အမေရိကန်နဲ့ တရုတ် ရန်ပွဲကြားမှာ မြန်မာ ကြိုးတန်းလမ်းလျှောက်နေရ

Joe Kumbun
အမေရိကန်နှင့် တရုတ်သံရုံးတို့၏ စကားစစ်ထိုးပွဲကို ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က သရုပ်ဖော်ရေးဆွဲထားသည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက အင်အားကြီးနိုင်ငံ ၂ ခု ဖြစ်သော အမေရိကန်နှင့် တရုတ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ ဆိုရှယ် မီဒီယာပေါ်တွင် လက်ဝှေ့ရေး ပြခဲ့ကြသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးမှ သံရုံး ယာယီတာဝန်ခံ George N. Sibley ၏ ဆောင်းပါး တပုဒ်ကို ဖော်ပြခဲ့သည်။ “အခြားနေရာမှ အချုပ်အခြာ အာဏာတိုက်စားခြင်းက မြန်မာနိုင်ငံအပေါ် မည်သို့ သက်ရောက်မည်နည်း” ဟု ခေါင်းစဉ်တပ်ထားသော ထိုဆောင်းပါးကို သံရုံး၏ ဝက်ဘ်ဆိုက်တွင်လည်း တင်ထားသည်။ ဆောင်းပါးတွင် George N. Sibley  က တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာကို မလေးမစား ပြုနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အပြုအမူတွင် မြန်မာနိုင်ငံသည်လည်း လွတ်ကင်းခဲ့ခြင်း မရှိဘဲ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုများနှင့် ၎င်း၏ အချုပ်အခြာ အာဏာအပေါ် ထိပါးခြင်းများ ခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။ သူ၏ ဆောင်းပါးကို “ … နှစ်ပေါင်း ၇၀ ကျော် ကလိုပင် အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူများအတွက် မိတ်ဆွေတဦးအနေနှင့်ရော မိတ်ဖက်လက်တွဲဖော် တဦးအနေနှင့်ပါ ရပ်တည်လျက် ရှိပါသည်” ဟု ရေးသား အဆုံးသတ်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ တဦးက George N. Sibley ၏ ပြောကြားချက် ကို ပယ်ချခဲ့ပြီး “သူက အတင်းအဓမ္မ နှိုင်းယှဉ်မှုတွေ ပြုလုပ်ဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ တရုတ်နိုင်ငံကို စွပ်စွဲ တိုက်ခိုက်ဖို့၊ တရုတ်နဲ့ မြန်မာ ၂ နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်မှု နဲ့ ၂ နိုင်ငံဆက်ဆံရေးကြားမှာ ရည်ရွယ်ချက်ရှိရှိ သပ်လျှိုဖို့ ကောလာဟလဆန်တဲ့ သက်သေအထောက်အထားတွေ အပေါ်မှာ အခြေခံပြီး အမှားနဲ့ အမှန်ကို ရောထွေး ကာ ပြောဆိုခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ တရုတ် သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံ၏ ပေါက်ဖော် (သို့) ညီရင်းအစ်ကိုဖြစ်သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ခုခံကာကွယ်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) တွင် မြန်မာနိုင်ငံအား ထောက်ခံမှုမှသည် COVID-19  အကူအညီများအထိ မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှု စာရင်းတခုကို နမူနာ ထုတ်ပြခဲ့သည်။

ရန်ကုန်ရှိ အမေရိကန်နှင့် တရုတ်သံရုံးများမှ အထက်တန်းအရာရှိ ၂ ဦး ကြားမှ “စကားစစ်ထိုးပွဲ” သည် ဒေသတွင်း၌ ပိုမို ကြီးမားသော အင်အားပြိုင်ဆိုင်မှု၏ လက္ခဏာ တခုဖြစ်ပြီး မြန်မာနိုင်ငံသည် အလွန်အရေးကြီးသည့် လမ်းဆုံတခုတွင် ရှိ နေကြောင်းကို  ပြသနေသည်။ မြန်မာနိုင်ငံ အနေဖြင့် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြန်လည် သုံးသပ်ရတော့မည် ဖြစ်ပြီး ပြိုင်ဆိုင်မှုများကြားတွင် စစ်မှန်သော မိတ်ဖက်ကို ရွေးချယ်ရတော့မည် ဖြစ်သည်။

ဇူလိုင်လ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုတွင် မေးခွန်းတခုကိုဖြေကြားရာ၌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မြန်မာနိုင်ငံသည် ၎င်း၏ ဘက်မလိုက် ကြားနေရေးမူဝါဒကို ဆက်လက်ကိုင်စွဲသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ သို့မဟုတ် အမေရိကန် နိုင်ငံတခုခုကို မျက်နှာသာပေးခြင်း ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

အမှန်တကယ်တွင် တရုတ်အပေါ်ထားရှိသော မြန်မာနိုင်ငံ၏ မူဝါဒက ထို “ပေါက်ဖော်” အယူအဆပေါ်တွင် အခြေခံ၍ တည်ဆောက်ခဲ့ပုံ ရပါသည်။

ဥပမာအားဖြင့် ၂ နိုင်ငံ၏ ပထဝီအနေအထားအရ ဆက်သွယ်မှု၊ သူတို့၏ စီးပွားရေးအရ ဆက်ဆံမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအပေါ် တရုတ်၏ အကာအကွယ်ပေးမှု စသည့် ကိစ္စရပ်အချို့က နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ခန့်မှန်းခြေအားဖြင့် ၂၁၇၀ ကီလိုမီတာ ထိစပ်နေခြင်းက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအပေါ်  ကြီးစွာ လွှမ်းမိုးမှုကို ဖြစ်စေသည့် ပထဝီအရ ဆက်သွယ်မှုကို ဖန်တီးပေးသည်။ နယ်စပ်အနီးတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ တဆင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေခဲ့သည်။ ထိုနည်းတူစွာပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးအပါဆုံး စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ (၂၀၁၉ ခုနှစ်တွင် စင်ကာပူက ကျော်တက်သွားခဲ့သည်) မြန်မာနိုင်ငံ တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိက မြီရှင် နိုင်ငံလည်း ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက အခိုင်အမာပြောကြား ခဲ့သကဲ့သို့ပင် ဘေဂျင်းသည် မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားများမှ အကာအကွယ်ပေးခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက် နေ့တွင် ရခိုင်ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ ဦး တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက် အတို တခုကို တရုတ်နိုင်ငံက တားမြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင်လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

အခြားတဖက်မှ ကြည့်လျှင် အမေရိကန် အပေါ်ထားရှိသော မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒက တရုတ်နိုင်ငံကို ဟန်ချက် ညီစေရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ရည်ရွယ်ထားခဲ့သည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဟုခေါ်ရမည့် စနစ်ဆီသို့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ စတင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအပေါ် ထားရှိသော ထိုမူဝါဒများက မြင်သာ ထင်ရှားလာခဲ့သည်။ ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်သမ္မတ Barack Obama ကို ဖိတ်ခေါ် ကြိုဆိုခဲ့သည်။ အလားတူပင် သူက ၂၀၁၃ ခုနှစ်တွင် အမေရိကန်သို့ အလည်အပတ် သွားရောက် ခဲ့သည်။ အဆိုပါ ခရီးစဉ်များက ၂ နိုင်ငံကြားမှ ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ၏ မှီခိုအားထားမှုကို လျော့နည်းစေခဲ့သည်။

ထို့နောက် အမေရိကန်က မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်များစွာချမှတ်ခဲ့သော စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ထံမှ အကြီးအကျယ် ထောက်ခံမှုရရှိခဲ့သည်။

သို့သော်လည်း လူနည်းစု ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းနှင့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်များ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က နှုတ်ဆိတ်နေခြင်း တို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် နောက်ထပ် ပစ်မှတ်ထား ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့ပြီး ဆက်ဆံရေးက ယိုယွင်းလာခဲ့သည်။

အခြားတဖက်တွင်မူ တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံခြားဆက်ဆံရေးတွင် ရိုးရာ အစဉ်အလာ ဖြစ်သော ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် မူဝါဒမှ ခွဲထွက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ကိစ္စများတွင် စတင် ပါဝင်လာခဲ့သည်။ ဥပမာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံကြား ရိုဟင်ဂျာများ ပြန်ပို့ရေး လုပ်ငန်း၌ ကြားဝင် ဖြန်ဖြေပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနီးကပ် ပါဝင်နေပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြားတွင် ဖြန်ဖြေပေးနေခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာ၏ စစ်ဆေးခြင်းနှင့် အရေးယူ အပြစ်ပေးခြင်းများမှ အကာအကွယ်ပေးနေသည်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဖြစ်သည်။

ထိုအကြောင်းများကြောင့် မြန်မာအစိုးရနှင့် အထူးသဖြင့် တပ်မတော်က လတ်တလောတွင် တရုတ်နိုင်ငံကို ကမောက်ကမ ဖြစ်နေရသည့် ကာလတခုအတွင်းမှ ကယ်တင်ရှင်အဖြစ် ရှုမြင်ခဲ့ကြသည်။

ထို့ကြောင့် စစ်မှန်သော ဟန်ချက်ညီမျှမှုအတွက် လုပ်ဆောင်ရမည့်အစား တရုတ်နိုင်ငံဘက်သို့ ပိုမို၍ နီးကပ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် (ဒေသတွင်းမှ အများစုက ခြိမ်းခြောက်မှုတခုသဖွယ် ရှုမြင်သော) စစ်ရေး တွင် မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်သို့ ယိမ်းလိုသည့် ဟန်ကို ပြသခဲ့သည့် အသွင်ရှိပါသည်။

ဇန်နဝါရီလတွင် တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် မြန်မာနှင့် တရုတ်နိုင်ငံကြားမှ ဆက်ဆံရေးက ခိုင်မာလာပုံရသည်။ ဥပမာပြရလျှင် မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံအား “ယုံကြည်စိတ်ချရသော ထာဝရ မိတ်ဆွေ” အဖြစ် ပင် ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံအတွင်းတွင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (BRI) စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို တပ်မတော်က ဆက်လက် အာမခံမည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက စစ်ရေးနှင့် စီးပွားရေး အင်အားအရ မြင့်တက်လာပြီး အာရှနှင့် အာရှ အပြင်မှ မည်သည့် ပြိုင်ဘက်ကို မဆို စိန်ခေါ်နိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံကို အရှေ့ ပိုင်းမှ ဂျပန်နိုင်ငံမှသည် အနောက်ဘက်မှ အိန္ဒိယ အထိ၊ တောင်ပိုင်းတွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတို့ မှသည် အနောက်ဘက်အစွန်းမှ အမေရိကန်အထိ ပြိုင်ဘက်များက ဝိုင်းရံထားကြောင်း သတိရသင့်ပါသည်။

 အမေရိကန်က အင်ဒိုပစိဖိတ်ဒေသအပေါ်တွင် အာရုံစူးစိုက်နေပြီး အင်ဒိုပစိဖိတ်မဟာဗျူဟာကို ရေးဆွဲလျက် ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် အမေရိကန်ကာကွယ်ရေးဌာနက ၎င်း၏ အင်ဒိုပစိဖိတ် မဟာဗျူဟာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာတွင် “ကြိုတင်ပြင်ဆင်မှု၊ မိတ်ဖက်ပြုခြင်းများနှင့် ကွန်ရက် ချိတ်ဆက်ထားသော ဒေသတခုအား မြှင့်တင်ခြင်း” တို့က အဓိကကျသော အစိတ်အပိုင်းများဖြစ်သည်။ “ကြိုတင်ပြင်ဆင်မှု” မှတဆင့် အမေရိကန်က မည်သည့် ပဋိပက္ခတွင်မဆို အနိုင်ရရန် ၎င်း၏ စစ်ရေးစွမ်းရည်ကို ထိန်းသိမ်းထားရန် ရည်ရွယ်သည်။ “ မိတ်ဖက်ပြုခြင်းများ” မှ တဆင့် ၎င်း၏ ပြိုင်ဘက်ကင်း မဟာမိတ် ကွန်ရက်ကို ခိုင်မာစေရန် ကြိုးစားမည် ဖြစ်သည်။ “ကွန်ရက် ချိတ်ဆက်ထားသော ဒေသတခုအား မြှင့်တင်ခြင်း” သည် အမေရိကန်၏ မဟာမိတ်များနှင့် မိတ်ဖက်ပြုခြင်းများက နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို အခြေပြုသည့် အစီအစဉ်ကို ထိန်းသိမ်းထားရန် ကွန်ရက်ပြုထားသော လုံခြုံရေး အဆောက်အဦး တခု အဖြစ်သို့ ခိုင်မာအားကောင်းလာရေးနှင့် တိုးတက်ပြောင်းလဲရေးကို ရည်ညွှန်းသည်။

ထို့ကြောင့် အမေရိကန်က ဒေသတွင်း လက်နက် ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ထိုးခြင်းအားဖြင့် ၎င်း၏ မိတ်ဖက်ပြုမှုများ ခိုင်မာအောင် ဆက်လက် ပြုလုပ်နေသည်။ ဥပမာအားဖြင့် အမေရိကန်သမ္မတ Donald Trump က၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယသို့ အလည်အပတ် ရောက်ရှိစဉ်အတွင်း အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ (၄.၈ ထရီလီယံ ကျပ်) တန်ဖိုးရှိ လက်နက်ရောင်းချမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၉ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ၈ ကြိမ်မြောက် မော်စကိုညီလာခံမှ “အင်ဒိုပစိဖိတ် ဒေသ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသလုံခြုံရေးအတွက် အလားအလာများ” နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သည့် အတွက် အင်ဒိုပစိဖိတ်ဒေသ သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာအတွက် မည်မျှအရေးကြီးကြောင်း သေချာပေါက် နားလည် သဘောပေါက်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အကယ်၍ အင်အားကြီးနိုင်ငံ ၂ ခုဖြစ်သော အမေရိကန်နှင့် တရုတ်တို့ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ဖြစ်စေ သို့မဟုတ် အခြားမည်သည့် အကြောင်းပြချက်အတွက် ဖြစ်စေ စစ်ရေးအရ ထိပ်တိုက်တွေ့မှု ရှိလာခဲ့လျှင် ဒေသတွင်း နိုင်ငံအများစု အမေရိကန်နှင့် သေချာပေါက် ပူးပေါင်းဆောင်ရွက်လိမ့်မည် ဖြစ်သည်။

အချုပ်အားဖြင့် ပြောရလျှင် တရုတ်နိုင်ငံ၏ အစီအစဉ်ကို လိုက်နာရန် စီးပွားရေးအရ မက်လုံးပေးမှုနှင့် အကယ်၍ မလိုက်နာပါက ပြစ်ဒဏ်များကိုလည်း ရင်ဆိုင်နေရသော မြန်မာနှင့် အခြား အာဆီယံအဖွဲ့ဝင်များ အတွက် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုက မကြုံစဖူးနှင့် မလွှဲမရှောင်နိုင်သော စိန်ခေါ်မှုတခု ဖြစ်စေသော်လည်း အကယ်၍ ၎င်း၏ အမျိုးသား အချုပ်အခြာအာဏာကို ထိန်းသိမ်းရေးအတွက် ဆိုလျှင် မြန်မာနိုင်ငံအတွက် အမေရိကန်နှင့် ခိုင်မာ အားကောင်းသော မိတ်ဖက်ပြုမှုတခု တည်ဆောက်ခြင်းကလည်း မကြုံစဖူး အရေးပါမှု ဖြစ်နိုင်ပါသည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာသုံးသပ်သူ တဦး ဖြစ်ပါသည်။  ဧရာဝတီအင်္ဂလိပ်ပိုင်းမှ ၎င်း၏ As the US and China Spar, Myanmar Walks a Tightrope ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ

တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်

Did you find apk for android? You can find new Free Android Games and apps.
Loading