မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေက အမေရိကန် ဒီမိုကရေစီရဲ့ ကြီးမားတဲ့ အလွဲအမှားတွေကို လှစ်ဟပြသခဲ့တာကြောင့် ယနေ့ အမေရိကန်ဟာ ကမာ္ဘမှာ အားကျအတုခိုးစရာ နိုင်ငံတခု မဟုတ်တော့ပါဘူး။ ဒီဖြစ်ရပ်တွေကြောင့် အမေရိကန် ဒီမိုကရေစီဟာ အရင်လို မက်လောက်စရာ မရှိတော့တဲ့အပြင် ဒီမိုကရေစီစနစ် ကျရှုံးရတဲ့ အကြောင်းအရင်းအတွက် သင်ခန်းစာတခုတောင် ဖြစ်လာနေပါပြီ။
အဲ့ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုကြောင့် မဟုတ်ဘဲ ဆိုးရွားတဲ့ နိုင်ငံရေးခေါင်းဆောင်မှုကြောင့်လို့ပြောရမှာပါ။
တကမာ္ဘလုံးရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ အလေးမထားဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့တာက သူနဲ့ သူ့အစိုးရအဖွဲ့ ဟာ ဘယ်လောက်ထိ အတ္တကြီးကြောင်းနဲ့ ပြည်သူတွေအကျိုးကို အကြီးအကျယ် မျက်ကွယ်ပြုလဲဆိုတာကို ပြသခဲ့ပါတယ်။ ဒါ့အပြင် အာဖရိကန် အမေရိကန်တွေ ရာစုနှစ်နဲ့ချီပြီး ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ လူဖြူကြီးစိုးရေးဝါဒီဟာလည်း သူတို့ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေဆဲဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ဖြည်းဖြည်းချင်း တည်ဆောက်ထားရတဲ့ ဒီမိုကရေစီစနစ်နဲ့ အဖွဲ့အစည်းတွေကို အားလျော့အောင်လုပ်တဲ့ လူမျိုးရေးခွဲခြားတတ်ပြီး လစ်ဘရယ်မကျတဲ့ သူတို့ရဲ့ ရွေးကောက်ခံ သမ္မတကို အမေရိကန် အင်စတီကျူးရှင်းတွေကလည်း တားဆီးနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် သံခင်းတမန်ခင်းမှာလည်း နိုင်ငံ့ကောင်းကျိုးထက် အခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့နဲ့ သူ့ရဲ့ စီးပွားရေးအင်ပါယာ ချဲ့ထွင်ရေးအတွက်သာ လုပ်နေတာတွေကလည်း နိုင်ငံ့ခေါင်းဆောင်တယောက်အနေနဲ့ မရှိသင့်တဲ့ ကိုယ်ကျိုးစီးပွား ပဋိပက္ခဘဲဖြစ်ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် အတွက် ဒေါ်နယ်ထရမ့်မှာ တာဝန်မရှိပါဘူး။ ဒါပေမယ့် လူပေါင်း ၁ သိန်း ၂သောင်းကျော်လောက်သေဆုံးပြီး ဆက်လက်သေဆုံးနေမှုတွေအတွက်တော့ သူရဲ့ခေါင်းဆောင်မှုမှာ တာဝန်ရှိပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဇွန်လနှောင်းပိုင်းက လူမှုကွန်ရက် တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒီဆောင်းပါးရေးနေတဲ့အချိန် ဇူလိုင်လအစောပိုင်းအထိ အမေရိကန်မှာ လူပေါင်း ၃.၂ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ၁၃၅၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကမာ္ဘမှာ ဗိုင်းရပ်စ်အများဆုံးပြန့်နှံနေတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကမာ္ဘမှာ အပယ်ခံဖြစ်လာရပြီး ဥပရောပတိုက်က အမေရိကန်ဆို ဝင်ခွင့်မပေးတော့ပါဘူး။ အမေရိကန် အနေနဲ့ အရှက်ရစရာပါ။ အဲဒီလို အရှက်ရစရာ အဖြစ်အတွက် အမေရိကန် ပြည်သူအနေနဲ့ သူတို့သမ္မတနဲ့ သူ့ဘေးကသူတွေကိုပဲ အပြစ်တင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဗလီကန်ပါတီဝင်အများစုကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့အန္တရယ်ကြီးများမှုကို သူ့လိုဘဲ မျက်ကွယ်ပြုထားချင်ကြပုံရပါတယ်။ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ကတည်းက ဒီဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ဂရုမထားမှုက “အမေရိကန်ရဲ့ ထူးခြားကွဲပြားမှု” ဆိုတဲ့ အယူအဆကိုလည်း လုံး၀ ထိခိုက်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ထိန်းချုပ်မှုနဲ့ပတ်သက်ရင် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှ အဆိုးရွားဆုံး မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပြီး အဲဒီ မှတ်တမ်းကို ဆက်ထိန်းထားမယ့် အနေအထား ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေဟာ ရှေ့လာမယ့် လတွေမှာ မြင့်မားလာမှာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
အမေရိကန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေဟာ ထရမ့်နဲ့ သူ့လူတွေရဲ့ နိုင်ငံရေး ဆင်ခြင်သုံးသပ်မှုတွေရဲ့ တိုက်ရိုက်အကျိုးဆက်တွေလို့ ထရမ့်ကို ဝေဖန်သူအများအပြား (အမေရိကန်တွေ အပါအဝင်) က ယုံကြည်နေကြပါတယ်။ “ဘာပဲဖြစ်ဖြစ် အဓိကအချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အမေရိကန်တွေ ရှုံးရတာက အောင်ပွဲရနိုင်ခြေ မရှိလို့ ရှုံးနိမ့်တာမဟုတ်ဘူး။ နိုင်ငံအနေနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် မရှိလို့လည်း မဟုတ်ဘူး။ ရှုံးရတဲ့ အကြောင်းကတော့ ထရမ့်နဲ့ သူ့ဘေးကလူတွေက သူတို့ နိုင်ငံရေး အကျိုးစီးပွားအတွက် ဗိုင်းရပ်စ်ကို မထိန်းချုပ်ဘဲ လွှတ်ထားလိုက်တာ” လို့ နယူးယောက်တိုင်းမ်က ဆောင်းပါးရှင် ပေါလ် ကရုမင်း က ရေးသားခဲ့ပါတယ်။
ဒါဟာ ဦးဆောင်မှု ပျက်ကွက်တယ်ဆိုတာထက် ပိုပါသေးတယ်။ ထရမ့်နဲ့ သူ့ အစိုးရအဖွဲ့ဟာ ဗိုင်းရပ်စ်ကို ပျံ့နှံ့ခွင့်ပေးပြီး အမေရိကန် နိုင်ငံသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သေအောင် လုပ်တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး အကြောင်းရင်းခံတွေကြောင့်ဖြစ်ပါတယ်။ အင်မတန်ကို ဆိုးရွားလှတဲ့ အခြေအနေပါ။ ဘာကြောင့်များ ထရမ့်ကို သမ္မတအဖြစ် ရွေးချယ် ဆက်လက်ထားရှိနေကြပါသလဲ။ (ဒါပေမယ့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်မဲ အချိုးအစား အများစုနဲ့ နိုင်တယ်ဆိုပေမယ့် ပြည်သူတွေ ပေးတဲ့မဲမှာ သူရှုံးခဲ့တယ် ဆိုတာကိုတော့ မေ့မရပါဘူး။)
မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ဆက်လက်ကံကောင်းနေတုန်းပါပဲ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော်ရေးခဲ့တဲ့ အမြင်က အခုထိ မှန်နေတုန်းပဲ။ “ကမ္ဘာကြီးဟာ (ကိုဗစ်ကြောင့်) ဒုက္ခ ပင်လယ်ဝေ နေတယ်။ မြန်မာနိုင်ငံလည်း အဲဒီဒဏ်က မလွတ်ဘူး။ ဒါပေမယ့် အခုအချိန်အထိတော့ ကံကောင်းနေတုန်းပဲ လို့ ပြောရင် ပြောလို့ ရနိုင်ပါတယ်” လို့ ကျနော်ရေးခဲ့ပါတယ်။
အခုတော့ ကမ္ဘာကြီး ကိုဗစ်ဒဏ်ခံနေရတာဟာ အမေရိကန် ခံနေရသလောက် မပြင်းထန်တဲ့ ပုံမျိုးဖြစ်နေပါတယ်။ မြန်မာနိုင်ငံကတော့ ကိုဗစ်နဲ့ ပတ်သက်ရင် ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လူဦးရေပိုများပြီး နိုင်ငံ အတော်များများပါတဲ့ ဥရောပ သမဂ္ဂဟာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို အမေရိကန် ပြည်ထောင်စုထက် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လက်ရှိအချိန်အထိ အခြေအနေကောင်းနေတာဟာ ကံကောင်းတာ သက်သက်ကြောင့်တင် မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် အရေးကို ကိုင်တွယ်ရာမှာ နိုင်ငံ့ခေါင်းဆောင်ပိုင်း အနေနဲ့ ဘယ်လောက်အထိ လေးနက်မှုရှိတယ်ဆိုတာကလည်း တကြောင်းအပါအဝင်ဖြစ်ပါတယ်။ အဲဒီလေးနက်မှုမျိုးဟာ ထရမ့်မှာရော မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဘရာဇီးလ် သမ္မတ ဂျာအိ ဘိုလ်ဆန်နာရို တို့လို ခေါင်းဆောင်မျိုးမှာ မရှိတဲ့ လေးနက်မှုမျိုးဖြစ်ပါတယ်။ ဘိုလ်ဆန်နာရိုဟာ ထရမ့်ကို လေးစားအားကျသူဖြစ်ပြီး ထရမ့်လိုပဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အလေးမထားသူဖြစ်ပြီး ပညာရှင်တွေ အတည်မပြုတဲ့ ဟိုက်ဒရိုစီ ကလိုရိုကွင်းကို ထရမ့် လိုဘဲ ပြည်သူတွေကို သောက်ဖို့ တိုက်တွန်းသူလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီရောဂါကြောင့် ဘရာဇီးလ်မှာ တနေ့ကို လူတထောင်ကျော်သေဆုံးနေကြပါပြီ။
မြန်မာနိုင်ငံဟာ စစ်အစိုးရလက်အောက်မှာပဲ ရှိနေသေးမယ်ဆိုရင် ဒီက အခြေအနေကလည်း အမေရိကန်ပြည်ထောင်စုလိုပဲ ကြောက်မက်ဖွယ် ဖြစ်နေမှာပါ။ စစ်အစိုးရဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လျစ်လျူရှု မျက်ကွယ်ပြုတတ်တဲ့ မှတ်တမ်းရှိခဲ့ပြီး အဲဒီထဲကမှ အဆိုးဝါးဆုံးကတော့ လူ ၁၃၀၀၀၀ ကျော် သေခဲ့တဲ့ ၂၀၀၈ ဆိုင်ကလုန်းနာဂစ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက် မလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။
ဆင်ခြင်တုံ့တရားလည်း မရှိ၊ သိပ္ပံပညာကိုလည်း လက်မခံတဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကြောင့် အမေရိကန်ပြည်သူတွေနဲ့ ဘရာဇီးလ်ပြည်သူတွေ အခုခံစားနေရတဲ့ အရှက်တရားမျိုးကို ကျနော်လည်း နားလည်နိုင်ပါတယ်။ သူတို့ အခုဖြစ်နေတာမြင်တော့ မြန်မာနိုင်ငံမှာ အရင်က စစ်အစိုးရခေါင်းဆောင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် အရှက်ရခဲ့တာနဲ့ စိတ်ထဲ သိကအောက်ဖြစ်ခဲ့ရတာကို ကျနော် ပြန်သတိရနေမိတယ်။
မြန်မာနိုင်ငံမှာတော့ ဒီနေ့မနက် (ဂျူလိုင် ၂၉) အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၆ ဦးရှိပြီး လူ ၃၅၃ ဦး ကူးစက်ခံထားရပါတယ်။ အဲဒီအထဲက၂၉၆ ဦးဟာ ရောဂါပျောက်ကင်းပြီး ပြန်လည်ကောင်းမွန်လာကြပါပြီ။
ဧပြီလ ၁ ရက်နေ့က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်-၁၉ စိန်ခေါ်မှုတွေကို လျှင်မြန်ထိရောက်စွာ တုံ့ပြန်နိုင်ဖို့ Facebook ကို ပုံမှန် အသုံးပြုခဲ့ပါတယ်။ နှာခေါင်းစည်း ဝတ်ဆင်ဖို့ အရေးကြီးကြောင်းနဲ့ သတိမပေါ့ဖို့တို့နဲ့ပတ်သက်ပြီး မကြာခဏ သတိပေးတဲ့ သတင်းစကားတွေနဲ့ အားပေးမှုအကြောင်းအရာတွေအပြင် ပြီးခဲ့တဲ့ သုံးလအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ အောက်ခြေမှာ ဘာတွေလိုအပ်လဲဆိုတာ သိဖို့အတွက် ဆရာဝန်တွေ၊ ကိုဗစ်-၁၉ လူနာတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ စီးပွားရေးသမားတွေ၊ အစိုးရအရာရှိတွေ၊ စားသောက်ဆိုင်ပိုင်ရှင်နဲ့ အခြားသူတွေ အပါအဝင် လူပေါင်းစုံနဲ့ ဗီဒီယို ကွန်ဖရင် ၃၂ ကြိမ်( တပတ်နှစ်ခုနှုန်းမျှ) ပြုလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နည်းလမ်းဟာ ဗိုင်းရပ်စ်ကို ဘယ်လို တိုက်ဖျက်မယ်ဆိုတာ ပြည်သူလူထုကို အသိပေးရုံသာမက ပြည်သူလူထုရဲ့အမြင် ဘယ်လိုရှိလည်းဆိုတာ သိရှိအောင်လုပ်ရာမှာလည်း ထိရောက်တယ်လို့ လူအများက ချီးကျူးကြတယ်။
မြန်မာနိုင်ငံမှာ အသုံးများတဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့ဘွတ်ကို ဒေါ်အောင်ဆန်းစုကြည် အသုံးပြုတာဟာ အများနဲ့ မတူ ထိရောက်မှု ရှိလှပါတယ်။
“ကိုဗစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အခုချိန်အထိတော့ အကောင်းဆုံး လုပ်ဆောင်နေတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ စတီဖင် ပေါလ်ဂျို့စ်က မကြာသေးမီက ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။ “လက်ရှိအချိန်အထိ အောင်မြင်နေတဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲက တချက်ကတော့ မြန်မာနိုင်ငံဟာ ကိုဗစ် အရေးနဲ့ ပတ်သက်ပြီး စောစီးစွာ တုံပြန်ဆောင်ရွက်ခဲ့လို့ဖြစ်ပါတယ်။ တကယ်ပြောရရင် ဇန်နဝါရီလ ၅ ရက်နေ့လောက်ကတည်းက စတင်လုပ်ဆောင်ခဲ့လို့ဖြစ်တယ်” လို့ သူပြောပါတယ်။
မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ အရေးကို တုံပြန် ဆောင်ရွက်မှာ အစိုးရတရပ်လုံး အနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး ပြည်သူ့ကျန်းမာရေး အပိုင်းကို အားကောင်းအောင် အင်တိုက်အားတိုက်လုပ်ပြီး ဒီရောဂါအတွက် ပြင်ဆင်၊ တုံပြန်တဲ့ ဥပမာတွေကို ဒေါက်တာ ဂျို့စ်က ထောက်ပြခဲ့ပါတယ်။
ဒါပေမယ့် ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ ဒီဗိုင်းရပ်စ်ကို အနိုင်ယူဖို့အတွက် ရုန်းကန်နေရတုန်းပါဘဲ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ရဲ့ ဒုတိယလှိုင်းကို ရှောင်ရှားနိုင်ဖို့ ပြည်သူလူထုအနေနဲ့ နှာခေါင်းစည်းတွေ ဆက်လက်ဝတ်ဆင်ဖို့၊ ခပ်ခွာခွာ နေထိုင်ဖို့၊ လူစုလူဝေးရှောင်ရှားဖို့နဲ့ လက်တွေဆေးဖို့ အလေးအနက် သတိပေးတဲ့ ကြေညာချက်တစောင်ကို အစိုးရက ဇူလိုင် ၉ ရက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံအကြောင်း ပြန်ပြောရရင်တော့ အဲဒီနိုင်ငံရင်ဆိုင်နေရတဲ့ နောက်ထပ် အရေးကြီးတဲ့ ပြဿနာတခုကတော့ သူတို့လူ့အဖွဲ့အစည်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ လူမျိုးခွဲခြားမှုပဲဖြစ်ပါတယ်။
ရဲတယောက်က သူ့လည်ပင်းပေါ်မှာ ၈ မိနစ် နဲ့ ၄၆ စက္ကန့်ကြာ လောက် ဒူးနဲ့ဖိထားလို့ သေလုမျောပါးဖြစ်နေတဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဖလွိုက်ပြောခဲ့တဲ့ “ကျနော်အသက်ရှူမရတော့ဘူး” ဆိုတဲ့စကားလုံးတွေဟာ ရဲတပ်ဖွဲ့ရဲ့ ပြင်းထန်ပြီး လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာသာမက အမေရိကမှာ အမြစ်တွယ်နေတဲ့ လူမျိုးရေး တန်းတူညီမျှမှု ကင်းမဲ့ခြင်းရဲ့ အနေအထားကို ပြတဲ့ သင်္ကေတဖြစ်ပါတယ်။
ကံမကောင်း အကြောင်းမလှတာကတော့ အမေရိကန်နိုင်ငံမှာ ပြန့်နှံနေဆဲဖြစ်တဲ့ ကြောက်မက်ဖွယ် လူမျိုးရေးခွဲခြားမှုဟာ လူဖြူကြီးစိုးမှုကို အားပေးတဲ့ ထရမ့်အစိုးရလက်ထက်မှာ ပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။ ထရမ့်ရဲ့ ချမ်းသာကြွယ်ဝတဲ့ မိတ်ဆွေ အသိုင်းအဝန်းနဲ့ လူဖြူကြီးစိုးရေးဝါဒ ထောက်ခံသူတွေ မဟုတ်တဲ့ တခြား အမေရိကန်ပြည်သူတွေအတွက် ဒီလိုဖြစ်ရပ်ဟာ အိပ်မက်ဆိုးဖြစ်ပါတယ်။
“ဒီမိုကရေစီတိုင်းပြည်တွေ ကျရှုံးရတဲ့ အကြောင်း” ဆိုပြီး ၂၀၁၈ ခုနှစ်က ထုတ်ခဲ့တဲ့ သူတို့ရဲ့စာအုပ်မှာ စာရေးဆရာ စတီဗင် လီဗစ်စကီးနဲ့ ဒန်နီရယ် ဇီဘလက်က “ထရမ့်အာဏာရလာခြင်း သက်သက်သည်ပင် ကမ္ဘာ့ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်။ ဘာလင်တံတိုင်း ပြိုလဲချိန်မှ အိုဘားမား သမ္မတသက်တမ်းအထိ အမေရိကန် အစိုးရဆက်ဆက်သည် ဒီမိုကရေစီ ကို ထောက်ခံသည့် ကျယ်ပြန့်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့ကြသည်” လို့ရေးသားခဲ့ပါတယ်။
“ဒေါ်နယ် ထရမ့် လက်ထက်တွင် အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီ ပြန့်ပွားရေးကို ဖော်ဆောင်သည့် နိုင်ငံ မဟုတ်တော့ချေ။ ၎င်းသည် စစ်အေးကာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
ဒီမိုကရေစီအားပေးသော နိုင်ငံအခန်းကဏ္ဍကို ပထမဆုံးအကြိမ် စွန့်လွှတ်လိုက်သည်။ သမ္မတ ရစ်ချတ်နစ်ဆင်နောက်ပိုင်း တက်လာသည့် အမေရိကန် အစိုးရတွေထဲ ထရမ့် အစိုးရသည် ဒီမိုကရေစီ ကို မထောက်ခံဆုံး” လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။
“အမေရိကန်နိုင်ငံသည် စံနမူနာပြ ဒီမိုကရေစီ နိုင်ငံမဟုတ်တော့ပေ။ သမ္မတက စာနယ်ဇင်းတွေကို တိုက်ခိုက်ပြီး ပြိုင်ဖက်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဟု ပြောသော နိုင်ငံတနိုင်ငံသည် ဒီမိုကရေစီကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် မဟုတ်ပေ” လို့လည်း သူတို့ရေးခဲ့ကြပါတယ်။
ဒီအချက်တွေအားလုံးဟာ မှန်ကန်တဲ့အချက်တွေဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာ အခုလောလောဆယ်ဖြစ်နေတဲ့ စိတ်ပျက်စရာအခြေအနေတွေကြောင့် ဒီမိုကရေစီ တိုင်းပြည် တခု ကျဆုံးရတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ကျရှုံးမယ့်အရေးကို ရှောင်လွဲလရပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်သူတွေအပေါ်လုံး၀ မူတည်နေပါတယ်။ သူတို့တွေ ဘယ်လောက် အသိပညာရှိပြီး လစ်ဘရယ်စိတ်ဓါတ်ရှိတယ်ဆိုတာကို သူတို့ကိုယ်တိုင်ပြသရမယ်။
အဲဒီလိုဖြစ်ဖို့ဆို လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိ လစ်ဘရယ်မဆန်တဲ့ အစိုးရကို ဖြုတ်ချရမယ်။အမေရိကန် ဒီမိုကရေစီရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ သဘောသဘာဝကို ကမ္ဘာမှာ တဖန်ပြန်လည် ပြသရပါမယ်။
အမေရိကန်က မဲဆန္ဒရှင်တွေလိုပဲ မြန်မာနိုင်ငံက ကျနော်တို့တွေလည်း နိုဝင်ဘာလကျရင် မဲပေးပြီး အစိုးရနဲ့ နိုင်ငံခေါင်းဆောင်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူအများအပြားဟာ မပြီးဆုံးသေးတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံကို ဆက်လက်ဦးဆောင်မယ့်၊ နိုင်ငံကို ဒီမိုကရေစီမဆန်တဲ့ ပါတီတခုလက်ကို မကျရောက်စေဖို့ ပါတီတခု သို့မဟုတ် ခေါင်းဆောင်တဦးကို ရွေးချယ်မယ်လို့ မျှော်လင့်ပါတယ်။
ပြည်သူတွေ မဲပေးခွင့်မရှိတဲ့ စစ်အစိုးရတွေလက်ထက်မှာ ကျနော်တို့နိုင်ငံမှာ ပြောခဲ့ကြတဲ့ စကားတခုရှိပါတယ်။ အဲဒါကတော့ “ပြည်သူတွေဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရကို ရတယ်” ဆိုတဲ့စကားပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေလိုပဲ အမေရိကန် မဲဆန္ဒရှင်တွေဟာ အခြေခိုင်ပြီးသား ဒီမိုကရေစီနိုင်ငံတခုရဲ့ နိုင်ငံသားများအဖြစ် သူတို့ရဲ့ ပုံမှန်ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို ကျင့်သုံးပြီး အခု နိုဝင်ဘာလမှာ ၂၀၁၆ ခုနှစ်က သူတို့လုပ်ခဲ့တဲ့ မဟာအမှားကို ပြင်ဆင်ဖို့အတွက် အခွင့်အရေးတခုရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကို မဲထည့်မယ်ဆိုတာကို ဆင်ခြင်တုံတရားနဲ့ ရွေးချယ်ခြင်းအားဖြင့် သူတို့ဟာ လက်ရှိ စိတ်ပျက် အရှက်ရစရာ အစိုးရထက်ကောင်းတာနဲ့ ပိုမိုထိုက်တန်တယ် ဆိုတာကို သူတို့ကိုယ်သူတို့သာမက တကမ္ဘာလုံးကိုပါ ပြသမယ်လို့ မျှော်လင့်ပါတယ်။
အဲဒီအခါကျရင်တော့ အမေရိကန် ဒီမိုကရေစီဟာ အရင်လို ပြန်လည်ပြီး ဆွဲဆောင်မှု ရှိလာမှာ ဖြစ်ပါတယ်။
(Kyaw Zwa Moe ၏ Mired in Inequality and Laid Low by the Virus, the US Offers Little to Emulate ကို ဆီလျှော်အောင် ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
တရုတ်-အမေရိကန် စကားစစ်ပွဲက နေပြည်တော်၏ သစ္စာခံမှုကို စမ်းသပ်နေ
ကူးစက်လာသည့် အမေရိကန်နှင့် တရုတ် ပဋိပက္ခ မြန်မာ အားမပေး