အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အစီရင်ခံစာများကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး နှစ်စဉ် ထုတ်ဝေခဲ့သည်မှာ ၂၀၂၀ ခုနှစ်ဆိုလျှင် အကြိမ်ရေ ၂၀ ရှိခဲ့ပြီး ဖြစ်သည်။
ယခု ထုတ်ဝေလိုက်သည့် အကြိမ် ၂၀ မြောက် လူကုန်ကူးမှု အစီရင်ခံစာသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ၊ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတကာရှိ အမေရိကန်သံရုံးများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များ၏ သုသေတနစာတမ်းများ၊ သတင်းမီဒီယာများ၏ ကောက်နှုတ်ချက်စာတမ်းများအပြင် သက်ဆိုင်ရာ နိုင်ငံများ၏ လူပုဂ္ဂိုလ်များ၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ပေးပို့မူများပေါ်တွင် အခြေခံပြီး စနစ်တကျ ပြုစုထုတ်ဝေသည့် အစီရင်ခံစာဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးနေသည့် မူဝါဒရေးရာများနှင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုများနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရမူများ၊ ကလေးအလုပ်သမားနှင့် ကလေးစစ်သားများ အသုံးပြုနေသည့် အပေါ်တွင် အခြေခံသည့် သတင်းအချက်အလက်များကို ကောက်ယူခဲ့သည်။
တွေ့ရှိခဲ့သည့် အချက်အလက်များနှင့် လူကုန်ကူးမှုခံခဲ့ရဖူးသူများ၏ သက်သေထွက်ဆိုချက်များကို အခြေခံပြီး သက်ဆိုင်ရာနိုင်ငံများ၏ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အဆင့်အတန်းကို သတ်မှတ်ပေးသည်။
နိုင်ငံအလိုက် လူကုန်ကူးမှု ဆိုးဝါးမှု အခြေအနေများကို သတ်မှတ်ရာတွင် အမေရိကန်အစိုးရမှ စံသတ်မှတ်ထားသည့် လူကုန်ကူးမှုခံရသူများအား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေနှင့်အညီ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ကိုင်ဆောင်ရွက်ချက်များအပေါ်တွင် အခြေခံပြီး နိုင်ငံအလိုက်အဆင့် သတ်မှတ်ပေးခြင်းဖြစ်သည်။
နိုင်ငံအဆင့်သတ်မှတ်ရာတွင် အခြေခံအားဖြင့် လူကုန်ကူးမှု ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် နိုင်ငံများကို အဆင့် ၁ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့နည်းတူပင် အဆင့် ၂ သတ်မှတ် ခံထားရသည့် နိုင်ငံများအနေနှင့် လူကုန်ကူးမှု ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ၏ အနိမ့်ဆုံး စံချိန် စံညွန်းများနှင့် ပြည့်ပြည့်ဝဝ ကိုက်ညီမှု မရှိသေးသော်လည်း လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် ကြိုးစား ဆောင်ရွက်နေသည့်နိုင်ငံများကို ထည့်သွင်း သတ်မှတ်ထားသည်။
ထို့အပြင် သက်ဆိုင်ရာနိုင်ငံများအတွင်း လူကုန်ကူးခံရမှု ပြသနာများ များပြားနေခြင်း၊ စနစ်ကျသည့် အရေးယူ ဆောင်ရွက်မှုများ မလုပ်နိုင်သည့်အပြင် သက်ဆိုင်ရာ အစိုးရ၊ တာဝန်ရှိသူများအနေနှင့် လူကုန်ကူးမှုတွင် ပါဝင်နေသည့် နိုင်ငံများကိုလည်း အဆင့် ၂ စောင့်ကြည့်ခံထားရသည့် စာရင်းတွင် ထည့်သွင်းသည်။
သက်ဆိုင်ရာအစိုးရများ အနေဖြင့် လူကုန်ကူးမှု ခံရသူများအား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေနှင့်အညီ ပြည့်ပြည်ဝဝ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည့်အပြင် သိသာထင်ရှားသည့် ကြိုးစားဆောင်ရွက်မှုများ မလုပ်သည့် နိုင်ငံများကို လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံများအဖြစ် သတ်မှတ်သည်။
တချိန်တည်းမှာပင် အဆင့် ၂ သို့မဟုတ် အဆင့် ၂ စောင့်ကြည့်စာရင်းထဲတွင် ပြန်လည်ထည့်သွင်းရန် သင့်၊ မသင့်ကို ဆုံးဖြတ်ရန် စနစ်တကျ လေ့လာသုံးသပ်ကြပြီး ကမာ္ဘ့ လူကုန်ကူးခံရမူ အဆိုးဝါးဆုံး ဖြစ်နေသည့်နိုင်ငံများကို အဆင့် ၃ ဟု သတ်မှတ်ကြသည်။
အဓိကအားဖြင့် အဆိုပါနိင်ငံများအနေဖြင့် လူကုန်ကူးမှု ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ၏ အခြေခံ စံချိန်စံညွန်းများနှင့် မကိုက်ညီသည့်အပြင် နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပတွင် လူကုန်ကူးခံရမှုများ တိုးပွားနေခြင်း၊ လူကုန်ကူးသူများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှုများ မဆောင်ရွက်နိုင်ခြင်း၊ အစိုးရတာဝန်ရှိသူများက လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေခြင်း၊ လူကုန်ကူးခံရသူများကို လျော်ကြေးပေးမှု ပျက်ကွက်ခြင်းများအပြင် အစိုးရတရပ်အနေဖြင့် လူကုန်ကူးမှု လျော့နည်းပပျောက်ရေး သင့်လျော်သည့် နိုင်ငံတော်ဘတ်ဂျက် လျာထားချက်များ မပြုလုပ်ခဲ့သည့်နိုင်ငံများကို အဆင့် ၃ အဖြစ် သတ်မှတ်လေ့ရှိပါသည်။
အမေရိကန်နိုင်ငံ၏ ၂၀၂၀ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးဝါးဆုံးအဆင့် ၃ တွင် ပါဝင်နေသည်။ မြန်မာနိုင်ငံသည် ကမာ္ဘပေါ်တွင် လူကုန်ကူးမှု အဆိုးဝါးဆုံး နိုင်ငံများ ဖြစ်သည့် ဆီးရီးယား၊ အာဖဂန်နစ်စတန်၊ မြောက်ကိုးရီးယား၊ အီရန်တို့နှင့်အတူ အဆိုးဝါးဆုံးနိုင်ငံများစာရင်း (TIR 3) တွင် ရှိနေသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပပျောက်ရေး နိုင်ငံတကာမှ သတ်မှတ်ထားသည့် အနိမ့်ဆုံး စံချိန်စံနှုန်းများကို အပြည့်အ၀ မလိုက်နာနိုင်ခဲ့သည့်အပြင် သိသာထင်ရှားသည့် ကြိုးစားဆောင်ရွက်မှုများ မလုပ် ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၃၊၂၀၁၄၊ ၂၀၁၅ ခုနှစ်များအထိ အဆင့် ၂ (2WL) စောင့်ကြည့်ခံနိုင်ငံများ စာရင်းထဲတွင် ဝင်ခဲ့သော်လည်း၊ ၂၀၁၆ ခုနှစ်တွင်၊ အဆင့် ၃ ( TIR-3) ကို ရောက်ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် (2WL) ကို ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၁၈၊၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် အဆိုးဆုံး အဆင့် ဖြစ်သည့် TIR-3 ကို ပြန်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရ၏ လူကုန်ကူးမှုနှင့် အလုပ်သမားအခွင့်အရေးများအတွက် လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ယခု အစီရင်ခံစာက သက်သေခံနေသည်။
အမေရိကန်ပြည်ထောင်စုက ၎င်းတို့ တွေ့ရှိခဲ့သည့် အချက်အလက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာနိုင်ငံများနှင့် ဒေသများအတွင်း လူကုန်ကူးမှု လျော့နည်းပပျောက်နိုင်ရန် ငွေကြေးထောက်ပံ့မှုနှင့် နည်းပညာပံ့ပိုးမှုများ လုပ်ဆောင်ပေးနေသည်။
တချိန်တည်းတွင် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ စံချိန်စံညွန်းများ အတိုင်း မလိုက်နိုင်ပါက သက်ဆိုင်ရာ နိုင်ငံများအား စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုများလည်း ပြုလုပ်လျှက်ရှိသည်။
ကမာ္ဘပေါ်ရှိ ၂၅ သန်းသော ပြည်သူတို့သည် နေ့စဉ်နှင့်အမျှ အခြေခံအခွင့်အရေးများ ဆုံးရှုံးနေပြီး ခေတ်သစ်ကျေးကျွန်များသဖွယ် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခံနေကြရသည်ဟု အဆိုပါ အစီရင်ခံစာက ဖော်ပြထားပါသည်။
လူမျိူးရေးခွဲခြားမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် အမြဲတမ်း အပြစ်မြင်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကဲ့သို့ ပုဂ္ဂိုလ်မှ “လူကုန်ကူးမှုဟာ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို ကျဆင်းစေပြီး လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီးပစ်နေပါတယ်။ လူသားဖြစ်မှုကို စော်ကားခြင်း ဖြစ်ပြီး ကမာ္ဘ၏ နေရာအနှံ့သို့ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ရောက်ရှိနေပြီဖြစ်ပါတယ်”ဟု ထုတ်ဖော်ပြောခဲ့သည်အထိ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသားများ လူကုန်ကူးခံရသည့် ဖြစ်ရပ်များအနက် ထိုင်းငါးဖမ်းလှေများပေါ် ကျေးကျွန်သဖွယ် စေခိုင်းခံရမှုများက ကမ္ဘာသိဖြစ်ရပ်ဖြစ်လာခဲ့သည်မှာ မကြာသေး။ အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းများပေါ်တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများ ရာပေါင်းများစွာ ရှိနေသေးသည်ဟု ထိုင်းနိုင်ငံ ငါးဖမ်းလှေပေါ်တွင် ဆယ်စုနှစ်ကျော် လူကုန်ကူးခံခဲ့ရပြီး အင်ဒိုနီးရှားကျွန်းပေါ်သို့ ထွက်ပြေးလွတ်မြောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုထွန်းလင်းက ပြောပြခဲ့ဖူးသည်။
“ကျနော်တို့ကို လှေပေါ်ရောင်းစားခံရတော့ ငရဲပြည်ဆိုတာ အခုကျနော်တို့ ရောက်နေတဲ့နေရာကို ခေါ်တာလားလို့ စဉ်းစားမိခဲ့တယ်။ ကျနော်လှေပေါ်မှာ အလုပ်လုပ်နေတုံး ကျနော့်ရဲ့ လက်ချောင်း ၄ ချောင်း ဆုံးရှုံးခံခဲ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို ကျနော့်လိုအဖြစ်ဆိုးမျိုးနဲ့ မကြုံစေချင်ဘူး” ဟု ကိုထွန်းလင်းက ၎င်းရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် ပြောပြခဲ့သည်။
သို့သော် ထိုဖြစ်ရပ်လိုမျိုး အလားတူ ကြေကွဲစရာ အဖြစ်မျိုးများက တရုတ်ပြည်နယ်စပ်တွင် အမျိုးသမီးများအပေါ် ပစ်မှတ်ထား ဖြစ်ပေါ်နေခဲ့သည်။ တရုတ်ကျေးလက်များတွင် မယားရှားပါးမှုများကြောင့် မြန်မာနိုင်ငံရှိ ဆင်းရဲမွဲတေသော ကျေးလက်သူများအား လှည့်ဖျားခေါ်ဆောင်ပြီး လူကုန်ကူးကူးခံနေကြရသည့် သတင်းများက ရပ်တံ့မသွားသေးပေ။
ထို့အပြင် မြန်မာနိုင်ငံသည် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရမှုနှင့် ကလေးအလုပ်သမား သုံးစွဲမှုများ ရှိနေဆဲဖြစ်ပါသည်။
ကမာ္ဘ့ကပ်ဘေး ကိုဗစ်ရောဂါ ဖြစ်နေသည့်ကာလနှင့် ကိုဗစ်ရောဂါအလွန်ကာလများတွင် နိုင်ငံတကာ၌ အလုပ်အကိုင် ရှားပါးမှုနှင့် မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်သည်။ တချိန်တည်းတွင်ပင် လူကုန်ကူးမှု ပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံတကာ လူကုန်ကူးတားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့်အဖွဲ့အစည်းများက ကြိုတင်ဟောကိန်းထုတ်ထားကြသည်။
ကိုဗစ် ရောဂါကြောင့် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက် လုပ်ကိုင် စားသောက်နေသည့် သိန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာနိုင်ငံအတွင်းမှ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်စားသောက်နေကြသည့် မြန်မာ အလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရ ခြင်းအပေါ် အစိုးရက အာရုံထား ကိုင်တွယ်နေသောအချိန်တွင် ယခုကဲ့သို့ မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံများ စာရင်းထဲတွင် ပါဝင်နေဆဲဟု မီးမောင်းထိုးပြလိုက်ခြင်းသည် မြန်မာအစိုးရအနေဖြင့် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်မှုအပေါ် ချီးမွမ်းသံများကြား ကျေနပ်မနေဘဲ လုပ်ကိုင်ဆောင်ရွက်စရာ များစွာကျန်ရှိနေကြောင်း သတိပေးနှိုးဆော်ရာလည်း ရောက်ပါသည်။
ထိုင်းနိုင်ငံတွင် အခြေချပြီး ထိုင်းနှင့် မြန်မာ လူကုန်ကူးတားဆီးရေး ရဲတပ်ဖွဲ့များနှင့် ဆယ်စုနှစ်ကျော် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အတွက် ထိုင်းနှင့်မြန်မာ အစိုးရများမှ နိုင်ငံတော်အဆင့် ဂုဏ်ပြုလွှာများ ချီးမြှင့်ခံခဲ့ရဖူးသည့် အဖွဲ့တခု ဖြစ်သည့် Myanmar Association in Thailand (MAT) အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်းက မြန်မာနိုင်ငံတွင် လူကုန်ကူးမှု လျော့နည်း ပပျောက်ဖို့ဆိုလျှင် တိကျခိုင်မာသည့် လူကုန်ကူးမှု တားဆီးရေးမူဝါဒ၊ နိုင်ငံတော်အနေဖြင့် သတ်သတ်မှတ်မှတ် ဘတ်ဂျက်လျာထားချက်နှင့် လူကုန်ကူးမှုတားဆီးရေးကို ဦးဆောင်ပြီး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ အရည်အချင်း၊ စိတ်ဝင်စားမှုတွေပေါ်တွင် အများကြီး မူတည်ကြောင်းနှင့် တချိန်တည်းတွင် အဂတိလိုက်စားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ထိထိရောက်ရောက် အပြစ်ပေး အရေးယူရမည်ဟု အကြံပြုတင်ပြခဲ့သည်။
မြန်မာနိင်ငံအစိုးရအနေဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လူကုန်ကူးမှု ခံရသူများအား ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေနှင့် အညီ စနစ်ကျသည့် မူဝါဒ ရေးရာနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သင့်ပြီး နိုင်ငံတော် အနေဖြင့် ဘတ်ဂျက် သတ်သတ်မှတ်မှတ် လျာထားသင့်ပါသည်။
လူကုန်ကူးမှု လျော့နည်းပပျောက်ရန် သက်ဆိုင်ရာအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ အလုပ်မားသမဂ္ဂများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ အကောင်အထည်ဖော်သင့်ပါကြောင်း ထပ်လောင်း တင်ပြလိုက်ရပေသည်။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့
အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်
အလုပ်သမားအရေး ဆောင်ရွက်သူများ ရွေးကောက်ပွဲ ဝင်ပြိုင်မည်