သဘာဝသယံဇာတများကို ကမ္ဘာမြေက ပေးပြီး လူသားများအတွက် ကောင်းခြင်းမင်္ဂလာဖြစ်ပုံရသည်။ သို့သော် နိုင်ငံတနိုင်ငံအနေဖြင့် ထိုမွေးရာပါ အခွင့်အရေးများကို ကောင်းစွာစီမံနိုင်ခြင်းမရှိလျှင် ကြွယ်ဝလှသော သဘာဝသယံဇာတများသည် ကောင်းခြင်းမင်္ဂလာဖြစ်လာမည်မဟုတ်ပေ။ လက်တွေ့တွင် ထိုသယံဇာတများသည် ကောင်းခြင်းမင်္ဂလာထက် ကျိန်စာသာဖြစ်လာပေမည်။
“သယံဇာတ ကျိန်စာ”ဟူသော စကားလုံးကို သယံဇာတကြွယ်၀သော နိုင်ငံများ မည်သည့်အတွက် ဆင်းရဲရသည်ဆိုသည့် ရှုပ်ထွေးလှသော ပြဿနာကို လေ့လာခဲ့သူ ရစ်ချတ် အမ် အော်တီက တီထွင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သယံဇာတ ကျိန်စာသင့်နေသည်။
မြန်မာနိုင်ငံသည် သတ္တုတွင်း အများအပြား ဥပမာ ကျောက်မီးသွေး၊ ကျောက်စိမ်း၊ ပတ္တမြား၊ ငွေ စသည့် တွင်းထွက်များမှသည် ကျွန်းသစ်နှင့် အခြားသစ်များအထိ ထူးခြားစွာပေါကြွယ်သော နိုင်ငံဖြစ်သည်။
သို့သော် ထိုသယံဇာတများကို အထက်လွှာများ၏ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ထိန်းချုပ်ထားပြီး မြန်မာအစိုးရ အဆက်ဆက်က စီမံခန့်ခွဲမှု မှားယွင်းနေကြသည်။ ထို့ကြောင့် ဝန်ဆောင်မှုကဏ္ဍများကို အထောက်အကူပြုနိုင်သော ကုန်ထုတ်လုပ်ရေးကဏ္ဍသည်သေးငယ်နေတတ်သည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများသည် အဓိက ကုန်သွယ်သော ပစ္စည်းများဖြစ်နေပြီး ကုန်ထုတ်လုပ်ရေး ကဏ္ဍသည်သေးငယ်ကာ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် အသုံးပြုနိုင်သော လုပ်အားနှင့် ငွေရင်းများကို သယံဇာတ ထုတ်လုပ်ရေးတွင် အသုံးပြုနေကြသည်။
အထူးသဖြင့် ကျောက်စိမ်းကြွယ်ဝသည့် ကချင်ပြည်နယ်မှ ဖားကန့်ဒေသသည် မာရှက် အက်စ် မန်ဆော့ဘ် တီထွင်ခဲ့သည့်စကားလုံးဖြစ်သည်” အောင်မြင်သူ၏ ကျိန်စာ” သင့်နေပုံရသည်။ ထိုစကားမှာ သယံဇာတ ကြွယ်၀သော နိုင်ငံတနိုင်ငံသည် လက်ရှိအချိန်တွင် ကောင်းချီးပေးခံနေရသော်လည်း နောက်ဆုံးတွင် ထိုသယံဇာတအတွက် အန္တရာယ်ကျရောက်လိမ့်မည်ဟု ဆိုလိုသည်။
ကျောက်စိမ်းထုတ်လုပ်သော ကုမ္ပဏီများသည် ကြီးမားလှသည့် အကျိုးအမြတ်များရရှိကြပြီး ထိုအကျိုးအမြတ်များကို အဆင့်မြင့် သွင်းကုန်များအတွက် သုံးစွဲကြသည် သို့မဟုတ် ပြည်ပဘဏ်များမှ ငွေစာရင်းများတွင် အပ်နှံကြသည်။
တရုတ်စီးပွားရေးသမားအများအပြား၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်တန်းအရာရှိများနှင့် ၎င်းတို့၏လက်ဝေခံများသည် ဖားကန့်ကျောက်စိမ်းထုတ်လုပ်ခြင်းမှ ဒေါ်လာဘီလျံပေါင်းများစွာ ရရှိပြီး တရုတ်တို့က လောပန်းဟု ခေါ်သည့် သူဌေးကြီးများဖြစ်လာကြသည်။
သို့သော် ထိုအကျိုးအမြတ်များကို ဒေသခံပြည်သူများနှင့် မိသားစုရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် ရေမဆေးကျောက်ရှာသူများ၏ ကြီးပွားချမ်းသာမှုအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမရှိကြပေ။ ထိုပြည်သူများသည် ထိုဒေသမှ တန်ဖိုးအကြီးမားဆုံးပိုင်ဆိုင်မှုအတွက် အပြင်းအထန်တိုးဝှေ့ရှာဖွေနေရသောကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများဆုံးရှုံးသည်ကို ကြုံတွေ့နေရသည်။ ထို့အပြင် ထိုရေမဆေးကျောက်ရှာသူများသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အမြဲတစေ ရင်ဆိုင်နေရပြီး အများအပြားမှာ ကျောက်စိမ်း ကုမ္ပဏီများအတွက် လုပ်ကိုင်ပေးနေသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကိုလည်း ခံကြရသည်။
အလျင်အမြန် လိုအပ်သော ပြုပြင်ပြောင်းလဲရေး
ရေမဆေးကျောက်ရှာသူများသည် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် မြေစာပုံများ ပြိုကျသောကြောင့် မကြာခဏ သေဆုံးရသည်။ နောက်ဆုံးအကြိမ် ဇူလိုင်လ ၂ ရက်နေ့ က ဖားကန့်ရှိ ဝေခတွင် ဖြစ်ပွားသည့် မြေစာပုံပြိုကျမှုသည် အစိုးရ၏ စီမံခန့်ခွဲမှု မှားယွင်းခြင်းကို မီးမောင်းထိုးပြနေသည်။
လူ ၁၀၀ ကျော်သေဆုံးပြီး နောက်ထပ်လူပေါင်းများစွာ ဒဏ်ရာရသည့် ထိုမြေစာပုံပြိုကျမှုအပြီး ဇူလိုင်လ ၃ ရက်နေ့ တွင် သမ္မတ ဦးဝင်းမြင့်က စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကို သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ခေါင်းဆောင်ပြီး အခြားအဖွဲ့ဝင်များမှာ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ မြန်မာကျောက်မျက်နှင့် လက်ဝတ်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဒါရိုက်တာ ဦးမင်းသူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးထွန်းဇော်တို့ဖြစ်သည်။
ထိုအဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့က ဖားကန့်ရှိ မြေစာပုံပြိုကျသောနေရာသို့ရောက်လာပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် ဒေသခံပြည်သူများ၊ သတင်းသမားများ၊ ရေမဆေးကျောက်ရှာသူများနှင့်တွေ့ဆုံကြသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးအုန်းဝင်းက “ သေဆုံးသူတွေဟာ လောဘကြောင့်သေဆုံးရတာ” ဟု ပြောသည်။
ထိုသို့ ရက်စက်လှသော ပြောဆိုမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ပြောကြားချက်ကို ဒေါသထွက်နေသော ဖားကန့်မှ ရေးမဆေးကျောက်ရှာသူများ၊ ကချင်ပြည်နယ်နှင့် အခြားဒေသများမှပြည်သူများ၏ ဒေါသကို ပိုမိုဆိုးရွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ” သေဆုံးသူတွေကြားမှာ တရားမဝင် ကျောက်ရှာသူတွေအများအပြားပါတယ်။ ဒီလို တရားမဝင်ကျောက်ရှာသူတွေရှိနေတယ်ဆိုတာ ကျမတို့နိုင်ငံမှာ တရားဝင်အလုပ်ရဖို့ တစုံတရာ ခက်ခဲနေတယ်ဆိုတာကို ပြသနေတယ်” ဟု ပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကလည်း ထိုသို့ရေမဆေးကျောက်ရှာသူများကို တားဆီးရန်အတွက် လုံခြုံရေးတပ်ဖွဲ့များကို အင်အားဖြည့်တင်းမည်ဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ဇူလိုင်လ ၈ ရက်နေ့တွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဉာဏ်မြင့်ကျော်သည် ဆိပ်မူရဲတပ်ဖွဲ့ကို ရဲတပ်ဖွဲ့ ရုံးတခုအဖြစ် ရုတ်တရုတ် အဆင့်တိုးမြှင့်လိုက်ပြီး ရဲတပ်ဖွဲ့ဝင်များကို ပိုမိုချထားမည်ဖြစ်ကြောင်းပြောသည်။
ပြည်နယ်အစိုးရသည် ကချင်ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီများနှင့် တသီးပုဂ္ဂလ အလှူရှင်များထံမှ လှူဒါန်းငွေ စုစုပေါင်း ၅၇၉၉၀၀၀၀၀ ကျပ်ရရှိသည်။ အချို့ငွေများကို စုံစမ်းစစ်ဆေးရေးအဖွဲ့က သေဆုံးသူများ၏ မိသားစုများကို ပေးအပ်ခဲ့ပုံရသည်။
သို့သော် တပ်မတော်၊ ပြည်နယ်အစိုးရနှင့် ကျောက်စိမ်း ကုမ္ပဏီများမှ ထိုကဲ့သို့သော ရုတ်တရက်လှူဒါန်းမှုသည် ရေမဆေးကျောက်ရှာသူများအပါအဝင် ပြည်သူများလိုလားသော အရာမဟုတ်ပေ။
အပေါ်ယံ စာနာထောက်ထားမှုသည် ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည် မဟုတ်ပေ။
အလားတူစွာပင် ထိုကျောက်စိမ်းရှာသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ပိုမိုချထားခြင်းသည်လည်း မည်သည့်အဖြေမျှ မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် လော့စ်အိန်ဂျယ်လိရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ် အယ်လ် ရော့စ်က ဖိနှိပ်သက်ရောက်မှုဟု ခေါ်သည့် ကိစ္စမျိုးသို့သာ ဦးတည်သွားနိုင်သည်။
ဖိနှိပ်သက်ရောက်မှုဆိုသည်မှာ သယံဇာတထုတ်လုပ်ရာမှ ရရှိသောငွေများကို အာဏာပိုင်များက ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးအတွက် သုံးပြီး ပြည်သူများ၏ တောင်းဆိုမှုများကို ပိတ်ဆို့ခြင်းကို ဆိုလိုသည်။ ထိုသို့သော တောင်းဆိုမှုများတွင် အခြားသောအချက်များအပြင် မြန်မာနိုင်ငံကျောက်မျက်ရတနာဥပဒေကို ပြုပြင်ပြောင်းလဲခြင်းနှင့် ပိုမိုပွင့်လင်းမြင်သာမှု ရှိခြင်းတို့ပါဝင်သည်။
ထိုကြောင့် အစိုးရသည် လုပ်ငန်းစဉ် ၃ ခုကို အာရုံစိုက်သင့်သည်။ ကြီးမားသော ကျောက်မျက်တူးဖေါ်မှု လုပ်ငန်းများကို လျှော့ချခြင်း၊ ငွေပေးချေမှုများကို ပိုမို ပွင့်လင်းမြင်သာအောင်ပြုလုပ်ခြင်းနှင့် အခွန် ပိုမိုမြင့်မားစွာကောက်ခံခြင်းတို့ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေသည် ကျောက်မျက်အကြီးစားတူးဖေါ်မှုများကို လျှော့ချရန် ရည်ရွယ်သော်လည်း ထိုဥပဒေကို အကောင်အထည်ဖေါ်ခြင်း မရှိသေးပေ။ ထို့ကြောင့်အစိုးရသည် အန္တရာယ်များသည့် အကြီးစားကျောက်မျက် တူးဖေါ်သောနေရာများကို ချက်ခြင်း ဆိုင်းငံ့သင့်သည်။ ကျောက်မျက်တူးဖေါ်ရေးလိုင်စင်များကို ကန့်သတ်သင့်ပြီး ထုတ်လုပ်မှုကို လျှော့ချနိုင်သည်။
အလားတူစွာပင် အစိုးရသည် ဖားကန့်ကျောက်စိမ်းထုတ်လုပ်ရာမှ ရရှိသည့် ဝင်ငွေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်သင့်သည်။
အစိုးရ အဆက်ဆက်တို့သည် ၎င်းတို့၏ သယံဇာတမှ ရသည့်ဝင်ငွေ၏ တစိတ်တပိုင်းကိုသာ အထူးသဖြင် တရားဝင် အခွန်ကောက်ခံမှုကိုသာ ထုတ်ပြန်သောကြောင့် လက်ရှိအစိုးရအနေဖြင့် ဝင်ငွေကို ထုတ်ပြန်ကြေညာရာတွင်သာမက လိုင်စင်လျှောက်ထားသော လုပ်ငန်းစဉ်နှင့် ထုတ်လုပ်မှုပမာဏတို့နှင့်ပတ်သက်သည့် အချက်အလက်များကိုပါ ပိုမိုပွင့်လင်းမြင်သာအောင် လုပ်ဆောင်သင့်ပေသည်။
နောက်ဆုံးဖြစ်သော်လည်း အရေးပါသောအချက်မှာ သယံဇာတထုတ်လုပ်မှုကို စနစ်တကျအခွန်ကောက်ခံခြင်းသည် အခွန်လွတ်ကင်းခွင့်ပေးခြင်းနှင့် တရားမဝင် ကုန်သွယ်ခြင်းကို လျှော့ချရန် အရေးကြီးသည်သာမက သယံဇာတ ကဏ္ဍကို အခွန်ပိုမိုမြင့်မားစွာကောက်ခံခြင်းသည် သယံဇာတထုတ်လုပ်ခြင်းကို လျှော့ချနိုင်ပြီး နိုင်ငံဝင်ငွေလည်း တိုးစေနိုင်သည်။ အစိုးရအနေဖြင့် သယံဇာတ ကဏ္ဍကို ပိုမိုမြင့်မားသော အခွန်များ ချမှတ်သင့်သည်။
အစိုးရသည် ထိုသို့တောင့်တင်းကြံ့ခိုင်သည့် ပြုပြင်ပြောင်းလဲမှုများမလုပ်ပါ ဖားကန့်မှ “အနိုင်ရသူကျိန်စာ”မှာ ဆက်လက်ရှိနေပြီး ဒေသခံများနှင့် ရေမဆေးကျောက်ရှာသူများ ဆက်လက် ဒုက္ခခံစားနေရဦးမည်ဖြစ်သည်။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာသုံးသပ်သူ တဦး ဖြစ်ပါသည်။ ဧရာဝတီအင်္ဂလိပ်ပိုင်းမှ ၎င်း၏ Myanmar’s Jade-Rich Hpakant Caught in a ‘Winner’s Curse’ ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ
ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ
ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား