အခုတလော အသံကျယ်ကျယ် ကြားလာရတဲ့ ကိစ္စနှစ်ခု ရှိပါတယ်။ တခုက NLD နဲ့ ညွန့်ပေါင်းကိစ္စဖြစ်ပြီး နောက်တခုက No Vote ဆိုပြီး လုပ်နေကြတဲ့ ကိစ္စပါ။ ဒီကိစ္စနှစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြည့်ချင် မိပါတယ်။
နောက်ခံအကြောင်း
ဒီအကြောင်းအရာ နှစ်ခုဟာ သီးခြားစီလို့ ပြောလို့ရသလို ဆက်စပ်နေတယ်လို့လည်း ဆိုချင်ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်ခုလုံးမှာ ပြောကြတဲ့ အကြောင်းပြချက်တခုက ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဟာ လက်တွေ့မှာ မိမိတို့ မျှော်မှန်းသလောက် လုပ်ဆောင်မပေးနိုင်ဘူးဆိုတဲ့ ပြောဆိုချက်ပါ။
ပထမ ညွန့်ပေါင်းကိစ္စကတော့ လက်ရှိ NLD အစိုးရဲ့ စွမ်းဆောင်ရည်ဟာ ထင်သလောက် မကောင်းတဲ့အတွက် ထောက်ခံမဲတွေ ဆုံးရှုံးမယ်။ အရင်ရွေးကောက်ပွဲနဲ့ မတူဘဲ ပိုပြီး စိန်ခေါ်မှုများမယ်လို့ NLD က ပြောခွင့်ရ ပုဂ္ဂိုလ်ကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဆုံးရှုံးနိုင်ချေ များမှာဖြစ်တဲ့အတွက် ညွန့်ပေါင်းဖွဲ့ဖို့ကို အကြံပြုကြ၊ ဆွေးနွေးတင်ပြ သုံးသပ်တာတွေ လုပ်လာကြပါတယ်။
ဒါကို NLD ဒုဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ညွန့်ပေါင်းကို စဉ်းစားမထားဘူးလို့ အပြတ်ငြင်းထားပါတယ်။ လက်ရှိမှာ ညွန့်ပေါင်းကို မစဉ်းဘူးလို့ ကြိုပြောထားတာကတော့ ယုံကြည်မှု လွန်ကဲလွန်းတယ်လို့တော့ ဝေဖန်ချင်ကြောင်း SNLD က ဦးစိုင်းညွန့်လွင် ပြောတာလည်း ဖတ်လိုက်ရပါတယ်။
No vote ကလည်း အလားတူပါပဲ။ ဒီမိုကရေစီနည်းကျ အစိုးရဟာ ပြည်သူအတွက် မလုပ်ပေးနိုင်ရင် ဘာဖြစ်လို့ မဲပေးနေတော့မှာလဲလို့ တွေးတောကြပါတယ်။ တိုက်တွန်းကြတယ်။ ညွန့်ပေါင်းကို အရင်ပြောကြည့်ချင်ပါတယ်။
ညွန့်ပေါင်း ရွေးချယ်စရာလား
တချို့ သုံးသပ်ကြသလို အကယ်၍ NLD က လိုအပ်တဲ့ လွှတ်တော်နေရာ အရေအတွက် မရဘူး ဆိုပါစို့။ ဆုံးဖြတ်ခွင့်ဟာ NLD လက်ထဲမှာသာတင် ရှိတော့မှာ မဟုတ်ဘဲ တခြားသော သူတွေဆီမှာပါ ရှိနေပြီဆိုတာကို မေ့လို့ မရပါဘူး။ သို့သော် NLD ဟာ လွှတ်တော်နေရာ အများကြီး ကိုင်ထားမယ့် ပါတီဖြစ်တာကြောင့် သူ့ကိုဦးတည် ရှုမြင်ပြောဆိုကြတာ ဖြစ်ပါတယ်။
အများ စဉ်းစားနေကြတဲ့ ဖြစ်နိုင်ချေ အတွဲအစပ်တွေက (၁ – NLD + စစ်တပ်နဲ့ အရင်အုပ်စုများ၊ ၂ – NLD + တိုင်းရင်းသား ပါတီများ၊ ၃ – တိုင်းရင်းသား ပါတီများ + စစ်တပ်နဲ့ အရင်အုပ်စုများ) ဆိုပြီး ရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရတော့ ညွန့်ပေါင်း ဘယ်လို ဖွဲ့ရမယ်ဆိုတာ မရှိတဲ့အတွက် နောက်ကွယ်မှာ ဆွေးနွေးပြီးမှ ပုံစံထဲ ဝင်အောင်လုပ်ရမယ့် သဘောပါ။
အတွဲအစပ် နံပတ်တစ်သာ တကယ်ဖြစ်လာလို့ကတော့ ဒီမိုကရေစီ ပါတီတခုအတွက် တော်တော်ကြီးကို ဆိုးရွားတယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ လိုလည်း မလိုအပ်ပါဘူး။ မလိုအပ်အောင်လည်း ဝိုင်းဝန်း ကြိုးပမ်းရမှာပါပဲ။ ဒါဟာ မြန်မာ့ ဒီမိုကရေစီအတွက် အနိမ့်ဆုံးရေချိန်အဖြစ် သတ်မှတ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုရင် လက်ရှိမှာကိုပဲ ဒီမိုကရေစီကို ခါးစောင်းတင်ကာ ရွေးချယ်မခံတဲ့ နေရာတွေနဲ့ မောင်ပိုင်စီးထားပြီး အရေးကြီးနေရာတွေကို ရယူထားပြီး ဖြစ်နေလို့ပါ။
အတွဲအစပ်နှစ်ကတော့ အများဆုံး ပြောနေကြ၊ တိုက်တွန်းနေကြတဲ့ အချက်ဖြစ်ပါတယ်။ ရွေးချယ်စရာ သုံးကလည်း မဖြစ်နိုင်ဘူးလို့ ထည့်မတွက်လို့ မရတဲ့ အခြေအနေပါ။ ပိုပေးတဲ့ဘက် လိုက်မှာပဲဆိုပြီး ဒီမိုကရေစီ ဈေးဖြတ်မယ့် တိုင်းရင်းသားပါတီတွေ မရှိဘူးလို့ အာမခံနိုင်မယ် မထင်ပါဘူး။
သို့သော် ဒီစဉ်းစားချက်တွေအားလုံးဟာ တိုင်းရင်းသားပါတီများဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုံးပေါင်းပြောဆိုကြတာ များနေပါတယ်။ တချို့ကလည်း အချက်အလက်တွေ တွက်ပြပေမယ့် တိုင်းရင်းသားတွေရဲ့ လက်ရှိအနေအထားနဲ့ ဖြစ်နိုင်ခြေ ပါတီနိုင်ငံရေးကို မဖြစ်မနေ ထည့်သွင်းတွက်ချက်ဖို့လည်း လိုအပ်ပါတယ်။
လတ်တလော မြင်တွေ့ရသလောက် ဆိုရင် လမ်းကြောင်းနှစ်ခုကို တွေ့ရပါတယ်။ တခုက ပါတီတွေ ပေါင်းစည်းပြီး ပိုမိုအင်အားကောင်းအောင် တည်ဆောက်နေကြတဲ့ လမ်းကြောင်းပါ။ ဒီနေရာမှာလည်း အရေအတွက်ထက် သူတို့ရဲ့ ဖြစ်လာနိုင်ခြေ ဩဇာက ပိုပြီး အရေးပါပါမယ်။ နိုင်ငံရေးမှာ လားရာအတွက် လာရာလမ်းကြောင်းကလည်း အရေးကြီးပါတယ်။ မတူညီတဲ့ ပါတီတွေ ပေါင်းစည်းတဲ့အခါ ပြန်ကွဲတာမျိုးကတော့ ရခိုင်မှာ တွေ့ရပါတယ်။ ဒီအခါ နောက်ထပ် အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နောက်ထပ်အနေအထား တခုကို ဖန်တီးပေးပါတယ်။
ဒီတော့ ပြည်နယ်တခုမှာ တိုင်းရင်းသား ပါတီတခုတည်းက အများစု အနိုင်ရဖို့ဆိုတာ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ၂၀၁၅ ရလဒ်တွေအရ ဆိုရင်တော့ ရှမ်းနဲ့ ရခိုင်မှာသာ တိုင်းရင်းသားပါတီတွေ အများဆုံးအနိုင်ရခဲ့တာပါ။ ရှမ်းကတော့ အများကြီး အပြောင်းအလဲ မရှိနိုင်လောက်ဘူးလို့ SNLD သုံးသပ်ထားတာကိုလည်း သဘောတူမိပါတယ်။
နောက်ထပ် ထူးခြားချက်တခုက တိုင်းရင်းသားပါတီတွေဟာ မိမိတို့ ပြည်နယ်အတွင်းမှာသာမကဘဲ ပြည်နယ်ပြင်ပ တခြားသော ဒေသတွေမှာ ပိုမို ယှဉ်ပြိုင်ဖို့ ပြောဆိုလာတာတွေပါ။ ဥပမာ – ANP၊ CNLD နဲ့ KySDP တို့ဟာ မိမိတို့ လူမျိုးတိုင်းရင်းသားတွေ ရှိတဲ့ ဒေသမှာ ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောထားတာကို သတိထားမိပါတယ်။ ဒါဟာ တိုင်းရင်းသား ပါတီအချင်းချင်းကြား ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ထပ် ပြိုင်ဆိုင်မှုတခုပါ။ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။
၂၀၁၅ ရလဒ်တွေအရတော့ မဲဆန္ဒရှင် လူဦးရေနည်းတဲ့ မဲဆန္ဒနယ်တွေမှာ တိုင်းရင်းသား ပါတီလေးတွေ အနိုင်ရတာကိုလည်း သတိထားမိပါတယ်။ သဘောသဘာဝအရ လူဦးရေနည်းတဲ့ နေရာတွေဟာ မထင်မှတ်တာတွေ အဖြစ်တတ်ဆုံးနေရာတွေပါ။ ဒါတွေကို ကြည့်လိုက်ခြင်းအားဖြင့် တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပါ ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဆိုတာ မြင်နိုင်ပါမယ်။
တိုင်းရင်းသားပါတီဆိုပြီး လုံးပေါင်းပြောဆိုတာဟာ လက်တွေ့မကျဘဲ ပြည်နယ်တခုချင်း အလိုက်လည်း စဉ်းစားကြည့်ဖို့ လိုမယ်လို့ ယူဆပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အချင်းချင်းကြားမှာလည်း သမိုင်းတလျှောက် အောင်မြင်တဲ့ ပေါင်းစပ်မှုမျိုး ရှိခဲ့ရဲ့လားလို့တောင် သံသယ ဖြစ်စရာ ကောင်းလှပါတယ်။
ဒီအထိ ပြောခဲ့တာတွေက ညွန့်ပေါင်းလမ်းကြောင်းကို မဖြစ်မနေ ရွေးရမယ်ဆိုရင် ဆိုတဲ့ စဉ်းစားချက်ပါ။ ညွန့်ပေါင်းအပြင် တခြား လမ်းကြောင်းရော မရှိဘူးလား။ အခုလို အဖြေဘာမှန်း မသေချာသေးတဲ့ အချိန်မှာ တခြား လမ်းကြောင်းတွေ ပုံဖော်ခွင့်လည်း သေချာပေါက် ရှိနေပါသေးတယ်။ အချိန်အကန့်အသတ်နဲ့ လက်တွေ့ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေပေမယ့် စဉ်းစားကြည့်နိုင်တာတွေ ရှိပါတယ်။
ပထမဆုံးက တိုင်းရင်းသား ဒေသတွေမှာ NLD ဆုံးရှုံးနိုင်ခြေကို တွက်ချက်ကြည့်ခြင်းပါ။
လတ်တလောအထိက ယေဘုယျ သဘောတွေများနေပါတယ်။ အဖြစ်အပျက်တွေ၊ အားနည်းချက် ထောက်ပြစရာတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မဲပေးသူတွေရဲ့ အနေအထားဟာ ဘယ်လို ပြောင်းလဲတတ်သလဲ၊ ဘယ်လောက်အထိ ပြောင်းလဲတတ်သလဲ ဆိုတာတွေဟာ မသိကိန်းပဲ ဖြစ်နေပါသေးတယ်။
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ နေရာတွေမှာ ရလဒ်ပြောင်းပြန် ဖြစ်လောက်အောင်အထိ မဲပေးသူတွေ ပြောင်းကြပါ့မလားဆိုတာကလည်း စိတ်ဝင်စားဖွယ် မေးခွန်းအဖြစ် ရှိနေပါတယ်။
ထူးခြားချက်တရပ် အနေနဲ့ကတော့ ပြည်နယ်တွေမှာ NLD အနိုင်ရတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေထဲက ကချင်နဲ့ ကယားကို နမူနာထုတ်ကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။ ကချင်မှာ အများစုက ခိုင်လုံမဲရဲ့ ၅၀ ရာနှုန်းကျော်မရှိဘဲ (သို့မဟုတ် အနည်းငယ်မျှ) ရှိပြီး ဒုတိယလိုက်တဲ့ ပါတီဟာလည်း တိုင်းရင်းသား ပါတီထက် ပြည်ခိုင်ဖြိုးပါတီ ဖြစ်နေခြင်းပါ။ ကယားမှာတော့ ၅၀ ရာနှုန်းကို အနည်းငယ်ကျော် ပျမ်းမျှရပါတယ်။ သို့သော် ကယားဟာ လူဦးရေနည်းတဲ့ မဲဆန္ဒနယ်များတာကို သတိပြုရပါမယ်။ ဒီလိုနေရာတွေကို NLD အနေနဲ့ တမြို့နယ်ချင်းအလိုက် ထူးခြားချက်တွေကို ကြည့်နိုင်ရင် အကျိုးရှိပါမယ်။ သုံးသပ်သူတွေ အနေနဲ့လည်း ဒါမှသာ ပိုပြီး နီးစပ်တဲ့ ဖြစ်နိုင်ခြေကို ရရှိနိုင်မှာပါ။
ဒီတော့ အခုအချိန်အထိ ညွန့်ပေါင်းကို ပုံဖော်ပြောဆိုနေကြတာဟာ ရွေးကောက်ပွဲ ကမ်ပိန်းတရပ်၊ မိမိတို့ ပါတီတွေကို မဲပေးလာစေဖို့ လုပ်ဆောင်ချက်တခုအဖြစ်သာ မြင်နိုင်ပါတယ်။ အထူးသဖြင့် လူမျိုးရေးကို အခြေပြုပြီး မဲဆွယ်တဲ့ ပါတီတွေအနေနဲ့ NLD ကို ဗမာပါတီအဖြစ် ပုံဖော်ရင်း မိမိတို့ အင်အားကို ချဲ့ယူဖို့ ကြိုးစားမှုတွေလည်း ရှိနိုင်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်းက ဖြစ်နေသ၍ အပြစ်ပြောစရာတော့ သိပ်မရှိဘူးလို့ ထင်ပါတယ်။
သို့သော် ဒီလို ဇာတ်ကြောင်းခင်းခြင်းရဲ့ စိုးရိမ်ဖွယ်ရာ တခြားတစ်ဖက်ကတော့ လူမျိုးရေး အခြေပြုစွဲဆောင်ချက်တွေနဲ့ လူမူသဟဇာတ ဖြစ်မှုကို ထိခိုက် ယိုင်နဲ့စေမှာကို စိုးရိမ်မိပါတယ်။
အခြားနည်းလမ်း မရှိသလား
ဒီလိုအခြေအနေတွေမှာ NLD အနေနဲ့ ညွန့်ပေါင်း ဖွဲ့ဖို့ မစဉ်းစားထားဘူး ဆိုတာဟာ သဘာဝကျသယောင်တော့ ရှိပါတယ်။ သို့သော် ဒီညွန့်ပေါင်း ပြောဆိုချက်တွေဟာ အာရုံစိုက်ရမယ့် သတင်းစကားတချို့တော့ ရှိနေပါတယ်။
NLD ကို ဗမာပါတီအဖြစ် ပုံဖော်တဲ့ ဇာတ်ကြောင်းကို ဘယ်လို တန်ပြန်နိုင်မလဲဆိုတာဟာ အခရာကျပါမယ်။ အပြောနဲ့မဟုတ်ဘဲ မြင်သာထင်ရှားပြီး အများလက်ခံတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြဖို့တော့ လိုမယ်လို့ ယူဆမိပါတယ်။ ဥပမာအားဖြင့် မြို့နယ်က ထောက်ခံပြီး လူထုအမြင်ကောင်းတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခြင်းဟာ အရေးကြီးဆုံး ပထမ ခြေလှမ်းဖြစ်မယ် ထင်ပါတယ်။ နောက်တခုဟာ NLD ပါတီကို ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ပါတီအဖြစ် ပိုမိုဖော်ဆောင်လာဖို့ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။
ပြည်နယ်ဒေသတွေမှာ ကိုယ်စားပြုမှု ရရှိထားတဲ့ NLD ပါတီအနေနဲ့ ပါတီတွင်းက ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူငယ်တွေကို နေရာပေးအားကောင်းအောင် လုပ်တာ၊ ခေါင်းဆောင်မှုတွေထဲ ထည့်တာ၊ ဗဟိုဆုံးဖြတ်ချက်တွေအစား ပြည်နယ်အဆင့်ကို ပိုမို လုပ်ပိုင်ခွင့် ပေးတာတွေ လုပ်ရင် ပြည်သူတွေက ဆက်လက် ထောက်ခံမယ်လို့ ပိုမိုမျှော်လင့်နိုင်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားပါတီတွေထဲက ဒီမိုကရေစီ အင်အားစုဖြစ်သူတွေနဲ့ ဒီထက် ရင်းနှီးနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်တာမျိုးလည်း လိုအပ်ပါမယ်။
No vote ကလည်း ဗျူဟာ
အထက်မှာ ဆက်စပ်မှုရှိတယ်လို့ ပြောခဲ့တဲ့ No vote ကလည်း NLD ကို မဲပေးမှုတွေ လျော့ကျစေမယ့် ဗျူဟာတရပ်အဖြစ်လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲလာပေးသူ နည်းလို့ NLD ရှုံးခဲ့ရတာလို့ ကောက်ယူချက်ရှိသူတွေက လုပ်တာလို့ စွပ်စွဲကြပါတယ်။
ဘယ်ကစမှန်းမသိပေမယ့် လူငယ်တွေကြားမှာ ယောင်ယောင်မှားမှား အဟုတ်ထင်နေတာလည်း သတိပြုမိပါတယ်။ ဒီလို လှုံ့ဆော်ချက်မျိုး အင်အားကောင်းမလာအောင်ကတော့ တာဝန်သိတဲ့ တဦးချင်းရော၊ နိုင်ငံရေး ခေါင်းဆောင်များအားလုံး အသိ သတိ ရှိကြရပါမယ်။
No vote ဆိုတာဟာ သေချာမြင်ကြည့်မယ်ဆိုရင် ပါတီတခုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ မဖြစ်မနေ ရှေ့ဆက်ရမယ့် ဒီမိုကရေစီ အပြောင်းအလဲကို ဆန့်ကျင်ခြင်း (တနည်း – ယုတ်လျော့စေခြင်း) ဖြစ်ပါတယ်။ တနည်းပြောရရင် No vote ဆိုတာဟာ ပါတီနိုင်ငံရေးကို ပြည်သူတွေ ဘယ်လောက်အထိ စိတ်ပျက်နေသလဲဆိုတာကို ခန့်မှန်းကြည့်နိုင်မယ့် အကြောင်းအရာ တရပ်လည်း ဖြစ်နေပြန်ပါတယ်။
လက်တွေ့မှာတော့ ရွေးကောက်ပွဲဟာ ရွေးချယ်စရာ မရှိတဲ့ အခြေအနေမျိုး မဟုတ်သေးဘူးလို့ ယူဆပါတယ်။ နိုင်ငံရေး ပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဘက်ကလည်း ပြည်သူတွေ စိတ်ပျက်ပြီး ရွေးချယ်စရာ မရှိတော့ဘူး မမြင်လာအောင် အခုထက် ပိုပြီး အားထုတ်ရမယ်လို့ ထင်ပါတယ်။
အတူတကွ တာဝန်ရှိ
ဒီတော့ နိဂုံးပြန်ချုပ်ရရင် အခုချိန်အထိတော့ ညွန့်ပေါင်းဆိုတာဟာ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လမ်းခင်း ပြောကြတဲ့ အဆင့်ပဲ ရှိနေပါသေးတယ်။ အားလုံးဟာ ၂၀၀၈ ဘောင်ထဲမှာပဲ ကျဉ်းကျဉ်းကြပ်ကြပ် ကစားနေရတယ် ဆိုတာကိုလည်း မပြတ်သတိပြုရမှာ ဖြစ်ပါတယ်။
ညွန့်ပေါင်းက လက်ရှိပြဿနာတွေကို ပြေလည်စေမယ့် တခုတည်းသော နည်းလမ်း မဟုတ်တာတော့ သေချာပါတယ်။ ညွန့်ပေါင်းအပေါ်မှာ မူတည်ပြီး ဝိဝါဒ ကွဲပြားတာမျိုးထက် ကျော်လွန်ပြီး၊ ရွေးကောက်ပွဲကို ကျော်လွန်ပြီး ကြည့်ကြဖို့လည်း လိုအပ်ပါတယ်။
အခြားနည်းလမ်းနဲ့ ထိတွေ့ ဆက်ဆံမှုလမ်းကြောင်းတွေ၊ မူဝါဒတွေ အပြန်အလှန် ဖလှယ်ခြင်းမျိုးတွေ စသည်ဖြင့် လုပ်ဆောင်တာတွေ လိုအပ်ပါမယ်။
ဒါကြောင့် ဘက်အသီးသီးက အခြားသော ဖြစ်နိုင်ခြေ လမ်းကြောင်းများကိုလည်း ရှာဖွေသုံးသပ်ပြီး နိုင်ငံတော် တရပ်လုံး အကျိုးရှိမယ့် လမ်းကြောင်းကို အမျှော်အမြင်ရှိရှိ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထိုသို့ ရွေးချယ်နိုင်ပါစေကြောင်းလည်း တိုက်တွန်းလိုက်ရပါတယ်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကော်မရှင်ကို သူတို့ ဘာပြောကြသလဲ