“အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့” ဟုပြောလိုက်လျှင် မြန်မာပြည်၏ မြေယာစီမံခန့်ခွဲမှု မူလအစသည် အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ လာခဲ့ခြင်း မဟုတ်ပေ။ အင်္ဂလိပ်ကိုလိုနီခေတ်မတိုင်မီက မြန်မာနိုင်ငံထဲတွင် နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားတွေက စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ် အုပ်မင်းတွေတင်မြှောက်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်အဆောင် အယောင်မျိုးမျိုးဖြင့် သီးခြားအုပ်ချုပ်လာခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။
ယနေ့ “ပြည်မ” ဟု သိနေကြသည့် ဗမာတိုင်းရင်းသားအများစုနေထိုင်သော ဒေသအတွင်းမှာပင် တစ်ချိန်က ပင်းယ၊ မြင်စိုင်း၊ သရေခေတ္တရာ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး (ရတနာပုံ)၊ အင်းဝ၊ ကေတူမတီ (တောင်ငူ)၊ ဟံသာဝတီ (ပဲခူး) ဆိုသည့် လက်နက်နိုင်ငံများ၊ မြို့ပြနိုင်ငံများ၊ တိုင်းပြည်နိုင်ငံများ တခေတ်ပြီးတခေတ် အပြိုင်အဆိုင် သီးခြားတည်ရှိခဲ့သည် ဆိုသည်မှာ ငြင်း၍မရသည့် အချက်ဖြစ်သည်။ ပြည်ထောင်စု ဆိုသည်မှာ လုံးဝမရှိခဲ့ဘူးဆိုသည့် သက်သေသာဓကများဖြစ်သည်။
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဆိုပြီး တည်ဆောက်ခဲ့သည့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသည်တို့ တကယ်ရှိခဲ့မည်ဆိုလျှင် တခေတ်ပြီးတခေတ် အပြိုင်အဆိုင်သီးခြားတည်ရှိနေခဲ့သော ပြည်မမှ နိုင်ငံတွေ အချင်းချင်းတိုက်ခိုက်လို့ကောင်းနေခဲ့သည်မှာ အင်္ဂလိပ်ခေတ်အထိပဲဖြစ်သည် ဆိုသည်မှာ ငြင်းမရပေ။ တောင်တန်းဒေသတိုင်းရင်းသား နိုင်ငံငယ်များမှာလည်း ရှမ်းစော်ဘွားများ၊ ကချင်ဒူးဝါးများ၊ ကရင်နီစောဖျာများ၊ ချင်းရမ်အုပ်မင်းများ အစရှိသဖြင့် ကိုယ့်တိုင်းပြည်နှင့်ကိုယ် တည်ရှိခဲ့ကာ ယနေ့ခေတ်ကာလအထိ မျိုးဆက်များ တည်ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်းထောင်ချီပြီး ကိုယ့်နယ်နိမိတ်နှင့်ကိုယ်၊ ကိုယ့်မြေယာစီမံခန့်ခွဲမှုနှင့်ကိုယ် ရပ်တည်ခဲ့ကြခြင်း ဖြစ်ပါသည်။
ကမ္ဘာအခင်းအကျင်းအရ ကိုလိုနီနယ်များ အပြိုင်အဆိုင်ချဲ့ထွင်ကြသည့် “ခေတ်ပျက်ကြီး” ဟုခေါ်နိုင်သည့် ခေတ်များရောက်ရှိလာခဲ့ပြီး ကမ္ဘာစစ်မီးများတောက်လောင်ခဲ့ရကာ ကိုလိုနီနယ်များ အပြိုင်အဆိုင်ချဲ့ထွင်လာခဲ့ကြသည်။ နယ်မြေကျူးကျော်စစ်များမှာလည်း နှစ်မျိုးနှစ်စား ကွဲပြား ပါသည်။ ကိုလိုနီကျူးကျော်မှုနှင့် နောက်ထပ်စနစ်ဆိုးတစ်ခုမှာ ဖက်ဆစ်ကျူးကျော်မှုဖြစ်သည်။ ကိုလိုနီကျူးကျော်မှု၏ ထူးခြားသည့်ဝိသေသမှာ မြေနှင့်သယံဇာတများကို စီမံခန့်ခွဲအသုံးပြုခြင်း ဖြစ်သည်။ ဗမာပြည် ဟု နာမည်မတွင်သေးသည့်ကာလတွင် အင်္ဂလိပ်ကိုလိုနီများသည် မြန်မာနိုင်ငံငယ်၊ တိုင်းပြည်ငယ်လေးများ သီးခြားတည်ရှိနေပြီး တိုင်းရင်းသားပေါင်းစုံရှိနေသည့် ယင်းဒေသများကို တဆက်တစပ်တည်း အုပ်ချုပ်စီမံနိုင်ဖို့ စီမံခဲ့ကြသည်။
ရှေးနှစ်ပေါင်းများစွာ ကတည်းက မြေအသုံးချမှု၊ ပထဝီအနေအထားစသည်တို့ ကွဲပြားခြားနားလွန်းသည့်အတွက် တခုတည်း တဆက်တည်း အုပ်ချုပ်စီမံနိုင်ဖို့ရာ မည်သို့မျှမဖြစ်နိုင်သည့်အတွက် အနီးစပ်ဆုံး တူရာများကိုစုပြီး အုပ်ချုပ်စီမံခဲ့ကြသည်။ နယ်မြေအမျိုးအစား ၅ ခုခွဲပြီး အုပ်ချုပ်ရန် စီစဉ်ခဲ့ပါသည်။ လက်တွေ့တွင်မူ ၄ ခုသာ ခွဲပြီးအုပ်ချုပ်ခဲ့ကြသည်။ အင်္ဂလိပ်နှင့်မြန်မာမင်းတို့သည် ကရင်နီပြည်အား မည်သူတဦးတယောက်ကမျှ စီမံခန့်ခွဲလွှမ်းမိုးအုပ်ချုပ်မှုမပြုဘဲ သီးသန့်လွတ်လပ်သော ပြည်နယ်အဖြစ် သတ်မှတ်ရန် ၁၈၇၅ ခုနစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အင်္ဂလိပ်ဘက်မှ စာတော်ခံ တီဒီဖော်စက်နှင့် မြန်မာဘက်မှ တံဆိပ်တော်ခံ ကင်းဝန်မင်းကြီးတို့က လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။ သီးခြားလွတ်လပ်သည့် ကရင်နီကိုပါ နယ်မြေအရ ထည့်သွင်းပါမှ နယ်မြေအမျိုးအစား ၅ ခု ပိုင်းခြားလို့ရမည် ဖြစ်ပါသည်။
၁။ အင်္ဂလိပ်တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေ (Burma Proper)
၂။ တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ) (Part One)
၃။ တောင်တန်းဒေသ (သီးသန့်အုပ်ချုပ်ရေးထားရှိသောနယ်မြေ) (Part two)
၄။ တောင်ပေါ်စခန်းများ
၅။ သီးခြားလွတ်လပ်သည့် ကရင်နီပြည် ဆိုပြီး ဒေသအခြေပြုကာ မြေကို ပိုင်းခြားသတ်မှတ်ခဲ့ပါသည်။ မြေအမျိုးအစားကို သီးသန့်ခွဲထားခြင်းမှာ အလွန်နည်းပြီး ပထဝီအနေအထားအရသာ စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပါသည်။
အင်္ဂလိပ် တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေ (Burma Proper) ဆိုပြီး ဗမာကိုလိုနီစောစွာ ကျရောက်ခဲ့ကြသည့် မွန်နှင့် ရခိုင်အပါအဝင် ကရင်၊ မွန်၊ ရခိုင်၊ မြန်မာ လူမျိုးအများစုနေထိုင်သော ဒေသများကိုစုပေါင်းကာ ဗမာပြည်မ (Burma Proper) ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည့်အတွက် ကမ္ဘာပေါ်တွင် ဗမာနိုင်ငံဟူသောအမည် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဆိုပြီးတည်ဆောက်ခဲ့သော ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသည်တို့မှာ ဗမာပြည်မ (Burma Proper) ဟု အင်္ဂလိပ်က မသတ်မှတ်ခင်အချိန်အထိ ဘယ်တုန်းကမှရှိခဲ့သည့်အရာများ မဟုတ်ပေ။
အင်္ဂလိပ် ရဲ့ မြေယာစီမံခန့်ခွဲမှုကိုကြည့်လျှင် ၁၈၆၁ ခုနစ်တွင် မြေအားလုံးကို နိုင်ငံပိုင်အဖြစ်သိမ်းပိုက်ပြီး “Lower-Upper Burma Land Revenue Manual” အစရှိသဖြင့် အထက်မြန်မာပြည်ဥပဒေနှင့် အောက်မြန်မာပြည်ဥပဒေဆိုပြီး နှစ်ခုခွဲကာ ထုတ်ပြန်အုပ်ချုပ်ခဲ့ပါသည်။ ၁၂ နှစ်ဆက်တိုက် အခွန်ဆက်သပါက အမည်ပေါက် (Land Holder) ဖြစ်ခွင့်ရမည်ဖြစ်ပြီး ၎င်းမြေအား ငှား၊ ပေါင်၊ ရောင်း၊ အမွေပေးနိုင်ခွင့်ရှိသည်။ မြေလွတ်မြေလပ်ဖော်ထုတ်ခြင်းများရှိသော်လည်း ကျယ်ကျယ် ပြန့်ပြန့်တော့ မဟုတ်ပေ။ အဓိကသက်ရောက်သည့် ဒေသမှာ ဗမာပြည်မ (Burma Proper) ဖြစ်ပြီး ကျန်သည့် တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ -Part One) ၊ တောင်တန်းဒေသ (သီးသန့်အုပ်ချုပ်ရေးထားရှိသောနယ်မြေ -Part two) နှင့် တောင်ပေါ်စခန်းမြို့ များ မှာ သိသိသာသာ မထိခိုက်ခဲ့ပေ။
၁၉၄၇ ခုနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းတိုင်းရင်းသားများသည် သီးခြားစီတည်ရှိနေသည့် ဗမာပြည်မ (Burma Proper) နယ်မြေ၊ ပြည်ထောင်စုရှမ်းပြည် (Federal Shan States) နယ်မြေ၊ ကချင်တောင်တန်းဒေသ (The Kachin Hill Tracts) နယ်မြေနှင့် ချင်းတောင်တန်းဒေသ (The Chin Hill District) နယ်မြေ စသည့်နယ်မြေ (၄) ခုကို ကိုယ်စားပြုပြီး အင်္ဂလိပ် လက်အောက်ကနေ တပြိုင်နက်လွတ်လပ်ရေးရယူရန်နှင့် လွတ်လပ်ရေးရပြီးပါက အမျိုးသား တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန် သန္နိဌာန်ချမှတ်ခဲ့ပြီး ၁၉၄၇ ခုနစ် ဖေဖော်ဝါလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ပင်လုံစာချုပ်သည် လူမျိုးကိုယ်စားပြုမဟုတ်ဘဲ နယ်မြေကိုယ်စားပြုစာချုပ်ဖြစ်သည့်အတွက် လွတ်လပ်ရေးရသည့်ကာလတိုင်အောင် လူမျိုးစုအသီးသီးသည် ကိုယ်ပိုင်မြေယာစီမံခန့်ခွဲသည့် စနစ်များ ကျင့်သုံးဆဲအခြေအနေဖြစ်သည်။
ဗမာပြည်မ (Burma Proper) နယ်မြေကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အတည်ပြုခဲ့သည့် ၁၉၄၇ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်လာသည့် ဦးနုက ဦးချန်ထွန်းကို ယဉ်ကျေးမှု၊ ပထဝီ အနေအထား၊ မြေယာစီမံအုပ်ချုပ်မှုများ မတူညီသော အိန္ဒိယသို့ စေလွှတ်လေ့လာစေပြီး နှစ်လ အတွင်း တရွတ်တိုက်ရေးဆွဲခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစိတ်ဓါတ် အခြေခံမူဝါဒအပေါ်မှ လုံးဝသွေဖယ် အားနည်း သွားခဲ့ပြီးနောက် ပြည်တွင်းစစ်မီးစတင်တောက်လောင်ခဲ့ပါသည်။ ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားများသည် တန်းတူ ရေး စစ်ပွဲများ၊ ပြည်သူ့ရဲဘော်၊ ရဲဘော်ဖြူ၊ ဗကပအဖွဲ့အစည်းများသည် နိုင်ငံရေးအယူအဆ/ ပါတီ ဝါဒစစ်ပွဲများ၊ ကရင်နီအမျိုးသားများသည် ခုခံတော်လှန်ရေးစစ်ပွဲများ စသည်ဖြင့် တောက်လောင် ဖြစ်ပွားခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ဒုတိယစစ်မီးအရှိန်မြင့်ခဲ့ရသည့် အကြောင်းအရင်းများသည် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်မြေယာ စီမံခန့်ခွဲမှုများနှင့် ရပ်တည်ခဲ့သည့် တိုင်းရင်းသားနယ်မြေများတွင် ဦးနေဝင်း၏စစ်တပ်များက နယ်နိမိတ်ထိပါးစော်ကားခြင်းများ၊ ရှမ်းစော်ဘွားနယ် ၁၃ နယ်ကို ကူမင်တန်တရုတ်ဖြူ အကြောင်းပြုပြီး စစ်အုပ်ချုပ်ရေးကြေငြာကာ နယ်မြေလွှမ်းမိုးရယူခြင်း၊ ကချင်ပိုင်နယ်မြေများ ဖြစ်သည့် ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် စသည့် ကချင်နယ်မြေများကို တရုတ်ပြည်သို့ ပေးအပ်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူ ရည်တူ အခွင့်အရေးများကို ချိုးဖောက်ကာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ကြေညာခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။
ပြည်ထောင်စု ဗမာနိုင်ငံ လူမျိုးပေါင်းစုံ ပြည်ထောင်စုမူနှင့် ပတ်သက်သောနှီး နှောဖလှယ် ပွဲကြီးကို ၁၉၆၂ ခုနစ် ဖေဖော်ဝါရီတွင် စတင်ကျင်းပခဲ့ပြီး၊ ၁၉၄၇ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် ဆွေးနွေးသည့် မတ်လ ၁ ရက်နေ့တွင် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ အပြီး ကျင်းပနေဆဲကာလမှာပင် ဗိုလ်နေဝင်း ဦးဆောင်သော စစ်တပ်မှ စစ်အာဏာသိမ်းယူခဲ့ပြီး အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ထောင် ရေး ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပါသည်။
ဗမာတိုင်းရင်းသားအများစုဟာ ဗမာလူမျိုးကြီးဝါဒဟု သုံးနှုန်းလျှင် အများစုက မကြိုက်ကြသော်လည်း သမိုင်းကြောင်းတလျှောက်တွင်မူ ဦးနုခေတ်၊ ဦးနေဝင်းခေတ်မှ ယနေ့အထိ ဗမာပြည်မ Burma Proper နယ်မြေမှ ကျန်တိုင်းရင်းသား နယ်မြေများသို့ ဝင်ရောက်ကျူးကျော်ခြင်း၊ နယ်မြေသိမ်းပိုက်ခြင်း၊ အခြားနိုင်ငံသို့ရောင်းစားခြင်းများအပြင် ဥပဒေရေးဆွဲ၍သော်လည်းကောင်း၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ သော်လည်းကောင်း မြေယာဥပဒေ၊ မြေယာအမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ တိုင်းရင်းသားတို့၏ မြေယာစီမံခန့်ခွဲမှုနှင့် ရိုးရာဓလေ့သမိုင်းကြောင်းများကို ဖျက်ဆီးကာ တိုင်းရင်းသားတို့၏ သဘောဆန္ဒမပါဘဲ လူမျိုးကြီးဝါဒဆန်သော မြေယာဥပဒေများ တရစပ် ပေါ်ပေါက်နေသည်မှာ ယနေ့အထိဖြစ်ပါသည်။
၁၉၆၃ ခုနစ်တွင် လယ်ရှင်များကို မြေလျော်ကြေးပေးပြီး နိုင်ငံပိုင်အဖြစ် သိမ်းပိုက်ဖို့ လယ်ယာမြေ ဝေခြမ်းရေးဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းမှာ နိုင်ငံတော်အား ဧကအလိုက် သီးစားခ ပေးအပ်ရမှာဖြစ်သည်။ ထိုဥပဒေ ထုတ်ပြန်လိုက်ခြင်းကြောင့် ကရင်၊မွန်၊ ရခိုင် တိုင်းရင်းသားတို့၏ နယ်မြေအချို့သာမက ဗမာပြည်မနှင့်ထိစပ်နေသော တိုင်းရင်းသား နယ်မြေများပါ ကိုယ့်မြေကို ကိုယ်မပိုင်ရတော့သည့် အခြေအနေသို့ရောက်ရှိသွားပြီး တိုင်းရင်းသားတို့၏ မြေယာစီမံခန့်ခွဲမှုနှင့် မြေယာယဉ်ကျေးမှု၊ မြေယာသမိုင်းကြောင်းများ ဖျက်ဆီးထိုးနှက်ခြင်း ခံရပြန်ပါသည်။ ၁၉၆၅ ခုနစ်တွင် လယ်လုပ်သူများ သီးစားခပေးရန်မလိုဟု ပြောင်းလဲထုတ်ပြန်ခဲ့ပါသည်။ သို့ပေမယ့် မြေအရင်းရှင်စနစ်ကို ပြန်လည်ရောက်ရှိမည်စိုးသဖြင့် ၎င်းမြေအား ရောင်း၊ ပေါင်၍မရသလို တစ်ဆင့်သီးစားချ၍ မရပေ။ ၁၉၇၈ ခုနစ် ပြည်သူ့ကော်မတီ ခေတ်တွင် မြေလွတ်မြေရိုင်းဖော်ထုတ်လုပ်ကိုင်ခွင့် ဥပဒေကို ပြဌာန်းခဲ့ပါသည်။ သို့ပေမယ့်လည်း ဗမာပြည်ရှိ နယ်မြေအနည်းငယ်တွင်သာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
မဆလလက်ထက်တွင် တာဝန်ကျေစပါးဟုဆိုကာ စစ်တပ်များ၊ ရဲများကို အချိုးကျစပါးမပေးနိုင်လျှင် ထောင်ချခြင်း၊ ဖမ်းဆီးခြင်း၊ မြေသိမ်းခြင်းများ တရစပ်ပြုလုပ်ခဲ့ပြီး နေပူလှန်းခြင်း၊ ဖားခုန်ခိုင်းခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်း၊ ဒိုက်ထိုးခိုင်းခြင်း၊ ကြိမ်ဒဏ်ပေးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသည်။ (၈၈၈၈) ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး မဆလပါတီအား ဖြုတ်ချနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့တက်လာပြီး ဆိုရှယ်လစ် စနစ်မှ ဈေးကွက်စီးပွားရေးစနစ်အား ပြောင်းလဲကျင့်သုံးခဲ့ပြန်သည်။ ကောင်စီများပျက်သွားပြီး မြေယာလုပ်ပိုင်ခွင့်များကို ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၉၁ ခုနစ်တွင် မြေလွတ်/ လပ်စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ခွဲ၊ လုပ်ငန်းရှင်များအား ဖိတ်ခေါ်လုပ်ကိုင်စေခဲ့ပြီး နဝတအစိုးရလက်ထက် နိုင်ငံ့စီးပွားရေး အလွန်အမင်း ချွတ်ခြုံကျနေချိန်တွင် မြေကိုရောင်းကုန်တစ်ခုလို အရင်းအနှီးပြုကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံစေနိုင်ရန် ဆွဲဆောင်ပြဌာန်းခဲ့သည့် အမိန့်ညွှန်ကြား ချက်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် အလွယ်တကူ မြေသိမ်းနိုင်ရန်နှင့် နဝတ အစိုးရနှင့် ပတ်သက်ဆက်နွယ်သူများက မြေကို မတရားသိမ်းယူနိုင်ဖို့ လမ်းဖွင့်ပေးသည့် အမိန့် ညွှန်ကြားချက်လည်းဖြစ်ပါသည်။
၂၀၀၇ ခုနစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးနောက် ၂၀၀၈ ခုနစ်တွင် နအဖအစိုးရက ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့ပါသည်။ နအဖအစိုးရ၏ ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDDC) က ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (The Constitution of the Federal Republic of the Union of Burma) ဒုတိယမူကြမ်း (Second Draft) ထွက်ရှိခဲ့ပါသည်။ ပထမမူကြမ်းမှာ တိုင်းရင်းသားပေါင်းစုံစုစည်းပြီး ၁၉၉၃ မှ ၁၉၉၆ အထိ မာနယ်ပလောမှ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ခုနစ်တွင် ဦးသိန်းစိန် စစ်သားတပိုင်းအစိုးရတက်လာပြီး ၂၀၁၂ ခုနစ်တွင် မဆလ၊နဝတ၊ နအဖ ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် ၁၉၆၃ ခုနစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ၊ ၁၉၆၃ ခုနစ် သီးစားချထားရေးဥပဒေ၊ ၁၉၅၃ ခုနစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ရုပ်သိမ်းခဲ့ပြီး ၂၀၁၂ လယ်ယာမြေ ဥပဒေ၊ ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ဆက်တိုက်ထွက်ရှိလာခဲ့ပါသည်။ ၂၀၁၃ ခုနစ်တွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ရေးဆွဲခဲ့ပါသည်။ ၂၀၁၂ လယ်ယာမြေဥပဒေမှာ ဥယျာဉ်ခြံမြေ၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ နှစ်ရှည်ပင်၊ စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ တောင်ယာမြေများ ပါဝင်သည်။ မြေနုကျွန်းမြေ၊ ဟင်းသီးဟင်းရွက် စိုက်သည့် မြေများလည်း အကျုံးဝင်သည်။ သို့ပေမယ့် ပြဿနာသည် ရွှေ့ပြောင်း တောင်ယာ မပါဝင်ပေ။ ထိုသို့ မပါဝင်ခြင်းသည် တိုင်းရင်းသားများကို ထည့်သွင်း မစဉ်းစားခြင်းလား၊မသိကျုးကျွံပြုခြင်းလား၊ တရားဝင်ခွင့်ပြုလိုက်လျှင် အစိုးရက နောက်လုပ်မည့်စီမံကိန်းများကို လုပ်ကိုင်ဖို့ရာ အခက်အခဲဖြစ်မည် စိုးသဖြင့် တမင်ချန်ထားခဲ့ခြင်းလား ဆိုသည်မှာ မေးစရာရှိနေပြီး သေချာသည့်အချက်မှာ တိုင်းရင်းသားများကို ဦးနုခေတ်မှ ဦးသန်းရွှေခေတ်အထိ ဖိနှိပ်ခဲ့ခြင်းများကိုလက်ဆင့်ကမ်း သယ်ဆောင်လာခြင်း ဖြစ်သည်။
၂၀၁၂ လယ်ယာမြေဥပဒေမှာ ၂၀၁၂ လယ်ယာမြေနည်းဥပဒေအရ လျှောက်ယူရသည့် ပုံစံ ၇ သည် တိုင်းရင်းသားများ နှစ်ပေါင်းများစွာရပ်တည်လာခဲ့သည့် မြေယာပိုင်ဆိုင်ခွင့်မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်သာဖြစ်ပြီး ပုံစံ ၇ လျှောက်ယူရရှိသည့် တိုင်းရင်းသားများသည် မြေယာပိုင်ဆိုင်မှုဘဝမှ မြေယာအငှားဘဝ နေ့ချင်းညချင်း ရောက်သွားပြီး ပြည်မအစိုးရကို မြေခွန်၊ သီးနှံခွန်များပေးဆောင်ရသည့် အခြေအနေရောက်ရှိသွားပြီး လက်ရှိမှ လက်မဲ့၊ သခင်မှ ကျွန်ဘဝကို ပြောင်းလဲရောက်ရှိသွားပါသည်။ ၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့် နည်းဥပဒေများသည် နဝတ၏ အာဏာရှင်အမွေဆိုးကို တရားဝင်မှုပြုသည့် ဥပဒေဖြစ်ပါသည်။ ယင်း ၂၀၁၂ ဥပဒေများကြောင့် ယခင်က ပြည်တွင်းစစ်ကြောင့် အသိမ်းမခံရသည့်မြေများကို NCA လက်မှတ်ထိုးအပြီးတွင် အသိမ်းခံရသည်များ ရှိလာပါသည်။
တကယ်တမ်းတွင် မဆလအစိုးရ၊ နဝတအစိုးရ၊ နအဖအစိုးရလက်ထက်များတွင် မတရားမြေယာသိမ်းယူမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ရန် အဓမ္မသိမ်းဆည်းထားသည့် တိုင်းရင်းသားများ၏ မြေယာများကို ဥပဒေကြောင်းအရ ဘောင်ဝင်စေဖို့ ယခင်နဝတအစိုးရလက်ထက်က မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းကို အခြေခံကာ ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ ဥပဒေကို ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်သည်။ ရေးဆွဲရာတွင်လည်း လယ်/ဆည် ဝန်ကြီးဌာန ဝန်ကြီး အမိန့်ဖြင့် အချိန်တိုအတွင်း ဖိအားပေး ရေးဆွဲစေခဲ့သည့် ဥပဒေဖြစ်ပါသည်။ ၂၀၁၂ မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပြည်သူများ၏ မြေယာများကို မြေလွတ်မြေရိုင်းအကြောင်းပြုကာ အလွယ်တကူ ထပ်မံသိမ်းယူနိုင်ဖို့ ဖန်တီးပေးလိုက်သည့် ဥပဒေဖြစ်ပြီး ယခင်ပြည်တွင်းစစ်ကြောင့် မသိမ်းယူခဲ့ရသေးသည့် ပြည်နယ် အတော်များများရှိ တိုင်ရင်းသားနယ်မြေများကိုပါ သိမ်းယူရန် ခြေလှမ်းစလိုက်ခြင်းဖြစ်သည်။
ဥပဒေအရ တိုင်းရင်းသားများအတွက် ထည့်သွင်းမစဉ်းစားဘူး ဆိုသည်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည့် ယင်းဥပဒေများကို ဒီမိုကရေစီအစိုးရလက်ထက်တွင် တက်ကြွလှုပ်ရှားသူများက ဖျက်သိမ်းရေးလှုပ်ရှားခဲ့ကြသော်လည်း မဖျက်သိမ်းသည့်အပြင် ယခင်အာဏာရှင်ကျောရိုးအတိုင်း ပြန်ယူပြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနစ်)၊ ၂၀၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပြင် လူ့အခွင့်အရေးစံနှုန်းအချို့ ပါဝင်သည့် မြေသိမ်းလျှင် ပြည်သူလူထုကို အကြောင်းကြားစာ ၂ ကြိမ်ပို့ကာ တောင်သူနှင့် ညှိနှိုင်း ရသည့် ၁၈၉၄ ခုနစ် မြေသိမ်းဥပဒေကို ဖျက်သိမ်းရန်ရည်ရွယ်သည့် မြေသိမ်းဥပဒေကြမ်း (၂၀၁၇) များကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့ကြပြန်ပါသည်။
ဦးနုလက်ထက်မှ နိုဘယ်လ်ဆုရှင်ဒေါ်ဆောင်ဆန်းစုကြည် လက်ထက်အထိ ဖြစ်ပွားခဲ့သည့် မြေယာအဓမ္မသိမ်းယူမှုများကို ကြည့်လျှင် ၂၀၁၈ ခုနစ်တိုင်အောင် အစိုးရအဆက်ဆက်၊ အာဏာရှင် အဆက်ဆက်က ၁၈၉၄ ခုနစ် မြေသိမ်းဥပဒေကို မျက်ကွယ်ပြုပြီး ကျူးလွန်ဖောက်ဖျက်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ခေတ်အဆက်ဆက်တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးဆိုသည့် ပင်လုံစိတ်ဓါတ်ကို ဖိနှိပ်ဆန့်ကျင်နေခြင်း သည် တိုင်းရင်းသားများအပေါ် နိုင်ငံရေးအခွင့်အရေး၊ လူ့အခွင့်အရေးများ အကြီးအကျယ်ချိုးဖောက် နေမှုကြီးလည်း ဖြစ်သည်။
ထိုကဲ့သို့ ကျူးလွန်မှုများအပေါ်တွင် ဗမာပြည်၏နိုင်ငံရေးကို မသိနားမလည်သည့် နိုင်ငံခြား အဖွဲ့အစည်းများက ပြည်မပရောဂျက်စား (Project Money) မြေယာအဖွဲ့တချို့နှင့်ပူးပေါင်းပြီး ငွေနှင့် နည်းပညာများထောက်ပံ့ကာ တန်းတူညီမျှရေးနှင့် ပင်လုံကတိကဝတ်များကို ဖောက်ပြန်ကျူးလွန်ရာတွင် အားတက်သရောပါဝင်နေခြင်းကို လုံးဝမေ့လို့မရသည့် သမိုင်းအမှန် တခုအဖြစ် မှတ်တမ်းတင်ထားရမှာ ဖြစ်ပါသည်။ ဦးသိန်းစိန် (စစ်သားတပိုင်းအစိုးရ) လက်ထက်တွင် စတင်ရေးဆွဲခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုသည် ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိ နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူပေါင်းကာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ၊ လယ်ယာမြေဥပဒေ၊ မြေသိမ်းဥပဒေများ အတည်ပြုခဲ့သည့် ယနေ့ခေတ်ကာလအထိ ပါဝင်ကျူးလွန်နေခြင်းကိုလည်း သမိုင်းမှာ အထင်အရှား တွေ့မြင်နိုင်ပါသည်။
အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၂ ခုနစ်မှစတင်ပြီး တိတ်တဆိတ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် နိုင်ငံခြားအဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ ၂၀၁၄ ခုနစ်တွင် တန်းတူညီမျှရေးနှင့် ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုပေါ်ပေါက်ရေး အတွက် ကြိုးပမ်းနေသည့် တိုင်းရင်းသားများနှင့် တန်းတူညီမျှရေးလိုလားသည့် ပြည်မမှ ဗမာအင်အားစုများ တပ်ပေါင်းစု အသွင်ဖွဲ့စည်းထားသည့် ဒို့မြေကွန်ရက် (LIOH) က ဝင်ရောက် ကန့်ကွက်ခြင်း၊ ကချင်ပြည်နယ်တွင် ဆန္ဒပြခြင်း၊ အစုအဖွဲ့လိုက်ဝင်ရောက်ဆွေးနွေးခြင်း၊ ပွဲချိန်အတွင်း အစုအဖွဲ့လိုက် ထွက်ခွာခြင်း၊ ပြည်နယ်နှင့်တိုင်းအားလုံးနီးပါးရှိ တိုင်းရင်းသား ပေါင်းစုံထံမှ မြေယာအချက်အလက်များကို ဝင်ရောက်ထည့်သွင်းခြင်း စသည်များကို တရစပ်ပြုလုပ်ခဲ့သည်မှာ ၂၀၁၄ ခုနစ်မှ ၂၀၁၅ ခုနစ် အကုန်အထိ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါသည်။
၂၀၁၆ ခုနစ် ဇန်နဝါရီလတွင်တော့ အမျိုးသားမြေ အသုံးချမှုမူဝါဒ ထွက်ပေါ်လာခဲ့ပါသည်။ ၂၀၁၆ ခုနစ် မြေယာမူဝါဒထဲတွင် မြေယာတန်းတူညီရေး (Equality)၊ မြေယာကိုယ်ပိုင်ပြဌာန်းခွင့် (Self Determination)၊ မြေယာနှင့် ပတ်သက်၍ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း (Ethnic Minority Rights)၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာတန်းတူညီမျှမှု (Democracy, Human Rights and Gender Equality) စသည့်အချက်အလက်များကို ထည့်သွင်းနိုင်ခဲ့ပါသည်။ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်သော ထိုအချက်များကို အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုင်း (၈) တိုင်းရင်းသားအခန်းကဏ္ဍတွင် လေ့လာနိုင်ပါသည်။ ၁၉၄၇ ခုနစ် အခြေခံဥပဒေကဲ့သို့ပင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များသည် နောက်ဆုံးတွင် ဗမာလူမျိုးများ စိတ်ကြိုက်ချယ်လှယ်ခြင်းကို ခံရသကဲ့သို့ပင် ဖြစ်သည်။ ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှုနှင့် ဆန့်ကျင်သောအချက်အလက်များကိုလည်း ယင်းမူဝါဒထဲတွင် အစုလိုက် ခပ်စိတ်စိတ်တွေ့ရပါသည်။
၂၀၁၆ ခုနစ် နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ အမျိုးသားမြေပုံဥပဒေပြဌာန်းရေးအတွက် အမျိုးသားမြေ အသုံးချမှုမူဝါဒ (National Land Use Policy) ကို ပြန်လည်သုံးသပ်ရေးဆွဲနိုင်ရေး အကြုံပြုတင်ပြချက် လွှတ်တော်အတွင်း ထွက်ရှိလာခဲ့ ပြီး ထည့်သွင်းရန် မသင့်လျော်သော မသက်ဆိုင်သည့်အချက်များဟု ခေါင်းစဉ်ထွက်ရှိလာသည်။ အကျဉ်းချုပ်အားဖြင့်ဖော်ပြရလျှင် အပိုင်း (၈)တွင် မြေအသုံးချမှုမူဝါဒတွင် တိုင်းရင်းသား လူမျိုးများ ၏ မြေအသုံးချမှုအခွင့်အရေးတွင် ရိုးရာဓလေ့အရ အလှည့်ကျအနားပေးသောတောင်ယာလုပ်ကိုင်မှုကို တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်နိုင်ရေးအတွက် မူဝါဒတွင် ထည့်သွင်းဖော်ပြရန် မသင့်ပေ။ အခြေခံမူများအပိုဒ် ၈ (က) ပါ မြေနှင့်သက်ဆိုင်သည့် ဥပဒေများအပါအဝင် တည်ဆဲဥပဒေများတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးပေးထားသဖြင့် လက်ရှိအခြေအနေတွင် ထည့်သွင်းဖော်ပြရန် မသင့်ပေ။ ထို့အပြင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်းရှိ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လိုအပ်လျှင် နိုင်ငံတော်မြေကို သိမ်းဆည်းပြီး စီမံခန့်ခွဲရန်ဆိုသည့်အချက်ကို ထပ်မံဖြည့်စွက်ရန် အကြံပြုခဲ့ပါသည်။
တဖက်တွင်လည်း NCA လက်မှတ်ရေးထိုးကာ ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်မည်။ ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပြီး ပင်လုံစိတ်ဓာတ်နှင့်ချီတက်ရန် ကြွေးကြော်နေခဲ့ သော်လည်း အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန် သန္နိဌာန်ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓာတ်နှင့်ဆန့်ကျင်ကာ တောင်သူလယ်သမားများကိုသာမကဘဲ တောင်သူအရေးတက်ကြွလှုပ်ရှားကြသည့် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ ကို ထောင်ထဲထည့်ရန်အတွက် ရေးဆွဲထားသလိုဖြစ်နေပါသည်။
ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ သိမ်းထား သည့်မြေများကို တရားဝင်ဖြစ်စေသည့် တောင်သူများလက်ရှိ လုပ်ကိုင်ကြသည့် မြေယာများ တရားဝင်လက်လွှတ်ဆုံးရှုံးစေရေးအတွက် ရေးဆွဲသည့် မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို အတည်ပြုခြင်း၊ မြေသိမ်းရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်သူများဖက်က တဖက်သတ်ရပ်တည် နေသည့် မြေသိမ်းဥပဒေကို ခေါင်းစဉ်ပြောင်းကာ မြေသိမ်းဆည်းခြင်း ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာဥပဒေ (၂၀၁၉) စသည့် ဥပဒေများကို လွှတ်တော်အတွင်းတွင် တရွတ်တိုက်ဆွဲ၊ တရစပ်ထုတ်ပြန်နေခြင်းများသည် “ငါတို့ရဲ့ ဘဝ၊ ငါတို့ရဲ့ သမိုင်း၊ ငါတို့ရဲ့ အချုပ်အခြာအာဏာ” ဆိုသည့် တိုင်းရင်းသားများ၏ နှစ်ပေါင်းထောင်ချီ ရပ်တည်မှုများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေဆဲမှာ ဦးနုခေတ်ကာလမှသည် ယနေ့ခေတ်ကာလအထိ ဖြစ်ပါသည်။
ပြည်တွင်းစစ်ဖြစ်ရသည့်အကြောင်းအရင်းများတွင် မြေယာအချုပ်အခြာ အာဏာပိုင်စိုးမှု ပြဿနာသည် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပါသည်။ တိုင်းရင်းသားများအနေဖြင့် ခေတ် အဆက်ဆက် ဗမာပြည်အစိုးရများ ပြောနေသည့် ဖက်ဒရယ်သည် တကယ်လား၊ အိပ်မက်လားဟု မေးစရာ တပုံတခေါင်းကြားမှာပင် ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (The Constitution of the Federal Republic of the Union of Burma) ဒုတိယမူကြမ်း (Second Draft) ထွက်ရှိခဲ့ပြီးဖြစ်သည့်အပြင် (FCDDC) ၏ မူနှင့်သိပ်မကွာလှသည့် တန်းတူညီမျှရေး ယုံကြည်ကြသည့် ဗမာနိုင်ငံရေးပါတီအင်အားစုများအချို့နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ အင်အားစုများပေါင်းစည်းထားသည့် (UNA+) မှလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း စတင်ထွက်ရှိနေပြီ ဖြစ်ပါသည်။
ပြည်နယ်တစ်ခုချင်းစီအလိုက် မြေယာမူဝါဒများ ထွက်ရှိနေပြီ ဖြစ်သလို ဆက်လက်ထွက်ရှိအောင် ကျိုးစားရုန်းကန်နေသည့် ကာလလည်းဖြစ်ပါသည်။ ၂၀၀၀ ခုနစ်တွင် ပြည်နယ်များ၏ ဖွဲ့စည်းပုံများကို ကိုယ့်ပြည်နယ်အလိုက်ရေးဆွဲခဲ့ကြရာ ပြည်နယ် ၅ ခုမှ ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲကြပြီး ချင်းပြည်နယ်မှ ကွန်ဖက်ဒရေးရှင်းကို ဦးတည်ခဲ့ပြီး ယခုအခါ “ဝ” ဒေသနှင့် ရခိုင်ပြည်နယ်ကပါ ကွန်ဖက်ဒရေးရှင်းတောင်းဆိုမှုများကို ကြည့်ခြင်း အားဖြင့် ဗမာပြည်မနှင့် ဆွေးနွေးနေသည့် ဖက်ဒရယ်စနစ်သည် ဆွေးနွေးခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း အပြောနှင့်လက်တွေ့ ကွာခြားနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။
NCA လက်မှတ် ရေးထိုးရုံသာမက ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေဆဲ ယနေ့ကာလမှာပင်လျှင် ပင်လုံစိတ်ဓာတ်ဖြင့် ချီတက်ရန်ကြွေးကြော်နေခဲ့သော်လည်း အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းထားခွင့်ရှိ သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ဖို့ သံန္နိဌာန်ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓာတ်နှင့် ဆန့်ကျင်နေသည့် မြေယာမူဝါဒများ၊ မြေယာဥပဒေများ တရစပ်ထွက်ရှိ နေခြင်းသည် အာဏာရှင် မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့ အမှန်တကယ် ချီတက်ရာတွင် ကြီးမားပြီး အရေးပါသည့် နိုင်ငံရေးပြဿနာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။
(ယခုဆောင်းပါးကို Transnational Institute (TNI) ၏ Myanmar in Focus ကဏ္ဍမှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)
You may also like these stories:
ဒီမြေက ကိုယ့်ခြံ ကိုယ့်ယာ ကိုယ့်မြေ
ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ
နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ