၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းကြရမည့် ကာလနှင့် စိစစ်မည့် ကာလာများအစရှိသဖြင့် အရေးကြီးသည့် သတ်မှတ်ချက်များလည်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။ မဲစာရင်းလည်း နိုင်ငံအနှံ့ ပြုစုနေပြီဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများသည်လည်း ရွေးကောက်ပွဲ စတင်ကြေညာသည့် ရက်မှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရကြပြီဖြစ်သည်။ အထွေထွေရွေးကောက်ပွဲဖြစ်သည်နှင့် အညီ အစိုးရအပြောင်းအလဲဖြစ်လာမည့် ရွေးကောက်ပွဲဖြစ်သည်မို့ ပြည်သူအများလည်း စိတ်ဝင်စားလျက်ရှိကြသည်။ နိုင်ငံရေးပါတီအသီးသီးတို့သည်လည်း ရွေးကောက်ပွဲကို ဦးတည် ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်တော့ NLD ပါတီမှ သောင်ပြိုကမ်းပြိုအနိုင်ရရှိ၍ လွတ်လွတ်ကင်းကင်း အစိုးရဖွဲ့နိုင်ခဲ့သည်။ ဤနေရာတွင် အစိုးရဖွဲ့နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအရေအတွက်၏ အမတ်နေရာမည်မျှရရှိရန် လိုအပ်မည်ကို အနည်းငယ်ရှင်းပြလိုပါသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကို တပ်မတော်သားကိုယ်စားလှယ်အပါအဝင် ၄၄၀ ဦးနှင့် အမျိုးသားလွှတ်ကို တပ်မတော်သားကိုယ်စားလှယ်အပါအဝင် ၂၂၄ ဦးတို့ဖြင့် ဖွဲ့စည်းခြင်းကြောင့် လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ ဦးရှိပြီး ၎င်းလွှတ်တော်နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟူ၍လည်း သတ်မှတ်သည်။
ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံတော် သမ္မတတင်မြှောက်ရန် ပြည်သူ့လွှတ်တော်မှ ဒုသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်မှ ဒုသမ္မတတစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှ ဒုသမ္မတတစ်ဦး စုစုပေါင်း ဒုသမ္မတသုံးဦးတင်မြှောက်၍ ပြည်ထောင်စုလွှတ်တော်၏ အမတ်ဦးရေစုစုပေါင်း ၆၆၄ ဦးဖြင့်ဖွဲ့စည်းသော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ သမ္မတကို မဲပေးရွေးချယ်တင်မြှောက်သည်။ ထို့နောက်နိုင်ငံတော်သမ္မတမှ အစိုးရအဖွဲ့ဖွဲ့စည်းပြီး လွှတ်တော်မှ အတည်ပြုပေးသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ ဝန်ကြီးချုပ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲ ရွေးချယ်တင်မြှောက်သည်။ အချုပ်ဆိုရသော် ပါတီတခုအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းတွင် စုစုပေါင်း၏ မဲထက်ဝက်ကျော် ၃၃၃ ဦး (၅၁%) အထိ အနိုင်ရရှိပါက မိမိတို့လိုလားသော သမ္မတကို တင်မြှောက်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကိုပါ ရွေးချယ်တင်မြှောက်သွားနိုင်မည်ဖြစ်သည်။
လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ ဦးတွင် အရပ်သားကိုယ်စားလှယ်၊ ပြည်သူမှ ရွေးကောက်ပွဲမှတစ်ဆင့်ရွေးချယ်တင်မြှောက်ကြရသည့် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၄၉၈ ဦးရှိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်တော့ NLD မှ လွှတ်တော်နှစ်ရပ်ပေါင်းကို ၃၉၀ ဦးအနိုင်ရရှိခဲ့သည့်အတွက် လွတ်လွတ်ကင်းကင်း တစ်ပါတီထဲမှ ဦးဆောင်၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD မှ ထိုသို့ လွတ်လွတ်ကင်းကင်း မဲထက်ဝက် ကျော် အနိုင်ရရှိနိုင်ပါဦးမလား။ အကယ်၍ လိုအပ်သော မဲအရေအတွက် ၃၃၃ အထိ အနိုင်မရရှိခဲ့ပါက အစိုးရဖွဲ့ရန် မည်သို့ဖြစ်လာမည်နည်း။
၎င်းမေးခွန်းကို ဖြေဖို့ မချဉ်းကပ်မီ NLD ၏ အစိုးရသက်တမ်း ၅ နှစ်တာအတွင်း လူထုထောက်ခဲ့မှု ပို၍တက်လာသလား၊ လျှော့ကျသွားသလားဆိုသည်ကို ဦးစွာ စဉ်းစားကြည့်သင့်သည်။ NLD ၏ အစိုးရသက်တမ်း ၅ နှစ်တာအတွင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မျှော်မှန်းသလောက် ရှေ့မရောက်နိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲပြင်းထန်မှုများပင် ပေါ်ပေါက်ခဲ့သည်။ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု အခြေအနေများမှာလည်း ပို၍ပင် တင်းကျပ်လာသည်ဟု သုံးသပ်ပြောဆိုကြသည်။
အသံ (Athan) အဖွဲ့၏ ကနဦးအစီရင်ခံစာ ထုတ်ပြန်ချက်အရ NLD အစိုးရ၏ ၄ နှစ်တာ သက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကန့်သတ်သည့် ဥပဒေအမျိုးမျိုးတို့ဖြင့် တရားစွဲဆိုခံရမှု ၅၃၉ မှုအထိရှိခဲ့ပြီး၊ ၁၀၅၁ ဦးအထိ တရားစွဲဆိုခံခဲ့ကြရသည်။ ဤအချက်များကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ NLD အစိုးရအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။
သို့သော်လည်း တဖက်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ရိုဟင်ဂျာ(အစိုးရမှ တရားဝင် ဘင်္ဂါလီဟူ၍ သာ သုံးနှုံးသည်) အရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ICJ သို့ သွားရောက်၍ ရင်ဆိုင်ဖြေရှင်းခြင်း၊ COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ အစိုးရမှ ကိုင်တွယ်ဖြေရှင်းပုံများကြောင့် NLD ၏ ပုံရိပ်နှင့် ထောက်ခံမှု မြင့်တက်လာသည်ဟု သုံးသပ်ကြသည်လည်း ရှိသည်။
မည်သို့ပင်ဆိုစေ ၎င်းအချက်နှင့်ပတ်သက်၍ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပုံးများက အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။
စာရေးသူအနေဖြင့် ဖြစ်နိုင်ခြေရှိသော ရလဒ်များကို အချက်အလက်များပေါ်တွင် မူတည်၍ သုံးသပ်တင်ပြလိုသည်။ ပထဦးစွာ ပြည်သူ့လွှတ်တော်ဖွဲ့စည်းပုံကို လေ့လာကြည့်ကြစို့။ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့်ဖွဲ့စည်းသည်။ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးတို့ဖြင့်ဖွဲ့စည်းသည်။ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့်ဖွဲ့စည်းသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်တခုစီအတွက် ၁၂ ဦးကျစီဖြင့် စုစုပေါင်းကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးတို့ဖြင့်ဖွဲ့စည်းသည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးတို့ အတွက် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
နောက်တဆင့်အနေဖြင့် ၎င်းအရေအတွက်ကို တိုင်းဒေသကြီး ၇ ခုတွင် ရှိသော စုစုပေါင်း အရေအတွက်နှင့် ပြည်နယ် ၇ ပြည်နယ်တွင် ရှိသော စုစုပေါင်းအရေအတွက်ကို ခွဲထုတ်စဉ်းစားကြည့်လိုသည်။
ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်း ကိုယ်စားလှယ် ၃၃၀ ဦးအနက် တိုင်းဒေသကြီး ၇ ခုတွင် စုစုပေါင်းကိုယ်စားလှယ်အရေအတွက် ၂၀၇ ဦးရှိမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် စုစုပေါင်း ၁၆၈ ဦးအနက် တိုင်းဒေသကြီး ခုနှစ်ခုအတွက် ၈၄ ဦးရှိမည်ဖြစ်သည်။ ထို့ကြောင့် ဗမာအများစုရှိသော တိုင်းဒေသကြီး ၇ ခုတွင် အပြည့်အဝအနိုင်ရရှိမည်ဆိုပါက ပြည်သူ့လွှတ်တော် ၂၀၇ ဦးနှင့် အမျိုးသားလွှတ်တော် ၈၄ ဦး စုစုပေါင်း ၂၉၁ ဦး (၄၃ % ခန့်) အနိုင်ရရှိမည်ဖြစ်သည်။
သို့သော် အစိုးရဖွဲ့စည်းရန် အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း အနည်းဆုံး ၃၃၃ ဦး (၅၁%) အနိုင်ရရှိရန် လိုအပ်သဖြင့် ပြည်နယ် ၇ ခုမှ အနည်းဆုံး ၄၉ ဦးနေရာအတွက် အနိုင်ရရှိရန် ထပ်မံလိုအပ်ဦးမည်ဖြစ်သည်။ ထို့ကြောင့် NLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လွတ်ကင်းကင်း အစိုးရဖွဲ့နိုင်သည့် ပမာဏအနိုင်ရရှိရန် ပြည်နယ်များမှ မဲဆန္ဒရှင် ပြည်သူများ၏ ထောက်ခံမှုကိုပါ ရရှိရမည်ဖြစ်သည်။
ယခုဆက်လက်၍ ၂၀၁၅ တွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည့် အရေအတွက်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးခွဲ၍ လေ့လာကြည့်မည်ဖြစ်သည်။ (ဤနေရာတွင် NLD ပါတီကိုသာ ဦးတည်ပြောရခြင်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် ပါတီအသစ်များ များစွာပေါ်ပေါက်လာသော်လည်း တနိုင်ငံလုံးအတိုင်းအတာ သောင်ပြိုကမ်းပြိုနိုင်၍ NLD ပါတီထက် စံချိန်ချိုးနိုင်မည့် ပါတီမပေါ်သေး၍ ဖြစ်သည်။)
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD အနေဖြင့် တိုင်း ၇ တိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀၇ ဦးနေရာအတွက် ၁၉၈ ဦးအထိ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်အတွက် စုစုပေါင်း ၈၄ ဦးနေရာရှိသည့် အနက် ၈၂ ဦးအထိ အနိုင်ရရှိခဲ့သည်။ ထို့ပြင် ပြည်နယ်ရှိ မဲများကို ပြည့်သူ့လွှတ်တော်အတွက် ၅၇ နေရာနှင့် အမျိုးသားလွှတ်တော် အတွက် ၅၃ နေရာတို့ အသီးသီး ရရှိခဲ့ကြသည်။ ပြည်သူ့လွှတ်အတွက် အများဆုံးရရှိခဲ့သော ပြည်နယ်များမှာ ကချင် ၁၂ ဦးနှင့် ရှမ်း ၁၂ ဦးတို့ဖြစ်သည်။ အမျိုးသားလွှတ်တော်အတွက် အများဆုံးရရှိခဲ့သော ပြည်နယ်များမှာ ကချင် ၁၀ ဦး၊ ကရင် ၁၀ ဦီးနှင့် မွန် ၁၁ ဦးတို့ဖြစ်ကြသည်။
ပြည်နယ်များ၏ မဲကို ၂၀၁၅ ကဲ့သို့ ထပ်မံရရှိရန် NLD မည်မျှသေချာမည်နည်း။ အထူးသဖြင့် NLD အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖဒရယ်အရေး၊ တန်းတူညီမျှရေး၊ တိုင်းရင်းသားများ၏ အသံနှင့် အမှတ်သရုပ်လက္ခဏာများကို မည်မျှအလေးထားဆောင်ရွက်ခဲ့သနည်း ဆိုသည့်အချက်များက လာမည့်ရွေးကောက်ပွဲပေါ်တွင် သက်ရောက်မှုများရှိနိုင်သည်။ ဥပမာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း ကိစ္စရပ်များသည် သိသာထင်ရှားသော သာဓကဖြစ်သည်။
ထို့ပြင် ၂၀၁၅ တွင် တိုင်းရင်းသားပြည်နယ်များ၌ ပြည်နယ်အခြေပြု၊ တိုင်းရင်းသားကိုယ်စားပြုပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ထိုသို့ ကိုယ်စားပြုပါတီများ တစ်ပါတီမက ရှိကြခြင်းကြောင့် မဲကွဲခဲ့ကြသည်ကို တိုင်းရင်းသားပါတီများမှလည်း သင်ခန်းစာယူ၍ ၂၀၂၀ အတွက် ပါတီအချင်းချင်းပူးပေါင်း၍ တပါတီအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားပါတီအချင်းချင်းပူးပေါင်း၍ ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ (ဥပမာ UNA) သော်လည်းကောင်းဖွဲ့စည်း၍ ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိကြသည်။ ထို့ကြောင့် ပြည်နယ်များ၌ ၂၀၂၀ ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်သည်။
အကယ်၍ NLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်ပေါင်းအတွက် စုစုပေါင်းကိုယ်စားလှယ်အရေအတွက်၏ ထက်ဝက်ကျော် ၃၃၃ ဦး အနိုင်မရှိခဲ့လျှင် ၎င်းတို့တပါတီထဲဖြင့် လွတ်လွတ်ကင်းကင်း အစိုးရဖွဲ့နိုင်မည်မဟုတ်တော့ပေ။ ထို့သို့ဆိုလျင် အစိုးရဖွဲ့ရန်အလို့ငှာ မိမိတင်မြှောက်လိုသော သမ္မတကို မဲပေးမည့် လွှတ်တော်အတွင်း အခြားသောအင်အားစု လိုအပ်လာမည် ဖြစ်သည်။ သို့သော် NLD ပါတီသည် ထက်ဝက်မကျော်သော်လည်း နေရာအများအပြား အနိုင်ရရှိထားလျှင် ၎င်းတို့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် တပ်မတော်ကိုယ်စားလှယ် (သို့) တိုင်းရင်းသားပါတီတစ်ခုခု သို့မဟုတ် တခုမကသော ပါတီဖြင့် ညှိနှိုင်းဖွဲ့စည်းရမည်ဖြစ်သည်။
ဤနေရာတွင် မြန်မာနိုင်ငံသည် သမ္မတစနစ်ဖြစ်သောကြောင့် ပါလီမန်စနစ်ကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညွန့်ပေါင်းအစိုးရမျိုးဖွဲ့စည်း၍ ရသည်မဟုတ်ပေ။ သို့သော် အထက်တွင် သုံးသပ်တင်ပြခဲ့သည့်အတိုင်း သမ္မတကို ရွေးချယ်တင်မြှောက်နိုင်သည့် ပါတီသည် ၎င်းတို့စိတ်ကြိုက်အစိုးရဖွဲ့နိုင်မည်ဖြစ်၍ ပါတီတခုထဲဖြင့် သမ္မတတင်မြှောက်ရန် လုံလောက်သည့် မဲမရှိခဲ့လျှင် အားလုံးထဲတွင် မဲအများစုရရှိထားသောပါတီက အခြားသော ပါတီများဖြင့် ညှိနှိုင်းရမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေတွင်တော့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့သည်လည်း လွှတ်တော်နှစ်ရပ်ပေါင်း ၁၆၆ ဦီး (၂၅ %) ရရှိထားသည်မို့ ထည့်သွင်းစဉ်းစားနိုင်သည့် အင်အားစုတစ်ခုဖြစ်သည်။ သို့သော်လည်း NLD ပါတီ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးမှ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် စဉ်းစားထားခြင်းပင် မရှိကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အခြားသော ဖြစ်နိုင်ခြေတစ်ခုမှာ ပြည်နယ် ၇ ခုအတွက် လွှတ်တော်နှစ်ရပ်ပေါင်းကို တိုင်းရင်းသားပါတီ အသီးသီးကသာလျှင် အပြည့်အဝအနိုင်ရရှိခဲ့လျှင် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၂၀၇ ဦး (၃၁%) ရှိမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် NLD ပါတီနှင့် ဆွေးနွေးညှိနှိုင်း၍ အဆင်မပြေပါက တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ၁၆၆ ဦး (၂၅%) ဖြင့် ညှိနှိုင်းပါက ညွန့်ပေါင်းဖွဲ့နိုင်မည်ဖြစ်သည်။ ဤလမ်းကြောင်းသည် ဖြစ်နိုင်ခြေနည်းသည်ဟု မြင်သည်။
သို့သော် တိုင်းရင်းသားပါတီများအနေဖြင့် လည်း ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် မျှော်လင့်ကြောင်း၊ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်လျင် အကျိုးများမည်ဟု ယုံကြည်ကြောင်း သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်များရှိ၍ NLD ပါတီအနေဖြင့်လည်း အစိုးရဖွဲ့နိုင်လောက်သည့် ပမာဏ အနိုင်မရရှိခဲ့ပါက တိုင်းရင်းသားပါတီများနှင့်ညှိနှိုင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စဉ်းစားနိုင်ပေသည်။ ဤဖြစ်တန်ရာသည်သာ အကျိုးများနိုင်ကြောင်း ထင်မြင်ယူဆမိပါသည်။
အမှန်တကယ် NLD အနေဖြင့် မဲထက်ဝက်ကျော် အနိုင်မရခဲ့မှသာလျင်မဟုတ်ပဲ မဲထက်ဝက်ကျော်နိုင်ခဲ့လျှင်ပင် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်း၍ ညွန့်ပေါင်းအစိုးရမျိုးဖွဲ့စည်းသင့်ပါသည်။ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များကို အစိုးရအဖွဲ့အတွင်း နေရာပေးလျင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် များစွာအကျိုးရှိမည်ဟု ယူဆမိပါသည်။
(ထွဋ်မင်းမြတ်သည် ထိုင်းနိုင်ငံ ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်အခြေစိုက် လွတ်လပ်သော သုတေသီ တဦးအဖြစ် မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ပဋိပက္ခဖြစ်စဉ်များ၊ ဒီမိုကရေစီရေး၊ နိုင်ငံရေးအခြေအနေများကို လေ့လာနေသည်။)
You may also like these stories:
တိုင်းရင်းသား၊ နိုင်ငံသား အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် မြန်မာ့အကျပ်အတည်း
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို