သဖြင့် ဆင်းရဲသားရပ်ကွက်များတွင် လိုအပ်နေသည့် လမ်းတံတားများတည်ဆောက်ခြင်းကို မလုပ်နိုင်တော့။
တနည်းအားဖြင့် အစိုးရ၏ အခြေခံအဆောက်အအုံဖြည့်ဆည်းပေးခြင်းကြောင့် သွားရေးလာရေး လွယ်ကူချော မွေ့သွားသည့်အခါ တန်ဖိုးတက်သွားသည့် ပုဂ္ဂလိက အိမ်ခြံမြေများ၏ အကျိုးအမြတ်ထဲမှ အစုရှယ်ယာကို နိုင်ငံ တော်မှ ပြန်လည်ရယူရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းကို Land Value Capture မြေတန်ဖိုးကိုရယူခြင်းဟုဆို နိုင်သည်။ ဥပမာ ပုဂ္ဂလိကအိမ်ယာဆောက်လုပ်ရေး စီမံကိန်းသို့ သွားရောက်နိုင်ရန် အဓိကလမ်းမကြီးများ၊ အခြေခံအဆောက်အအုံများ၊ မြို့ပတ်ရထားလမ်းနှင့် ဘူတာဖေါက်လုပ် ပေးခြင်းကြောင့် မြေတစ်ပေပတ်လည် တန်ဖိုးသည် ယခင်က ကျပ် ၅၀၀၀၀ ရှိခဲ့ရာမှ ယခုကျပ် ၂၀၀၀၀၀ ဖြစ်သွားပါက အိမ်ယာစီမံကိန်းကို အကောင်အ ထည်ဖေါ်သည့် ကုမ္ပဏီက တစ်ပေပတ်လည်အပေါ် ကျပ် ၁၅၀၀၀၀ အမြတ်ရရှိသွားခြင်းဖြစ်သည်။
သို့သော် အစိုးရအနေဖြင့် ယင်းအိမ်ယာစီမံကိန်း၏ မြေတန်ဖိုးတက်သွားရန် လမ်းမကြီးများ၊ ရေမြောင်းများ၊ မီးရထားလမ်းများ အစရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရခြင်းကြောင့် ဘတ်ဂျက်မှ ကျခံငွေ သန်းရာချီရှိနိုင်သည်။ ထိုကုန်ကျစရိတ် သန်းရာချီကို ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကကုမ္ပဏီမှ ပြန်လည်ပေးသွင်းရန် (သို့) ၅၀ ရာခိုင် နှုန်း ပြန်လည်ပေးဆပ်ရန် စာချုပ်စာတမ်းဖြင့် တောင်းဆိုခြင်းကို Land Value Capture မြေတန်ဖိုးကိုရယူခြင်း ဟုခေါ်ဆိုသည်။ သို့မှသာ အစိုးရအနေဖြင့် ပြည်သူအများအပေါ် မျှတရာရောက်ပေမည်။
ခေတ်အဆက်ဆက် လုပ်ခဲ့သည်ကတော့ မြေကွက်သစ်များ ရပ်ကွက်သစ်များကို နိုင်ငံတော်ကဖေါ်၊ ဈေးသက်သာစွာဖြင့် အချင်းချင်း ရောင်း၊ ပြီးလျှင် နိုင်ငံတော်က ထိုနေရာမှအိမ်ခြံမြေတန်ဖိုးတက်အောင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လမ်းတံတား များဖေါက်လုပ်ပေးပြီး ပုဂ္ဂလိကများသာ ချမ်းသာသွားကြသည်။
နိုင်ငံတော်နှင့် ဆင်ခြေဖုန်းရပ်ကွက်နေပြည်သူ များကတော့ အခြေခံအဆောက်အအုံ ကောင်းကောင်းမရှိ မိုးတွင်းရေလျံ ဒုက္ခရောက်ကြရသည်။ (မကြာသေးခင် က ကမ္ဘာ့ဘဏ်နှင့် Renaissance Institute တို့ပူးပေါင်းပြီး Land Value Capture မူဝါဒစာတမ်းတစ်စောင်ထုတ် ဝေသည်ကိုတွေ့လိုက်ရသည်။ အသေးစိတ်မဖတ်ရသေးပါ။)
အထက်ပါအချက်၂ချက်ကို လေ့လာကြည့်မည်ဆိုလျှင် ယခုကိစ္စမှာလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ နှင့် နိုင်ငံတော်အကြီးအကဲများအနေဖြင့် ဆင်ခြင်သုံးသပ်နိုင်သည်။ မြေတန်ဖိုးကို ပေါက်ဈေးထက် နိမ့်ချဝယ်ယူ ခွင့်နှင့် အာဏာရှိသူများ ဝယ်ယူပြီးလျှင် ထိုအာဏာရှိသူများအောက်မှ သက်ဆိုင်ရာဋ္ဌာနများက လိုအပ်သည့် အ ခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်းဖြင့် အာဏာပါဝါရှိသူများ ချမ်းသာသွားကြခြင်းဖြစ်သည်။ အာဏာရှိသူများ ငွေမရှိ၍ အိမ်မဆောက်နိုင်လျှင်လည်း ပူစရာမလိုချေ။ မိမိရရှိထားသည့် မြေဧရိယာမှကျယ်ဝန်းသဖြင့် တစိတ်တဒေသကို ငွေရှိသူကိုရောင်းပြီး ရရှိသည့်ငွေဖြင့် အိမ်ကြီးကြီးများဆောက်လုပ်၊ ကားကောင်းကောင်းများ ဝယ်စီးကြသည်မှာ ယခင်အစိုးရအဆက်ဆက် လုပ်ခဲ့ကြသည်များဖြစ်သည်။
လက်ရှိအမျိုးသားဒီမိုကရေစီအစိုးရ မည်သို့ဆောင်ရွက်သင့်သနည်း
အစိုးရမှာ ငွေမရှိဘူးဆိုတာ မဟုတ်ပါ။ အစိုးရများသည် ပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းသူ၊ စီမံခန့်ခွဲရသူ ဖြစ်သဖြင့် နိုင်ငံတနိုင်ငံ၌ အချမ်းသာဆုံးဟုပြော၍ရမည်ထင်သည်။ အထူးသဖြင့် အစိုးရဟုဆိုရာဝယ် မြို့တော်များကို အုပ်ချုပ်ရသည့် အစိုးရများဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် မြို့တော်များတွင် နိုင်ငံတော်ပိုင်များ (ပြည်သူပိုင်ပစ္စည်းများ)အများအပြား ရှိသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အစိုးရများ၏ နိုင်ငံတော်ပိုင် စီပွားရေးနှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှုများ (commercial assets) အမေရိကန်ဒေါ်လာ ၇၅ ထွီလီယံခန့်ရှိသည် ဟုခန့်မှန်းထားသည်။
ထိုတကမ္ဘာလုံးတွင်ရှိသည့် အစိုးရများ၏ စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုများအပေါ်မှ ၁ ရာခိုင်နှုန်းသာ အကျိုးအမြတ် ပြန်လည်ရရှိပါက အစိုးရများအနေဖြင့် အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံ နှစ်စဉ် ဝင်ငွေ ရရှိမည်ဖြစ်သည်ဟု Dag Detter နှင့် Stefan Folster တို့က သူတို့ရေးသားသည့် “The Public Wealth of Cities” စာအုပ်တွင်ရေးသားထားသည်။ ထိုဝင်ငွေဖြင့် ကမ္ဘာပေါ်တွင်လိုအပ်နေသည့် အခြေခံအဆောက်အအုံ များစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ နှစ်စဉ် ၁ ရာခိုင်နှုန်း အကျိုးအမြတ်ဆိုသည်မှာ အနိမ့်ဆုံး တွက်ချက်ထား ခြင်းဖြစ်သည်။ ၂ ရာခိုင်နှုန်း ရရှိပါက နှစ်စဉ် တကမ္ဘာလုံးတွင်ရှိသည့် အစိုးရများ၏ ယင်းတို့ပိုင်ဆိုင်သည့် နိုင်ငံတော်ပိုင် စီးပွားရေးပိုင်ဆိုင်ရာပိုင်ဆိုင်မှုများမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁.၅ ထွီလီယံရှိမည်။ ထိုအစိုးရ များ၏ စီးပွားရေးဆိုင်ရာ နိုင်ငံတော်ပိုင်အများစုသည် မြို့တော်များတွင် တည်ရှိနေသည်ဟု ယင်းတို့ကရေးသား ရှင်းလင်းထားသည်။
ထိုစာအုပ်အရ မြန်မာနိုင်ငံအစိုးရတွင်လည်း နေပြည်တော်၊ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ အိမ်ခြံမြေများအပါအဝင် Public Wealth of Cities အများအပြားရှိသည်။ စနစ်တကျ ဈေးကွက်ပေါက်ဈေးဖြင့် တန်ဖိုးဖြတ်ကြည့်ပါက အမေရိကန်ဒေါ်လာ သန်းထောင်ချီရှိနိုင်သည်။ တဘက်တွင်လည်း ဒီချုပ်အစိုးရသည် အာဏာရလာချိန်ကစပြီး ပင်စင်စားများ၊ ဝန်ထမ်းများ၊ အိမ်ယာမဲ့များအတွက် အိမ်ယာများဖန်တီးပေးလိုသည့်စေတနာကိုတွေ့ရသည်။ ရန် ကုန်တိုင်းဝန်ကြီးချုပ်ကလည်း ကျူးကျော်များကိုပင် အိမ်ယာများဖန်တီးပေးရန်၊ ဆောက်ပေးရန် အစီအစဉ်များ ချမှတ်ပြင်ဆင်နေသည်ကို ကြားသိရသည်။
သို့သော် အမှန်တကယ်အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရန် မှာ ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှု (financing) နှင့် မြို့ပြမြေယာအဆောက်အအုံများ ထိန်းသိမ်းစီမံခြင်းက အရေး ကြီးဆုံးဖြစ်သည်။ Subsidize ဟုခေါ်သည့်မြေတန်ဖိုးလျှော့ပေးခြင်း၊ အိမ်ခန်းများတန်ဖိုး ပေါက်ဈေးထက်ချ ရောင်းပေးခြင်းတို့သည် ယခုလိုပြသနာများပေါ်ပေါက်လာနိုင်သည်။ မတန်တဆ အကျိုးဖြစ်ထွန်းသွားသူများ ရှိနိုင်ပြီး မရသူများက မကျေမနပ်ဖြစ်နိုင်သလို၊ အတိုက်အခံအုပ်စုများကလည်း မိမိတို့ဂုဏ်သိက္ခာကျဆင်းအောင် ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် အထက်ဖေါ်ပြပါစာအုပ်တွင် ရေးသားထားသလို အောက်ပါအတိုင်း အကြံပြုပါသည်။
၁) မြို့ပြမြေယာနှင့် အဆောက်အအုံများကို စီးပွားဖြစ်လုပ်ကိုင်မည့် နိုင်ငံတော်ပိုင်ကုမ္ပဏီတခု (သို့) ကုမ္ပဏီများ ထူထောင်ခြင်း
၂) နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ နိုင်ငံတော်ပိုင် အိမ်ခြံမြေ (လယ်မြေမှ မြို့မြေအဖြစ် ပြောင်းလဲလာ သည်များလည်းပါဝင်သည်) များ၏ တန်ဖိုးကို လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်း တန်ဖိုးဖြတ်ခြင်း (သို့) Valuation နှင့် ထိုတန်ဖိုးဖြတ်ထားသည့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲမည့် နိုင်ငံတော်ပိုင် ကုမ္ပဏီများ၏ Balance sheet ကိုထူထောင်ခြင်း။ သို့မှသာ အသစ်တည်ထောင်လိုက်သည့် နိုင်ငံတော်ပိုင်ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ယင်း၏အရင်းအနှီးတန်ဖိုးကို သိရှိနိုင်မည်ဖြစ်သည်။
၃) ထိုနိုင်ငံတော်ပိုင်ကုမ္ပဏီ (သို့) ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုကို ကြီးကြပ်မည့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို ကျွမ်းကျင်သူများဖြင့်သာ ဖွဲ့စည်း၍ နိုင်ငံရေး အနှောင်အဖွဲ့မှ ကင်းဝေးစေရမည် (political independence)။ စီအီးအိုက ဘုတ်အဖွဲ့ကို သူ၏လုပ်ဆောင်မှုများကို သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း တင်ပြရန် လိုအပ်သလို ဘုတ်အဖွဲ့ကလည်း အစုရှယ်ယာပိုင် နိုင်ငံတော်အစိုးရကို ဘဏ္ဍာရေးရှင်တမ်း၊ ပြင်ပစာရင်းစစ် အစီရင်ခံစာနှင့်အတူ တင်ပြရမည်။
၄) စီမံခန့်ခွဲမှုသည် professional ကျွမ်းကျင်သူများသာဖြစ်ရမည်။ နိုင်ငံရေးရာထူး political positions များမဖြစ်ရန်အထူးဂရုပြုရမည်။ နိုင်ငံခြားသား ကျွမ်းကျင်သူများကိုလည်း လိုအပ်ပါကခန့်ထားနိုင်သည်။
ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် နိုင်ငံတော်၏ပိုင်ဆိုင်မှုများအားလုံးသည် အားလုံးအတွက် မျှတပြီး မည်သူကိုမှ မျက်နှာသာပေးခြင်း မဟုတ်တော့။ ထို့အတူ ပိုင်ဆိုင်မှုများ၏တန်ဖိုးနှင့် မြေတန်ဖိုးကိုရယူခြင်း (Land value capture)ကိုလည်း စနစ်တကျ ထည့်သွင်းစဉ်းစားနိုင်တော့မည်။ မည်သူ့ကိုမှ အထူးအခွင့်အရေးပေးခြင်းမဟုတ်။
အဓိက အရေးကြီးဆုံးမှာတော့ ထိုသို့နိုင်ငံတော်ပိုင်ကုမ္ပဏီများ ထူထောင်လုပ်ကိုင်မည်ဆိုလျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသဘောတူညီမှုရယူပြီး ဥပဒေပြဋ္ဌာန်းလုပ်ဆောင်သင့်သည်။ ထိုမှတဆင့် ရရှိလာသည့် အမြတ်ငွေများဖြင့် ပြည်သူအားလုံးအတွက် အကျိုးရှိမည့် အိမ်ယာစီမံကိန်းများ စင်ကာပူနိုင်ငံမှာကဲ့သို့ အကောင် အထည်ဖေါ်ဆောင်နိုင်သည်။
သတိပြုရမည့်အချက်မှာ ပင်စင်စားများ၊ ဝန်ထမ်းများအား အထူးသက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း Subsidize ပုံစံကို စနစ်တကျ စဉ်းစားရန်လိုအပ်သည်။ ယခင်ကလို ပုဂ္ဂလိကကို မြေပေးပြီးဆောက်ခိုင်း၊ အချိုးကျ ယူသည့်ပုံစံကို မကျင့်သုံးသင့်တော့ချေ။ အထက်ဖေါ်ပြပါအတိုင်း တန်ဖိုးရင်းနှီးငွေကို စနစ်တကျ တွက်ချက် စီမံ ခန့်ခွဲပြီး စနစ်တကျ အိမ်ယာစီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ပြီး ပင်စင်စားများ၊ ဝန်ထမ်းများ၊ အိမ်ယာမဲ့များအတွက် သီးခြားဘဏ္ဍာ ရန်ပုံငွေရှာဖွေပြီး မည်သို့ရေရှည်ရောင်းချသင့်သည်ကို ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်။
ကျန်မြေနေရာနှင့် အိမ်ခြံမြေများကိုတော့ နိုင်ငံတော်ပိုင်ဆို သော်လည်း ပုဂ္ဂလိကပုံစံအတိုင်း ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်သင့်သည်။ ပင်စင်စားများ၊ နိုင်ငံတော် အကြီးအကဲများကို ယခင်ကလို လျှော့ဈေးဖြင့် မြေကွက်များရောင်းချပေးသည့်စနစ်ကိုလည်း လုံးဝဖျက်သိမ်းသင့်ပြီဖြစ်သည်။ ၎င်းတို့အတွက် လစာတိုးပေးမည်လား၊ အတိုးနှုန်းသက်သာသည့် ချေးငွေချပေးမည်လား၊ အိမ်ယာခံစားခွင့် (allowance) သတ်မှတ်ပေးမည်လားဆိုသည်များကို စဉ်းစားတွက်ချက်ရန် လိုအပ်သည်။
နောက်ဆုံးအနေဖြင့် ယခုလက်ရှိ ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် ရေးသားနေသည့် နေပြည်တော်မြေကွက်များအား နိုင်ငံတော်အကြီးအကဲများအား ကာလတန်ဖိုးထက်လျှော့ရောင်းချပေးသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အမြန်ဆုံး နေပြည်တော်ကောင်စီနှင့် တာဝန်ရှိသူများမှ ပြည်သူလူထုအား ပြန်လည်ရှင်းလင်းတင်ပြပါရန် တောင်းဆိုလိုက်ရပါသည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
Covid-19 စီးပွားရေးမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုပါဝင်နိုင်သလဲ
မြင်းခြံသံမဏိစက်ရုံနှင့် တရုတ်ချေးငွေများ