ထိုကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေးစနစ် အခင်းအကျင်းအရ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနတွင် တပ်မတော်၏ တိုင်းရင်းသားရေးရာဝန်ကြီး (နယ်စပ်ရေးရာ) ၊ အရပ်သားအစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာဝန်ကြီး (တိုင်းရင်းသား လူမျိုးများ ရေးရာ)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အသီးသီး၏ တိုင်းရင်းသားရေးရာဝန်ကြီး ဟူ၍ ၃ မျိုး ၃ စား ရှိသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ယေဘုယျအားဖြင့် နယ်စပ်ရေးရာဝန်ကြီး၏ အမည်နာမကို အမှတ်တမဲ့ ကြည့်ပြီး နယ်စပ်ဒေသ လုံခြုံရေး၊ နယ်ခြားစောင့်တို့ အရေးနှင့်ပတ်သက်သည့် အရေးပါဆုံးဝန်ကြီးဌာန ဖြစ်မည်ဟု သတ်မှတ်ကောင်း သတ်မှတ်ပါလိမ့်မည်။
အမှန်တကယ်အားဖြင့် မြန်မာပြည်ရှိ နယ်ခြားစောင့်တပ်ကို အဓိက ကွပ်ကဲသည်နေသည်မှာ တပ်မတော်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးရုံးမှ ဖြစ်သည်။ နယ်ခြားလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က အဓိက တာဝန်ယူရခြင်းဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေ အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ရမည့် ဝန်ကြီးဌာနလည်း ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာသည် နောက်ကျ ကျန်ရစ်ခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်ပြည်မ အကြားအလပ် မရှိစေရေး ဖြစ်သည်။
ဝန်ကြီးဌာန၏ မူလအစသည် တပ်မတော်အစိုးရ လက်ထက် တနည်းအားဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြား တည်ဆောက်ရေး အဖွဲ့ အစိုးရလက်ထက်တွင် ဖြစ်သည်။ ထိုစဉ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖြစ်သည်။ လုပ်ငန်းလိုအပ်ချက်အရ ၁၉၉၄ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဟူ၍ ထပ်မံဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ယခုလက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနလည်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဌာနသည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး တပ်မတော်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး တည်ဆောက်နိုင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဝင်များ၏ စားဝတ်နေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလိုအပ်ချက် အရ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ ယခုဆိုလျှင် အရာထမ်း ၁၁၁၈ ဦး၊ အမှုထမ်း ၅၅၂၅ ဦး စုစုပေါင်း ၆၆၄၃ ဦးရှိသည့် ဝန်ကြီးဌာန ၁ ခုဖြစ်နေပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် အတိုင်းအတာတခုအထိ အရေးပါမှု အခန်းကဏ္ဍတွင် ရှိနေပါသည်။ အထူးသဖြင့် NCA စာချုပ်ပါ အပိုဒ် ၂၅ ကြားကာလတွင် ဆောင်ရွက်ရမည့် အစီအစဉ်များ ဟူသော အပိုင်းကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် ဝန်ကြီးဌာနဟု ဆိုနိုင်ပါသည်။
ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍လည်း ယခင် နယ်စပ် ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးအပ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အား
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၁၁၆, ၂၉၂ ဒသမ ၃၇၂ ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ၂၀၁၆ ခုနှစ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအသစ် ပေါ်ပေါက်လာခဲ့သည်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနလက်အောက်တွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ဟူ၍ ၂ ရပ်ရှိပြီး ဝန်ကြီးဌာန၏ အရာထမ်း ၃၇၉ ဦး၊ အမှုထမ်း ၉၀၂ ဦး၊ စုစု ပေါင်း ၁၂၈၂ ဦးခန့်ရှိသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၄,၃၂၁ ဒသမ ၂၀၁ ခန့်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဖွဲ့စည်းပုံအင်အား
ပြန်ချုပ်ရလျှင်၊ တိုင်းရင်းသားရေးရာနှင့်ပတ်သက်လျှင် တပ်မတော်၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟု ခေါ်ဆိုနိုင်သော နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကို အဓိက ဇောင်းပေးသည်ကို တွေ့ရသည်။ အရပ်သားအစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီးဟု ခေါ်ဆိုနိုင်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုအရေးကို အဓိက အာရုံစိုက်ပုံပေါ်သည်။
ပြည်ထောင်စုအဆင့်တွင်ပင် တိုင်းရင်းသားရေးရာဆိုင်ရာ ဝန်ကြီးဌာန နှစ်ရပ်ရှိခြင်းက ရေရှည်တွင် ကောင်းသည်လား၊ ဆိုးသည်လား ဆိုသည်မှာ ပြန်လည်သုံးသပ်သင့်သည်ဟု ထင်မြင်မိသည်။
တဖန် ၂၀၀၈ အခြေခံဥပဒေ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပေါ်လာသည်။ ထိုဝန်ကြီးများသည် အဓိကအားဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ကိုယ်စားပြုလူမျိုးစု၏ စာပေနှင့် ယဉ်ကျေးမှု အရေး အရာကိုသာ ဆောင်ရွက်ခွင့်ရှိပြီး အခါအားလျော်စွာ သက်ဆိုင်ရာဝန်ကြီးချုပ်က ပေးအပ်သည့် တာဝန်များကို ထမ်းဆောင် ရသည်လည်း ရှိသည်။
လက်ရှိအခင်းအကျင်းအရ ထိုသို့ ရေးရာဝန်ကြီး ၃ ရပ်ရှိနေသည်မှာ ထိရောက်ကောင်းမွန်သည့် စနစ်ဖြစ်သလား၊ ဖောင်းပွနေသလား ဟူ၍ မေးခွန်းထုတ်စရာရှိသည်။
ထို့ပြင် တိုင်းရင်းသား အရေးအရာကိစ္စရပ်များကို တပ်မတော်က ဦးစီးဦးဆောင်နေရသည်မှာ တပ်မတော်အတွက်လည်း မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေနိုင်သလို လုပ်ငန်းနယ်ပယ်အရ တပ်မတော်အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် ရာနှုန်းပြည့် အပ်စပ်ဆီလျော်မှုလည်း မရှိဟု သုံးသပ်ရသည်။
တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၂ ရပ်၊ ပြည်နယ်အဆင့် ဝန်ကြီး ၁ ရပ်ရှိနေသည့်တိုင် အောင် တိုင်းရင်းသားလူမျိုးစုတို့၏ အကျိုးစီးပွားကို မည်မျှ ထိထိရောက်ရောက် အကျိုးပြုနေနိုင်သနည်း ( Effective and Efficiency )။
ပြည်ထောင်စုအဆင့်တွင် အရပ်ဘက်၊ စစ်ဘက် ဟူ၍ ရေးရာဝန်ကြီးဌာန ၂ ရပ် ဖြစ်နေမည့်အစား စုစည်း ကျစ်လျစ် ခိုင်မာစေရန် ဝန်ကြီးဌာန ၁ ခုအဖြစ် ပူးပေါင်းဖွဲ့စည်းလျှင် ပိုမိုထိရောက်ကောင်းမွန်မှု ရှိနိုင်၊ မရှိနိုင်ဆိုသည်မှာ စဉ်းစား သင့်သော အချက်ဖြစ်သည်။
ဥပဒေပိုင်းအရပြောရလျှင် နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၁၉၉၃) ပါ ပေးထားချက်အတိုင်း လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းရှိသည်။ ထို့နည်းတူ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနသည်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၂၀၁၅) ပါ ပေးထားချက်အတိုင်း လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းတို့ ရှိသည်။
သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများအတွက် ပြည်နယ်အဆင့်ဥပဒေများကို ယခုထိ တိုင်အောင် မပြဋ္ဌာန်းနိုင်သေးပေ။ အရေးကြီးသည့် ပျက်ကွက်မှု ၁ ခုဖြစ်နေသည်ဟု သုံးသပ်ရပါသည်။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦးဖြစ်သည်။)
You may also like these storeis:
NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ
NLD အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၀ ခုဖြုတ်သိမ်းပြီး ၂၁ ခုသာ ထားရှိ
ဘယ်မှာလဲ ထောက်လှမ်းရေးမူဝါဒနဲ့ မဟာဗျူဟာ